Religious Trip

Fill your life with adventures.

မဟာဗောဓိစေတီ ရှိရာသို့ - ဗုဒ္ဓဂယာဘုရားဖူးခရီး အပိုင်း (၁)

သုံးလေးပိုဒ်လောက်ရေးလိုက်၊ စိတ်ရှုပ်စရာ ပေါ်လာလို့ ရပ်ထားလိုက်နဲ့ ၂လလောက် ကြာသွားတယ်။ သည်ဆောင်းပါးကို ရေးတဲ့အခါ စိတ်ကြည်ကြည်လင်လင်လေးနဲ့ပဲ ရေးချင်မိတယ်။

အချက်အလက် ရှာရတာလည်း ခက်ခဲတယ်။ အမှားအယွင်း အတိမ်းအစောင်းကိုလည်း နည်းနိုင်သမျှနည်းအောင် ကြိုးစားရတယ်။ ၁၄ညအိပ် ၁၅ရက်ကြာ ပင်ပန်းစွာ သွားခဲ့ရတဲ့ခရီးမို့လို့ စုရေးလိုက်ရင် ဆောင်းပါးက ကျိန်းသေပေါက် ရှည်ပြီး စာဖတ်သူတွေလည်း ငြီးငွေ့မှာပါ။ အဲ့လိုနဲ့ ပင်ပန်းပြီး အကျိုးမရှိတဲ့ဆောင်းပါး တစ်ပုဒ် ဖြစ်သွားမှာလဲ မလိုလားမိဘူး။ စုံစုံလင်လင်လေးလဲဖြစ်အောင်၊ ကိုယ်တိုင်ရောက်နေသလိုလဲ ခံစားရအောင်၊ ဖတ်တဲ့သူလည်း မငြီးငွေ့အောင် တစ်နေ့တာ သွားရောက်ခဲ့တဲ့နေရာတွေကို တစ်ပုဒ်စီ ရေးလိုက်မယ်နော်။

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ ဂယာမြို့ကို တိုက်ရိုက်ပျံသန်းသည့် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းတွေ ရှိပါတယ်။ ပျံသန်းချိန်က ၁:၄၀ နှင့် ၂:၀၀ ကြားတွင် ရှိသည်။ ဂယာမြို့ဟာ မြူတွေစိုင်းနေတတ်တဲ့အတွက်ကြောင့် လေယဉ်ချိန်နောက်ကျတာတွေ ရှိတတ်တယ်။ အိန္ဒိယနိုင်ငံရဲ့အချိန်က မြန်မာနိုင်ငံရဲ့အချိန်ထက် အရှေ့ကို ၁နာရီတိတိ စောတယ်။ ချမ်းတို့ ဂယာလေဆိပ်ကိုရောက်တော့ မြူတွေနဲ့ အုံ့မှိုင်းမှိုင်းဖြစ်နေတာ သတိထားမိတယ်။ လေဆိပ်ကတော့ ခပ်သေးသေးရယ်။ သည်ကိုလာကြတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသည် ၉၀% လောက်က ဘုရားဖူးခရီးသည်တွေပါ။

ဂယာမြို့သည် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ဒေသဖြစ်သလို၊ ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဒေသလည်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များက ဂေါတမမြတ်ဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ်က စံမြန်းခဲ့ရာ နေရာများကို သွားဖူးကြပြီး၊ ဟိန္ဒူဘာသာဝင်များကတော့ ဘာသာရေး အယူအဆအရ ဂင်္ဂါမြစ်ရေဖြင့် ရေချိုးသန့်စင်ရန် လာတတ်ကြသည်။

ဗုဒ္ဓဂယာကို ရောက်ပြီဆိုတာနဲ့ ဦးဦးဖျားဖျား ဖူးတတ်ကြတာကတော့ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေညောင်ပင် ပါပဲ။ မဟာဗောဓိစေတီဝင်းထဲရောက်တော့ ပီတိတစ်မျိုး ခံစားရတယ်။ မူလဒါယိကာမှာ သီရိဓမ္မာသောကမင်းကြီးဖြစ်ပြီး ထိုနေရာတွင် ဗုဒ္ဓမြတ်စွာ ပွင့်တော်မူခြင်း အထိမ်းအမှတ်အဖြစ် တည်ခဲ့ခြင်းဖြစ်သည်။

စေတီအတွင်းလှိုဏ်ဂူထဲမှာ ဘူမိဖဿမုဒြာဟန် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကြည်ညိုဖွယ် ဖူးမြင်ရပါလိမ့်မယ်။ မူလဗုဒ္ဓရုပ်ပွားတော်မှာ ရွှေအစစ်ဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး မသူတော်တို့ ဖျက်ဆီးခြင်း ခံခဲ့ရတယ်လို့ သိရသည်။ ယခုဖူးတွေ့ရသည့် ရုပ်ပွားတော်ကတော့ အင်္ဂလိပ်လူမျိုး ကျောက်စာဝန် Alaxander Cunningham မှ ၁၈၈၀ခုနှစ်တွင် အခြားတစ်နေရာ ကနေ ပင့်ဆောင်ထားရှိခဲ့ခြင်းပင်။ ချမ်းသွားခဲ့တဲ့အချိန်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ဘုရားဖူးရာသီဆိုတော့ လူများလို့ တန်းစီပြီး တရွေ့ရွေ့နဲ့ ဝင်ဖူးခဲ့ရတယ်။

မဟာဗောဓိစေတီဝင်းမှာ သတ္တာဟဌာန ခုနှစ်နေရာရှိတယ်။ သတ္တာဟ ဆိုသည်မှာ ၇ရက်ဟု အဓိပ္ပာယ်ရသည်။ သဗ္ဗေညုတဥာဏ်တော် ရပြီး ဘုရားဖြစ်တော်မူပြီးကာစ တစ်နေရာမှာ ၇ရက်စီဖြင့် ၇ဌာနတွင် သီတင်းသုံးတော် မူခဲ့သော နေရာများကို ပထမဦးဆုံး ဝေမျှပေးချင်ပါတယ်။

၁) ပလ္လင်္ကသတ္တာဟ (အပရာဇိတပလ္လင်)

လှိုဏ်ဂူကထွက်ပြီး စေတီကို ပတ်သွားလိုက်ရင် အနောက်ဘက်မှာ မဟာဗောဓိညောင်ပင်ကြီးကို ဘွားခနဲ့ တွေ့လိုက်ရတယ်။ မဟာဗောဓိပင်က ညောင်ရွက်လေးတွေကို ပလက်စတစ်ပိတ်ပြီး ရောင်းနေသူတွေလည်းတွေ့ခဲ့တယ်။ ချမ်းကတော့ ကြွေကျလေမလား စောင့်ကြည့်နေရင်း နှစ်ရွက်လောက် ရလိုက်သေး။ ဗောဓိညောင်ပင် အခြေတွင် ကျောက်ပလ္လင်တစ်ခု ရှိသေးတယ်။ ထူးခြားချက်က ကျောက်ပလ္လင်ရဲ့ တစ်ဝက်ကို စေတီထဲငုံထားတာပဲ။ ဘုရားလောင်းဘဝမှ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ် ရောက်သည်အထိ တရားကျင့်ကြံခဲ့ရာ မြက်ရှစ်ဆုပ်ခင်းပလ္လင်နေရာ အထိမ်းအမှတ်အနေဖြင့် ကျောက်ပလ္လင်ကို တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ ထိုပလ္လင်ကို အပရာဇိတပလ္လင် ဟုလည်းကောင်း၊ ၀ဇိရာသနပလ္လင် ဟုလည်းကောင်း ခေါ်ကြသည်။

မြတ်ဗုဒ္ဓသည် အပရာဇိတပလ္လင်ထက်ဝယ် ဘုရားအဖြစ် ရောက်ပြီးနောက် ၇ရက်တာ သီတင်းသုံးတော်မူသည်။ ပထမရက် နေ့အချိန်တွင် ဖလသမာပတ် ဝင်စားတော်မူသည်။ ညအချိန်တွင် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ် ရောက်စေသော အထောက်အပံ့တရားတော်ဖြစ်သည့် ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ၊ ပဋိလုံ အကြိမ်ကြိမ်အခါခါ သုံးသပ်ဆင်ခြင်သည်။ ပြီးနောက် ဥဒါန်းဂါထာ၃ပုဒ်ကို စိတ်ဖြင့် ကျူးရင့်တော်မူသည်။ ကျန်၆ရက်တွင် ဖလသမာပတ် ဝင်စားပြန်သည်။ ၇ရက်မြောက်နေ့ ညဥ့်ဦးပထမယာမ်တွင် ဖိုလ်ဥာဏ် ဝင်စားရာမှထပြီး ကျန်ညဥ့်သုံးယာမ်ပတ်လုံး ပဋိစ္စသမုပ္ပါဒ် တရားကို အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်နေလေသည်။ ဤသို့ဖြင့် ပလ္လင်တော်သည် ပထမ ပလ္လင်္ကသတ္တာဟ ဖြစ်လာသည်။ ချမ်းတို့တစ်ဖွဲ့လုံး သည်နေရာမှာ မိနစ်၃၀လောက် တရားထိုင်ခဲ့ကြတယ်။

၂) အနိမိသသတ္တာဟ (အနိမိသစေတီ)

မြတ်ဗုဒ္ဓသည် ပလ္လင်တော်မှ ဆင်းပြီးနောက် ဗောဓိပင်၏ အရှေ့မြောက်ခပ်ယွန်းယွန်း ၁၄လံ အကွာတွင် မတ်တပ်ရပ်တော်မူသည်။ ထို့နောက် အပရာဇိတပလ္လင်အား မမှိတ်သောမျက်စိဖြင့် ကြည့်ရင်း "ငါသည် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပတ်လုံး ဘုရားအဖြစ်သို့ ရရန် ပါရမီများ ဖြည့်ကျင့်ခဲ့ရသည်။ ဤပလ္လင်ထက်၌ပင် မာရ်ငါးပါးကို အောင်မြင်ခဲ့လေပြီတကား။" ဟု ဆင်ခြင်ကာ ၇ရက်တိုင်အောင် နေတော်မူသည်။ ထိုသို့ ၇ရက်တိုင်အောင် ပလ္လင်တော်အား မမှိတ်သောမျက်စိဖြင့် ကြည့်ရှုဆင်ခြင်နေသည်ကို မြင်သော နတ်ဗြဟ္မာတို့သည် "ရှင်တော်ဂေါတမသည် ပလ္လင်တော်အပေါ်၌ စွဲလမ်းစိတ် ရှိသေးသည်။ ဘုရားအဖြစ်သို့ ရောက်သေးဟန်မတူ" ဟု သံသယစိတ် ဖြစ်ကြကုန်သည်။ နတ်ဗြဟ္မာတို့ ယုံမှားသံသယဖြစ်နေသည်ကို သိသော ဗုဒ္ဓသည် ရေမီးအစုံယမကပြာဋိဟာတန်ခိုး ပြတော်မူသည်။ ထိုမှသာ နတ်ဗြဟ္မာတို့လည်း ယုံမှားခြင်း ကင်းတော့သည်။

အနိမိသသတ္တာဟ အထိမ်းအမှတ်အနေဖြင့် အသောကမင်းသည် အနိမိသစေတီကို တည်တော်မူခဲ့သည်။ စေတီထဲတွင် မယ်တော်ရုပ်တုတစ်ဆူရှိပြီး ဒေသခံများမှ တာရာဒေဝီနတ်သမီးအဖြစ် ကိုးကွယ်ကြသည်။ တစ်ချိန်က ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပြောင်ခဲ့သော်လည်း သာသနာကွယ်ပြီးနောက်တွင် ဗုဒ္ဓသာသနိက အဆောက်အုံများတွင် အခြားဘာသာရေးဆိုင်ရာများ ထားရှိလာကြသည်။

၃) စင်္ကမသတ္တာဟ (ရတနာစင်္ကမစေတီ)

နတ်ဗြဟ္မာတို့အား တန်ခိုးပြပြီးနောက် မြတ်ဗုဒ္ဓသည် ဗောဓိပင်၏ မြောက်ဘက်အရပ်တွင် ၇ရက်တိုင်အောင် လူလားခေါက်ပြန်စင်္ကြံ ကြွတော်မူသည်။ စင်္ကြံလျှောက်ရင်းဖြင့် တရားတော်များကို ဆင်ခြင်ကာ အရဟတ္တ ဖလသမာပတ် ဝင်စားလို့နေသည်။ စင်္ကြံလျှောက်လမ်းအဖြစ် မဟာဗောဓိစေတီဘေးတွင် ကျောက်ခုံကြီးတစ်ခုနှင့် ကျောက်ခုံဘေးအောက်ခြေတွင် ကြာပန်းပုံကျောက်တုံးများကို တွေ့ခဲ့ရတယ်။

၎) ရတနာဃရသတ္တာဟ (ရတနာဃရရွှေအိမ်)

၇ရက်တိုင်အောင် စင်္ကြံလျှောက်ရင်း ဖလသမာပတ် ဝင်စားပြီးနောက် ဗောဓိပင်၏ အနောက်မြောက်ဘက် ၁၀လံ (အတောင်၄၀) အကွာတွင် နတ်တို့ဖန်ဆင်းပေးထားသော ရတနာရွှေအိမ်တွင် ထိုင်တော်မူပြီး အဘိဓမ္မာတရားတော်ကို ဆင်ခြင်လို့နေသည်။ အဘိဓမ္မာ၇ကျမ်းမှ အရှေ့၆ကျမ်းကို ဆင်ခြင်ချိန်ထိ မြတ်ဗုဒ္ဓ၏ကိုယ်မှ ရောင်ခြည်တော်များ ကွန့်မြူးခြင်း မရှိသေးပေ။ ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်တော်မူသောအခါမှ ရောင်ခြည်တော်၆သွယ် ကွန့်မြူးလာကာ စကြာဝဠာအနန္တထိ ပျံ့တော်မူသည်။ ရတနာဃရရွှေအိမ် အထိမ်းအမှတ် အဖြစ် အုတ်ကျောင်းတိုက်တစ်ဆောင် တည်ထားသည်။ ကျောင်းဆောင်ရှေ့တွင် ပဋ္ဌာန်းပါဠိ ရွတ်ဖတ်ရင်း ကုသိုလ်ယူကြသေးတယ်။ အလွတ်မရတော့ စာကြည့်ရွတ်ရတာပေါ့လေ...

၅) အဇပါလသတ္တာဟ (ဆိတ်ကျောင်းညောင်ပင်)

ဆိတ်ကျောင်းသားတွေ နားခိုရာညောင်ပင်မို့လို့ ဆိတ်ကျောင်းညောင်ပင်လို့ ခေါ်တာပါ။ မဟာဗောဓိစေတီနှင့် စေတီဝင်းမုခ်ပေါက်ကြားမှာ ရှိပါတယ်။ တွေ့ခဲ့တာကတော့ အသောကကျောက်စာတိုင် တစ်တိုင်ရယ်၊ ကိုလိုနီခေတ်က စိုက်ထူခဲ့သည့် အင်္ဂလိပ်စာကမ္ဗည်းကျောက်စာတစ်ချပ်ရယ်ပါ။ ညောင်ပင်တော့ မရှိတော့ဘူးရယ်။ အသောကမင်းကို တော်တော်ကျေးဇူးတင်တယ်။ သူသာ အဲ့လို ကျောက်စာတိုင်တွေ မစိုက်ထူခဲ့ရင် သည်နေရာတွေက မြတ်ဗုဒ္ဓသီတင်းသုံးခဲ့တဲ့ နေရာတွေလို့တောင် သိတော့မှာ မဟုတ်ဘူး။ အင်္ဂလိပ်စာကမ္ဗည်းကျောက်စာမှာ "Only by one deeds one becomes a Brahmana, not by birth" လို့ ရေးထားတယ်။ သည်စာဖြစ်ပေါ်လာပုံက -

မြတ်ဗုဒ္ဓသည် ဆိတ်ကျောင်းညောင်ပင်မှာ ၇ရက်တာ စံနေခိုက် မာန်မာနထောင်လွှားသည့် ဟုံဟုံက နာမည်ရ ဗြာဟ္မဏတစ်ဦး ရောက်လာသည်။ မြတ်ဗုဒ္ဓအား ဘယ်သူဘယ်ဝါလဲ မေးမြန်းပြီးနောက် ဗုဒ္ဓဘုရားမှန်း သိလေသည်။ ထိုအခါ "အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏ ဟုခေါ်သနည်း" ဟုမေးသည်။ မြတ်ဗုဒ္ဓမှ "မကောင်းမှုကို ရှောင်ကြဉ်ပြီး၊ မာန်မာန တဟုန်းဟုန်းတက်ခြင်း မရှိ၊ ကိလေသာ အစွန်းအထင်း မရှိဘဲ မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်သော ဝေဒဂူပုဂ္ဂိုလ်သည် ဗြာဟ္မဏမည်၏" ဟု မိန့်တော်မူသည်။ အကျင့်သီလနှင့်ပဲဆိုင်တယ်။ ဗြာဟ္မဏအမျိုးဇာတ်မှ ဆင်းသက်လာတိုင်း အမျိုးမြတ်သည်ဟု မဆိုနိုင်ကြောင်း ရည်ရွယ်တာပါ။

၆) မုစလိန္ဒသတ္တာဟ (ကျည်းပင်ရင်း)

မုစလိန္ဒအိုင်သည် မဟောဗောဓိစေတီဝန်း၏ အပြင်ဖက် တောင်ဘက်အရပ်တွင် တည်ရှိသည်။ ရေအိုင်ကို သွားရာလမ်းမှာ အသောကကျောက်စာတိုင် တစ်တိုင်ကို တွေ့နိုင်သည်။ ရေအိုင်အလယ်တွင် နဂါးရုံဘုရားတစ်ဆူကို ဖူးရပါလိမ့်မည်။ ထိုဘုရားမှာ မြန်မာနိုင်ငံမှ လှူဒါန်းထားခြင်းဟု သိရတယ်။

မြတ်ဗုဒ္ဓသည် ဆိတ်ကျောင်းညောင်ပင်မှ ထတော်မူပြီးနောက် မဟာဗောဓိပင်၏ အရှေ့တောင်ဘက်မှာရှိသည့် ကျည်းပင်ရင်းမှာ ၇ရက်တာ စံတော်မူသည်။ ထို၇ရက်ပတ်လုံး အချိန်အခါမဟုတ် မိုးကြီးစွာ ရွာတယ်တဲ့။ သည်အခါ အနားမှာနေတဲ့ ရေအိုင်ထဲက နဂါးကြီးသည် မြတ်စွာဘုရားအား ခုနှစ်ထပ်ရစ်ပတ်ပြီး မိုးမစိုအောင် ပါးပြင်းဖြင့် အုပ်မိုးပေးထားသည်။

၇) ရာဇာရတနသတ္တာဟ (လင်လွန်းပင်ရင်း)

မဟာဗောဓိပင်၏ တောင်ဘက်တွင် တည်ရှိသည်။ မူလ လင်လွန်းပင်ကတော့ မရှိတော့ဘူးပေါ့နော်။ အခုဟာက ဗိုလ်မှူးကြီးလှအောင် စိုက်ပျိုးခဲ့တာလို့ သိရတယ်။ မြတ်ဗုဒ္ဓသည် လင်လွန်းပင်ရင်းမှာ ၈ပတ်မြောက် ၇ရက်တာ စံနေခိုက်မှာ တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင် ရောက်လာခဲ့တယ်။ တပုဿတို့ညီနောင် ဆိုရင် သိကြပြီး ဖြစ်မှာပေါ့နော်။ ရွှေတိဂုံစေတီမှာ ဌာပနာထားသည့် မြတ်ဗုဒ္ဓ၏ဆံတော်များကို ပင့်ဆောင်လာပေးခဲ့တဲ့ ကုန်သည်ညီနောင်။

မဟာဗောဓိစေတီဝင်းထဲမှာ တိတ်ဆိတ်စွာ ဘုရားဝတ်ပြုနေသည့် နိုင်ငံအနှံ့မှ ဗုဒ္ဓဘာသာဘုန်းကြီးများ၊ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များကို တွေ့နိုင်ပါတယ်။ ဘုရားရှိခိုးတဲ့ ပုံသဏ္ဍာန်၊ သင်္ဃန်း၊ ယောဂီဝတ်စုံ တွေ ပုံစံ မတူကြပေမယ့် နှလုံးသားထဲက ဦးတည်ရာကတော့ တူကြပါတယ်လေ။ ဗုဒ္ဓဂယာဘုရားဖူး သွားဖြစ်မယ်ဆိုရင် ယောဂီဝတ်စုံ ၄စုံတော့ ကျိန်းသေ ထည့်သွားဖို့လိုတယ်။ မဟာဗောဓိစေတီဝင်းကတော့ ယောဂီဝတ်စုံ ဝတ်သွားသင့်တဲ့ နေရာတွေထဲက တစ်နေရာပေါ့။ ကျိန်းသေ ဝတ်ရမယ်လို့ မသတ်မှတ်ထားပေမယ့် ယိုးဒယား၊ သီရိလင်္ကာ၊ တိဘတ် စတဲ့ အခြားသော နိုင်ငံသားတွေလည်း သည်နေရာရောက်ရင် ယောဂီဝတ်စုံ ဝတ်လာတတ်ကြလို့ ကိုယ်တို့သည်လည်း ဝတ်သွားသင့်တာပေါ့နော်... ကဲ ဗုဒ္ဓဂယာဘုရားဖူးခရီး ပထမရက်ကတော့ သည်လောက်ပဲမို့ ဒုတိယအပိုင်းကို ဆက်လက်ဖတ်ရှုအားပေးကြပါအုံးလို့ မေတ္တာရပ်ခံရင်း တော်သေးပြီ။

ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း တဆင့်ပြန်လည် ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.