Religious Trip

Fill your life with adventures.

ကံလမ်းပွင့်စေဖို့ ရွှေတိဂုံဘုရားရှိ အံ့ဖွယ်ကိုးနေရာ လမ်းညွှန်

အံ့ဖွယ်ကိုးနေရာကို လူတော်တော်များများ ကြားဖူးကြပေမယ့် လက်တွေ့သွားကြည့်တဲ့အခါ နေရာတွေ မသိထားရင် တော်တော်ကို လည်နေတတ်ပါတယ်။

ဖူးချင်တဲ့လူတွေ သွားရလွယ်စေချင်တဲ့အတွက်ကော၊ မေ့မေ့မွေးနေ့ အမှတ်တရ ကုသိုလ်ရစေမည့် လမ်းညွှန်ဆောင်းပါးလေးလဲ ရေးချင်တဲ့အတွက်ကော အံ့ဖွယ်ကိုးနေရာလမ်းညွှန် ဆောင်းပါးကို ရေးဖြစ်ခဲ့တာပါ။

အံ့ဖွယ် ၁ - တဝဂူ ဆုတောင်းပြည့်ဘုရား

ရွှေတိဂုံစေတီ၏ အရှေ့ဘက်မုခ် တနလာင်္ဂြိုဟ်တိုင် အနီး အထက်ပစ္စယံတွင် တည်ရှိသည်။ အထက်ပစ္စယံသို့ အမျိုးသားများသာ တက်ရောက်ခွင့်ရှိသည်။ အထက်ပစ္စယံ တက်ရောက်ခွင့် ရဖို့အတွက် ဂေါပကရုံးတွင် ၁လကြိုတင် လျှောက်လွှာတင်ထားဖို့လိုသည်။ အမျိုးသမီးများအနေဖြင့် ဖူးချင်တယ်ဆိုရင်တော့ တဝဂူဆုတောင်းပြည့်ဘုရားမှ CCTV နှင့် ချိတ်ဆက်ထားသော အရှေ့ဘက်ဆောင်းတန်းထဲရှိ မော်နီတာမှတဆင့် ဖူးမျှော်နိုင်သည်။ တဝဂူဆုတောင်းပြည့်ဘုရားကို ပတ္တမြားမျက်ရှင်ဘုရား ဟုလည်း ခေါ်ကြတတ်သည်။ ရှေးအခါက မင်းညီမင်းသားများ တဝဂူဆုတောင်းပြည့်ဘုရားတွင် မင်းတရားဆု လာတောင်းတတ်ကြပြီး ညီနောင်အချင်းချင်း နန်းလုသတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ကြောင့် ဘုရင်မှ မင်းညီမင်းသားများ မင်းတရားနေရာကို ကြီးစဉ်ငယ်လိုက်သာ မင်းပြုစေ နှင့် တဝဂူဆုတောင်းပြည့်ဘုရားအား မင်းညီမင်းသားများ မဖူးရဟု အမိန့်ချမှတ်ခဲ့သည်ဟု ပြောစမှတ်ပြုသည်။ အံ့ဖွယ် ၈ သည် အရှေ့ဘက်ဆောင်းတန်းထဲတွင် ရှိသောကြောင့် တစ်ချိန်တည်း နှစ်ဆူ တခါတည်း ဖူးမျှော်နိုင်သည်။

အံ့ဖွယ် ၂ - ဝိဇ္ဇာဇော်ဂျီဘုရား

ရွှေတိဂုံစေတီ၏ အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ကြား စနေဂြိုဟ်တိုင်၏ အရှေ့ဘက်တည့်တည့်ရှိ သောက်ရေစက်နားတွင် တည်ရှိသည်။ ထုံးဖြူဖြူစေတီလှိုဏ်ဂူလေးထဲတွင် စံပါယ်သည်။ စေတီပေါ်တွင် ဇော်ဂျီရုပ်များ ထည့်သွင်းထုလုပ်ထားသည်။ ရှေးခေတ် လောကီဓာတ်ပညာ အစီအရင်များနှင့် တည်ထားခဲ့သည်ဟု သိရသည်။ အများစုက ခြေတော်ရာတန်ဆောင်း၏ မျက်နှာချင်းဆိုင်တွင်ရှိသော ဝိဇ္ဇာတန်ဆောင်းထဲက ရုပ်ပွားတော်နှင့် မှားတတ်ကြသည်။

အံ့ဖွယ် ၃ - ရှင်စောပုဘုရား

ရွှေတိဂုံစေတီ၏ အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြား ရှိ ရှင်စောပုတန်ဆောင်းတွင် စံပါယ်သည်။ ဟံသာဝတီမှ ဘုရင်မကြီး ရှင်စောပု၏ ကုသိုလ်တော်ဖြစ်သည်။ ဘားလေးဘားဘုရား ဟုလည်း ခေါ်တတ်ကြသည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင် ရှိပါတယ်။ တစ်ခုတည်းသောဆုကို တောင်းလျှင် ပြည့်သည်ဟု ယုံကြည်ကြသည်။

အံ့ဖွယ် ၄ - ဆံတော်တွင်းရုပ်ပွားတော်

ရွှေတိဂုံစေတီ၏ မြောက်ဘက်မုခ်ရှိ ဆံတော်တွင်းတန်ဆောင်းတွင် တည်ရှိသည်။ ရင်ပြင်တော်ပေါ်တွင် ရှိသောကြောင့် ရှာရလွယ်ပါသည်။ ရွှေတိဂုံစေတီ တည်စဉ်က ဗုဒ္ဓဆံတော်များကို ဆေးကြောသန့်စင်သည့် တွင်း ဖြစ်သည်ဟု သိရသည်။ ဆံတော်တွင်းရေသည် ဧရာဝတီမြစ်ရေနှင့် တကြောတည်း ရှိသောကြောင့် မြစ်ရေ အတက်အကျရှိတိုင်း ဆံတော်တွင်း ရေလည်း အတက်အကျ လိုက်ဖြစ်သည်။ ၁၈၇၉ခုတွင် ဆံတော်တွင်းကို ငံပြီး အုတ်ပြဿာဒ် နှင့် တန်းဆောင်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဒဂုန်ခင်ခင်လေး၏ ကုလိုလ်တော်ဟု မှတ်သားရသည်။

အံ့ဖွယ် ၅ - ရှင်အဇ္ဇဂေါဏဘုရား

ရွှေတိဂုံစေတီ၏ တနင်္ဂနွေထောင့်၊ နောင်တော်ကြီးစေတီ၏ တောင်ဘက် အာရုံခံတန်ဆောင်းထဲတွင် တည်ရှိပါတယ်။ ပုဂံခေတ် သမုဒ္ဒရာဇ်မင်းလက်ထက်မှ အရှင်အဇ္ဇဂေါဏ ရဟန်းတော်၏ ကုသိုလ်တော်ဖြစ်သည်။ အရှင်အဇ္ဇဂေါဏရဟန်းသည် ပုဂံခေတ်တုန်းက အဂ္ဂိရတ်ထိုးထားသော ဓာတ်လုံးအစွမ်းဖြင့် ကြေးတို့ကို ရွှေဖြစ်စေခဲ့သည်။ ထိုခေတ်အခါက မုဆိုးမကအစ စေတီပုထိုးတည်နိုင်လေသည်။ ထူးခြားချက်မှာ ရုပ်ပွားတော်၏ မျက်လုံးတော်မှာ တစ်ဖက်ကျယ်ပြီး တစ်ဖက်ကျဉ်း နေခြင်းဖြစ်သည်။

အံ့ဖွယ် ၆ - ဘိုးဘိုးအောင်ဘုရား

ရှင်အဇ္ဇဂေါဏဘုရားနှင့် မျက်စောင်းထိုး အနေအထားတွင် ရှိသည်။ ဘိုးဘိုးအောင်၏ ကုသိုလ်တော်ဟု ဆိုကြသည်။ သံဘာဂျာတံခါးဖြင့် သော့ခတ်ပြီး ထိန်းသိမ်းထားသည်။

အံ့ဖွယ် ၇ - ရှင်မထီးဘုရား

ရွှေတိဂုံစေတီ၏ တနင်္ဂနွေထောင့်၊ နောင်တော်ကြီးစေတီ၏ မြောက်ဘက် အာရုံခံတန်ဆောင်းတွင် တည်ရှိပါသည်။ ရင်ပြင်၏ အပြင်ဘက်ဆုံး လျှောက်လမ်းပေါ်တွင် ရှိသည်ကို သတိပြုသင့်သည်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်လောက်က ရှင်မထီးရဟန်း၏ ကုသိုလ်တော် ဟုသိရသည်။

အံ့ဖွယ် ၈ - လက်ပက်လက်ဘုရား (သို့) ကကုသန္ဓရုပ်ပွားတော်

ရွှေတိဂုံစေတီတော်၏ အရှေ့ဘက် အာရုံခံတန်ဆောင်းထဲရှိ လိုဏ်ဂူထဲတွင် မှန်ဖြင့်ကာထားသော အနေအထားဖြင့် တည်ရှိသည်။ တဝဂူဆုတောင်းပြည့်ဘုရားနှင့် အထက် အောက် အနေအထားတွင် ရှိသည်။ အံ့ဖွယ် ၁ နှင့် အံ့ဖွယ် ၈ ကို တစ်ချိန်တည်း ဖူးမျှော်နိုင်သည်။ ဆင်းတုတော်၏ လက်ကို ပက်လက်အနေအထားဖြင့် ထုထားသဖြင့် လက်ပက်လက်ဘုရား ဟုလည်း ခေါ်ဆိုသည်။ ပွင့်တော်မူပြီးသော ကကုသန်မြတ်စွာဘုရားကို ရည်မှန်းပြီး တည်ထားခြင်း ဖြစ်သည်။

အံ့ဖွယ် ၉ - ပြဒါးရှင်ဘုရား

ရွှေတိဂုံစေတီ၏ ရင်ပြင်တော်ရှိ အရှေ့ဘက်မုခ်နှင့် အင်္ဂါဂြိုဟ်တိုင်ကြား နားလောက်တွင် တည်ရှိသည်။ ချောင်ကျသောကြောင့် သွားနေကျမဟုတ်လျှင် ရှာရနည်းနည်းခက်သည်။ ဒါပေမယ့် အလှူခံဌာနမှာ မေးကြည့်လျှင် အလွယ်တကူ လမ်းညွှန်ပေးပါလိမ့်မည်။ ရုပ်ပွားတော်မှာ ကြေးဆင်းတုတော်အမျိုးအစားဖြစ်ပြီး အချိုးအစား အလွန်ပြေပြစ် သပ္ပာယ်လှသည်။ ရုပ်ပွားတော်၏ နဖူးတော် အနည်းငယ် မို့မောက်နေရခြင်းမှာ ပြဒါးရှင်ကို ဌာပနာထားသောကြောင့် ဟု သိရသည်။

အံ့ဖွယ်ကိုးနေရာရဲ့ တစ်နေရာဆီမှာ ဂုဏ်တော်၉ပါးကို ၉ခေါက်ဆီ ရွတ်ဖတ် ပူဇော်ခြင်းဖြင့် မိမိမှာ ပိတ်ဆို့နေတဲ့ အမှောက်ကံတွေ ပပျောက်ပြီး ထွန်းလင်းတောက်ပလာနိုင်ကြပါစေဟု ဆုတောင်းပေးရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.