Religious Trip

Fill your life with adventures.

မိသားစုခရီး ထွက်ဖို့ဆိုရင်တော့ သမိုင်းထဲက မင်းကွန်း

မင်းကွန်းမြို့ကို အသားပေးပြီး ခေါင်းစဉ် တပ်ထားပေမယ့် သည်ခရီးစဉ်မှာ မန္တလေး - စစ်ကိုင်း - မင်းကွန်း ဆိုပြီး မြို့သုံးမြို့ကို သွားရမှာပါ။ ဖော်ပြပါ ဒေသသုံးခုလုံးရဲ့ အနေအထားအရ လူကြီးကော၊ လူငယ်အတွက်ပါ သဟဇာတဖြစ်ပြီး မိသားစု ခရီးထွက်ဖို့အတွက် သင့်လျော်ပါတယ်။ ကုန်းဘောင်မင်းဆက်၏ နိဂုံးချုပ်ရာ ဒေသလည်း ပါနေပြန်တော့ သမိုင်းကြောင်းအရ လွမ်းရိပ်သန်းစေသည်။

အသွားအတွက် ရန်ကုန် - မန္တလေး ကားလက်မှတ်ဖြတ်ပြီး အပြန်အတွက် စစ်ကိုင်း - ရန်ကုန် သို့မဟုတ် မန္တလေး - ရန်ကုန် လက်မှတ် ဖြတ်လည်း အဆင်ပြေပါတယ်။ မြို့သုံးမြို့လုံးကို လမ်းကြောင်းသင့်စေသည့် နေရာ ၁၅ခု ကိုပဲ အသားပေး ဖော်ပြလိုက်ပါသည်။

၁) မဟာမုနိရုပ်ရှင်တော်မြတ်

မန္တလေးတိုင်း၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် တည်ရှိသည်။ မူလ ဒါယကာမှာ ရခိုင်ပြည့်ရှင် စန္ဒသူရိယမင်းနှင့် အများပြည်သူကောင်းမှု ဖြစ်ပြီး မဟာသက္ကရာဇ် ၁၂၃ခုတွင် သွန်းလုပ်ခဲ့သည်။ ရုပ်ပွားတော် သွန်းလုပ်ရာတွင်  ရွှေ၊ ငွေ၊ ကျောက်သံရတနာများ အသုံးပြုထားသည်။ ဂေါတမမြတ်ဗုဒ္ဓ၏ ရင်ငွေ့တော် ၇ကြိမ် ခိုလှုံပြီးနောက်တွင် မဟာမုနိရုပ်ရှင်တော်ဟု ဘွဲ့ဆပ်ကပ်ခဲ့သည်။ ဘိုးတော်ဘုရား ခေါ် ဗဒုံမင်းလက်ထက်တွင် ရခိုင်ပြည့်ရှင် မဟာသမ္မတမင်းအား စစ်နိုင်ခဲ့ပြီး မဟာမုနိရုပ်ရှင်တော်အား သက္ကရာဇ် ၁၁၄၆ခုတွင် အမရပူရမြို့သို့ ခက်ခက်ခဲခဲ ပင့်ဆောင်လာခဲ့ကြသည်။

၂) တောင်သမန်အင်းရှိ ဦးပိန်တံတား

အမရပူရမြို့နယ် တောင်တမန်အင်းထဲတွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက်ဖြစ်သော ပုဂံမင်းလက်ထက် ၁၈၄၉ခုတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၈၅၁ခုတွင် ပြီးစီးခဲ့သည်။ ဦးပိန်တံတားဆောက်လုပ်ရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သော မြို့စာရေးမောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတားဟု နာမည်ပေးခဲ့သည်။ ၁.၂ကီလိုမီတာ ရှည်လျားပြီး တံတားတစ်ခုလုံးအား ကျွန်းသစ်များကိုသာ အသုံးပြုထားသည်။ ထိုကျွန်းသစ်များမှာ အင်းဝနန်းတော်ဟောင်းမှ ဖျက်ယူခဲ့ခြင်းဖြစ်သည်ဟု မှတ်သားရသည်။

၃) ဒီးဒုတ်ရေပြာအိုင်

မန္တလေး - ပြည်ဦးလွင် လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ရေပြာအိုင် အဆင့်ဆင့်ရှိပြီး တောင်ထိပ်ထိ တက်ကြည့်လျှင် လှိုဏ်ဂူတစ်ခု တွေ့နိုင်သည်။ လှိုဏ်ဂူတွင်းရှိ ကျောက်စက်ပန်းဆွဲများမှာ ဘဝမှာ တွေ့ဖူးသမျှတွင် အဆန်းကြယ်ဆုံးနှင့် အလှပဆုံးဖြစ်တော့သည်။

၎) ရွှေနန်းတော်ကျောင်း

အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် တည်ရှိပြီး မန္တလေးနန်းတော်နှင့် တော်တော်လေးနီးသည်။ သီပေါမင်း၏ ကောင်းမှုတော်ဖြစ်ပြီး  ၁၈၈၃ခု၊ ၁၀လ၊ ၃၁ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့သည်။ ရွှေနန်းတော်ကျောင်း ဟု ခေါ်ရခြင်းမှာ သီပေါမင်း၏ ဖမည်းတော် မင်းတုန်းမင်း နတ်ရွာစံခဲ့သည့် နန်းဆောင်ကို အသုံးပြုပြီး တည်ဆောက်ခဲ့သောကြောင့် ဖြစ်သည်။ ကျောင်းတော် အတွင်း၊ အပြင် တစ်ခုလုံးကို ရွှေပိန်းများ ချထားသောကြောင့် ရွှေကျောင်း ဟုလည်း ခေါ်ကြသည်။ ရွှေကျောင်းရှိ ဗိသုကာပညာရပ်မှာ အင်မတန် အနုစိပ်လှသည်။ သဘောအကျဆုံးကတော့ ကျောင်းတော်တွင်းရှိ ကွန်းစင်တိုင်ခြေတွင် ထွင်းထုထားသော ရွှေပိန်းချ ဇာတ်တော်ကြီး ဆယ်ဘွဲ့ပင်ဖြစ်သည်။

၅) ကုသိုလ်တော်ဘုရား

အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် တည်ရှိသည်။ မင်းတုန်းမင်း၏ ကုသိုလ်တော်ဖြစ်ပြီး ပဉ္စမသင်္ဂါယနာတင်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် သက္ကရာဇ် ၁၂၂၄ခုတွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ကုသိုလ်တော်ဘုရားဝင်းထဲတွင် စကျင်ကျောက်ဖြင့် ထွင်းထားသော ကျောက်စာချပ်ပေါင်း ၇၃၀ချပ်ရှိပြီး ဝိနည်းကျောက်စာ ၁၁၁ချပ်၊ အဘိဓမ္မာကျောက်စာ ၂၀၈ချပ်၊ သုတ္တန်ကျောက်စာ ၄၁၀ချပ် နှင့် မင်းတုန်းမင်း၏ ကုသိုလ်တော်ကျောက်စာ ၁ချပ် တို့ဖြစ်သည်။ ကျောက်စာချပ်တစ်ချပ်စီကို ငုံပြီး ထုံးသင်္ကန်းကပ်ထားသည့် စေတီငယ်တစ်ဆူစီ အသီးသီး တည်ထားသေးသည်။ စေတီငယ်များကို တံတိုင်း၃ထပ် ရံထားသည့်ဟန် တည်ဆောက်ထားသည်။

၆) ဝေရောစနကျောက်စိမ်းစေတီ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၆၁ အနီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာအုပ်စုတွင် တည်ရှိသည်။ စေတီကို ၂၀၁၂၊ ဒီဇင်ဘာလ၊ ၂၁ရက်တွင် စတင်ပန္နက်ချခဲ့ပြီး ၂၀၁၅၊ ဇွန်လ၊ ၅ရက်နေ့တွင် ပြီးစီးခဲ့သည်။ ဈေးကွက်ဝင် အရည်အသွေး A, B, C, D အဆင့်ရှိ ကျောက်စိမ်း တန်ချိန်ပေါင်း တစ်ထောင်ကျော် အသုံးပြုထားသည်မှာ အံ့သြဖွယ်ကောင်းလှသည်။

၇) မြနန်းစံကျော်ရွှေနန်းတော်

မန္တလေးရွှေနန်းတော်ကို မင်းတုန်းမင်းလက်ထက် ၁၈၅၇ခုတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မူလနန်းတော်ဟောင်းဖြစ်သည့် အမရပူရမြို့ဟောင်းမှ မြေနန်းပြဿာဒ် နှင့် နန်းဆောင်များစွာကို သယ်ယူလာပြီး ပြန်လည် အသုံးပြုထားသည်။ ၁၈၅၈ခုတွင် နန်းတော်ဆောက်လုပ်မှု ပြီးစီးသည်။ မန္တလေး နန်းတော်တွင် မင်းတုန်းမင်းနှင့် သီပေါမင်း မင်းဆက် ၂ဆက်သာ စိုးစံနိုင်ခဲ့ပြီးနောက် လုံးဝဥသုံ ပျက်စီးသွားလေသည်။ ယနေ့တွေ့မြင်နေရသည့် နန်းတော်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်အစိုးရလက်ထက် ၁၉၈၉ခုတွင် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်။ နန်းတော်နေရာအကွက်ချပုံ၊ ဗိသုကာဒီဇိုင်းပုံကို  ရှေးဟောင်းမှတ်တမ်း ပေ၊ ပုရပိုက်၊ အင်္ဂလိပ်-မြန်မာမှတ်တမ်းမှ အခြေခံယူထားပြီး မူလပုံစံနှင့်တူအောင် ပြည်လည်တည်ဆောက်ထားသည်။ ကြာမြင့်ချိန် ၆နှစ်ဖြစ်ပြီး အဓိကနန်းဆောင် ၈၉ဆောင်ကိုသာ ဆောက်လုပ်နိုင်တော့သည်။

၈) ဥမင်သုံးဆယ်ဘုရားများ

မန္တလေးမြို့မှ မိနစ်၂၀ကျော် ၃၀နီးနီးလောက်သာ သွားရသည့် စစ်ကိုင်းတောင်ပေါ်တွင် တည်ရှိသည်။ ပဒူသင်္ဃရာဇာ ဆရာတော်၏ ကုသိုလ်တော်ဖြစ်ပြီး ခရစ်နှစ် ၁၃၂၅ခုတွင် တည်ထားခဲ့သည်။ ပဒူသင်္ဃရာဇာ ဆရာတော်သည် စစ်ကိုင်းတရဖျားမင်း၏ ငယ်ဆရာလည်းဖြစ်သလို၊ အင်းဝသတိုးမင်းဖျား၏ နန်းဦးဆရာတော်လည်း ဖြစ်သည်။ ဂေါတမမြတ်ဗုဒ္ဓ၏ ဓာတ်တော်၊ မွေတော်တို့အပြင် ပြဒါးရှင်ဓာတ်လုံးတော်များကိုပါ ထည့်သွင်း ဌာပနာထားသည်။ သုဝဏ္ဏဝီရိကျောက်တောင်ကို ရှေးဦးစွာ လှိုဏ်ဂူဖြစ်အောင် ထွင်းစေသည်။ မြတ်စွာဘုရား၏ ဝါတော် ၄၅ဝါကို ရည်မှန်းပြီး ရုပ်ပွားတော် ၄၅ဆူကို ကျောက်ဂူအတွင်း ထားရှိပူဇော်သည်။ လှိုဏ်ဂူအဝင်အထွက် ဂူပေါက်ကို ၃၀ခုထွင်းထားသည်။ ဂေါတမမြတ်ဗုဒ္ဓ ဘုရားမဖြစ်ခင် ပါရမီဖြည့်ကျင့်ခဲ့ရသော ပါရမီ၁၀ပါး အပြားသုံးဆယ်ကို ရည်စူးသည်။

၉) ဆွမ်းဦးပုညရှင်

စစ်ကိုင်းတောင်ရိုး၊ ငဖားတောင်ထွဋ်တွင် တည်ရှိသည်။ ပုညအမတ်၏ ကောင်းမှုတော်ဖြစ်ပြီး ဓာတ်တော်မွေတော် ၂ဆူကို ဌာပနာထားသည်။ ဆွမ်းဦးပုညရှင်စေတီထဲတွင် စေတီငယ်၂ဆူ ရှိသေးသည်။ တစ်ဆူမှာ သီရိဓမ္မာသောကမင်း ကောင်းမှုတော်စေတီဖြစ်ပြီး နောက်တစ်ဆူမှာ ပတူးသင်္ဃရာဇာ၏ ကောင်းမှုတော်စေတီ ဖြစ်သည်။ ပုညအမတ်သည် စေတီတည်စဉ်က စစ်ကိုင်းမြို့တည် အသင်္ခယာစောယွမ်းအား မလျှောက်တင်ခဲ့ပေ။  အသင်္ခယာစောယွမ်းသည် မင်းမာန်ဖြင့် အမျက်ထွက်သဖြင့် ပုညအမတ်နှင့် ဓာတ်တော်များကို သယ်ယူလာခဲ့သော ငစိန်သင်ကို ရေချကွပ်မျက်စေသည်။ မြစ်ရေသည် လူကို မလွှမ်းသွားပြီး ပတ်ဝန်းကျင်တွင်တာ ဝိုင်းဝန်းလို့နေသည်။ ထို့မှသာ  အသင်္ခယာစောယွမ်းလည်း အမျက်ပြေပြီး လွတ်ငြိမ်းခွင့် ပေးလိုက်သည်။ ထို့နောက်စေတီကို ဆက်လက်တည်ရာ သက္ကရာဇ် ၆၈၄ခုတွင် ပြီးစီးသည်။

ဆွမ်းဦးပုညရှင်ဟု အမည်တွင်ရခြင်းမှာ လူတို့သည် ဆွမ်းဦးကပ်လှူရန် မည်မျှပင် ကြိုးစားစေကာမူ မအောင်မြင်ဘဲ တောစောင့်နတ်၊ တောင်စောင့်နတ်တို့က ဦးစွာ ဆွမ်းဦးကို ကပ်လှူသွားကြသောကြောင့်ဖြစ်သည်။

၁၀) ကောင်းမှုတော်စေတီ

စစ်ကိုင်းတောင်ကနေ ဆင်းပြီးနောက် စစ်ကိုင်းမြို့မြောက်ဘက် ၆မိုင်ခန့်အကွာတွင် တည်ရှိသည်။ သတိုးဓမ္မရာဇာဘွဲ့ခံ သာလွန်မင်းတရား၏ ကောင်းမှုတော်ဖြစ်ပြီး ခရစ်နှစ် ၁၆၃၆ခုတွင် စတင်တည်ဆောက်ခဲ့ပြီး ခရစ်နှစ် ၁၆၄၈ခုတွင် ပြီးစီးသည်။ သာလွန်မင်းသည် ထီးတော်မတင်နိုင်မီ နတ်ရွာစံသဖြင့် သားတော် ငါးထပ်ဒါယကာမင်းမှ ဆက်လက် တည်ခဲ့ရသည်။ ကောင်းမှုတော်စေတီ၏ ဘွဲ့အမည်က ရာဇမဏိစူဠာ ဖြစ်သည်။ "စွယ်တော်၊ ဆံတော်၊ သပိတ်တော် စသော ရတနာတို့၏ တည်ရာဖြစ်၍ မြတ်သောမင်း ဦးဖြင့် အမြဲပန်ဆင်ခြင်းရှိသောဘုရား" ဟု အဓိပ္ပါယ်ရသည်။ စေတီ၏ ပုံစံအား သီရိလင်္ကာနိုင်ငံရှိ ထူပါရုံစေတီပုံစံအတိုင်း မှီငြမ်းထားသည်။ မူလက ထူပါရုံအတိုင်း ထုံးသင်္ဃန်းကပ်စေတီ ဖြစ်ပါသော်လည်း နောက်ပိုင်းတွင် ရွှေသင်္ဃန်းကပ် ဖြစ်လို့နေသည်။

၁၁) ပုထိုးတော်ကြီး

၁၂) ခေါင်းလောင်းကြီး

၁၃) ခြင်္သေ့ကြီး

ဘိုးတော်ဘုရား ခေါ် ဗဒုံမင်းလက်ထက်မှာ မင်းကြီးရဲ့ အာဏာစက်သည် မြန်မာပြည်တွင်းသာ မကဘဲ ယိုးဒယားထိ ကျယ်ပြန့်ခဲ့တယ်။ မင်းကြီးက လူတွေ ဧရာဝတီမြစ်ကြောအတိုင်း ရေကြောင်းနဲ့ လာတဲ့အခါမှာ အကြီးတကာ့အကြီးဆုံး ဖြစ်တဲ့ ပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီး ကို ဦးဆုံးတွေ့စေချင်တယ်။ ဒါ့ကြောင့် ခရစ်နှစ် ၁၇၉၀ခု၊ ကုန်းဘောင်ခေတ်မှာ  သားတော်မဟာဥပရာဇာကို နန်းစောင့်အရာထားခဲ့ပြီး အညာမင်းကွန်းဘက်သို့ ပုထိုးတော်ကြီး တည်ရန် မှူးမတ်ဗိုလ်ပါ လူစုလူဝေးနဲ့ ထွက်လာခဲ့တယ်။ ဧရာဝတီမြစ်အတွင်းက ကျွန်းမှာ ယာယီနန်းတည်ပြီး ကြီးသုံးကြီးကို ကိုယ်တိုင် ကြပ်မတ်ရုပ်လုံး ဖော်ခဲ့တာပါ။ အရင်က အဲ့သည့်ဒေသက မင်းရွာလို့ခေါ်တယ်။ ဘိုးတော်ဘုရားက မင်းကွန်းဆိုပြီး ပြောင်းလဲစေခဲ့သည်။

ပုထိုးတော်ကြီးကို ပေ၅၀၀ အမြင့်ထိအောင် တည်မည်ဟု အားခဲထားသော်လည်း ဆယ်နှစ်ကြာသည့်အထိ ၁၆၅ပေ မြင့်သည့် အောက်ပိုင်းဗိမ္မာန်သာ ပြီးစီးသည်။ တိုင်းသူပြည်သား လူအများမှာလည်း ပင်ပန်းလာကြပြီး သဘောင်တစ်ခု ပေါ်လာသည်။ "ဘုရားလည်းပြီး၊ ပြည်ကြီးလည်း ပျက်လတံ့၊ မင်းကွန်းဘုရားကြီး အပြီးသတ် မုဆိုးသုညကပ်" ဟူသတဲ့။ ဘိုးတော်မင်းလည်း ထိုအခါမှသာ ပုထိုးတော် တည်မှုကို အပြီးသတ်လိုက်တော့သည်။

ခြင်္သေ့ကြီးကတော့ ငလျင်ဒဏ်ကြောင့် ခေါင်းနှင့် ရှေ့ခြေများ မရှိတော့ပေ။

ခေါင်းလောင်းတော်ကြီးကမူ ၁၈၃၈ခုမှာ ငလျင်ဒဏ်ကြောင့် ကြေး၅ပိဿာ ပဲ့ထွက်ပြီး မြေခခဲ့သည်။ ၁၉၀၄ခု ကိုလိုနီခေတ်တွင် ဧရာဝတီသင်္ဘောကုမ္ပဏီက စကော့တလန်လူမျိုး အရာရှိမှ သစ်သားယက်မအစား သံယက်မကို ပြောင်းလဲ အစားထိုး တပ်ပေးခဲ့သည်။

၁၄) မင်းကွန်းဆရာတော်ကြီး၏ အထိမ်းအမှတ် ဗိမာန်

၁၅) မြသိန်းတန်စေတီ

မင်းကွန်းခေါင်းလောင်းကြီးကနေ မြောက်ဘက် ဂိုက်၅၀၀ အကွာတွင် တည်ရှိသည်။ ဗဒုံမင်း၏မြေး စစ်ကိုင်းမင်းသား၏ ကောင်းမှုတော်ဖြစ်သည်။ အလောင်းစည်သူမင်း တည်ခဲ့သော စေတီပျက်တစ်ဆူကို စစ်ကိုင်းမင်းသားမှ ၁၈၁၆ခုတွင် ပြန်လည်ပြုပြင် ခဲ့သည်။ စကြာဝဠာနဲ့ မြင့်မိုရ်တောင် တည်ရှိပုံကို ရည်မှန်းပြီး တည်ခဲ့ခြင်းဖြစ်သည်။ စေတီ၏ပုံစံမှာ သီတာခုနှစ်တန်၊ တောင်စဉ်ခုနှစ်သွယ်၊ ယုဂန္ဓိုရ်တောင် နှင့် မြင့်မိုရ်တောင် စသည်ဖြင့် အတော်လေးကို ထူးခြားလှပသည်။ မူလအမည် ရှင်ဖြူဘုရား၊ ဌာပနာရာမှာ ထည့်သွင်းထားတဲ့ တစ်သိန်းတန်မြရတနာကို အစွဲပြုပြီး မြသိန်းတန်ဘုရား၊ စစ်ကိုင်းမင်းသားမှ ဆင်ဖြူမယ်ကို လွမ်းဆွတ်ခြင်း ရည်ရွယ်ချက်ကို အစွဲပြုပြီး ဆင်ဖြူမယ်ဘုရားဟု ဘွဲ့အမည်သုံးမျိုး ခေါ်ဝေါ်ကြတယ်။

စာလည်းတော်တော်ရှည်သွားပြီမို့ တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.