Religious Trip

Fill your life with adventures.

နှစ်ဆန်းတစ်ရက်နေ့ မဟာဝိဇယစေတီ သွားဖူးရအောင်...

နောက်ထပ် ရက်ပိုင်းအလို ဧပြီ ၁၇ဆိုရင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရောက်ပြီလေ။ ဗုဒ္ဓဘာသာဝင် အများစုက နှစ်ဆန်းတစ်ရက်နေ့ဆို ဘုရားကျောင်းကန် သွားတတ်တဲ့ အလေ့အထကောင်းလေး တစ်ခုရှိတယ်။

ချမ်းအိက ရန်ကုန်သူဆိုတော့ ရန်ကုန်က စေတီပုထိုးတွေထဲက နှစ်ဆန်းတစ်ရက်နေ့အတွက် မဟာဝိဇယစေတီကို ညွှန်းချင်တယ်။ စေတီရဲ့ ထူးခြားချက်က တစ်နှစ်မှာတစ်ကြိမ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တိုင်း အရှေ့စူးစူး တနင်္လာဂြိုလ်တိုင်က ဗုဒ္ဓရုပ်ပွားတော်ကို နေအလင်းရောင် ဆလိုက်ထိုးသလို ခစားတာပဲ။ သည်လို တွက်ချက်တည်ဆောက်ထားတဲ့ ဗိသုကာပညာကို သဘောကျမိတယ်။

မဟာဝိဇယစေတီက ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဓမ္မရက္ခိတကုန်းမြေ ပေါ်မှာ တည်ထားတာပါ။ ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာလို့ ပြောရင် ပိုသိကြမယ် ထင်ပါတယ်။

စေတီအရှေ့မှာ ငါး၊ လိပ်တွေ ဘေးမဲ့ပေးထားတဲ့ ကန်တစ်ကန်ရှိတယ်။

ငါးကန်ကနေ ကွန်ကရစ်လှေကားထစ်တွေအတိုင်း တက်သွားရင် ကုန်းမြင့်ပေါ်မှာ ရွှေရောင်စေတီကြီး တစ်ဆူကို ဖူးတွေ့ရမှာပါ။

စေတီက တွေ့နေကျ ပုံစံမျိုး မဟုတ်ဘဲ  အချင်း၆၀ပေ၊ အမြင့် ၄၆ပေ ရှိတဲ့ လိုဏ်ဂူပါစေတီပုံစံမျိုး။ အာရုံခံလိုဏ်ဂူ အလယ်တည့်တည့်မှာ ရှစ်မြောက်ပုံ အပရာဇိတပလ္လင်တော်ကြီးရှိတယ်။ ပလ္လင်တော် အပေါ်မှာ ပဉ္စဓာတုဝါဟနစေတီငယ်တစ်ဆူ တည်ထားသေးတယ်။ စေတီငယ်ရဲ့ လိုဏ်ဂူလေးမှာ နာဂစီဝရာပဋ္ဋပဋိမာဆင်းတုတော် ကိန်းဝပ်စံပယ်တော်မူတယ်။ နာဂစီဝရာပဋ္ဋပဋိမာဆင်းတုတော်ကို နီပေါနိုင်ငံ ဘုရင်ဗီရေန္ဒြဗီရဝိကရရှဟ်ဒေဝ နှင့် မိဖုရားကြီး ဣဿွရယလက္ချမိဒေဝီရှဟ် တို့ကနေပြီး ဓမ္မလက်ဆောင် အနေနဲ့ ပေးပို့ထားတာပေါ့။ အပရာဇိတပလ္လင် ပတ်ပတ်လည် အရပ်ရှစ်မျက်နှာအလိုက် အရပ်မျက်နှာတစ်ဖက်စီမှာ မုဒြာကွဲပြားတဲ့ ရုပ်ပွားတော်တစ်ဆူစီကို အသီးသီးတည်ထားတာ ဖူးနိုင်သေးတယ်။ ရုပ်ပွားတော်ရှစ်ဆူနဲ့ ပလ္လင်ကို ၄၅တန်ရှိတဲ့ စကျင်ကျောက်တုံးကြီး တစ်တုံးတည်းနဲ့ ထွင်းဖောက်ထုလုပ်ထားတာကို တွေ့ရမှာပါ။

ဂန္ဓကုဋိတိုက်ဖြစ်တဲ့ လိုဏ်ခေါင်းအတွင်းပိုင်း အထက်မျက်နှာကျက်က မိုးပြာရောင်လေး။ ပြီးတော့ အရုပ်မျိုးစုံ ခြယ်သထားသေးတယ် ။ဘေးနံရံမှာ ဂေါတမမြတ်စွာဘုရား မဟာဗောဓိညောင်ပင်အောက်မှာ တရားထိုင်ပုံ၊ ဆင်ကြီးမှ မြတ်စွာဘုရားကို ဒူးတုပ်ရှိခိုးနေပုံ၊ တရားနာပရိတ်သတ်တွေကို တရားဟောကြားနေပုံ စတာတွေကို ရေးဆွဲထားသေးတယ်။ ဂူထဲမှာတော့ နေရထိုင်ရတာ အေးမြမြရှိလို့ ခပ်ကြာကြာလေး ထိုင်နေမိလေရဲ့။

ဘုရားပုရဝုဏ်က သိပ်အကျယ်ကြီး မဟုတ်တော့ ရောက်တုန်း စုံအောင်တော့ လေ့လာခဲ့ပေါ့... နော်။

စေတီအပြင်ပိုင်းကို ပြောရမယ်ဆိုရင် မုခ်ပေါက်လေးပေါက်ရှိပြီး၊ မုခ်ပေါက်တစ်ပေါက်နဲ့ တစ်ပေါက်ကြားမှာ ခြင်္သေ့ရုပ်တစ်ရုပ်စီ ထုလုပ်ထားတယ်။ ခြင်္သေ့ရုပ်တု အထက်မှာ အဆင့်သုံးဆင့်အထပ်သို့ တက်သွားပြီး တစ်ဆင့်စီမှာ စေတီငယ်လေးတွေနဲ့ ပတ်ပတ်လည် ဝန်းရံထားသေးတယ်။ စေတီငယ်သုံးဆင့် အထက် စေတီလုံးပတ်မှာ ကြာပန်းသဏ္ဍာန် ထွင်းထားတာ တွေ့နိုင်သည်။ စေတီပိုင်းဆိုင်ရာ အသုံးအနှုန်းတွေ မသိတော့ ချမ်းအိ သိသလိုလေး မြင်သာအောင် ရှင်းပြထားမိတာပါ။ အမှားပါရင် ခွင့်လွှတ်ကြပါလို့။

ဖွင့်ချိန်: မနက်၆ - ည၁၀

/* သမိုင်းအကျဉ်း */

မြန်မာနိုင်ငံမှာ သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်း နှင့် ဂိုဏ်းပေါင်းစုံသံဃာတော်များ ညီညွတ်ခြင်း အထိမ်းအမှတ်အနေနဲ့ မဟာဝိဇယစေတီကို တည်ထားခြင်းဖြစ်သည်။ ၁၆၉ပေ မြင့်မားပြီး အောက်ခြေအချင်း ၁၆၅ပေ ၈လက်မ ရှိသည်။ ၂၇-၇-၁၉၈၀ မှာ မင်္ဂလာပန္နက်တင်ပွဲဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၄-၃-၁၉၈၆ ခုတွင် ပြီးစီးခဲ့သည်။ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်ပွဲ၊ ရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် အနေဂဇာတင်ပွဲကို ကိုးရက်တိုင်တိုင် ကျင်းပခဲ့တယ်လို့ မော်ကွန်းမှတ်တမ်းမှာ ဖတ်ခဲ့ရတယ်။ ထီးတော် အလှူရှင်က ဦးနေဝင်းလို့ သိရတယ်။

/* နာဂစီဝရာပဋ္ဋပဋိမာဆင်းတုတော် */

နီပေါနိုင်ငံဘုရင် ဗီရေန္ဒြဗီရဝိကရရှဟ်ဒေဝမှ ပေးပို့ထားသော ဓမ္မလက်ဆောင်ဖြစ်ပါတယ်။ ဆင်းတုတော်ကို ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သလွဲ စသည့် ဓာတ်သား ၅မျိုးဖြင့် သွန်းလောင်းထားခြင်းဖြစ်ပါတယ်။ ပဉ္စလောဟာ ဆင်းတုတော်ဖြစ်ပြီး မုဉ္စလိန္နာ နဂါးမျိုးနွယ် နဂါးကိုးကောင်မှ ဆင်းတုတော်အား အသွယ်သွယ် ရစ်ပတ်ထားဟန် သွန်းလုပ်ထားပြီး ခန္ဓာကိုယ်များကို ရွှေသင်္ဃန်း ကပ်လှူထားပါတယ်။ ဂန္ဓကုဋိတိုက် လိုဏ်ခေါင်းအလယ် စကျင်ကျောက်စေတီငယ်တွင် ကိန်းဝပ်စံပယ်သည်။

/* ဆုတောင်းပြည့် ပေါ်တော်မူ ရွှေသားအစစ် ဗုဒ္ဓဆင်းတုတော် */

မြန်မာသက္ကရာဇ် ၁၃၄၁ခုတွင် မန္တလေးမြို့တွင် မိုးအကြီးအကျယ်ခေါင်ပြီး အင်း၊ အိုင်၊ ချောင်းများ ရေခမ်းကုန်ပါတယ်။ မစိုးရိမ်တိုက်သစ် မြောက်ဘက်ကမ်းပါးကို မြေဖို့ရန်အတွက် ရေခမ်းနေသော သင်္ဂဇာချောင်းမှ မြေကြီးများကို တူးဖော်ပါတယ်။ ထိုသို့ တူးဖော်ရာတွင် အလေးချိန်မှာ ၂ပိဿာရှိသော ရွှေဆင်းတုတော်ကို တူးဖော်တွေ့ရှိပါတယ်။ ဆင်းတုတော်မှာ ရွှေသားအတိ ဖြစ်ပြီး ဥာဏ်တော်မှာ တစ်မိုက်ရှိပါတယ်။ ထူးခြားချက်မှာ ဆင်းတုတော် ပေါ်ထွန်းပြီး ညနေပိုင်းတွင် မိုးများ သည်းထန်စွာရွာသွန်းပြီး သင်္ဂဇာချောင်းမှာ ရေများပြည့်လျှံသွားပါတယ်။

တွေ့ရှိချိန်က ဆင်းတုတော်မှာ ဦးခေါင်းမပါ၊ ဘယ်ဘက်တံတောင်း အကွေးပြတ်၊ ဆင်းတုတော်၏ အခြေရှိတွဲလျက် ပလ္လင်ဌာပနာ ဖောက်ထွင်းခံရသော အနေအထားဖြင့် တွေ့ရှိရပါတယ်။ ဆရာတော် ဦးအာစိဏ္ဏ (သက်တော် ၃၀၊ သိက္ခာ ၁၀ဝါ) မှ ပြုပြင်မွမ်းမံပြီး ဒါယကာ၊ ဒါယိကာမများမှ ကျောက်မျက်ရတနာများကို လှူဒါန်းပါတယ်။ ထိုကျောက်မျက်ရတနာများနှင့် ဓာတ်တော်မွေတော်များကို ဌာပနာထားပြီး ပြန်လည်မွမ်းမံခဲ့ပါတယ်။ ၁၃၄၅ခုတွင် ဆရာတော် ဦးအာစိဏ္ဏမှ ပေါ်တော်မူရုပ်ပွားတော်ကို မဟာဝိဇယစေတီတော်သို့ လှူဒါန်းခဲ့ပါတယ်။ လိုဏ်ဂူဘေးပတ်လမ်းတလျှောက် ပတ်ကြည့်ရင် တွေ့နိုင်ပါတယ်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.