Religious Trip

Fill your life with adventures.

အလောင်းတော်ကဿပလှိုဏ်ဂူအတွင်း ရောက်ခဲ့ဖူးသူများ၏ အတွေ့အကြုံ

ပုံတောင်၊ ပုံညာတောင်နှင့် မဟူရာတောင် သုံးလုံးဆုံရာ အလယ်မှာ အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ အလောင်းတော်ကဿပဘေးမဲ့တောကြီး တစ်ခုရှိတယ်။ စမ်းချောင်း၊ လျှိုမြောင်၊ ချောက်ကမ်းပါးတွေ ပေါများတဲ့ တောနက်ကြီးအတွင်းမှာ တောရိုင်းတိရိစ္ဆာန်တွေ သဘာဝအတိုင်း လွတ်လပ်စွာ နေထိုင်ကြတယ်။ တောတွင်းတိရိစ္ဆာန်တွေဟာ နေရာအနှံ့ သွားလာကြပါသော်လည်း တစ်စုံတရာသော အကြောင်းကြောင့် ကျောက်တောင်တစ်နေရာအပေါ်ကိုတော့ ဖြတ်သန်းသွားလာခြင်း မပြုကြချေ။

ထိုကျောက်တောင်ကြီးရဲ့ အောက်ခြေကို သွားလိုလျင် ပေ၁၀၀ ဝန်းကျင်ရှိ ချောက်ကြီးထဲသို့ ကွန်ကရစ်လှေကားထစ်တွေအတိုင်း ဆင်းသွားရတယ်။ ချောက်အတွင်း ကျောက်တောင်ရှေ့ရှိ ဘေးဘီဝဲယာနှင့် အပေါ်သို့ ဝေ့ဝဲကြည့်မည်ဆိုလျင် စိမ့်နေအောင်အေးသော ကျောက်စက်ရေတွေ တစ်စက်ချင်းစီ စီးကျနေသည့် ကျောက်စက်ပန်းဆွဲတွေကို သတိထားမိပါလိမ့်မယ်။

ကျောက်စက်ပန်းဆွဲတွေကို ကျော်လွန်သွားရင် ကျောက်တောင်၏ အောက်ခြေကို စတင်တွေ့ရပါပြီ။ ကျောက်တောင်၏ အခြေမှာ ရွှေဆိုင်းတွေ ချထားတာ တွေ့ပါအုံးမည်။ ထိုနေရာဟာ ကျောက်တောင်အတွင်းရှိ လှိုဏ်ဂူထဲသို့ ဝင်နိုင်မည့် ဦးဆုံး ကျောက်တံခါးချပ်နေရာပဲ ဖြစ်တယ်။ တပိုတွဲလပြည့်နေ့တွေမှာ ကျောက်တံခါးချပ် အနည်းငယ်ပွင့်တတ်တဲ့ သာဓကမျိုး ကြုံဖူးတတ်ကြတယ်။

ကျွန်မကြုံဖူးစဉ်က တံခါးဟတဲ့ပမာဏက သိပ်ကျဉ်းလွန်းတာရယ်၊ အတွင်းမှာ မှောင်မည်းလွန်းတာရယ်ကြောင့် ရွှေရောင်လက်လက်လေးလောက်ပဲ ဝိုးတဝါး လှမ်းမြင်ရတယ်။ ရွှေသင်္ဃန်းကပ်ဆင်းတုတော်လား၊ ရွှေသင်္ဃန်းကပ်စေတီငယ်လားတောင် သဲသဲကွဲကွဲတောင် မမြင်ရဘူး။ သေချာတာကတော့ ချောင်းကြည့်လို့ရတဲ့နေရာကနေ လှမ်းမြင်ရတဲ့ လှိုဏ်ဂူခန်းဟာ ရဟန္တာအလောင်းတော်စံရာ အခန်း မဟုတ်သေးတာပါပဲ။

ယခင်က ကျောက်လှိုဏ်ဂူထဲသို့ စမ်းချောင်းတစ်ခု စီးဝင်သွားတာကို မျက်စိနဲ့ အတပ်မြင်နိုင်သေးတယ်။ ထိုစမ်းချောင်းက ချောင်းမကြီးရဲ့ တစ်စိတ်တစ်ပိုင်းဆိုလည်း မမှားတန်ဘူး။ ချောင်းမကြီးဟာ တောင်ဘက်အရပ်မှနေပြီ အလောင်းတော်ရှိရာ ကျောက်လှိုဏ်ဂူထဲ စီးဝင်တယ်။ ထိုမှတဖန် ကျောက်လှိုဏ်ဂူ၏ မြောက်အရပ်မှ ထွက်ပြီး ချင်းတွင်းမြစ်အတွင်း စီးဆင်းသွားတယ်။ တောင်ဘက်အရပ်မှနေပြီး ကျောက်လှိုဏ်ဂူထဲ ရေစီးဝင်ရာအစကို အထက်ရေစပြစ်လို့ ခေါ်ပြီး ကျောက်လှိုဏ်ဂူထဲကနေ ရေစီးထွက်ရာအဝကို အောက်ရေစပြစ်လို့ ခေါ်ကြတယ်။

၁၉၂၉ခု ဝန်းကျင်လောက်မှာ အလောင်းတော်ကုန်းဘက်ရှိ ချောင်းအပေါ်ကနေပြီး ကျောက်တွေ၊ မြေတွေ၊ သဲတွေ ဖို့ပြီး ပေါင်းကူမြေဖြစ်အောင် လုပ်ထားတာတဲ့။ ချောင်းရေပိတ်သွားတာမျိုးတော့ မဟုတ်ပြန်ဘူး။ ဥမင်မြေအောက်ချောင်း အနေဖြင့် ဆက်လက် စီးဆင်းနေသေးတယ်။ မြေအောက်ချောင်း ဖြစ်နေတာမို့ မျက်စိနဲ့ မြင်ရမှာတော့ မဟုတ်တော့ပေ။

ပေါင်းကူးမြေ မဖို့ခင်ကဆိုရင် ဘုရားဖူးတွေဟာ ကဿပရဟန္တာမထေရ်အတွက် ရည်မှန်းပြီး ပန်းကန်တွေထဲ စားဖွယ်ရာတွေထည့်ကာ ချောင်းလေးအတိုင်း မျှောလိုက်ကြတယ်။ ပြီးရင် တစ်ဘက်လှိုဏ်ဂူအထွက် ရေထွက်ပေါက်ဝမှာ စောင့်ကြည့်ကြရောတဲ့။ ထိုအခါ ပန်းကန်တွေပဲ ပြန်ထွက်လာပြီး စားဖွယ်ရာတွေ မပါလာတဲ့အတွက် ကြည်နူးသဒ္ဒါတိုးရတယ်တဲ့။

လှိုဏ်ဂူအတွင်းသို့ မြေအောက်ချောင်းကနေ ငုပ်ဝင်သွားဖူးတဲ့ ဦးစံအုပ်ဆိုသူ ရှိခဲ့ဖူးတယ်။ ချောင်းက လှိုဏ်ဂူအောက်ကနေ ဟိုဘက်သည်ဘက် ထုတ်ချင်းပေါက် စီးဆင်းနေပြီး ကွေ့သုံးကွေ့ရှိတယ်။ ကွေ့သုံးကွေ့ထဲကမှ နှစ်ကွေ့ဟာ ရေနက်ပြီး ခြေထောက်,ထောက် မမှီနိုင်ဘူး။ ကျန်တဲ့နေရာတွေကျ အလွန်ဆုံး လူ့ခါးလောက်ပဲ ရေနက်တယ်။ အတွင်းမှာ အင်မတန် မှောင်မိုက်တယ်။ ချောင်းဘေးက ကျောက်တွေရဲ့ အရောင်က ပြောင်ပြောင်လက်လက်အဆင်းကို ဆောင်တယ်။ စိန်တွေလို တလက်လက်လဲ့နေတဲ့ ကျောက်စက်ပန်းဆွဲတွေကို အခြားထုံးကျောက်ဂူ အတော်များများမှာ ကျွန်မမြင်ဖူးခဲ့တာမို့ ဦးစံအုပ် တွေ့ခဲ့တယ်ဆိုတဲ့ တလက်လက်လဲ့နေသောကျောက်တွေဆိုတာ ထိုအတိုင်းနေမှာပဲလို့ တွေးမိသွားတယ်။

ဦးစံအုပ်ကတော့ လှိုဏ်ဂူအတွင်းမှာ ရွှေအတိပြီးတဲ့ အလောင်းတော်နဲ့ အလောင်းတော်ကို စောင့်ရှောက်ပေးနေတဲ့ သာမဏေတစ်ပါးရှိတယ် ဆိုတာကိုကော မတွေ့ခဲ့ဘူးလို့ ဆိုထားတယ်။ ချောင်းဟာ လှိုဏ်ဂူအတွင်းကနေ ဖြတ်ပြီး စီးသွားတယ်ဆိုပေမယ့် အလောင်းတော်ကဿပမထေရ်စံရာ နေရာကနေ စီးသွားတာတော့ မဟုတ်ပြန်ဘူး။ အလောင်းတော်စံရာ လှိုဏ်ဂူရဲ့ အောက်ကနေ စီးသွားတာလို့ပဲ ယူဆရတယ်။

ဘာ့ကြောင့် သည်လို တွေးမိသလဲဆိုတော့ အရင်တုန်းက ကျောက်လှိုဏ်ဂူတံခါး ပွင့်သွားပြီး ရဟန်းတစ်ပါးနဲ့ ရှင်သူငယ်တစ်ပါး လှိုဏ်ဂူအတွင်း ဝင်သွားနိုင်ခဲ့တယ်။ လှိုဏ်ဂူကနေ ရှင်သူငယ်က အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပြီး အတူဝင်သွားတဲ့ ရဟန်းကတော့ အတွင်းမှာ ကျန်ခဲ့တယ်လို့ ဆိုထားတယ်။

ရှင်သူငယ်ထွက်လာခဲ့တယ်ဆိုတဲ့ ဂူပေါက်ဟာ လွယ်လွယ်ကူကူနေရာမှာ ရှိတာတော့ မဟုတ်ပါဘူး။ အထက်ရေစပြစ်နေရာမှာ ရှိတာပါ။ မြင်သာအောင် ဆိုရရင် လှိုဏ်ဂူအတွင်း ရေဝင်ရာအစ ခပ်ကျဉ်းကျဉ်းသာရှိတဲ့ ချောင်းရဲ့ တစ်ဖက်မှာ မြေသားနံရံရှိတယ်။ အခြားတစ်ဖက်မှာ အလောင်းတော်စံမြန်းရာ ကျောက်တောင်နံရံရှိတယ်။ ရှင်သူငယ်ထွက်ပေါက်ဆိုတာ ကျောက်သားနံရံရဲ့ အမြင့်နေရာမှာ ရှိပါတယ်။ သည်တော့ ရှင်သူငယ်ထွက်လာတဲ့နေရာရယ်၊ ဦးစံအုပ်ပြောတဲ့ ရေဝင်ပေါက်နေရာရယ် နှစ်နေရာက အထက်အောက်တင် ရှိနေပေမယ့် ကြားမှာ အတော်အတန်မြင့်တဲ့ အကွာအဝေးတစ်ခု ရှိနေပြီး ကျောက်သားကြမ်းပြင်တစ်ခု ခြားနေပုံရတယ်။ ဒါ့ကြောင့် ဦးစံအုပ်ဟာ လှိုဏ်ဂူအတွင်းသို့ ဝင်ထွက်နိုင်ခဲ့ပေမယ့် အလောင်းတော်ရှိရာလှိုဏ်ခန်းကိုတော့ မရောက်ခဲ့ဘူးလို့ ဆင်ခြင်မိတယ်။

ရှင်သူငယ်ထွက်ပေါက်ကနေ လှိုဏ်ဂူအတွင်း ဝင်ကြည့်ချင်လိုက်တာဆိုတဲ့စိတ် ဖြစ်မိသွားကြပြီ မဟုတ်လား။ ကျွန်မလည်း အဲ့သည့်ဆန္ဒလေး ပေါ်လာမိတယ်။ ဒါပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ရှင်သူငယ် အပြင်ရောက်သွားတာနဲ့ ဥမင်လှိုဏ်ဂူတံခါးပေါက်လည်း အလိုလို ပြန်ပိတ်သွားပါတယ်တဲ့။ ရှင်သူငယ်ထွက်ပေါက်ကနေ ဝင်ကြည့်မယ်ဆိုရင် အတောင်၂၀လောက်ထိပဲ ဝင်နိုင်မှာပါ။ ထို့နောက်မှာတော့ ကျောက်သားအတိဖြင့် ပိတ်စို့နေတယ်။

ရှင်သူငယ်ထွက်ပေါက်နှင့် ပတ်သတ်ပြီး ဦးကံဝင်း ရေးသားသော “အလောင်းတော်ကဿပ ကျောက်ဂူတံခါးဝမှ ထူးခြားကွန့်မြူးရောင်ခြည်တော်ထူးနှင့် ထူးထူးဆန်းဆန်း ဖြစ်ရပ်ဆန်းများ” စာအုပ်မှ အချက်အလက်အချို့ကို မျှဝေပေးချင်ပါတယ်။

မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ သီးကုန်းရွာမှာ သီတင်းသုံးတဲ့ ရဟန်းတော်တစ်ပါးဟာ ရှင်သာမဏေငယ်ကို အဖော်ပြုပြီး အလောင်းတော်ကဿပဘုရားဖူးခရီး ထွက်လာခဲ့တယ်။ အလောင်းတော်အစစ်ကို ဖူးမြင်လိုတာကြောင့် ကျောက်တောင်အနီးဝန်းကျင်မှာပဲ အဓိဌာန်ဝင်ပြီး သီလစောင့်တည်၊ ကမ္မဌာန်းစီးဖြန်း၊ မေတ္တာပွားများကြတယ်။ အဓိဌာန်ရက်စေ့တော့ ရဟန်းတော်ဟာ ကျောက်တံခါးကို လက်ဖြင့် သုံးချပ်သပ်လိုက်ရာ ကျောက်တံခါးချပ် ပွင့်လာတယ်။ ထိုမှတဖန် ဆက်သွားသော် ငွေတံခါးချပ်၊ ပြီးနောက် ရွှေတံခါးချပ်တွေဆီ ရောက်ကြတယ်တဲ့။

ရွှေတံခါးချပ် အလွန်မှာမှ အလောင်းတော်စံမြန်းရာ လှိုဏ်ဂူအတွင်းသို့ ရောက်တယ်။ လှိုဏ်ဂူအတွင်းမှာ များလှစွာသော အဖိုးတန်ရတနာများ၊ ပြဒါးလုံး၊ ဆေးလုံးများကို တွေ့ကြတယ်တဲ့။ ရဟန်းတော်ဟာ လှူဖွယ်ပစ္စည်းများအပေါ် တပ်မက်စိတ်ဝင်လာမိသည်နှင့် တပြိုင်နက် တံခါးသုံးချပ်လုံးဟာ လုံးဝပိတ်ကျသွားတယ်။ ရှင်သာမဏေငယ်ကတော့ လောဘစိတ် မဝင်မိပါဘူးတဲ့။

မကြာမီမှာပဲ အလောင်းတော်ကဿပမထေရ်အား စောင့်ရှောက်တဲ့ အစောင့်အရှောက်တစ်ပါး ပေါ်လာပြီး သာမဏေငယ်ကို ကဿပမထေရ်အတွက် လှူချင်တာများ ရှိပါသလားလို့ မေးတယ်။ သာမဏေက အသင့်ယူလာတဲ့ ဒုကုဋ်သင်္ဃန်းကို ဆပ်ကပ်တယ်။ ထို့နောက် အစောင့်အရှောက်၏ လမ်းညွှန်မှုဖြင့် သာမဏေငယ်ဟာ တံခါးသုံးချပ်ရှိရာဘက် မဟုတ်တဲ့ အခြားတစ်ဖက်ခြမ်း ဥမင်လှိုဏ်ဂူလမ်းကနေ ထွက်လာနိုင်ခဲ့ပါတယ်တဲ့။ ဂူအတွင်း ကျန်ခဲ့တဲ့ ရဟန်းနဲ့ ပတ်သတ်ပြီး ရေးထားတာတွေက မရှင်းလင်းဘူး ဖြစ်နေတယ်။ ကျောက်ရုပ်ဖြစ်သွားတာလား၊ ပျံလွန်တော်မူသွားတာလား၊ အသက်ရှင်လျက်နဲ့ လူချင်းကွဲပြီး ပျောက်သွားတာလား… သို့လော သို့လောပေါ့။

ဖုန်ထူချက်ကတော့ ကားမှန်ကိုသာ ကြည့်လိုက်ပေတော့။
သည်နေရာကနေစပြီး ဆင်စီးရင်စီး၊ မစီးရင် လမ်းလျှောက်ပြီး တက်ရမှာ။ ကျွန်မကတော့ မောဟိုက်နေတဲ့ဆင်တွေကို မြင်ပြီး မစီးရက်တော့တာနဲ့ ခြေလျင်ပဲ တက်ခဲ့လိုက်တယ်။
ဆင်စာကျွေးပြီးရင် အမှိုက်တွေ မပစ်ချခဲ့ရင် သိပ်ကောင်းမှာပဲ။
အဆင်းဦးစားပေးကြပါ...
ဗိုက်ကလေးရတဲ့အထဲ လူကလည်း တင်ရသေးတယ်တော်...
သားသားအကြိုက် ကြံချောင်းချိုချိုလေးတွေ ကျွေးတဲ့ အကိုလေး ကျန်းမာပါစေဗျာ။
သားက ကလေးပဲမို့ သုံးယောက် သယ်ပေးရတယ်။
မောတော့မောတာပေါ့။ ဒါပေမယ့် ခရီးသည်တွေက မကုန်သေးတော့လဲ မနားရပါဘူးလေ။
ဘေးကို... ဘေးကို... သည်မှာ ကုန်းမြင့်မို့ အရှိန်နဲ့ ပြေးလာတာ။
မောရတဲ့အထဲ ဆူးချွန်နဲ့ ရိုက်တော့ နာတာပေါ့လို့။
ရာသီဥတုကလည်း သည်နှစ်မှ ပူရန်ကော...
ဟေး... ရေသောက်ရပြီ။ ခုမှပဲ အမောပြေတော့တယ်။ သားက ရေငတ်နေတာဗျ။
မုန်လာဥကျွေးရင်လည်း မငြင်းပါဘူးဗျာ။ စားလိုက်တာပါပဲ။

ပေါင်လောင်ရှင်ကဿပမထေရ်လော၊ တတိယသာဝက ကဿပမထေရ်လော?

ကျောက်လှိုဏ်ဂူအတွင်းမှာ ရှိတဲ့ အလောင်းတော်နှင့် ပတ်သတ်ပြီး မည်သည့်မထေရ်ဖြစ်ကြောင်း အငြင်းပွားဖွယ်ရာတွေ အစဉ်အဆက် ရှိခဲ့ပါတယ်။ အချို့က တတိယသာဝက ကဿပမထေရ်မြတ်ဟု လက်ခံထားကြပြီး အချို့က ပေါင်လောင်ရှင် ကဿပမထေရ်မြတ်ဟု အချက်အလက်များနှင့်တကွ ထောက်ပြထားတယ်။ ကျွန်မကတော့ လူသိနည်းနေသေးတဲ့ ပေါင်လောင်ရှင်ကဿပရဲ့ အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ပါမယ်။

အေဒီ ၁၁၆၉ခုမှာ ကူနီနေဝင်ရွာကို ပလောင်ရှမ်းများ ဝင်စီးကြတယ်။ ကူနီနေဝင်ရွာဆိုတာ ယခုအခေါ် ပခုက္ကူနယ်အတွင်းမှာရှိတာ။ ဓားပြတိုက်ပြီးနောက် ရွာသူရွာသားတွေပါ ဖမ်းသွားကြတယ်။ အဖမ်းခံရသူတွေထဲမှာ ကဿပမထေရ်ရဲ့ မိဘများဖြစ်လာမယ့် လင်မယားလည်း ပါသွားကြတယ်။ မိန်းမဖြစ်သူမှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့မို့ ဓားပြများက တောစပ်မှာ ပစ်ထားခဲ့လိုက်တယ်။ အမျိုးသားဖြစ်တဲ့သူက လမ်းမှာ ထွက်ပြေးတာ လွတ်မြောက်သွားတယ်။ ရွာပြန်ရောက်လို့ အမျိုးသမီးကို လိုက်ရှာတော့ ရွာစပ်မှာ သေဆုံးနေလျက်သား ပြန်တွေ့တယ်။ မိခင်ရဲ့ ရင်ခွင်ထဲမှာတော့ မွေးကာစသားငယ်လေးတစ်ဦး ရှိနေတယ်။

ဖခင်ဖြစ်သူက သားငယ်ကို စောင့်ရှောက်ထားပြီး ငပေါင်လောင်သင်လို့ နာမည်ပေးတယ်။ နောက်တော့ ဘုန်းတော်ကြီးကျောင်းမှာ အပ်နှံပြီး ကိုရင်ဝတ်စေတယ်။ ဘွဲ့တော်က ကဿပ တွင်တယ်။ စစ်ကိုင်းတိုင်း၊ ကျောက်ရစ်အရပ်မှာ သီတင်းသုံးတယ်လို့ ဆိုထားတယ်။

ကျမ်းဂန်တတ် ရဟန်းတော်တစ်ပါး ဖြစ်ပြီး ဈာဉ်အဘိဥာဏ်နှင့် ပြည့်စုံတဲ့ ရဟန္တာတစ်ပါးရယ်လို့ ပုဂံခေတ်တုန်းက ကျော်ကြားပါတယ်။ သက်တော် ၁၀၀ကျော် အေဒီ ၁၁၇၂နှင့် ၁၁၇၈အကြားမှာ မုံရွာမြို့အနောက်မြောက်ဘက်ရှိ ပုံတောင်၊ ပုံညာတောင်နှင့် မဟူရာတောင်တို့ ဆုံရာအရပ်မှာ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။

ရှင်သူငယ်ထွက်ပေါက်တဲ့... လက်ရန်းအစွန်းဆုံးထိသွားပြီး ကိုယ်ကိုကိုင်းပြီး ကြည့်ကာမှ မြင်ရမှာ။ ပုံထဲမှာတော့ အထက်ရေစပြစ်နဲ့ အမှိုက်တွေပဲ မြင်ရမှာပါ။
အလောင်းတော်ကဿပမထေရ် ကို ရည်မှန်းပြီး ထုလုပ်ထားတဲ့ ရုပ်ပွားတော်စံရာ စံကျောင်းတော်
စံကျောင်းတော်အတွင်းရှိ အလောင်းတော်ကဿပမထေရ်အား ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားတော်
စံကျောင်းတော် ဘယ်ဘက်ရှိ ကြေးစည်ဆောင်
ကြေးစည်ဆောင်ကနေ အထက်ကို ဆက်ပြီးတက်သွားရင် တွေ့ရမယ့် သစ္စာရေတွင်း
တောင်ထိပ်ပေါ်က လွမ်းစေတီ
လွမ်းစေတီမှာ ဝတ်ဖြည့်ပြီးတော့ စံကျောင်းတော်ထိပြန်ဆင်းခဲ့ပါ။ ထိုမှတဆင့် ညာဘက်ခြမ်းရှိ ချောက်ကမ်းပါးထဲ ဆင်းရပါတော့မယ်။
အလောင်းတော်ကဿပရုပ်ကလပ် ရှိရာ ချောက်ထဲသို့ ဆင်းနေကြသည့် ဘုရားဖူးများ
ကျောက်လှိုဏ်ဂူရှေ့မှာ ကန့်လန့်ရှိနေတဲ့ သစ်လုံးကြီး။ အရင်က ဖယ်ဖူးတယ်တဲ့။ သည်နှစ်မှာ ဖယ်လိုက်ရင် နောက်နှစ်ဘုရားဖူးရာသီ ပြန်သွားကြည့်ရင် သစ်လုံးက ပြန်ရောက်နေရောတဲ့။
ကျောက်လှိုဏ်ဂူရှေ့နားက ကျောက်စက်ရေတွေ တစက်စက် ကျနေတဲ့ ကျောက်စက်ပန်းဆွဲများ
ကျောက်လှိုဏ်ဂူဘေးကနေ စီးသွားတဲ့ စမ်းချောင်းလေး
ရွှေသင်္ဃန်းကပ်ထားတဲ့နေရာက ပထမကျောက်တံခါးချပ်နေရာပါတဲ့။

Ref: အမျိုးသားပညာဝန်ဦးဖိုးကျား ရေးသားသော “အလောင်းတော်ကဿပ”၊ ဦးကံဝင်း ရေးသားသော “အလောင်းတော်ကဿပ ကျောက်ဂူတံခါးဝမှ ထူးခြားကွန့်မြူးရောင်ခြည်တော်ထူးနှင့် ထူးထူးဆန်းဆန်း ဖြစ်ရပ်ဆန်းများ”၊ ကြည်ဦး ရေးသားသော “အလောင်းတော်ကဿပတောလား”

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံအားလည်းကောင်၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei

#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.