Religious Trip

Fill your life with adventures.

သိင်္ဂုတ္တရကုန်းတော်ရှိ တိမ်မြှုပ်နေသော အကြောင်းအရာများ

အချိန်က ပထမ အင်္ဂလိပ် - မြန်မာစစ် ဖြစ်နေတဲ့အချိန်။ ၁၈၂၄ခုမှာ ဗြိတိသျှစစ်တပ်ဟာ သိင်္ဂုတ္တရကုန်းတော်ကို သိမ်းပိုက်ပြီး ခံတပ်စခန်းအဖြစ် အခိုင်အမာ တပ်စွဲခဲ့ကြတယ်။ စစ်သူကြီး မဟာဗန္ဓုလ ဦးစီးတဲ့ မြန်မာစစ်သည်တွေကတော့ မြောက်ဘက်စောင်းတန်းရှိ တောအုပ်ကြီးအတွင်းမှာ စခန်းချပြီး သိင်္ဂုတ္တရကုန်းတော်မြေကို ပြန်လည်ရရှိဖို့ အပြင်းအထန် တိုက်ပွဲဝင်ကြရတယ်။

နေရာအနေအထား အသားစီးရမှု၊ လက်နက်အင်အား ခေတ်မီပြည့်တင်းမှုတွေကြောင့် ဗြိတိသျှစစ်တပ်မှ အနိုင်ရပြီး စစ်သူကြီးမဟာဗန္ဓုလတပ် ဆုတ်ခွာခဲ့ရသည်။ ထို့နောက် ဓနုဖြူတွင် ရဲမက်အင်အား တစ်သောင်း ပြန်လည် စုစည်းပြီး ခံတိုက်ရာ ဗြိတိသျှတပ်၏ အမြောက်ဆံထိကာ ကျရှုံးရလေသည်။ ရန္တပိုစာချုပ် ချုပ်ဆိုပြီး ပထမ အင်္ဂလိပ် - မြန်မာစစ် ပြီးခဲ့ရပေမယ့် သိင်္ဂုတ္တရကုန်းတော်ကို ပြန်မရခဲ့ပါဘူး။ စာချုပ်အရ စစ်လျော်ကြေး ဒုတိယအသုတ် ပေးပြီးချိန်မှသာ ရွှေတိဂုံစေတီတော်ကို မြန်မာတို့ ပြန်ရခဲ့တာပါ။ 

၁၈၅၂ခုမှာ ဒုတိယ အင်္ဂလိပ် - မြန်မာစစ် ထပ်မံ ဖြစ်ပွားပြန်ပါတယ်။ သည်တစ်ကြိမ်မှာတော့ မြန်မာစစ်တပ်ဟာ သိင်္ဂုတ္တရကုန်းတော်မှာ အခိုင်အမာ တပ်စွဲထားတယ်။ တိုက်ပွဲစစချင်းမှာ မြန်မာတပ်မှ အားသာသလို ရှိပေမယ့် အရှေ့ဘက်မုခ်မှ အမြောက်ဖြင့် ပစ်တဲ့အချိန်ကစပြီး အရေးနိမ့်တော့တာပါပဲ။ ထို့နောက်ပိုင်းမှာ အနှစ် ၇၀နီးနီး ဗြိတိသျှစစ်တပ်၏ ခံတပ်စခန်း ဖြစ်လေတော့သည်။ 

စစ်ကာလအတွင်း စေတီများ ပျက်စီးပြီး ဌာပနာတွေ ထွက်ကျလာတာကို ဗြိတိသျှစစ်သားတွေ တွေ့ရာမှ အစပြုရာ ရွှေတိဂုံစေတီတော်ကြီးမှလွဲပြီး အခြား စေတီပုထိုး၊ ဆင်းတုတော်ပေါင်းများစွာ ဌာပနာ အဖောက်ခံရတော့တာပါပဲ။ ဗြိတိသျှစစ်ဗိုလ်တစ်ယောက်ဟာ ရွှေတိဂုံစေတီအောက်ခြေကို တူးဆွခဲ့သေးတယ်။ ကံကောင်းထောက်မစွာ သူဟာ ဌာပနာတိုက်ကို မတွေ့ခဲ့ပါဘူးတဲ့။ သူ့ရဲ့အကြောင်းပြချက်က လက်နက်တိုက် ဆောက်ဖို့ပါတဲ့။ ဒါဟာ အကြောင်းပြချက်သက်သက်မျှသာဆိုတာ လူတိုင်းသဘောပေါက်ပါတယ်လေ။ မြန်မာနိုင်ငံသားတွေ ဘုရင်ခံထံ တိုင်လွန်းမက တိုင်လွန်းလို့သာ နောက်ဆုံး သာသနိက အဆောက်အဦးတွေ မဖျက်ဆီးရဆိုတဲ့ တားမြစ်မိန့် ကျလာလို့ တော်ပါသေးတယ်။ 

ဗြိတိသျှစစ်တပ်ဟာ သိင်္ဂုတ္တရကုန်းတော်၏ အရှေ့၊ အနောက်နှင့် မြောက်ဘက်မုခ်များတွင် အခိုင်အမာ စခန်းချထားပြီး ဘုရားဖူးများကို တောင်ဘက်မုခ်တစ်ပေါက်တည်းကသာ တက်စေခဲ့တယ်။ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ဗြိတိသျှစစ်သားတွေအတွက် တနင်္ဂနွေထောင့်ဘက်အခြမ်းမှာ စစ်သချိုင်္င်းလုပ်ခဲ့ကြသေးတယ်။ ကုန်းတော်မြေတဝိုက်ကို ကျုံးမြောင်းရံခြင်း၊ အုတ်တံတိုင်းခတ်ခြင်းကို ၁၈၆၇ခုမှာ စတင်ပြီး ၁၈၇၆ခုမှာ ပြီးစီးခဲ့တယ်။ 

ခံတပ်စခန်းရဲ့ ခံကတုတ်က သုံးဆင့် လုပ်ထားတာ။ အပြင်ခံကတုတ်၊ အလယ်ခံကတုတ်၊ အတွင်းခံကတုတ် ဆိုပြီးတော့ပေါ့။ ကတုတ် ရင်တားနေရာတွေမှာ သေနတ်တင်ပြီး ပစ်လို့ရအောင် ဗူးလည်ပေါက်တွေ ဖောက်ထားသေးတယ်။ ကတုတ်တံတိုင်း အပြင်ဘက်တိုင်းမှာ ဆင်ခြေလျှောတွေ ပြုလုပ်ထားတယ်။ ကုန်းတော်၏ အနောက်တောင်ထောင့်၊ အနောက်မြောက်ထောင့်၊ အရှေ့မြောက်ထောင့်နှင့် အရှေ့တောင်ထောင့်မှာ အမြောက်ထိုင်နေရာ ၂၆ခု ထားထားတယ်။ အမြောက်ထိုင် တစ်နေရာစီမှာ လက်နက်ခဲယမ်းထားတဲ့ ဥမင်နှင့် အမြောက်ကို လှည့်ပတ်ပစ်လို့ရနိုင်မည့် လမ်းကြောင်းတွေ ဖောက်ထားပြန်တယ်။ 

တိုင်းသူပြည်သား ဗုဒ္ဓဘာသာဝင်တို့၏ အကြိမ်ကြိမ်တောင်းပန်မှုကြောင့် အင်္ဂလိပ်စစ်သချိုင်္င်းကို ၁၉၂၉ခု၊ ဇန်နဝါရီလ ၂၂ရက်နေ့မှာ ကန်တိုမင်အင်္ဂလိပ်သချိုင်္င်းသို့ ပြောင်းရွှေ့ပေးခဲ့တယ်။ စစ်တပ်စခန်းကိုတော့ ၁၉၂၉ခု၊ နိုဝင်ဘာလ ၂၉ရက်နေ့မှာ မင်္ဂလာဒုံစစ်တပ်စခန်းသို့ ပြောင်းရွှေ့သွားတယ်။ 

တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ အနောက်ဘက်စောင်းတန်း ဖွင့်ပွဲကို ၁၉၃၀ခု၊ မတ်လ ၂ရက်နေ့မှာ စည်ကားသိုက်မြှိုက်စွာ ကျင်းပခဲ့ပါသေးတယ်။ နောက်တစ်နှစ်အကြာ ၁၉၃၁ခု၊ မတ်လ ၆ရက်နေ့မှာ အနောက်ဘက်စောင်းတန်းရှိ အမှိုက်ပုံမှ မီးစလောင်ကာ ရင်ပြင်တစ်ခုလုံး မီးကူးခဲ့ပါတော့တယ်။ “အမှိုက်မှစ ပြဿာဒ်မီးလောင်” ဆိုတဲ့ စကားပုံနဲ့ တစ်ထပ်တည်းပါပဲ။ ဒါဟာ ရွှေတိဂုံဘုရားသမိုင်း တလျှောက်လုံးမှာ အကြီးမားဆုံးမီးဘေးလို့ ဆိုရမှာပါပဲ။ ဆိုတော့ကာ ရှေးလက်ရာမွန် အတော်များများ ပျက်ဆီးခဲ့တော့တာပေါ့။ 

သိင်္ဂုတ္တရကုန်းတော်၏ အရှေ့ဘက် ပေ၆၀ အကွာမှာ တောင်နှင့်မြောက်သို့ တန်းနေသော မြေအောက်ပြတ်ရွှေ့ကြောကြီး တစ်ခုရှိနေတယ်။ ဒါ့ကြောင့်ပဲ ရွှေတိဂုံစေတီဟာ ငလျင်ဒဏ်ကို အကြိမ်ကြိမ်အဖန်ဖန် ခံခဲ့ရပါတယ်။ လမ်းညွှန်မစခင် နိဒါန်းပျိုးနေတာ အတော်ရှည်သွားပြီပဲ။ 

ကဲ… တောင်ဘက်မုခ်ကနေ စလိုက်ကြရအောင်… 

၁) ရွှေတိဂုံဘုရား မူလတောင်ဘက်မုခ်အစ 

ရှေးတုန်းက ရွှေတိဂုံဘုရား တောင်ဘက်မုခ်အစ နေရာဟာ ဦးဥတ္တမပန်းခြံနှင့် တန့်တော်မူဘုရားနေရာ ဖြစ်တယ်လို့ သိရတယ်။ 

၂) လိပ်ကန် 

တောင်ဘက်မုခ်မှာရှိတဲ့ ငါးစာ၊ လိပ်စာတွေ ကုသိုလ်ယူကြတဲ့ လိပ်ကန်ကတော့ ကျားသူဌေး တူးဖော်လှူဒါန်း ခဲ့တာပါတဲ့။ 

၃) ရဟန္တာသိမ်တော်ကြီး 

လိပ်ကန်၏ မျက်နှာချင်းဆိုင် တဖက်ကားလမ်းနဘေးမှာ ရှိပါတယ်။ ရွှေတိဂုံစေတီတော် တည်ပြီးနောက် သုံးနှစ်အကြာမှာ ဥက္ကလာပမင်းကြီး၏ တောင်းပန်လျှောက်ထားမှုအရ ရဟန္တာအရှင်မြတ် ၁၀၈ပါးမှ သိမ်သမုတ်ပေးတော်မူခဲ့လို့ ရဟန္တာသိမ်တော်ကြီးရယ်လို့ ထင်ရှားလာတာ။ 

၎) ခြင်္သေ့ကြီး 

တောင်ဘက်မုခ်စောင်းတန်း အစမှာ ပေ၃၀ မြင့်တဲ့ ခြင်္သေ့ကြီး နှစ်ကောင်ကို တွေ့ရပါလိမ့်မယ်။ ပုဇွန်တောင်အရပ်မှ ပွဲစားကြီးတစ်ဦး လှူဒါန်းခဲ့တယ်ဆိုသည်မှတပါး နာမည်တောင် မသိလိုက်ဘူးရယ်။ 

၅) သာယာဝတီမင်း ကောင်းမှုတော် ဘီလူးရုပ် 

ခြင်္သေ့ရုပ် အနောက်ဘက်ကို သတိထားကြည့်ရင် မုဆိုးထိုင် ထိုင်နေတဲ့ ဘီလူးရုပ် နှစ်ရုပ်ကို မြင်ပါလိမ့်မယ်။ ၁၈၄၁ခုလောက်က ရွှေဘိုမင်း ခေါ် သာယာဝတီမင်း လှူဒါန်းထားတာပါတဲ့။ ဘီလူးရုပ်၏ အနောက်ဘက်မှာ အုတ်ဖြင့်ဆောက်ထားတဲ့ မုခ်ဟောင်းတစ်ခု ရှိခဲ့တယ်။ မုခ်ဟောင်းမှာ မြင့်မိုရ်တောင်၊ နတ်သားများ၊ ဧရာဝဏ်ဆင် စီးနေသော သိကြားမင်း၊ ဇော်ဂျီ နှင့် အဝတ်မပါတဲ့သူယောင်မယ် စတဲ့လက်ရာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့သည့်မုခ်ကို ဖြိုဖျက်လိုက်တာ အတော်ကြီးကြာခဲ့ပါပြီလေ။ 

၆) ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော် ပန်းချီကားများ 

လှေကားထစ်တွေအတိုင်း ရင်ပြင်ကို တက်တဲ့ စောင်းတန်းအမိုးဘေးတစ်ဖက်စီမှာ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ ပန်းချီကားချပ်တွေကိုလည်း လေ့လာကြည့်သွားပါအုံး။ ငယ်စဉ်ကလေးဘဝတုန်းက ပန်းချီကားတစ်ချပ်ချင်းစီကို အရုပ်ကြည့်လိုက် စာဖတ်လိုက်နဲ့ စောင်းတန်းတလျှောက် တက်ခဲ့တာတွေ အမှတ်ရမိပါတယ်။ 

၇) စစ်ကျုံးတံခါးပေါက် 

စောင်းတန်းလှေကားရဲ့ အလယ်လောက်မှာ အင်္ဂလိပ်တွေ အသုံးပြုခဲ့တဲ့ စစ်ကျုံးတံခါးပေါက် ရှိခဲ့တယ်။ လုံခြုံရေးစစ်တဲ့စက် ရှိတဲ့နေရာမှာပါ။ ခုတော့ သံတံခါးမကြီးပဲ တွေ့ခဲ့တော့တယ်။ အင်္ဂလိပ်ခံတပ်စခန်း ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အငွေ့အသက် အတော်များများ ရှာမတွေ့တော့ပါဘူး။ 

၈) ကောဏဂုံမြတ်စွာဘုရားရုပ်ပွားတော် 

ရင်ပြင်တော်ပေါ် ရောက်တာနဲ့ ဦးစွာ တွေ့ရမှာက တောင်ဘက်မုခ်ဦးတန်ဆောင်းပါ။ ကောဏဂုံမြတ်စွာဘုရားအား ရည်စူးပြီး သွန်းလုပ်ထားတဲ့ ရုပ်ပွားတော်ကို ဖူးမျှော်ခဲ့ပါလေ။ စဥ့်ကူးမင်း၏ ကောင်းမှုတော်လို့ မှတ်သားရတယ်။ တန်ဆောင်းရဲ့ မူလ အလှူရှင်တွေကတော့ ဦးဘရီနှင့် ဒေါ်သန်းမေ ပါတဲ့။ 

၉) ဝသုန္ဓရီနတ်ရုပ်တု 

ခုချိန်ကစပြီး ရွှေတိဂုံစေတီတော်ကို လက်ျာရစ်ပတ်ပါတော့မယ်။ လက်ျာရစ်ဆိုတာ မိမိ၏ ညာဘက်လက်က စေတီတော်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေရပါမည်။ ဗုဒ္ဓဟူးဂြိုဟ်တိုင်ကို တွေ့ပြီဆိုရင် ပြောပြချင်တာလေး ရှိပါတယ်။ ဂြိုဟ်တိုင်ကနေပြီး အနည်းငယ်လွန်သွားရင် ဆံရေညှစ်နေဟန် မတ်တပ်ရပ်နတ်ရုပ်တုငယ်ကို တွေ့ပါလိမ့်မယ်။ စေတီအခြေ နေရာအတော်များများမှာလည်း တွေ့နိုင်ပါတယ်။ ဝသုန္ဓရီနတ်ရုပ်ကို မြန်မာမှုအနုပညာနယ်ပယ်မှာတော့ မြေစောင့်နတ်အနေနဲ့ ထည့်သွင်းထုဆစ်တတ်ကြပါတယ်။ 

၁၀) ရွှေတောင်ငွေတောင်တန်ဆောင်း 

စနေဂြိုဟ်တိုင်ရှေ့မှာ ရွှေတောင်ငွေတောင်တန်ဆောင်း ဆိုတာရှိတယ်။ မူလပုံစံက တရုတ်ဘုံကျောင်းပုံစံမျိုးပါ။ အလှူရှင်တွေကတော့ ဦးတင်ယားနှင့် ဒေါ်နုတို့ ဖြစ်ကြတယ်။ နောက်ပိုင်းမှာ တန်ဆောင်းရဲ့ ထိပ်ပိုင်းကို အမိုးပြာသာဒ်အဖြစ် ပြုပြင်ပြောင်းလဲလိုက်တယ်။ တန်ဆောင်းရဲ့ မျက်နှာဝက တိုင်လုံးကြီးနှစ်တိုင်ကို လေ့လာကြည့်ရင် နဂါး၊ ငါးရုပ်၊ မြင်းစီးနေသူ၊ တရုတ်ပညာရှိ စတာတွေကို ထွင်းထုထားတာကို တွေ့နိုင်ပါသေးတယ်။ အတွင်းမှာတော့ ရွှေတောင်နှင့် ငွေတောင်ပုံစံ ထွင်းထားတဲ့ ကျောက်တောင် နှစ်ခုရှိပါတယ်။ 

၁၁) ဝိဇ္ဇာဇော်ဂျီဘုရား - အံ့ဖွယ်ကိုးနေရာ 

စနေဂြိုဟ်တိုင်ရှေ့မှာပါပဲ။ ထုံးသင်္ဃန်းကပ်လှိုဏ်ခေါင်းပုံ စေတီငယ်လေးပါ။ စေတီထိပ်မှာ ဇော်ဂျီရုပ်လေးရုပ်လောက် ရှိတယ်။ အတွင်းမှာ ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်ပြီး လောကီဓာတ်ပညာ အစီအရင်များဖြင့် ထုလုပ်ထားတဲ့ ရုပ်ပွားတော်လို့ ဆိုကြတယ်။ 

၁၂) ထိလပ်ပိုးဥဇာတ်နှင့် မောင်ပေါက်ကျိုင်းဇာတ် ပန်းခက်ပန်းနွယ်များ 

ဝိဇ္ဇာဇော်ဂျီဘုရားရဲ့ ဘေးကပ်ရပ်မှာပါပဲ။ မင်းကြီးဦးဘတန်ဆောင်းလို့လည်း ခေါ်တယ်။ သင်္ဘောသူကြီးကိုသင်နှင့် မသက်ပြင်း တန်ဆောင်းလို့လည်း မှတ်သားနိုင်တယ်။ သည်တန်ဆောင်းမှာ ထိလပ်ပိုးဥဇာတ်နှင့် မောင်ပေါက်ကျိုင်းဇာတ်ကို သရုပ်ဖော်ထားတဲ့ ပန်းခက်ပန်းနွယ်တွေ ရှိလို့ သွားကြည့်စေချင်တာပါ။ 

၁၄) ရခိုင်တန်ဆောင်း 

လက်ယျာ်ရစ်အတိုင်းပါ ဆက်လျှောက်သွားပြီး ရခိုင်တန်ဆောင်းကို ရှာကြည့်ပါ။ အမိုးပြာသာဒ်ဘုံဆင့်မှာရှိတဲ့ ယိုးဒယားပန်းခွေလက်ရာတွေက အတော်လေး ကြွရွလှပပါတယ်။ မန္တလေးမြို့မှ ဗိသုကာဆရာဆိုင်၏ ဖခင် ဆရာခင်၏ လက်ရာလို့ သိရတယ်။ 

၁၅) သိကြားမင်းနှင့် ရွှေတိဂုံနတ်မင်း 

ရခိုင်တန်ဆောင်းကနေ အနီးအနားကို စူးစမ်းကြည့်ရင် နတ်ရုပ်တုကြီး နှစ်ခုကို တွေ့ရပါအုံးမယ်။ လက်ဝဲဘက်ရုပ်တုမှာ သိကြားမင်းကို ကိုယ်စားပြုပြီး၊ လက်ယာဘက်ရုပ်တုမှာ ရွှေတိဂုံနတ်မင်းကို ကိုယ်စားပြုသည်။ 

၁၂) သပိတ်ကျောင်းသားခေါင်းဆောင်များ စုဝေးခဲ့ရာညောင်ပင် 

ရခိုင်တန်ဆောင်း၏ အနောက်ဘက်သို့ ပတ်ဝင်လိုက်ပါ။ အနောက်တောင်ထောင့်ဘက်သို့ ကြည့်လိုက်ရင် ဗောဓိညောင်ပင်ကို တွေ့ပါပြီ။ ၁၉၂၀ခုတုန်းက သပိတ်ကျောင်းသားခေါင်းဆောင် ၁၁ဦး တွေ့ဆုံပြီး ရန်ကုန်ယူနီဘာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာပြုခဲ့တဲ့နေရာလို့ သိခဲ့ရတယ်။

ညောင်ပင်ကနေ ရင်ပြင်တံတိုင်းအစပ်သို့ သွားပြီး ကုန်းတော်အလယ်ပစ္စယာကို လှမ်းကြည့်လိုက်ပါ။ ထိုနေရာဟာ အရင်တုန်းက အင်္ဂလိပ်စစ်တပ်ရဲ့ လက်နက်ခဲယမ်းတိုက် နေရာပါ။ လက်နက်တိုက်နှင့် ပတ်သတ်သည့် အကြွင်းအကျန်အဆောက်အဦးကိုတော့ ရှာမတွေ့တော့ပါဘူး။ 

၁၆) ဒေါ်ပွင့်တန်ဆောင်း 

ရခိုင်တန်ဆောင်းကို လွန်လျှင် ဒေါ်ပွင့်တန်ဆောင်းကို ရောက်ပါလိမ့်မည်။ အတွင်းမှာ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ်ပြီး ခြေတော်ရင်းတွင် ညီတော်အာနန္ဒာ၊ အရှေ့တွင် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန် ရုပ်ပွားတော်များက ဖူးမျှော်နေဟန် ရှိနေတာ တွေ့ရတယ်။ နံရံမှာ ကျိုက်ထီးရိုးသမိုင်း ပန်းချီများ ရှိသေးတယ်။ တန်ဆောင်းအထက် လင်းနို့တောင်မှာတော့ ပန်းပုဆရာကြီး ဦးရွှေတောင်၏ ပန်းပုလက်ရာများက ထည်ထည်ဝါဝါ ရှိလှသည်။ 3D ပန်းချီလက်ရာတွေက ရှေးကတည်းက ရှိတာနော့်။ 

၁၇) ဥက္ကလာပမင်း၊ သိကြားမင်းနှင့် မယ်လမု 

ဒေါ်ပွင့်တန်ဆောင်းကနေပြီး စေတီခြေရင်းဘက်သို့ ပြန်လာခဲ့ပါ။ သည်ကနေပြီး စဥ့်ကူးခေါင်းလောင်းတန်ဆောင်းထိ သွားတဲ့လမ်းတလျှောက် စေတီရဲ့ ပထမပစ္စယာအဆင့်တွေကို သတိထားကြည့်သွားပါ။ မယ်လမုရုပ်တုကို အရင်တွေ့ပါမယ်။ ဆက်လျှောက်သွားရင် သိကြားမင်း၊ နောက်ဆုံးမှ ဥက္ကလာပမင်းရုပ်တုတွေကို ထပ်မံတွေ့ရပါလိမ့်မယ်။ 

၁၈) နှစ်ပြားတန်ဆောင်း 

အနောက်ဘက်မုခ်သို့ ရောက်ရင် နှစ်ပြားတန်ဆောင်း ခေါ် သိမ်ကြီးဈေးတန်ဆောင်းကို တွေ့ပါအုံးမယ်။ နှစ်ပြားတန်ဆောင်းဆိုတဲ့ နာမည်က ဆန်းတယ်နော်။ အင်္ဂလိပ်ခေတ်တုန်းက သိမ်ကြီးဈေးသူဈေးသားတွေဟာ တစ်နေ့ကို နှစ်ပြားနှုန်း ပိုက်ဆံစုကြတယ်တဲ့။ အဲ့သည့်ပိုက်ဆံတွေ စုပေါင်းပြီး အနောက်ဘက်မုခ်မှာ ဇရပ်ကြီးတစ်ဆောင် လှူဒါန်းခဲ့ကြတာပါတဲ့။ 

နှစ်ပြားတန်ဆောင်းကနေပြီး လှေကားထစ်တွေအတိုင်း အနည်းငယ်လောက် ဆင်းကြည့်လိုက်ပါ။ ရွှေချထားတဲ့တိုင်လုံးတွေ အများဆုံးရှိတဲ့ စောင်းတန်းမို့လို့ ကြည့်စေချင်တာပါ။ ၁၉၃၂ခုမှာ ပန္နက်ရိုက်ခဲ့ပြီး ၁၉၃၅ခုမှာ ပြီးစီးခဲ့တာတဲ့။ ၁၉၃၁ခု မီးလောင်ပြီး နောက်ပိုင်း ပြန်ဆောက်ထားတာဆိုလည်း မမှားပါဘူး။ 

၁၉) ကဿပမြတ်စွာဘုရားရုပ်ပွားတော် 

ရွှေပိန်းချတိုင်လုံးတွေ လေ့လာကြည့်ပြီးရင် ရင်ပြင်ပေါ် ပြန်တက်လာလိုက်ပါ။ အနောက်မုခ်ဦးအာရုံခံတန်ဆောင်းကို တွေ့ပါလိမ့်မယ်။ ကဿပဘုရားရှင်ကို ရည်စူးပြီး သွန်းလုပ်ထားတဲ့ ရုပ်ပွားတော် ကိန်းဝပ်စံပယ်ပါတယ်။ ၁၉၃၁ခု မီးဘေးကြောင့် မန္တလေးဆရာခင် ထုလုပ်ပေးခဲ့တဲ့ ရာမဇာတ်တော်ရုပ်လုံးပန်းပုလက်ရာမွန်များ ဆုံးရှုံးခဲ့ရတယ်။ 

၂၀) ယွန်းတန်ဆောင်း 

နောက်ထပ် လေ့လာရမှာက ရင်ပြင်စင်္ကြံအပြင်ရံ အနောက်မြောက်အရပ်မှာရှိတဲ့ ယွန်းဆောင်ပုံတန်ဆောင်းပါ။ အခြားတန်ဆောင်းတွေနဲ့ ကွဲပြားပြီး ဆန်းသစ်တဲ့ဟန်ရှိတယ်။ အလှူရှင်တွေကတော့ ဦးမောင်ကလေးနှင့် ဒေါ်ကျုပ် ပါတဲ့။ 

၂၁) ဂြိုဟ်ရှစ်လုံးကို ကိုယ်စားပြုသော ရှစ်မျက်နှာစေတီ 

အနောက်မြောက်ဘက်အရပ် ရင်ပြင်ပေါ်မှာ ထပ်မံဖူးရမှာက ရှစ်မျက်နှာစေတီပါ။ မုခ်ပေါက်ရှစ်ပေါက်ပါဝင်ပြီး နေရှစ်လုံး၊ ဂြိုဟ်ရှစ်လုံးကို နေ့နံအလိုက် ဂြိုဟ်ရုပ်များဖြင့် ဖော်ပြထားတယ်။ 

၂၂) ရန်ကုန်မြစ်ထဲမှ ပြန်ဆယ်ခဲ့ရသော စဥ့်ကူးမင်းခေါင်းလောင်း 

ရှစ်မျက်နှာစေတီ၏ အနောက်ဘက်မှာတော့ စဥ့်ကူးမင်းခေါင်းလောင်းတန်ဆောင်း ရှိပါတယ်။ စဥ့်ကူးမင်းခေါင်းလောင်းအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ တကယ်က ဆင်ဖြူရှင်မင်းလက်ထက်က ရွှေတိဂုံစေတီမှာ လှူဖို့ဆိုပြီး သွန်းလုပ်စေခဲ့တာ။ မပြီးခင်မှာ နတ်ရွာစံသွားတဲ့အတွက် သားတော်စဥ့်ကူးမင်းက ဆက်လက်သွန်းလုပ် လှူဒါန်းခဲ့ပါတယ်။ ကြေးစင်ပိဿာ ၁၅၅၅၅ အလေးချိန် ရှိတယ်။ မြန်မာစာဖြင့် ရေးထိုးထားသော စာကြောင်း ၁၂ကြောင်းပါ ခေါင်းလောင်းစာ ပါဝင်တယ်။ 

ပထမ အင်္ဂလိပ် - မြန်မာ စစ်အောင်ခြင်း အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်တို့ဟာ စဥ့်ကူးမင်းခေါင်းလောင်းကို အင်္ဂလန်သို့ သယ်ဖို့ လုပ်ကြတာပေါ့။ သင်္ဘောပေါ်အတင်မှာ ရန်ကုန်မြစ်ထဲ ပြုတ်ကျသွားတာတဲ့။ ဆယ်ဖို့ ကြိုးစားကြပေမယ့် မရခဲ့လို့ သည်အတိုင်း ထားခဲ့ကြရော။ စစ်ကြီးပြီးမှ မြန်မာတို့ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆယ်ပြီး ရွှေတိဂုံစေတီပေါ်အရောက် ပြန်လှူဒါန်းနိုင်ခဲ့တယ်။ 

ဒီရေကျချိန်မှာ ခေါင်းလောင်းကြီးကို ကျောက်သံကြိုးနှစ်ပင်ဖြင့် မြဲမြံစွာ ချည်နှောင်လိုက်တယ်။ ခေါင်းလောင်းအထက်မှာ သင်္ဘောတစ်စီးကို ကျောက်ချထားစေတယ်။ ခေါင်းလောင်းနှင့် သဘောင်္ကို ကျောက်သံကြိုးဖြင့် ထပ်မံချည်နှောင်တယ်။ ဒီရေတက်ချိန်ရောက်တော့ ခေါင်းလောင်းက သင်္ဘောနှင့်အတူ မြစ်ကြမ်းပြင်ကနေ ကြွတက်လာတယ်။ ကမ်းနားဘက်သို့ သင်္ဘောမောင်းရာနောက် ပါသွားတာပေါ့။ သည်နည်းနဲ့ စဥ့်ကူးခေါင်းလောင်းကြီးကို ဆယ်ခဲ့ကြတာပါ။ 

၂၃) လွတ်လပ်ရေး ဗောဓိပင် 

ရင်ပြင် အနောက်မြောက်ထောင့်မှာ ဗောဓိပင်တစ်ပင် ရှိပါတယ်။ ဗုဒ္ဓဂါယာက မဟာဗောဓိပင်ကိုင်းကို ချိုးပြီး ပြန်ပျိုးထားတာပါ။ ၁၉၄၈ခု၊ ဇန်နဝါရီလ ၄ရက်နေ့မှာ လွတ်လပ်ရေးရခြင်း အထိမ်းအမှတ်အဖြစ် စိုက်ပျိုးထားတာလို့ မှတ်သားရတယ်။ 

၂၄) ရှင်စောပုဘုရား - အံ့ဖွယ်၉နေရာ 

အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြားမှာ ရှင်စောပုတန်ဆောင်းဆိုတာ ရှိတယ်။ ဟံသာဝတီဘုရင်မကြီးရှင်စောပု၏ ကုသိုလ်တော်လို့ သိရတယ်။ တန်ဆောင်းအနီးမှာ စကားစိမ်း၊ စကားဝါမျိုး စကားပင်လေးပင် ရှိပါတယ်။ 

၂၅) ခြေတော်ရာတန်ဆောင်း 

မြောက်ဘက်မုခ်ကို လျှောက်လာရင် အရှေ့မှာ ကုလားရုပ်တု နှစ်ခု ရှိတဲ့ တန်ဆောင်းကို တွေ့ပါလိမ့်မယ်။ ပန်းပုဆရာဦးစံရဲ့ လက်ရာတွေလို့ သိရတယ်။ တန်ဆောင်းအတွင်းမှာ နဂါးရုပ်ပတ်ခွေထားတဲ့ ခြေတော်ရာတစ်ဆူရှိတယ်။ ကျွန်းသစ်ကိုထွင်းပြီး ထုထားတဲ့ ရွှေပိန်းချ ရပ်တော်မူရုပ်ပွားတော် ရှစ်ဆူလည်း ရှိတယ်။ ပန်းပုဆရာ ဦးဘိုးသက်၏ မယ်ဥကို ကျားချီဟန် ရုပ်လုံးရုပ်ကြွတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။ တန်ဆောင်း အလှူရှင်တွေကတော့ ဦးရာသီနှင့် ဒေါ်ကျုံးပါတဲ့။ 

၂၆) စစ်သူကြီးမဟာဗန္ဓုလနှင့် တပ်သားများ တိုက်ပွဲဝင်ခဲ့ရာ မြောက်ဘက်မုခ် 

မြောက်ဘက်မုခ် ရောက်ရင်တော့ စောင်းတန်းလှေကားထစ်တွေအတိုင်း ဆင်းသွားပါ။ အုတ်လှေကားဘောင်တွေကို မိကျောင်းရုပ်တွေနဲ့ အလှဆင်ထားတယ်။ စောင်းတန်းအတက် အစနားမှာ ဘီလူးရုပ်ကြီးတွေရှိတယ်။ ဘုရင်မကြီးရှင်စောပုရဲ့ ကောင်းမှုတော်ပါတဲ့။ သည်စောင်းတန်းဟာ ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲတုန်းက မြန်မာစစ်သည်တော်တို့ တိုက်ပွဲဝင်ခဲ့တဲ့ နေရာဖြစ်တာမို့ မျက်လုံးလေး ခဏပိတ်ပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်လိုက်ပါ။ ဝမ်းနည်းခြင်း၊ လှိုက်ဖိုဖြင်း၊ ကြေကွဲခြင်းတွေ ထင်ဟပ်လာပါလိမ့်မယ်။ 

၂၇) သွေးဆေးကန် 

တလက်စတည်း သွေးဆေးကန်ဘက် ထွက်ကြည့်လိုက်ပါတော့။ မြန်မာစစ်သည်တော်တို့ ဓားမှာ ပေကျံနေတဲ့ သွေးတွေကို ဆေးကြောခဲ့တဲ့နေရာလို့ ပြောကြတယ်။ မြောက်ဘက်မုခ်စောင်းတန်းဦးက ခြင်္သေ့ရုပ်ကြီးတွေ အရှေ့ လမ်းမကြီးကိုကျော်သွားရင် တွေ့ရမယ့် ကန်ကြီးပါပဲ။ ခြင်္သေ့ရုပ်ဘေးက ကန်အသေးလေး မဟုတ်ဘူးနော်။ 

၂၈) နောင်တော်ကြီးစေတီ 

မြောက်ဘက်မုခ်မှာ နောင်တော်ကြီးစေတီဆိုတာ ရှိပါတယ်။ ဆံတော်ရှစ်ဆူ ယာယီသီတင်းသုံးခဲ့ရာ နေရာဖြစ်ပါတယ်။ မူလစေတီဥာဏ်တော်က ယခုလောက် မမြင့်ပါဘူး။ ခေတ်အဆက်ဆက် ပြုပြင်လှူဒါန်း ခဲ့ကြတာပါ။ 

၂၉) ဆံတော်တွင်း - အံ့ဖွယ်၉နေရာ 

ဆက်သွားရမှာက ဆံတော်တွင်းတန်ဆောင်းပါ။ ဆံတော်ရှစ်ဆူကို ဆေးကြောသန့်စင်ရာမှာ အသုံးပြုခဲ့တဲ့ရေတွင်းလို့ သိရတယ်။ ရေတွင်းနှင့် ဧရာဝတီမြစ်ကြောနဲ့က တဆက်တည်း ဖြစ်နေတဲ့အတွက် မြစ်ရေအတက်အကျကို ဆံတော်တွင်းရေတွင်းက ရေအတက်အကျကို ကြည့်ပြီး တန်းသိနိုင်ပါတယ်။ နောက်ပိုင်း အုတ်ပြဿာဒ်ငုံထားလိုက်တဲ့အတွက် အထဲက ရေအတက်အကျကို မမြင်နိုင်တော့ပါဘူး။ အုတ်ပြဿာဒ်ငုံလိုက်တော့ ဒီရေအတက်အကျကို ကြည့်လို့ မရတော့ပါဘူး။ 

၃၀) ဂေါတမမြတ်စွာဘုရား ရုပ်ပွားတော် 

မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းမှာတော့ ဂေါတမမြတ်စွာဘုရားကို ရည်စူးပြီး သွန်းလုပ်ထားတဲ့ ရုပ်ပွားတော် စံပယ်တယ်။ တန်ဆောင်း၏ မူလအလှူရှင်က ဆာဘိုးသာ ဖြစ်ပါတယ်။ လင်းနို့တောင်ပန်းပုလက်ရာတွေကတော့ ပန်းပုဆရာ ဦးသံရောင်၏ လက်ရာများပင်တည်း။ 

၃၁) ဘိုးဘိုးအောင်ဘုရား - အံ့ဖွယ်၉နေရာ 

ကမ်းနားဈေးတန်ဆောင်း၏ အနောက်ဘက်ကပ်လျက်မှာ အုတ်စေတီငယ်တစ်ဆူရှိတယ်။ တန်ဆောင်အတွင်းမှာရှိတဲ့ ဘိုးဘိုးအောင်ဆုတောင်းပြည့်ဘုရား၏ အနောက်ဘက်မှာ လျှို့ဝှက်ပေါက်တစ်ခု ရှိတယ်တဲ့။ ထိုအပေါက်ကနေ အုတ်စေတီထဲ ဝင်နိုင်တယ်။ အုတ်စေတီထဲကနေပြီး ရွှေတိဂုံစေတီစေတီတော် ဌပနာသိုက်ထိ ရောက်တဲ့ လျှို့ဝှက်လမ်း ရှိပါတယ်တဲ့။ သည်စကားဟာ ကြားဖူးနားဝသာမို့ တိတိပပ မဆိုသာဘူးရယ်။ စိတ်ဝင်စားဖွယ်က ရွှေတိဂုံစေတီ၏ ဗဟိုချက်မ၊ ကမ်းနားဈေးတန်ဆောင်းနောက်က အုတ်စေတီ၏ ဗဟိုချက်မနှင့် နောင်တော်ကြီးစေတီ၏ ဗဟိုချက်မ သည်သုံးပွိုင့်ဟာ မျဉ်းတဖြောင့်တည်း တန်းနေတာပါပဲ။ 

၃၂) ရှင်အဇ္ဇဂေါဏဘုရား - အံ့ဖွယ်၉နေရာ 

ကမ်းနားဈေးတန်ဆောင်းနားကနေ ဆက်သွားရင် ရှင်အဇ္ဇဂေါဏတန်ဆောင်းကို ရောက်တယ်။ တန်ဆောင်းအတွင်းမှာ ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ်ပြီး မျက်လုံးတော် တစ်ဖက်နှင့်တစ်ဖက် အရွယ်အစား မတူညီကြပေ။ 

၃၃) သာယာဝတီမင်းခေါင်းလောင်း 

ဆက်လျှောက်သွားရင် ရင်ပြင်တော်ပေါ်မှာပဲ ရှိတဲ့ သာယာဝတီမင်းခေါင်းလောင်းတန်ဆောင်းသို့ ရောက်တယ်။ ကြေးပိဿာချိန် ၂၆၀၀၀ လေးတဲ့ ခေါင်းလောင်းကြီးပေါ့။ တန်ဆောင်းမျက်နှာကြက်မှာရှိတဲ့ ယွန်းလက်ရာတွေကို လေ့လာကြည့်သင့်တယ်။ ပန်းပုဆရာဦးရွှေတောင်၏ လက်ရာမွန်ပါတဲ့။ 

၃၄) ရှင်မထီးဘုရား - အံ့ဖွယ်၉နေရာ 

နောင်တော်ကြီးစေတီ၏ မြောက်ဘက်အာရုံခံတန်ဆောင်းတွင် ရှိပါတယ်။ ရှင်မထီးရဟန်း၏ ကုသိုလ်တော်လို့ ဆိုကြတယ်။ 

၃၅) ထီးတော်စေတီနှစ်ဆူ 

တံခွန်တိုင်အနီးမှာ ထီးတော်ပုံစံ ထူးခြားတဲ့စေတီနှစ်ဆူ ရှိပါသေးတယ်။ စေတီငယ်က ၁၇၇၅ခုမှာ ဆင်ဖြူရှင်မင်း လှူဒါန်းခဲ့တဲ့ ထီးတော်ပုံစံဖြစ်ပြီး စေတီကြီးက ၁၈၇၁ခုမှာ မင်းတုန်းမင်း လှူဒါန်းခဲ့တဲ့ ထီးတော်ပုံစံဖြစ်တယ်။ မင်းတုန်းမင်း လက်ထက်တုန်းက ရွှေတိဂုံစေတီတော် ထီးတော်တင်ပွဲ ကျင်းပသေးတယ်။ မင်းတုန်းမင်းက ထီးတော်အလှူရှင်ပေါ့။ ဒါပေမယ့် ထီးတော်တင်ပွဲကို မင်းတုန်းမင်း တက်ခွင့်မရခဲ့ဘူး။ ထိုအချိန်က မြန်မာနိုင်ငံအောက်ပိုင်းက အင်္ဂလိပ်လက်အောက်မှာ ရှိနေချိန်ပေါ့။ 

၃၆) ကကုသန္ဓဘုရား - အံ့ဖွယ်၉နေရာ 

ခုဆို အရှေ့ဘက်မုခ်တန်ဆောင်းသို့ ရောက်ပါပြီ။ ကကုသန်မြတ်စွာဘုရားကို ရည်မှန်းပြီး သွန်းလုပ်ထားတဲ့ ရုပ်ပွားတော် ကိန်းဝပ်စံပယ်ပါတယ်။ ရုပ်ပွားတော်၏ ထူးခြားချက်က ညာဘက်လက်တော်ကို မှောက်မထားဘဲ လှန်ပြီးဖြန့်ထားခြင်းပါ။ တန်ဆောင်း၏ ရှေးအလှူရှင်က သာယာဝတီမင်း၏ အိမ်ရှေ့မိဖုရားပါတဲ့။ 

၃၇) တဝဂူဆုတောင်းပြည့်ဘုရား - အံ့ဖွယ်၉နေရာ 

အရှေ့ဘက်မုခ်တန်ဆောင်း အနောက်ဘက်က ရွှေတိဂုံစေတီတော်၏ အထက်ပစ္စယံမှာ တဝဂူဆုတောင်းပြည့်ဘုရား ရှိတယ်။ အမျိုးသားများသာ တက်ရောက်ခွင့်ရှိပြီး အမျိုးသမီးများကတော့ အရှေ့ဘက်မုခ်တန်ဆောင်းထဲက တီဗီကနေတဆင့်သာ ဖူးမျှော်နိုင်ပါတယ်။ ရှေးတုန်းက မင်းညီမင်းသားတွေ မင်းဆုလာပန်ကြပြီး အချင်းချင်း သတ်ဖြတ်မှုတွေ ရှိတာကြောင့် နောက်ပိုင်း မင်းညီမင်းသားတွေ မဖူးရလို့ ဘုရင်က အမိန်ထုတ်လိုက်ပါတယ်တဲ့။ ဘယ်ဘုရင်လဲ ဘာညာတော့ ရေးထားတာ မတွေ့မိဘူး။ 

၃၈) ပြဒါးရှင်ဘုရား - အံ့ဖွယ်၉နေရာ 

အရှေ့ဘက်မုခ်နှင့် အင်္ဂါဂြိုဟ်တိုင်ကြား လောက်မှာရှိတယ်။ စေတီငယ်တွေအကြား ချောင်တွေထဲကနေ ပတ်ဝင်ရတာမို့ အနည်းငယ် ရှာရခက်တယ်။ ရုပ်ပွားတော်၏ နှဖူးတော်မှာ အနည်းငယ်မို့နေပြီး ပြဒါးရှင်ဓာတ်လုံး ဌာပနာထားတယ်လို့ ယုံကြည်ထားကြတယ်။ ရုပ်ပွားတော်ဟာ အင်မတန် အချိုးအစားကျနပြီး ကြည်ညိုဖွယ် ကောင်းလှတယ်။ 

၃၉) ဓမ္မစေတီကျောက်စာ 

တံတိုင်းတွေအနီး ရင်ပြင်တော်ဘက်သို့ ထွက်လာခဲ့လိုက်ပါ။ ဓမ္မစေတီကျောက်စာတန်ဆောင်းကို တွေ့ပါလိမ့်မယ်။ ကျောက်စာတိုင် သုံးချပ်ရှိပြီး ပါဠိ၊ မွန်၊ မြန်မာစာများဖြင့် ထွင်းထားတယ်။ ဓမ္မစေတီမင်းမှ ၁၄၈၅ခုမှာ စိုက်ထူခဲ့တာလို့ မှတ်သားရတယ်။ အကြောင်းကြောင်းကြောင့် ကျောက်စာတိုင်တွေဟာ မြေကြီးအောက်မှာ နစ်မြုပ်နေခဲ့ပါတယ်။ ကျောက်စာဝန် ဖော်ခင်းမားက ၁၈၈၀ခုမှာ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်တယ်။ 

၄၀) ဘိလပ်ပြန် ရပ်တော်မူဘုရားကြီး 

စေတီရင်ပြင်ရဲ့ အရှေ့တောင်ထောင့်မှာ ဟင်္သာရုပ်တံခွန်တိုင် ရှိတယ်။ တိုင်ခြေမှာ ဘိလပ်ပြန် ကြာပွင့်ခံရပ်တော်မူ ရုပ်ပွားတော်တစ်ဆူ စံပယ်တယ်။ 

Ref: မြတ်ဘုရားရွှေတိဂုံ - မောင်ဆုရှင် 

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံအားလည်းကောင်၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ 

Chan Myae Ei - #travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.