Religious Trip

Fill your life with adventures.

"နွှဲစို့တူပျော် ရွှေစက်တော် ဘုရားပွဲတော်"

မင်္ဂလာပါရှင့်။ ချမ်းသည်တစ်ခါ ပြောပြမယ့် အကြောင်းအရာလေးကတော့ ရှင်မဟာရဌသာရရဲ့ ရွှေစက်တော်သွား တောလားရတု နှင့်တွဲပြီး ရင်းနှီးခဲ့တဲ့ မန်းရွှေစက်တော်ခရီးလေးပါ။ ရန်ကုန်ကနေ ဘယ်လိုသွားမလဲ၊ ဘယ်မှာတည်းမလဲ၊ ဘယ်နေရာတွေကို ဘာ့အတွက်ကြောင့် သွားသင့်သလဲ၊ ဘာတွေကိုရှောင်သင့်သလဲ စတာတွေကို အပိုင်းလိုက်ခွဲပြီး စနစ်တကျလေး ပြောပြချင်ပါတယ်။

မကွေး - မင်းဘူး - ပွင့်ဖြူ ဘက်ကို ကားငှားပြီး ဘယ်လိုလည်မလဲ ဆိုတာကိုတော့ သီးသန့် ရေးလိုက်မယ်လေနော်။

ဘယ်လိုသွားမလဲ?

ရန်ကုန်ကနေ ရွှေစက်တော်အထိ တိုက်ရိုက်ရောက်တဲ့ကား မရှိပါဘူး။ မင်းဘူးထိရောက်တဲ့ အဝေးပြေးကားတွေ စီးရမှာပါ။ မကွေးထိပဲ ရောက်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ မင်းဘူးကပဲဖြစ်ဖြစ်၊ မကွေးကပဲဖြစ်ဖြစ် ရွှေစက်တော်ထိ သွားတဲ့ အောင်ကမ္ဘာယာဉ်လိုင်းဆိုတာ ရှိသေးတယ်။ တစ်ယောက်ကို ၃၀၀၀ကျပ် ကျမှာဖြစ်ပြီး ၁၀ယောက်ပြည့်ရင် စထွက်ပါပြီတဲ့။ သူစိမ်းတွေနဲ့ မစီးချင်လို့ စီးလုံးငှားမယ်ဆိုလည်း ရသေးတယ်။

ရွှေစက်တော် - မင်းဘူး ကားဂိတ်မှာ စီးမယ်ဆိုရင် တစ်ယောက် ၂၅၀၀ကျပ်ပဲ ပေးရမယ်။ အသွားတုန်းက အဆင်ပြေခဲ့ပေမယ့် အပြန်ခရီးမှာတော့ အင်မတန်မှကို စိတ်ပျက်မိတယ်။ ယဉ်မောင်းဘေး နှစ်ယောက်၊ နောက်ဆုံးတန်းက လေးယောက်၊ အလယ်သုံးတန်းမှာ တစ်တန်းသုံးယောက်နှုန်းနဲ့ ကိုးယောက်၊ စုစုပေါင်း ၁၅ယောက်ပဲ တင်ခွင့်ရှိတဲ့ကားကို လူကြီး၁၈ယောက် ကလေး၎ယောက် စုစုပေါင်း ၂၂ယောက် တင်ဆောင်လာပါတယ်။ ကားခေါင်းမိုးပေါ်က ဝန်စည်စလွယ်တွေပါ ထပ်ပေါင်းထားတော့ ကားဟောင်းလေးဟာ မနိုင်ဝန်ထမ်းနေရသည့်အတွက် အိကျပြီး မနည်းရုန်းနေရတာ။ မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့။ ဖြစ်ရင်လည်း ဘယ်သူမှ တာဝန်ယူမှာ မဟုတ်ပါဘူး။ မိမိရပိုင်ခွင့်ကို မိမိကိုယ်တိုင်မှ မတောင်းဆိုရဲရင် မိမိပဲ နစ်နာရမှာ။

သည်အကြောင်းကို တာဝန်ရှိသူတွေ တကယ်ပဲ မသိတာလား? တိုင်မယ့်လူ မရှိလို့ လစ်လျူပဲ ရှုထားတာလား? သိသိကြီးနဲ့ မသိကျိုးကျွံ့ပြုထားတာလား? လိုက်မမှီတော့ပါဘူး။ ကျိုက်ထီးရိုးလိုပဲ ပြုပြင်ကောင်းလာပါစေရဲ့လို့ မျှော်လင့်မိတယ်။ စားဝတ်နေရေးကြောင့် ငွေက အရေးကြီးတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် အခြားမိသားစုဝင်တွေရဲ့ အသက်အန္တရာယ်နဲ့ ရင်းရလောက်သည် အထိတော့ မဖြစ်သင့်ဘူး မဟုတ်ပါလား။

ရွှေမန္တလေး (ရန်ကုန် - မင်းဘူး) - 09 799999771~2, 09 968255999, 09 9968955999, 09 969055999 <ရိုးရိုး - ၁၁၅၀၀ကျပ် | VIP - ၁၆၀၀၀ကျပ်>

အောင်ကမ္ဘာ (မင်းဘူး - ရွှေစက်တော်) - 09 896561198

အောင်ကမ္ဘာ (မကွေး - ရွှေစက်တော်) - 09 424006688

ဘယ်မှာတည်းခဲ့သလဲ?

တည်းကျောင်းတွေ စုံစမ်းကြည့်တော့ ချောင်းအထက်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်မျိုးဖြစ်နေတယ်။ အထက်ပိုင်းက လူရှင်းတယ်။ ချောင်းရေပိုကြည်ပြီး ရေကစားလို့ သိပ်ကောင်းတာပဲဆိုလို့ နမ္မဒါ(၂) ကိုပဲ ရွေးခြယ်ဖြစ်သွားတယ်။ အခန်းဈေးက ၄သောင်းတန် ရိုးရိုးအခန်းကစပြီး ၁သိန်းတန် VIP အခန်းထိ ရှိတယ်။ ၄သောင်းတန်အခန်းက ဘုံရေချိုးခန်း၊ အိမ်သာ သုံးရမှာတဲ့။ အဲ့ဒါနဲ့ ၆သောင်းတန်အခန်းပဲ ယူလိုက်တော့တယ်။ ချမ်း booking တင်တုန်းက ၁၀% discount ပေးသေးတယ်ဆိုလို့ ၅၄,၀၀၀ကျပ်နဲ့ ရခဲ့တယ်။

ထရံနှစ်ထပ်ကာ အခန်းမျိုးဖြစ်ပြီး အတော်ကျဉ်းပါတယ်။ နှစ်ယောက်အိပ် မွေ့ယာအမာ တစ်ခု ကြမ်းမှာခင်းပေးထားပြီး ဂွမ်းစောင်အပါး ၂ထည်၊ ခပ်မာမာခေါင်းအုံးအသေး ၂လုံး ပါဝင်တယ်။ အခန်းအကျယ်ကို ပြောရမယ်ဆိုရင် ၂ယောက်အိပ်မွေ့ယာတစ်ခု၊ တစ်ယောက်အိပ်မွေ့ရာတစ်ခု ခင်းလိုက်မယ်ဆိုရင် တစ်ခန်းလုံး ပြည့်သွားပါပြီ။ တစ်ခန်း ဘယ်နှစ်ယောက်ပဲ နေရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိတော့ ၄ယောက်လောက် ဝင်အိပ်မယ်ဆို ရလောက်မယ်။ အခြား service အနေနဲ့ ပန်ကာတစ်လုံး၊ မီးချောင်းတစ်ခု၊ မီးလုံးတစ်လုံး၊ ဘေစင်တစ်ခု၊ ဘိုထိုင်တစ်လုံး၊ ရေပန်းတစ်ခု ပါဝင်ပါတယ်။ မီး၂၄နာရီ ရပါတယ်။ နံနက် ၄နာရီဝန်းကျင်ဆို တရားခွေကို Sound box နဲ့ ဖွင့်ပေးပြီး ကျန်တဲ့အချိန် အခြားသီချင်းတွေ ဖွင့်ပေးထားပါတယ်။ ကားဂိတ်နဲ့ လှမ်းတယ်။ ခရီးဆောင်အိတ်က လေးရင်တော့ ဆိုင်ကယ်ကယ်ရီ စီးသွားသင့်တယ်။ ဖွင့်ပွဲကျင်းပနေချိန်မို့ ရွာဘက်ကနေ ပတ်သွားရပြီး ၁၅၀၀ကျပ် ပေးရတယ်။ ပုံမှန်အချိန်ဆို ၁၀၀၀ကျပ်ပဲ။

နမ္မဒါ(၂) - 09 400500021

ချောင်းအထက်ပိုင်းမှာရှိတဲ့ နမ္မဒါ - ၂ မှာ တည်းခိုခဲ့ပါတယ်။

သိထားသင့်သည့် အချက်အလက်များ

၁) ဘောကွင်းငှားပြီး မန်းချောင်းမှာ Tubing လုပ်ကြည့်ပါ။ ရေထဲကနေ မတက်ချင်လောက်အောင်ကို ကစားလို့ကောင်းတယ်။ ဘောကွင်းငှားခက တစ်နာရီကို ၁၀၀၀ကျပ် ပေးရတယ်။ ရေအရောင်က ဖွင့်ကာစမို့နေမယ်။ မကြည်သေးဘူး။ ရေညှိတွေနဲ့ စိမ်းနေတယ်။ ရေစပ်နားလောက်က ဒူးလောက်နက်ပြီး ရေလယ်အချို့နေရာတွေဆို ခြေထောက်လွတ်တယ်။ တချို့နေရာတွေမှာ ရွှံ့မြေတွေဖြစ်နေတာမို့ ရေကူးမကျွမ်းကျင်ရင် ဘောကွင်းမပါဘဲ ရေနက်ပိုင်းမှာ အရဲမစွန့်စေချင်ဘူး။ ချောင်းအထက်ပိုင်းက ရေစီးငြိမ်ပြီး ချောင်းအောက်ပိုင်းမှာ ရေစီးကြမ်းတယ်။

၂) တဲကျောင်းဝန်းထဲထိ လာရောင်းတဲ့ ခေါင်းရွက်ထမင်းသည်၊ အသုပ်စုံသည်တွေဆီက ဝယ်စားကြည့်ပါ။ အညာချက်မို့ အရသာက စားပျော်တယ်။ ထမင်းအဝစား အသားဟင်းတစ်ခွက်ကို ၁၅၀၀ကျပ် ပေးရတယ်။ ပိန္နဲသီးချက်၊ ပဲပင်ပေါက်ချည် စတဲ့ အရံဟင်း၊ အရည်သောက်ဟင်း၊ တို့စရာတွေနဲ့မို့ စားမြိန်တယ်။ အသုပ်ကျတော့ တစ်ပွဲ ၅၀၀ကျပ် ကျတယ်။ အရသာ စားလို့ကောင်းပေမယ့် သန့်ရှင်းမှုပိုင်းကျ အားနည်းတယ်။

၃) ဝက်မြေစာဥ ဝယ်စားပါ။ ကျွဲခေါင်းသီး အရသာနဲ့ ဆင်တယ်။ အစိမ့်မျိုးနဲ့ အချိုမျိုး ၂မျိုးရှိတယ်။ ချမ်းကတော့ အချိုကို ပိုကြိုက်တယ်။ သူက ကြီးပြီး အခွံနွှာရတာ အလုပ်သိပ်မရှုပ်ဘူး။ ဘယ်အမျိုးအစားဖြစ်ဖြစ် နို့ဆီဗူးတစ်ဗူးကို ၅၀၀ကျပ်ပါ။ ချက်ခြင်းစားဖို့ဆို ပြုတ်ပြီးသား ဝယ်ပေါ့။ အိမ်ပြန်လက်ဆောင် ဝယ်ချင်ရင် အစိမ်းဝယ်လည်း ရပါတယ်လို့။ ရေငွေ့မရိုက်အောင်တော့ သတိထားပြီး သိမ်းနော်။ မဟုတ်ရင် ပုပ်သွားတတ်တယ်။

၎) အနွေးထည် အထူတစ်ထည်တော့ သယ်သွားပါ။ ချမ်းသွားတုန်းက ဖွင့်ပွဲနေ့ဆိုတော့ ဖေဖော်ဝါရီလ ၉ရက်နေ့ ဖြစ်သွားတာပေါ့။ နေ့လည်မှာ ပူပြီး နံနက်အစောပိုင်းနဲ့ တစ်ညလုံး အတော်ကြီးကို အေးပါတယ်။ ချည်ထည်အနွေးထည် ထပ်ဝတ်ပြီး စောင်နှစ်ထပ်ခြုံထားတာတောင် အရိုးထဲထိ စိမ့်နေအောင်ကို အေးတယ်။ အပူပိုင်းအညာမြေမို့ လုံးဝ မထင်ထားမိတဲ့ အအေးမျိုးပါ။ မတ်လလောက်ဆိုရင်တော့ အအေးပေါ့သွားလောက်မှာပါ။

၅) ဖုန်အသေထူလို့ တစ်ခါသုံး Mask နှစ်ခုလောက် မဖြစ်မနေ သယ်သွားသင့်ပါတယ်။ Hand Gel ကောပေါ့။ တည်းကျောင်းတွေမှာ မည့်သည့်အပိုပစ္စည်းမျှ မထားပေးထားတာမို့လို့ မျက်နှာသုတ်ပုဝါ၊ ရေလဲပိုင်း၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ Tissue အကုန် သယ်သွားပါ။ တည်းခိုခန်းတွေမှာ ထားပေးတတ်တဲ့ ရေသန့်ဗူးတစ်ဗူး ဆိုတာလည်း မမျှော်လင့်ပါနဲ့။ ရွှေစက်တော် ဈေးတန်းရောက်တာနဲ့ တခါတည်း ဝယ်သွားပါ။ မျက်နှာသစ်ဖို့နှင့် သွားတိုက်ဖို့အတွက် Wet Tissue နှင့် ရေသန့်ဗူးတွေ လိုကိုလိုအပ်ပါတယ်။ တည်းကျောင်းဈေးတွေက ဟော်တယ်ဈေးထက် များပေမယ့် အိပ်စရာနေရာမှတစ်ပါး မည့်သည့် Service မှ ရမှာ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။

၆) စေတီငယ်တွေ၊ နတ်နှင့်ပတ်သတ်ရာ နေရာတွေ များပြားပြီး ကန်တော့ဖို့၊ ပြီးတာနဲ့ အလှူငွေထည့်ဝင်ဖို့ နှိုးဆော်တတ်ပါတယ်။ ကန်ထရိုက်စနစ်နဲ့ အလှူခံနေတာလို့ သိရတယ်။ စာဖတ်သူတို့လည်း အဲ့လို အလှူခံမျိုး ကြုံခဲ့ရင် သဒ္ဒါမှလှူပါ။ အားနာလို့ လှူတယ်တော့ မဖြစ်စေချင်မိဘူး။

၇) "ကိုယ်လက်အင်္ဂါ သန်စွမ်းပြီး ဥာဏ်ရည်ပြည့်မှီသော သူတောင်းစားများအား ငွေမပေးခြင်းဖြင့် အလုပ်လုပ်ချင်စိတ်ရှိအောင် ကူညီပါ။" ဟုတ်ကဲ့ သည်လို ဆိုင်းဘုတ်တွေကို မင်းဘူးတကြောမှာ တွေ့ခဲ့ပါတယ်။ အဲ့သည့်အတိုင်းပဲ ကူညီကြပါလို့။

ဝက်မြေစာဥက အကြီးနဲ့ အသေးဆိုပြီး နှစ်မျိုး ရောင်းနေတာ။ အကြီးက အချိုမျိုးဖြစ်ပြီး အသေးက အစိမ့်မျိုး။ ကျွဲခေါင်းသီး အရသာနဲ့ သွားဆင်တယ်။ ဘယ်အမျိုးအစားယူယူ တစ်ဗူး ၅၀၀ကျပ်ပါ။
အောက်စက်တော်ရာနားက ဈေးတန်းကြီး
တရုတ်ဘက်ကို မှောင်ခိုကူးကြလို့ မျိုးသုန်းလုနီးနီး ဖြစ်နေပြီဖြစ်တဲ့ ကြယ်လိပ်တွေ။

ကွယ်ပျောက်နေတဲ့ စက်တော်ရာနှစ်ဆူကို ရှာတွေ့ခဲ့ပုံ

သီရိသုဓမ္မရာဇဂုရုတောင်ဖီလာ ဆရာတော်ကြီးသည် စာပေကျမ်းဂန်မှတ်တမ်းများအရ ဂေါတမမြတ်စွာဘုရား၏ ခြေတော်ရာနှစ်ဆူကို ဖူးမျှော်ချင်စိတ် ပြင်းပြလို့နေသည်။ ထို့ကြောင့် သာလွန်မင်းတရားထံ ပျောက်ကွယ်နေသော စက်တော်ရာနှစ်ဆူကို ရှာဖွေလိုကြောင်း စာရေးအကြောင်းကြားလေတယ်။ သာလွန်မင်းသည် တောင်ဖီလာဆရာတော်နှင့် အခြားဆရာတော်များ စက်တော်ရာနှစ်ဆူ ရှာဖွေနိုင်ရန်အတွက် စားနပ်ရိက္ခာ၊ လှေနှင့် အစောင့်အရှောက်များ ထည့်ပေးပြီး ကူညီခဲ့တယ်။

သက္ကရာဇ် ၁၀၀၀ပြည့်နှစ် ကဆုန်လပြည့်နေ့မှာ အင်းဝမှနေပြီး ရေလမ်းခရီးဖြင့် ထွက်ခွာခဲ့တယ်တဲ့။ မင်းဘူးဆိပ်ရောက်တော့ ကမ်းကပ်ပြီး တောနင်းရှာကြတာပေါ့။ နေကျချိန်ရောက်တော့ အရံစောင့်ရွာ ဖြစ်လာမယ့်အရပ်မှာ စခန်းချပြီး ညအိပ်ကြပါလေရော။ တောင်ဖီလာဆရာတော်သည် ထိုညမှာပဲ ထူးခြားတဲ့အိမ်မက်ကို မက်တယ်။ လှံကိုင်ထားတဲ့ လူတစ်ယောက်ဟာ ခွေးနက်ကြီးနှင့်အတူ ဆရာတော်ထံ ရောက်လာတယ်တဲ့။ ဗုဒ္ဓစက်တော်ရာနှစ်ဆူကို ဖူးလိုလျင် ခွေးနက်ကြီး အနောက်သာ လိုက်သွားပါလို့ လျှောက်ထားပြီး ကွယ်ပျောက်သွားသတဲ့။

နောက်တစ်နေ့နံနက် သံဃာတော်တွေ အာရုံဆွမ်းဘုန်းပေးပြီးတဲ့အချိန်မှာ ခွေးနက်ကြီးတစ်ကောင် တကယ်ကြီး ရောက်လာပါလေရော။ ဆရာတော်တို့လည်း ခွေးနက်ကြီးအနောက် လိုက်ကြတာပေါ့။ ခွေးနက်ကြီးဟာ မန်းချောင်းကို ရေကူးပြီး ဖြတ်သွားတယ်။ ရေတိမ်တဲ့အတွက်ကြောင့် သံဃာတော်များဟာ လမ်းလျှောက်ပြီး ဖြတ်နိုင်တယ်။ တစ်ဖက်ကမ်းရောက်တော့ ခွေးနက်ကြီးကို မတွေ့ရတော့ဘဲ ဘီလူးတစ်ကောင် ထိုင်စောင့်နေတာပဲ တွေ့တယ်တဲ့။ ထိုဘီလူး ညွှန်ပြချက်နဲ့ပဲ စက်တော်ရာ ၂ဆူလုံးကို ရှာဖွေနိုင်ခဲ့ပါတယ်။

အထက်စက်တော်ရာဟာ တောင်ကမ်းပါးစွန်းမှာ ရှိနေတာဆိုတော့ တစ်ချိန် ဘုရားဖူးတွေနဲ့ စည်းကားလာရင် ချောက်ထဲသို့ အခန့်မသင့် ပြုတ်ကျကြမည်ဆိုးသောကြောင့် ကောဇာသက္ကရာဇ် ၁၀၆၀ ပြည့်နှစ်မှာ ခြေတော်ရာကို အုပ်မိုးပြီး စေတီတည်လိုက်လေသည်။

ရွှေစက်တော်မှာ လည်ပတ်ရမယ့်နေရာများ

အောက်စက်တော်ရာ

အရှင်ပုဏ္ဏမထေရ်၏ ပင့်ဖိတ်တောင်းပန်ချက်အရ ဂေါတမမြတ်ဗုဒ္ဓသည် ဈာဉ်တန်ခိုးနှင့် ပြည့်စုံသော ရဟန္တာငါးရာ ခြံရံပြီး သုနာပရန္တတိုင်းကို ကြွချီခဲ့ပါတယ်တဲ့။ သာဝတ္ထိမှ ကြွချီလာစဉ်က နောက်ပါ ရဟန္တာ ၄၉၉ပါးပဲ လိုက်စေတာ။ သုနာပရန္တတိုင်း ရောက်မှ သစ္စဗန္ဓရဟန္တာမထေရ် တစ်ပါး ထပ်တိုးလာတာပါ။ မြတ်ဗုဒ္ဓနှင့် ရဟန္တာ ၅၀၀ဟာ စန္ဒကူးနံ့သာကျောင်းတော်မှာ ၇ရက်မျှ သီတင်းသုံးပြီးနောက် သာဝတ္ထိသို့ ပြန်ကြွတယ်တဲ့။

အပြန်ခရီးမှာ မကုဋတောင်ခြေရှိ နမ္မဒါမြစ်နားရောက်တော့ ခရီးတစ်ထောက်နားကြတယ်။ မြစ်စောင့်နဂါးဟာ ကမ်းပေါ်သို့ တက်လာပြီး မြတ်စွာဘုရားကို ဖူးမျှော်ပူဇော်တယ်။ ကြည်ညိုလွန်းအားကြီးတာကြောင့် မြတ်ဗုဒ္ဓကိုယ်စား ကိုးကွယ်နိုင်ရန်အတွက် ခြေတော်ရာတစ်ဆူ ချန်ပေးခဲ့ပါလို့ တောင်းပန်လျှောက်ထားတယ်။ မြတ်စွာဘုရားဟာ မြစ်ကမ်းနှဖူးမှာရှိတဲ့ ကျောက်ဖျာတစ်ချပ်ပေါ်မှာ ခြေတော်ရာတစ်ဆူကို ချန်ပေးတော်မူတယ်။ ခြေတော်ရာမှာ စက်လက္ခဏာကွက် ၁၀၈ကွက် အပြည့်အစုံပါဝင်တယ်။

အောက်စက်တော်ရာကို ဖူးခဲ့ရပေမယ့် ပိုက်ဆံတွေကြောင့် ၁၀၈ကွက်သော စက်လက္ခဏာတွေကိုတော့ မဖူးလိုက်ရဘူး။
ဖေဖော်ဝါရီလ ၉ရက်နေ့ စက်တော်ရာဖွင့်ပွဲနေ့ သွားခဲ့တာဆိုတော့ ညဘက် ပဋ္ဌာန်းပူဇော်ပွဲနဲ့ ကြုံကြိုက်ခဲ့တယ်။

တောင်းပန်ရစေတီ

အောက်စက်တော်ရာကနေ လှေကားထစ်တွေအတိုင်း အထက်သို့ တက်သွားရင် ဦးစွာဖူးရမှာက တောင်းပန်ရစေတီ ပါပဲ။ နမ္မဒါမြစ်စောင့် နဂါးမင်း၏ တောင်းပန်လျှောက်ထားချက်ကြောင့် မြတ်ဗုဒ္ဓဟာ ခြေတော်ရာတစ်ဆူချအံ့ဟု ကြံစည်ပြီး ရပ်တော်မှုတဲ့နေရာမှာ တည်ထားတာဖြစ်လို့ တောင်းပန်ရစေတီလို့ မည်ပါတယ်တဲ့။

တောင်းပန်ရစေတီမှာ မင်းတုန်းမင်းတရားရဲ့ မန်းစက်တော်ရာကျောက်စာတိုင် စိုက်ထားတာ တွေ့ခဲ့ရတယ်။ မှန်ဘောင်နဲ့ ထည့်ထားတော့ စာက ဖတ်ဖို့မလွယ်လောက်ဘူး။ ကျောက်စာထဲက အကြောင်းအရာတွေကို ဗီနိုင်းပေါ်မှာရေးပြီး ချိတ်ထားတာတွေ့လို့ ပြန်ပြောပြမယ်နော်။ ကျောက်စာမှာ ရေးထားတာက - ကောဇာသက္ကရာဇ် ၁၂၁၇ခုမှာ မင်းတုန်းမင်းတရားကြီးဟာ အထက်စက်တော်ရာအတွက် ဘုံငါးဆင့်ပြာသာဒ်၊ အောက်စက်တော်ရာအတွက် ဘုံခုနှစ်ဆင့်ပြာသာဒ်တို့ကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်တဲ့။ မင်း၊ မိဖုရား၊ မယ်တော်၊ မှူးမတ်တွေ စုပေါင်းပြီး ရွှေသင်္ဃန်းကပ်လှူခြင်း၊ ရွှေ၊ ငွေ၊ မိုးကြိုး ဆည်းလည်းများ လှူဒါန်းခြင်း အမှု ပြုပါသေးတယ်တဲ့။ မင်းတုန်းမင်းကိုယ်စား မကွေးမြို့စား ဝန်ကြီး သတိုးမင်းကြီးမဟာမင်းလှသီဟသူက ပွဲတော်လာ ရဟန်းရှင်လူ အများကို ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ ကျောက်စာမှာ ရေးထိုးထားတယ်။ မင်းတုန်းမင်းက ၁၂၁၇ခု၊ ပြာသိုလဆန်း ၇ရက်မှာ နန်းတော်ကနေ ရေစက်ချပြီး မကွေးမြို့စားက တပေါင်းလဆန်း ၁၃ရက်မှာ ထပ်မံရေစက်ချခဲ့ပါတယ်တဲ့။

တောင်းပန်ရစေတီဟာ စက်တော်ရာအောင်မြေ ကိုးဌာနထဲက တစ်ဌာန ဖြစ်ပါတယ်။

တောင်းပန်ဦးစေတီ

တောင်းပန်ရကနေ ဆက်တက်သွားရင် ဖူးရမှာက တောင်းပန်ဦးစေတီပါ။ နမ္မဒါနဂါးမင်းသည် အခြွေအရံများ ခြံရံပြီး မြတ်စွာဘုရားအား လာရောက်ပူဇော်ရာအရပ်မှာ တည်ထားတာလို့ သိရတယ်။ တောင်းပန်ဦးစေတီထဲက ထွက်လိုက်တာနဲ့ စေတီဟောင်းတစ်ဆူကို တွေ့ပါလိမ့်မယ်။ အဲ့သည့်စေတီကမှ မူလစေတီလို့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ဦးလေးကြီးတစ်ယောက်က ပြောပြတယ်။

တောင်းပန်ဦးစေတီဟာ စက်တော်ရာအောင်မြေ ကိုးဌာနထဲက တစ်ဌာန ဖြစ်ပါတယ်။
တောင်းပန်ဦးစေတီနားက ရှေးစေတီတစ်ဆူ ဖူးရပြီး မူလစေတီလို့ သိရတယ်။

တန့်တော်ဦးဘုရား

တောင်းပန်ဦးကနေ ထပ်သွားရင် မဟာဗောဓိညောင်ပင်ဆိုတဲ့ ဆိုင်းပုဒ်ကို တွေ့ပါလိမ့်မယ်။ တန့်တော်ဦးစေတီက အဲ့သည့်ဆိုင်းပုဒ် အနောက်လေးမှာတင် ရှိတာ။ ရပ်တော်မူ မြတ်စွာဘုရား ရုပ်ပွားတော်တစ်ဆူကို ဖူးရပါလိမ့်မယ်။ မြတ်စွာဘုရားဟာ သတ္တဝါတို့အတွက် ကောင်းကျိုးရှိမရှိ ရပ်တန့်ပြီး ကြည့်တော်မူရာအရပ်လို့ ဆိုကြတယ်။

တန့်တော်ဦးဘုရား အရှေ့က မဟာဗောဓိညောင်ပင်
တန့်တော်ဦးဘုရားဆိုတာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူပါ။

နတ်ရေကန်

တန့်တော်ဦးကနေ ထပ်တက်သွားရင် လှေကားအဆုံးမှာ ဘုရားသုံးဆူအောင်မြေသို့ ရောက်တယ်။ အဲ့သည့်မှာ နေအေးတော့ အမောဖြေရင်း ခဏဝင်နားဖြစ်တယ်။ ဆက်သွားရမယ့်လမ်းက ဖုန်ထနေပူနေတဲ့လမ်း ဖြစ်သွားပြီ။ ခဏနားပြီးမှ ရေသန့်တစ်ဗူးနဲ့ ကင်မရာလွယ်ပြီး ရှေ့ဆက်ခဲ့တယ်။ ကားလမ်းမဘေးကနေ သွားရတာဆိုတော့ ဖုန်ကတော့ အတော်ကြီးကို ထူတယ်။ လမ်းမှာ ရွှေဖရုံဆုတောင်းပြည့်လေးမျက်နှာ ပဋ္ဌာန်းဆက်စေတီကို တွေ့လို့ ဓာတ်ပုံဝင်ရိုက်လိုက်သေးတယ်။ နတ်ရေကန်က ကားလမ်းမရဲ့ ဘယ်ဘက်အခြမ်းမှာ ရှိတာ။ လျှိုထဲသို့ လှေကားထစ်တွေအတိုင်း ဆင်းသွားရသေးတာ။ နတ်ရေကန်ဆိုတော့ ရေကန်လို့ ထင်ထားတာ။ ကျောက်ကြိုးကျောက်ကြားက စိမ့်ထွက်လာတဲ့ ရေနည်းနည်းလေးကို ပိုက်နဲ့သွယ်ပြီး နတ်ရုပ်တုလက်ထဲကနေ ရေအိုးထဲ ကျအောင် ရေသွယ်ထားတာ ဖြစ်နေတယ်။ မန်းချောင်းနဲ့ အနီးအနားမှာ ကျောက်စက်ရေထွက်တာ သဘာဝပဲဟာကို။ သွားမောကြီးပါကွာ။

ဘုရားသုံးဆူအောင်မြေ
ရွှေဖရုံဆုတောင်းပြည့်လေးမျက်နှာပဋ္ဌာန်းဆက်စေတီ
နတ်ရေကန်ဆိုလို့ ရေကန်လေး မှတ်နေတာ။ ကျောက်ထဲကနေ သူ့သဘာဝအတိုင်း စိမ့်ထွက်လာတဲ့ရေပိစိလေးကို ပိုက်နဲ့သွယ်ထားတာ ဖြစ်နေတယ်။ သွားမောကြီး။

အထက်စက်တော်ရာ

မြတ်စွာဘုရားနှင့် နောက်ပါရဟန္တာတွေဟာ နမ္မဒါမြစ်ကနေ ဆက်လက်ကြွချီလာရာ မကုဋတောင်ထိပ်ရောက်တော့ ခဏနားပြန်တယ်။ သည်တစ်ခါတော့ သစ္စဗန္ဓမထေရ်ကို ထားခဲ့ဖို့ပါ။ ရဟန္တာမထေရ်က မြတ်စွာဘုရားကို ရည်မှန်းပူဇော်ရန်အတွက် သူ့အတွက်လည်း ခြေတော်ရာတစ်ဆူ ချန်ပေးပါလို့ တောင်းပန်လာတယ်။ ဒါနဲ့ တောင်ထိပ်ရှိ ချောက်ကမ်းပါးအနီးက ကျောက်ဖျာပေါ်မှာ ဒုတိယခြေတော်ရာကို ချန်ထားပြန်ပါတယ်တဲ့။

အထက်စက်တော်ရာကို လှေကားထစ်တွေအတိုင်း တက်မယ်ဆိုရင် လှေကားထစ်ပေါင်း ၆၁၀ကို တက်သွားရမှာပါ။ အဆင်းက ကိစ္စမရှိပေမယ့် အတက်က မလွယ်ပါဘူး။ သည်တော့ တောင်တက်ကားပဲ စီးဖြစ်တယ်။ တစ်ယောက်ကို ၅၀၀ကျပ်ပါ။

အထက်စက်တော်ရာကို ဌာပနာပြီး ရွှေစေတီ တည်ထားတာပါ။

သစ္စဗန္ဓမထေရ်၏ ဓာတ်တော်စေတီ (သချိုင်္င်းတော်ရာစေတီ)

အထက်စက်တော်ရာစေတီ အနီးရှိ ရင်ပြင်တော်ပေါ်မှာပဲ ရှိပါတယ်။ ဥာဏ်တော်အတန်အသင့်လောက်ပဲ ရှိတယ် ရွှေစေတီငယ်ပါ။ သစ္စဗန္ဓမထေရ် ပရိနိဗ္ဗာန်ပြုပြီးနောက် ကြွင်းကျန်ရစ်တော် ဓာတ်တော်မွေတော်များကို ဌာပနာထားရာ စေတီလို့ မှတ်သားရတယ်။

သည်နေရာမှာ သစ္စဗန္ဓရဟန္တာအကြောင်း အနည်းငယ် ရှင်းပြချင်ပါတယ်။ သစ္စဗန္ဓမထေရ် ဘဝမတိုင်မှီ တစ်ခုသောဘဝမှာ သိကြားမင်း၏ အဆွေခင်ပွန်း နတ်သားတစ်ပါး ဖြစ်ခဲ့ဖူးတယ်။ တစ်နေ့သောအခါ သိကြားမင်းက မိတ်ဆွေနတ်သားကို လူ့ပြည်မှာ ရာသီဥတုမှန်မမှန်၊ ဆန်ရေစပါး အထွက်ကောင်းမကောင်း စုံစမ်းခိုင်းသတဲ့။ နတ်သားသည်လည်း လူ့ပြည်သို့ ဆင်းပြီး စုံစမ်းရာ သာယာဝပြောမှု ရှိတာကို တွေ့ရတယ်တဲ့။ သက်သေအနေနဲ့ စပါးနှံကြီးတစ်နှံကို နတ်ပြည်သို့ သယ်သွားတာပေါ့။ ဒါပေမယ့် လယ်ပိုင်ရှင်ဆီကနေ ခွင့်ပြုချက် မတောင်းခဲ့မိဘူးတဲ့။

ထိုအပစ်ကြောင့် နတ်သက်ကြွေသောအခါ လယ်ပိုင်ရှင်ဆီမှာ နွားဖြစ်ရရှာတယ်။ ကုသိုလ်ကံအခံရှိလေသော ရိုးရိုးနွား မဟုတ်ဘဲ ခွန်အားကြီးသော နွားလားဥသဘကြီး ဖြစ်လာတော့တယ်။ လယ်ပိုင်ရှင်က နွားကြီးကို ချစ်လွန်းလို့ ခိုင်းစားခြင်း မပြုဘဲ အလိုလိုက်ထားတယ်တဲ့။ နွားကြီးက ကြောက်ရမည့်သူ မရှိလေတော့ ထင်တိုင်းကြဲပြီး လူတွေကို အန္တရာယ်ပြုလာတယ်။ သည်လိုနဲ့ ရွာသားတွေ ပေါင်းပြီး နွားကြီးကို သတ်လိုက်ကြတော့တယ်။ နွားကြီးဟာ သေအံ့ဆဲဆဲမှာ ဆုတောင်းမှုတစ်ခု ပြုသွားတယ်။ သူ့အားအနိုင်ကျင့် သတ်ဖြတ်သူများကို ပြန်လည် သတ်ဖြတ်နိုင်ရပါ၏ တဲ့။

နွားဘဝလွန်တော့ မကုဋတောင်ကို အမှီပြုပြီး မုဆိုးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်လာတော့တယ်။ ယခင်ဘဝက သူ့အား ဝိုင်းဝန်းသတ်ဖြတ်ခဲ့တဲ့ ရွာသားတွေဟာ ထိုတောင်မှာပဲ တောကောင်တွေ လာဖြစ်တယ်။ သည်လိုနဲ့ မုဆိုးကြီးဟာ သားကောင်တွေကို ဖမ်းဆီးသတ်ဖြတ်လို့ နေတာပေါ့။

တစ်ခါတော့ သိကြားမင်းဟာ သူ၏မိတ်ဆွေနတ်သားအဖြစ်ကို နတ်မျက်စိနဲ့ ကြည့်လိုက်တော့ အကုသိုလ်ထူပြောတဲ့ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်းနေတာ သွားတွေ့တယ်။ တားမြစ်လိုတဲ့အတွက်ကြောင့် မုဆိုးယောင်ဆောင်ပြီး မကုဋတောင်မှာ အမဲလိုက်ထွက်ဟန် ပြုတယ်။ မုဆိုးက သူ့ပိုင်နက်ကနေ ထွက်သွားဖို့ပြောတယ်တဲ့။ သိကြားမင်းက လေးကြိုးတင်ပြီး ပညာပြိုင်ကြမယ်ပေါ့။ သူရှုံးရင် ထွက်သွားပေးမယ်။ သူနိုင်ရင် သူတောင်းဆိုတဲ့ ကတိသစ္စာကို လိုက်နာရမယ်လို့ ကတိကဝတ် ပြုကြတယ်။ မုဆိုးလည်း သိကြားမင်း၏ လေးကြိုးကို တင်ကြည့်တာ ဘယ်လိုမှ မတတ်နိုင်ဘဲ ရှုံးသွားတယ်။ ထိုအခါ သိကြားမင်း တောင်းတဲ့ကတိက တောလည်မထွက်ခင် သစ္စာတစ်ခုပြုရမယ်။ ယနေ့ သားကောင်အမကိုပဲ အမဲလိုက်မယ်လို့ သစ္စာပြုထားရင် သားကောင်အထီးကို မလိုက်ရဘူး။ ယနေ့ သားကောင်အထီးကို အမဲလိုက်မယ်လို့ သစ္စာပြုထားရင် သားကောင်အမကို အမဲမလိုက်ရဘူး တဲ့။ သိကြားမင်း၏ တန်ခိုးကြောင့် မုဆိုးက သားကောင်အမပဲ လိုက်မယ်ဟေ့ဆိုရင် ထိုနေ့တစ်နေ့လုံး အထီးချည်းပဲ တွေ့တယ်။ သားကောင်အထီး လိုက်မယ်ဟေ့ဆိုရင် တစ်နေကုန် သားကောင်အမချည်းပဲ တွေ့တယ်။ သည်လိုနဲ့ မုဆိုးလည်း အကုသိုလ်အလုပ်နဲ့ အကျိုးမပေးဘူးနဲ့ တူပါရဲ့ ဆိုပြီး ရသေ့ဝတ်သွားတာတဲ့။ ကတိသစ္စာ တည်ကြည်သူဖြစ်လို့ သစ္စဗန္ဓရသေ့ဆိုပြီး အမည်တွင်လာတယ်။ မုဆိုးဟာ အခြားလည်း လုပ်ကိုင်မစားတတ်လေတော့ ရသေ့သာ ဝတ်သွားတယ်။ ဘယ်လိုကျင့်ကြံရမှန်း မသိဘူး။ ဒါ့ကြောင့် သူ့ဘာသာ ထင်သလိုတွေးတောကြံဆပြီး ကျင့်ကြံနေထိုင်တယ်တဲ့။ သူ့ဆီက တရားနာလာတဲ့သူတွေကိုလည်း အယူမှားတွေ ဟောပြောတော့တာပေါ့။

မြတ်စွာဘုရားဟာ အရှင်ပုဏ္ဏမထေရ်၏ ပင့်ဖိတ်ချက်ကို လက်ခံရသည့်အကြောင်းရင်းထဲမှာ သစ္စဗန္ဓရသေ့ ကို တရားဟောရင် မဂ်ဥာဏ်ဖိုလ်ဥာဏ် ရနိုင်လောက်တဲ့ ပါရမီပါတာကို မြင်တဲ့အတွက်ကြောင့်လည်း ပါတယ်။ စန္ဒကူးနံ့သာကျောင်းတော်ကို ကြွနေရင်း မကုဋတောင်ထိပ်ရောက်တော့ ခရီးတစ်ထောက် နားတယ်။ ထို့နောက် သစ္စဗန္ဓရသေ့ကို တရားဓမ္မဒေသနာတော်တွေ ဟောကြားတော်မူတယ်တဲ့။ တရားနာနေစဉ်အတွင်း တရားတော်အတိုင်း ကျင့်ကြံသွားရာ ဒေသနာအဆုံးမှာ အရဟတ္တဖိုလ်ဥာဏ် ဆိုက်လေတယ်တဲ့။

သစ္စဗန္ဓရဟန္တာမထေရ်၏ ဓာတ်တော်များကို ဌာပနာထားရာ စေတီ

သစ္စဗန္ဓကျောင်းတော်ရာစေတီ

အထက်စက်တော်ရာစေတီကနေ စောင်းတန်းအတိုင်း အောက်ဘက်သို့ ဆင်းသွားရင်း ဖူးမျှော်နိုင်ပါတယ်။ လှေကားထစ်တွေ ဘေးနားက နေရာလွတ်လေးမှာ တည်ထားတာပါ။ သစ္စဗန္ဓမထေရ် သီတင်းသုံးခဲ့တဲ့ ကျောင်းတော်ရာ အထိမ်းအမှတ်နေရာလို့ ပြောကြတယ်။

သစ္စဗန္ဓရဟန္တာမထေရ်၏ ကျောင်းတော်ရာ အထိမ်းအမှတ် စေတီ

မုဆိုးတောင်စေတီ

အထက်စက်တော်ရာစေတီကနေ တောင်ပေါ်ကို လှေကားထစ်တွေအတိုင်း တက်သွားရသေးတယ်။ ဟိုလူမေး သည်လူမေးနဲ့ ရောက်သွားတာပါပဲ။ မေးလိုက်မိတဲ့လူတိုင်းက စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးကြတယ်။ သစ္စဗန္ဓရဟန္တာမထေရ်မှ မြတ်စွာဘုရားအား ခြေတော်ရာ ပေးသနားတော်မူရန် တောင်းပန်ရာနေရာမှာ တည်ထားတဲ့စေတီလို့ သိရတယ်။

မသိကျိုးကျွံပြုလည်း အားမနာတမ်း အလှူခံနေသောကြောင့် စိတ်ကျဉ်းကြပ်ခဲ့ရသော မုဆိုးတောင်စေတီ

မဟာမုနိဘုရား ကိုးခန်းကြီး

အထက်စက်တော်ရာစေတီသို့ မရောက်ခင် တောင်တက်ကားတွေရပ်တဲ့နေရာနားက တန်စောင်းထဲမှာ ရှိပါတယ်။ မန္တလေး မဟာမုနိ ရုပ်ပွားတော်နှင့် ပုံစံတူ ထုလုပ်ထားတဲ့ ရုပ်ပွားတော်ကို ကြည်ညိုဖွယ် ဖူးတွေ့ရပါတယ်။

ကိုးခန်းကြီးဘုရားလို့လည်း ခေါ်တယ် မဟာမုနိဘုရားလို့လည်း ခေါ်တယ်။
ကိုးခန်းကြီးဘုရားတန်စောင်း ရှေ့က တောင်တက်ကားတွေ ရပ်တဲ့နေရာ

ရွှေစက်တော် အောင်မြေ (၉) ဌာန

၁) အောက်စက်တော်ရာ

၂) အထက်စက်တော်ရာ

၃) မုဆိုးတောင်အောင်မြေ

၎) သစ္စာဒီပကအောင်မြေ ခေါ် သစ္စာဗန္ဓအောင်မြေ

၅) သိကြားပုန်းတောင်အောင်မြေ

၆) ရသေ့တောင်အောင်မြေ

၇) တောင်းပန်ဦးအောင်မြေ

၈) တောင်းပန်ရအောင်မြေ

၉) ကလျာဏီသိမ်အောင်မြေ 

သိကြားပုန်းတောင်အောင်မြေ
သစ္စာဗန္ဓအောင်မြေ
အထက်စက်တော်ရာ ရင်ပြင်ရှိ ဒုတိယဆုတောင်းပြည့်စေတီ
ချမ်းမေးသမျှအားလုံး စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးတဲ့ဆိုင်

ရသေ့တောင်နှင့် ရဟန္တာခြေတော်ရာကို ဖူးမျှော်ဖို့ကျတော့ အတော်လေးလှမ်းပါတယ်။ ၂နာရီလောက် လမ်းလျှောက်ရမယ်တဲ့။ ပြီးတော့ မျောက်တွေလည်း ပေါတယ်လို့ သိရတယ်။ ညဘက်သွားဖို့တော့ လုံးဝ မစဉ်းစားပါနဲ့လို့။ အလင်းရောင်ရှိချိန် ဆိုရင်တော့ ရောက်တုန်း အကုန်စုံသွားအောင် သွားဖူးစေချင်ပါတယ်။ အဲ့လောက်ဝေးမှန်း မသိတော့လေ ရသေ့တောင်ဘက် သွားဖို့ အချိန် မဖယ်ထားလိုက်မိလို့ ချမ်းကတော့ မဖူးခဲ့လိုက်ရဘူး။

Ref: မြင့်မိုရ်မေမေစာပေတိုက်မှ ထုတ်လုပ်သော ရွှေစက်တော်ဘုရားသမိုင်း ရုပ်ပြစာအုပ်

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.