Religious Trip

Fill your life with adventures.

သမိုင်းများနှင့် အနုစိတ် ပုံဖော်ထားသော မင်းကွန်း

"ပုထိုးတော်ကြီး ပြိုကျရင် အိမ်မှာသေနေတဲ့ မယားတောင် လှည့်မကြည့်နဲ့" ခပ်သေးသေးအသံစူးစူးနဲ့ ပြောလိုက်တဲ့ သည်စကားကြောင့် စိတ်ဝင်စားမိသွားတယ်။ စူးစမ်းကြည့်တော့ အမရပူရငလျင် လှုပ်ခဲ့တုန်းက ပုထိုးတော်ကြီး ကွဲအက်ပြိုကျခဲ့တယ်တဲ့။

ပုထိုးတော်ကြီးထဲက ဌာပနာပစ္စည်းတွေ ထွက်ကျလာလို့ တစ်နယ်လုံး အလုအယက် လာကောက်ကြရောတဲ့။ အဲ့ဒါကြောင့် သည်စကား ပေါ်လာတာပေါ့တဲ့။ "ပိုရန်ကော" ဆိုတော့... "ပုထိုးတော်ကြီးထဲမှာ ရွှေလှည်းကိုးစီး၊ ငွေလှည်းကိုးစီး၊ ပတ္တမြားလှည်းကိုးစီးတောင် ဌာပနာခဲ့တာ" ဆိုပြီး စူပုပ်ပုပ်လေး ထုချေတယ်။ သည်အကြောင်းအရာတွေကို ပြောပြလာတာကတော့ ကလေးငယ်လေး တစ်ဦးပါ။ တိတိကျကျဆိုရသော် ပုထိုးတော်ဝန်းကျင်မှာ ဘုရားသမိုင်း ရှင်းပြပြီး မုန့်ဖိုးရှာနေတဲ့ ကလေးငယ်ပါ။ ကလေးတစ်ယောက် ပြောတဲ့စကားမို့ ယုတ္တိရှိလှရယ်တော့ မဟုတ်ဘူး ဆိုပေမယ့် နားထောင်လို့တော့ အကောင်းသား။

မင်းကွန်းဟု ခေါ်တွင်လာပုံ

မင်းကွန်းဆိုတဲ့ နာမည် မပေါ်မီကတည်းက သည်နေရာကို မင်းရွာလို့ ခေါ်ကြတယ်။ ဘိုးတော်ဘုရား၏ မိန့်ကြားမှုကြောင့် မင်းကွန်းဆိုပြီး ပြောင်းသွားတာ။ ဝက်မစွတ်မြို့စား ဒုတိယနဝဒေး၏ ဝီလာသိနီမော်ကွန်းမှာ သည်အကြောင်းကို ထည့်ပြီး စပ်ဆိုထားတာ တွေ့ခဲ့ရတယ်။ "မဏ္ဍိုင်အမရ၊ ရွှေနန်းကလည်း၊ မင်းရွာ့အထိပ်၊ မြစ်ဆိပ်တခွင်" ၊ ".........." ၊ "ရေကြည်ရစ်ဝန်း၊ ညိုသည့်ကျွန်းကို၊ မင်းကွန်းသပြေ၊ မည်တွင်စေလျက်" ပါတဲ့။ နတ်တို့စံရာနေရာကို နတ်ကွန်းလို့ ခေါ်သကဲ့သို့ မင်း၊ မိဖုရားတို့ စံရာနေရာကို မင်းကွန်းဟု ကမ္ဗည်းတင်စေခဲ့တာလို့လဲ မှတ်သားရပြန်တယ်။

ပုထိုးတော်ကြီးပေါ်မှနေ လှမ်းမြင်နေရသော ဧရာဝတီမြစ်

ဘိုးတော်ဘုရား၏ မင်းကွန်း နယ်နိမိတ်

စာများများ မဖတ်ချင်ဘူးဆိုရင် သည်ခေါင်းစဉ်ကို ကျော်ဖတ်သွားနိုင်ပါတယ်။ ကာလကြာလေ ပျောက်ပျက်လေ ဖြစ်မှာဆိုးလွန်းလို့သာ ထည့်ရေးထားတာပါ။ အခုတောင် မူရင်း ပန္နက်တော်မှတ်တမ်းမြေပုံက ပျောက်ခြင်းမလှ ပျောက်နေပြီပဲ။ မူရင်း ပန္နက်တော်မှတ်တမ်းကို ၁၂၀၀ပြည့်နှစ် အမရပူရငလျင်ကြီး လှုပ်အပြီးမှာ ရေးဆွဲခဲ့တာလို့ ဖတ်ရတယ်။ မူရင်း ပန္နက်တော်မှတ်တမ်း၏ နောက်ဆုံးပိုင်ရှင်က မျက်ပါးရစ်စစ်တပ်မှ ဗိုလ်ဘသာပါတဲ့။ ကိုဘသာဟာ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေသိမ်းဆည်းရတာကို ခုံမင်မက်မောလှသူတစ်ဦး။ သူရှာဖွေတွေ့ရှိခဲ့သည့် အထဲမှာ မင်းကွန်းစံနန်းတော်ပန္နက်၊ သပြေတန်းခံတပ်ပန္နက်၊ ကျောက်ဆည်နယ်မြေပုံနှင့် အင်းဝမြို့တော်မြေပုံတို့ ပါဝင်တယ်။ မင်းကွန်းစံနန်းတော်ပန္နက် နှင့် ကျောက်ဆည်နယ်မြေပုံတို့ဟာ မူရင်းတွေဖြစ်ပြီး သပြေတန်းခံတပ်ပန္နက် နှင့် အင်းဝမြို့တော်မြေပုံတို့က မူပွားတွေ ဖြစ်တယ်။

ကိုဘသာတစ်ယောက်ကတော့ စစ်ကြီးပြီးစအချိန်လောက်က ရှမ်းပြည်နယ်ဘက်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ကိုဘသာ သေဆုံးသွားပြီးနောက် သူအနှစ်နှစ်အလအလ စုဆောင်းခဲ့သော သမိုင်းအရ အဖိုးမဖြတ်နိုင်သည့် ပေ၊ ပုရပိုက်၊ ရှေးဟောင်းပစ္စည်းများ ဘာဖြစ်လို့ဖြစ်သွားမှန်း မသိတော့လောက်အောင် ပျောက်ကွယ်သွာပါတယ်။ ဆက်လက် ဖော်ပြသွားမယ့် နယ်နိမိတ်မှတ်တမ်းကတော့ ကိုဘသာ၏ မိတ်ဆွေ သမိုင်းပညာရှင် စာရေးဆရာရွှေကိုင်းသား၏ မှတ်စုထဲကနေပြီးတော့ ပိဋကတ်တစ်ပုံဆောင် အရှင်စန္ဒဇောတိမှ ကူးယူခဲ့သဖြင့်သာ လက်ဆင့်ကမ်းနိုင်တာပါ။

ပန္နက်တော်မှတ်တမ်းထဲမှာ မင်းကွန်းနယ်နိမိတ်ကို တောင်ဘက်စွန်းစွန်းမှ မြောက်ဘက်စွန်းစွန်းထိ ဆက်စပ်ကာ ဖော်ပြထားတယ်။ တောင်ဖျားအစွန်းဆုံးက ကျွန်းပင်မောင်နှမနတ်စင်ကနေ စတင်ထားတယ်။ နတ်စင်၏ မြောက်ဘက်မှာ သတ်တပတ်ဥယျာဉ်တော်၊ ဥယျာဉ်တော်မြောက်ဘက်မှာ မယ်တော်ဘုရားစေတီ၊ ယင်းမြောက်ဘက်မှာ သီလရင်စီရင်စု၊ စီရင်စု၏ အရှေ့မြောက်ထောင့်မှာ တောင်ရွာရှိပြီး တောင်ရွာ၏ မြောက်ဘက်မှာ သဲဖြူချောင်း စီးဆင်းနေတယ်။ သဲဖြူချောင်းရိုး၏ မြောက်ဘက်တွင် အရှေ့ဖျား ဟေမရာဇာဥယျာဉ်တော်နှင့် အနောက်ဘက် သဲဖြူချောင်းရွာ တို့ ရှိပြန်တယ်။ ဟေမရာဇာဥယျာဉ်တော် အဆုံးမှာ စက်တော်ရာဘုရား ရှိတယ်။

စက်တော်ရာဘုရား၏ မြောက်ဘက်တွင် ဧရာဝတီမြစ်ကမ်းနှဖူးမှ ခြင်္သေ့ကြီးနှစ်စီး၊ ယင်းအနောက်တည့်တည့်မှာ ပုထိုးတော်ကြီး၊ ပုထိုးတော်ကြီး၏ မြောက်ဘက်မှာ ခေါင်းလောင်းကြီး၊ ခေါင်းလောင်းကြီး၏ မြောက်ဘက်မှာ ဗောဓိပင်တို့ ရှိကြတယ်။ ဗောဓိပင်၏ မြောက်ဘက် ၁၀တာအကွာမှာ မြသိန်းတန်စေတီ ရှိတယ်။ မြသိန်းတန်၏ အရှေ့ဘက်စောင်းတန်းဦး မြစ်ကမ်းနှဖူးမှာ အရှင်နန်းမတော်ဘုရားဥယျာဉ်တော်၊ မြသိန်းတန်၏ မြောက်ဘက် ၁၄တာအကွာမှာ ရှားရောင်းရွာတို့ တည်ရှိတယ်။ ရွာမြောက်ဘက်မှာတော့ ရှားရောင်းချောင်း ရှိတယ်။ ချောင်းဟာ အရှေ့အနောက် ကန့်လန့်ဖြတ် စီးဆင်းနေတယ်။ ချောင်းတစ်ဖက်မှာတော့  သားတော်မက္ခရာဥယျာဉ်တော်၊ ယင်းမြောက်ဘက်မှာ ကင်းရွာဖြင့် မင်းကွန်းနယ်နိမိတ်ကို အဆုံးသတ်ထားတယ်။ မင်းကွန်း၏ အရှေ့ဘက်မှာ ဧရာဝတီမြစ်၊ အနောက်ဘက်မှာ ရွှေမြင်တင်တောင်တန်းတို့ တည်ရှိနေပုံက မင်းကွန်းနယ်ကို သဘာဝနယ်နိမိတ်စည်း တားထားသကဲ့သို့ပင်။

ဘိုးတော်ဘုရား၏ အတ္ထုပ္ပတ္တိအကျဉ်း

ဘိုးတော်ဘုရား၏ ငယ်နာမည်က မောင်းဝိုင်းပါတဲ့။ အင်းဝနေပြည်တော်ကို ဟံသာဝတီတပ်များ ဝိုင်းရံစဉ်က မွေးခဲ့တာမို့ သည်နာမည်ကို ပေးခဲ့တာပါ။ ခမည်းတော်က ကုန်းဘောင်နန်းတည် အလောင်းမင်းတရားကြီး ဖြစ်ပြီး မယ်တော်ကတော့ မဟာမင်္ဂလာရတနာဓိပတိ သီရိရာဇာစန္ဒယဒေဝီ ဘွဲ့ခံ မိဖုရားခေါင်ကြီး တို့ဖြစ်တယ်။ မောင်ဝိုင်းရဲ့ မွေးနေ့က ၁၇၄၅ခု မတ်လ ၁၁ရက်၊ တနင်္လာနေ့ပါတဲ့။ မင်းသားဘဝတုန်းက ဗဒုံမြို့နှင့် မြဝတီမြို့များကို စားရလို့ ဗဒုံမင်းသားလို့လည်း ခေါ်ဝေါ်ကြတယ်။ ၁၇၈၂ခု ဖေဖော်ဝါရီလ ၁၁ရက်၊ တနင်္လာနေ့မှာ နန်းတက်ခဲ့ပြီး နန်းစံ ၃၇နှစ်အကြာ ၁၈၁၉ခု ဇွန်လ ၅ရက်နေ့မှာ နတ်ရွာစံခဲ့တယ်။

ဘိုးတော်ဘုရား၏ အုတ်ဂူပြာသာဒ်

ဗဒုံမင်း၏ အလောင်းကို မြေးတော်စစ်ကိုင်းမင်းမှ လွှတ်တော်၏ အရှေ့မြောက်အရပ်တွင် ဇွန်လ ၇ရက်နေ့မှာ သဂြိုင်္ဟ်ပေးခဲ့ပါတယ်။ ဗဒုံမင်း၏ အုတ်ဂူစေတီဟာ အမရပူရနန်းမြို့ဟောင်း၏ အရှေ့တောင်ဘက်ရှိ ရွှေစကားစေတီ၏ မြောက်ဘက်မှာပါ။ တောင်သမန်ကန်ပတ်လမ်းမှဖြစ်စေ၊ မြို့ရိုးတောင်ဘက်တံခါးရှိ တပ်တွင်းဝင်ပေါက်မှဖြစ်စေ သွားနိုင်ပါတယ်။ ကုလားကျောင်းခံစေတီ မဟုတ်ဘဲ ရင်ပြင်၏ အနောက်တောင်ထောင့်မှာ ရှိတာပါ။ ဂူပြာသာဒ်ရှေ့မှာ ဘိုးတော်ဘုရား၏ မှတ်တမ်းကျောက်စာကို စိုက်ထူထားတာမို့ သွားရှာကြည့်သင့်ပါတယ်။

ဘိုးတော်ဘုရား မင်းကွန်းစံနန်းမှာ စံနေသောကာလ

ပထမအကြိမ် ။ ။ ၁၁၅၂ခု နတ်တော်လဆန်း ၁၅ရက်နေ့မှ ၁၁၅၃ခု ကဆုန်လပြည့်ကျော် ၁၀ရက်နေ့အထိ စုစုပေါင်း ၅လနှင့် ၁၀ရက်။

ဒုတိယအကြိမ် ။ ။ ၁၁၅၃ခု ပြာသိုလဆန်း ၁၂ရက်နေ့မှ တန်ခူးလပြည့်ကျော် ၁၀နေ့အထိ စုစုပေါင်း ၃လနှင့် ၇ရက်။

တတိယအကြိမ် ။ ။ ၁၁၅၄ခု နတ်တော်လပြည့်ကျော် ၁ရက်နေ့မှ တပေါင်းလဆန်း ၆ရက်နေ့အထိ ၂လနှင့် ရက်၂၀။

စတုတ္ထအကြိမ် ။ ။ ၁၁၅၅ခု ပြာသိုလဆန်း ၁ရက်နေ့မှ ၁၁၅၇ခု နယုန်လပြည့်ကျော် ၁၃ရက်နေ့အထိ ၁နှစ် ၆လနှင့် ၂၈ရက်။

ပဉ္စမအကြိမ် (ပုထိုးတော်ဌာပနာပြီးဆုံးသည့်နှစ်) ။ ။ ၁၁၅၈ခု တန်ဆောင်မုန်းလဆန်း ၁၂ရက်နေ့မှ တပေါင်းလကုန်အထိ ငါးလ။

ဆဌမအကြိမ် ။ ။ ၁၁၆၂ခု ပြာသိုလပြည့်ကျော် ၂ရက်နေ့မှ ၁၁၇၄ခု နတ်တော်လပြည့်ကျော် ၁၃ရက်နေ့အထိ ၁၂နှစ်။

အားလုံးပေါင်းသော် ၁၅နှစ်ကြာမျှ မင်းကွန်း နန်းတော်ကျွန်းစံနန်းတော်တွင် စံမြန်းတော်မူခဲ့သည်။

ပုထိုးတော်ကြီး - မြန်မာသက္ကရာဇ် ၁၁၅၂

ဘိုးတော်ဘုရား၏ အာဏာစက်ဟာ ရခိုင်ပြည်ကနေပြီးတော့ ယိုးဒယားနိုင်ငံထိ ကျယ်ပြန့်တယ်။ သူ၏ဂုဏ်နှင့် လျော်ညီစွာ ကြီးကျယ်ခမ်းနားတဲ့ ပုထိုးတော်ကြီးကို ဆောက်လုပ်လိုတယ်။ ၁၁၅၂ခု နတ်တော်လဆန်း ၁၅ရက်၊ တနင်္ဂနွေနေ့မှာ သားတော်မဟာဥပရာဇာကို နန်းစောင့်ထားခဲ့ပြီး မင်းရွာသို့ ထွက်ခွာခဲ့တယ်တဲ့။ တပို့တွဲလဆန်း ၅ရက်နေ့မှာ ပုထိုးတော်ကြီး တည်ဆောက်ရန်အတွက် ရွှေအုတ်၊ ငွေအုတ်တို့ ခင်းတော်မူတယ်။ ပုထိုးတော်ကြီးကို ပေ၅၀၀ ဥာဏ်တော်အမြင့် တည်ဆောက်ရန် ရည်မှန်းထားပါတယ်။ ၁၀နှစ်ကြာ တည်ဆောက်နေတာတောင် ၁၆၅ပေ အမြင့်ထိပဲ ပြီးသေးတယ်။ အောက်ခြေပစ္စယံကို ပေ၄၅၀ ဆောက်ဖို့ ပုံစံထုတ်ထားတာဆိုတော့ အောက်ခြေပစ္စယံတောင် မပြီးသေးဘူးလို့ ဆိုရမှာပဲ။

ပုထိုးတော်ကြီး တည်ဆောက်ဖို့အတွက် အနယ်နယ်အရပ်ရပ်မှ လူထုအင်အားကို အသုံးပြုနေရတာ။ တိုင်းသူပြည်သားတို့ဟာ ပင်ပန်းလှပြီမို့ တဘောင်တစ်ခု ပေါ်ထွက်လာတယ်။ "ဘုရားလည်းပြီး၊ ပြည်ကြီးလည်း ပျက်လတံ့၊ မင်းကွန်းဘုရားကြီး အပြီးသတ် မုဆိုးသုညကပ်" တဲ့။ သည်တော့မှပဲ ဘိုးတော်ဘုရားဟာ ပေ၅၀၀ထိ ဆောက်ဖို့အရေးကို လက်လျှော့လိုက်တော့တယ်။

ပုထိုးတော်ကြီး၏ အရှေ့ဘက် မြင်ကွင်း
ပုထိုးတော်ကြီး၏ အနောက်ဘက် မြင်ကွင်း
ပုထိုးတော်ကြီးရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်
ပြိုကျနေသော ပုထိုးတော်ကြီး၏ တစ်စိတ်တစ်ပိုင်း
ပုထိုးတော်ကြီး အုတ်နံမှာ လျှောက်ရေးထားသော စိတ်ပျက်စရာစာများ

ခြင်္သေ့ကြီး - မြန်မာသက္ကရာဇ် ၁၁၆၁

ပုထိုးတော်ကြီး၏ အရှေ့ဘက် ဧရာဝတီမြစ်ကမ်းနှဖူးမှာ ခြင်္သေ့ကြီးနှစ်ကောင် ရှိတယ်။ ခြင်္သေ့တစ်စီးစီဟာ ၉၅ပေ အသီးသီး မြင့်မားကြတယ်။ အုတ်အင်္ဂတေတို့ဖြင့် ဆောက်လုပ်ထားတဲ့ ခြင်္သေ့ကြီးတွေပါ။ ဘိုးတော်ဘုရားဟာ ပုထိုးတော်ကနေပြီးတော့ ခြင်္သေ့နှစ်ကောင်ဆီထိသို့ စောင်းတန်းတစ်သွယ် ဆောက်လုပ်စေခဲ့တယ်။ ဒါပေမယ့် စစ်ကိုင်းငလျင်ဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရသဖြင့် စောင်းတန်းဟာ လုံးဝပျက်ဆီးသွားပါပြီ။ ခြင်္သေ့တွေရဲ့ ဦးခေါင်းတွေလည်း မရှိတော့ပါဘူး။ ရှေ့ခြေထောက်တွေလည်း ပြိုကျသွားပါပြီ။ ခြင်္သေ့ရဲ့ မျက်လုံးတစ်လုံးကတော့ အနီးရှိ မြေပေါ်မှာ ပြုတ်ကျနေလေရဲ့။

ခြင်္သေ့ကြီးနှစ်စီးနားမှ ဧရာဝတီမြစ်ဆိပ်
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေပြီဖြစ်သော ခြင်္သေ့ကြီး
မြေခနေသော ခြင်္သေ့မျက်လုံးတစ်လုံး

ခေါင်းလောင်းကြီး

ပန်းတင်းဝန် မဟာနန္ဒကျော်သူက ကြပ်မတ်ပြီး သွန်းလုပ်ခဲ့တာပါ။ ကြေးပိဿာပေါင်း ၅၅၅၅၅ပိဿာဖြင့် သွန်းလုပ်ထားပါတယ်။ အလေးချိန်ကို "မင်းဖြူမှန်မှန်ပြော" ဆိုပြီး မှတ်သားခဲ့ကြတယ်။ ခေါင်းလောင်းရဲ့ လုံးပတ်က ၃၃တောင် ၁မိုက် ၄သစ်၊ စောက်အနက်က ၁၁တောင် ၁မိုက် ၄သစ်၊ အဝအကျယ်က ၁၁တောင် ၄သစ်လို့ သိရတယ်။

၁၇၉၀က သွန်းလုပ်ခဲ့တဲ့ ခေါင်းလောင်းကြီးဟာ ၁၈၃၈ခုမှာ ငလျင်ဒဏ်ကြောင့် မြေခခဲ့သေးတယ်။ ကြေး၅ပိဿာလောက် ပဲ့ထွက်သွားတယ်ဆိုပဲ။ ကိုလိုနီခေတ် ၁၉၀၄ခုမှာ ဧရာဝတီသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိက သစ်သားယက်မနေရာမှာ သံယက်မကို အစားထိုးပြီး တပ်ဆင်ပေးလိုက်တာ။ အခုတော့ ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

ကြေးပိဿာ ၅၅၅၅၅ ရှိ ခေါင်းလောင်းတော်ကြီး

ကြက်တောင့်ကန်ကြီး - မြန်မာသက္ကရာဇ် ၁၁၇၉

စစ်ကိုင်း - မင်းကွန်း ကားလမ်းနဘေး ကြက်တောင့်ရွာမှာ ရှိပါတယ်။ ဘိုးတော်ဘုရားရဲ့ ကြီးလေးကြီးထဲက ရေကန်ကြီးပါ။ သောက်သုံးရေကန်အဖြစ် တည်ဆောက်ခဲ့တာဆိုပေမယ့် ဧရာဝတီမြစ်ကြီးတစ်ခုလုံး အနီးမှာ ရှိနေလေတော့ သိပ်တော့ အသုံးမဝင်ခဲ့ပါဘူး။

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရား ဦးဝိစိတ္တသာရာဘိဝံသ၏ အထိမ်းအမှတ် ဗိမာန်

(နိုဝင်ဘာလ ၁ရက် ၁၉၁၁ - ဖေဖော်ဝါရီလ ၉ရက် ၁၉၉၃)

မင်းကွန်းဆရာတော်ဟု ဆိုလိုက်တာနဲ့ ကျွန်မချက်ခြင်း မှတ်မိလိုက်တာကတော့ အရပ်ရှစ်မျက်နှာ မေတ္တာပို့တရားတော်ပါပဲ။ စိတ်နှစ်ပြီးများ လိုက်လံရွတ်ဖတ်လိုက်ရင်ဖြင့် ကြက်သီးမွှေးညှင်းလေးများ ထလောက်အောင်ကို ကြည်နူးသဒ္ဒါစိတ် ယိုဖိတ်ခဲ့မိပါတယ်။

- ဗုဒ္ဓဘာသာငါးနိုင်ငံစလုံးမှာ တိပိဋက သုံးပုံကို တစ်ချက်မျှ ထောက်ပြစရာ မလိုလောက်အောင် အာဂုံဆောင်နိုင်တဲ့ ရှားမှရှားသည့် ဆရာတော်

- ဝဋံသကာ (ဦးဆောက်ပန်းဘွဲ့) ဆိုသော ဘွဲ့အသစ်တစ်ခု ပေါ်ထွက်လာသည်အထိ ပညာဂုဏ် ကြီးမားသော ဆရာတော်

- ဟိတ်ဟန်မရှိ ရိုးသားပြီး မိမိကိုယ်ကို နှိမ့်ချစွာ နေထိုင်သော ဆရာတော်

- ဆဋ္ဌသင်္ဂါယနာ တင်ပွဲတွင် ဆဋ္ဌသင်္ဂတိသဇကအဖြစ် မေးသမျှ တရားဒေသနာများအား တစ်လုံးတစ်ပါဒမျှ အထစ်အငေါ့မရှိ မည်သည့်စာအုပ်၊ မည်သည့်စာမျက်နှာ၊ မည်သည့်စာကြောင်းရေနံပါတ်နှင့်တကွ အလွတ်ဖြေဆိုပြီး သင်္ဂါယနာတင်ပွဲကို အောင်မြင်စေခဲ့သော ဆရာတော်

- ၁၉၈၅ခုနှစ်ထုတ် ဂင်းနစ်မှတ်တမ်းစာအုပ်တွင် မှတ်ဥာဏ်အကောင်းဆုံးလူသားအဖြစ် စံချိန်တင်နိုင်ခဲ့သော ဆရာတော် - ကျမ်းပေါင်းများစွာကို ပြုစုရေးသားပေးခဲ့သော ဆရာတော်

ထိုမျှမက အခြားများပြားလှသော ဂုဏ်ပုဒ်များဖြင့် သတင်းမွှေးသည့် ဆရာတော်ဘုရား၏ အထိမ်းအမှတ်ဗိမာန်ဟာ ပုထိုးတော်ကြီးနှင့် နီးနီးနားနားမှာပဲ ရှိလို့ ဆက်ဆက်သွားရောက် စေချင်မိတယ်။

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရား ဦးဝိစိတ္တသာရာဘိဝံသ၏ ပုံစံတူ ကြေးရုပ်

မြသိန်းတန်စေတီ

မင်းကွန်းခေါင်းလောင်းကနေပြီးတော့ ကိုက် ၅၀၀ အကွာမှာ မြသိန်းတန်စေတီ ရှိပါတယ်။ စေတီ၏ ဗိသုကာပညာရပ်မှာ ထူးခြားလှပသည့်အတွက် ပြည်တွင်းဘုရားဖူးများသာမက ပြည်ပခရီးသွားများပါ စိတ်ဝင်တစား လာရောက်လည်ပတ် တတ်ကြတယ်။ စေတီ၏ အချိုးအစားကျနမှု၊ ဘုံဌာနတစ်ခုကို ဦးတည်ရည်ရွယ်ပြီး ဆောက်လုပ်ထားမှုကြောင့် လေးနက်တည်ငြိမ်တယ်။

စေတီမှာက ဘွဲ့တော်သုံးဘွဲ့ရှိတယ်လို့ ဖတ်လိုက်ရတယ်။ မြသိန်းတန်စေတီ၊ ရှင်ဖြူဘုရား၊ ဆင်ဖြူဘုရား တဲ့။ ၁၇၉၀ခု၊ ဘိုးတော်ဘုရားလက်ထက်မှာ ကြီးလေးကြီး (ပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီး၊ ရေကန်ကြီး) ကို တည်စေတယ်။ မင်းကြီးတည်တဲ့ ပုထိုးတော်ကြီးတဝိုက်မှာ ဘုရင့်ဆွေတော် မျိုးတော်တွေကလည်း စေတီ၊ ပုထိုးတွေ အသီးသီး လာရောက်တည်ကြပြန်တယ်။ ဘိုးတော်ဘုရားရဲ့ မြေးတော်စပ်တဲ့ စစ်ကိုင်းမင်းသားသည်လည်း စေတီတည်ဖို့ နေရာရှာဖွေတော့တာပေါ့။ အလောင်းစည်သူမင်း တည်ထားခဲ့တဲ့ ယိုယွင်းပျက်စီးနေသော စေတီတစ်ဆူကို သွားတွေ့တယ်။ အဲ့သည့်စေတီကိုပဲ ပြန်လည်ပြုပြင်ပါရစေဆိုပြီး မင်းကြီးကို လျှောက်ထားတော့တာပေါ့။ မင်းကြီးက ရေရှည်တည်တံ့အောင် အုတ်နဲ့တည်စေ ဆိုပြီး ခွင့်ပြုခဲ့တယ်တဲ့။

၁၈၁၆ခုမှာ စစ်ကိုင်းမင်းသားဟာ စကြာဝဠာနဲ့ မြင့်မိုရ်တောင်ပုံစံအတိုင်း တည်ဖို့ အားထုတ်တယ်။ အောက်ခံမြေရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး တံတိုင်းမီးတားကို စကြာဝဠာတောင်ပုံဝိုင်းလျက် အလယ်မှာ သီတာခုနှစ်တန်၊ တောင်စဉ်ခုနှစ်ထပ် အတိုင်း တစ်ထပ်ကနေ တစ်ထပ်ကို တရွေ့ရွေ့ မြင့်တက်သွားဟန် တည်ဆောက်ခဲ့တယ်လေ။ စက်ဝိုင်းပုံတောင်စဉ်ခုနှစ်သွယ်ရဲ့ အလယ်မှာ မြင့်မိုရ်တောင်ကို ရည်မှန်းပြီး စေတီတည်ထားတာပါ။ တောင်စဉ်ခုနှစ်သွယ်ရဲ့ ခုနှစ်ခုမြောက် တောင်ဖြစ်တဲ့ ယုဂန္ဓိုရ်တောင် နဲ့ မြင့်မိုရ်တောင်ကို ရည်ရွယ်ပြီးတည်ထားတဲ့ စေတီကြားမှာ ရင်ပြင်ရှိတယ်။ စေတီအခြေကနေ ခါးပန်းထိ အာလိန်ငါးဆင့်ပြန်ပတ်ပြီး ပထမအာလိန်မှာ နဂါး၊ ဒုတိယမှာ ဂဠုန်၊ တတိယမှာ ကုမ္ဘဏ်၊ စတုတ္ထမှာ ယက္ခ၊ ပဉ္စမမှာ ဂန္ဓဗ္ဗ စောင့်ရှောက်ဟန် တည်ထားတယ်။ အာလိန်ငါးဆင့်အထက်မှာ သိကြားမင်းစံမြန်းတဲ့ တာဝတိံသာနတ်ပြည်ဖြစ်တဲ့ မြင်းမိုရ်တောင်ထိပ်ကို တွေ့မြင်နိုင်တယ်။ မြင်းမိုရ်တောင်ထိပ်မှာ စူဠာမဏိစေတီကို တည်ထားသေးတယ်။ ပုံမှာတွေ့ရမယ့် စေတီရဲ့ ထိပ်ပိုင်းပေါ့။ ဘေးမှာမှ သုံးကျိပ်သုံးဦးသော နတ်မှူးတို့ရဲ့ ဗိမာန်များ ပတ်လည် တည်ထားတယ်။ သုံးကျိပ်သုံးခုသော ဘုံဗိမ္မာန်အဆောက်အဦးတွေ အလယ်က မြင့်မိုရ်တောင်ကို လိုဏ်ခေါင်းပြန်ဖောက်ထားတယ်။ ဥမင်လိုဏ်ခေါင်းအလယ်မှာ ပထမမူလဒကာဖြစ်တဲ့ အလောင်းစည်သူမင်းကုသိုလ်တော် ရှင်ဖြူဘုရားဆင်းတုတော် ပလ္လင်ခံပြီး ကိန်းဝပ်စံပါယ်စေတယ်။ ပြီးတော့ မြတ်စွာဘုရား တာဝတိံသာကနေ လူ့ပြည်သင်္ကဿဂိုရ်ပြည်သို့ အဘိဓမ္မာတရားဟောပြီး စောင်းတန်းသုံးတန်နဲ့ ပြန်ကြွလာပုံကို ရည်မှန်းပြီး စောင်းတန်းသုံးသွယ် ထည့်သွင်းတည်ဆောက်ထားသေးတယ်။

မူလဘွဲ့တော်က ရှင်ဖြူဘုရားစေတီပေါ့။ မြသိန်းတန်စေတီ မည်သွားတာကသည်လို... အိမ်ရှေ့စံ စစ်ကိုင်းမင်းသားရဲ့ ကြင်ယာတော်က ဆင်ဖြူမယ်တဲ့။ ဆင်ဖြူမယ်ဆိုတာ ဘိုးတော်ဘုရားရဲ့ အမြတ်နိုးဆုံးမြေးမတော်လေးပေါ့။ ဆင်ဖြူမယ်လို့ ခေါ်ကြတာကတော့ တစ်ခါက ဘိုးတော်ဘုရားကြီးဟာ ဆွေတော်မျိုးတော်တွေနဲ့ ဆင်ကျုံးကို ထွက်လာခဲ့ကြတယ်။ ရှင်ဘုရင်ရဲ့ ဆင်ဖြူတော်ဟာ ကြာပန်းတွေကို နှာမောင်းနဲ့ ဆက်သနေကြဖြစ်တဲ့ ဘိုးတော်ဘုရားကို မဆက်ဘဲ မြေးမတော်လေးကို ဆက်သတဲ့။ ဘိုးတော်ဘုရားလည်း သည်ဆင်ဖြူကလဲ မျက်နှာလိုက်ရန်ကော ဆိုပြီး မိန့်တော့မှ ဆင်ဖြူက ကြာပန်းကို ဘိုးတော်ဘုရားကို ထပ်မံဆက်သတယ်တဲ့။ အဲ့အချိန်ကစပြီး မင်းသမီးလေးကို ဆင်ဖြူမယ်လို့ ခေါ်ကြတော့တယ်။ ဌာပနာတဲ့အခါ အိမ်ရှေ့စံမိဖုရားဆင်ဖြူမယ်လေး ဝတ်ဆင်တဲ့ တစ်သိန်းထိုက်တဲ့ မြရတနာကို ထည့်သွင်းဌာပနာခဲ့လို့ မြသိန်းတန်စေတီလို့ ခေါ်ဝေါ်ကြတယ်။ စေတီတည်စဉ်မှာပဲ ဆင်ဖြူမယ်ဟာ သားတော်စကြာမင်းသားလေးကို မွေးဖွားပြီး ၇ရက်မြောက်မှာ ကံကုန်တော်မူတယ်။ စစ်ကိုင်းမင်းသားက ကြင်ယာတော်လည်းဖြစ်၊ ဝမ်းကွဲညီမလည်းဖြစ်တဲ့ ဆင်ဖြူမယ်အတွက် အလွမ်းပြေ ဆင်ဖြူမယ်ဘုရား လို့လည်း ခေါ်စေတယ်။ သုဝဏ္ဏဝိမာနနိဒါန်းမှာတော့ ဆင်ဖြူတောင်မှာ တည်ထားလို့ ဆင်ဖြူဘုရားလို့ ခေါ်တာလို့ ဆိုထားတယ်။

ခြုံကြည့်လိုက်မယ်ဆိုရင် စေတီတစ်ဆူတည်းကိုပဲ -

- မူလအမည် ရှင်ဖြူဘုရား၊

- ဌာပနာရာမှာ ထည့်သွင်းထားတဲ့ တစ်သိန်းတန်မြရတနာကို အစွဲပြုပြီး မြသိန်းတန်ဘုရား၊

- စစ်ကိုင်းမင်းသားမှ ဆင်ဖြူမယ်ကို လွမ်းဆွတ်ခြင်း ရည်ရွယ်ချက်ကို အစွဲပြုပြီး ဆင်ဖြူမယ်ဘုရားလို့ ဘွဲ့အမည်သုံးမျိုး ခေါ်ဝေါ်ကြတယ်။

၁၈၃၈ခုမှာ ငလျင်ကြီးစွာ လှုပ်ရာက မင်းကွန်းမှာရှိတဲ့ စေတီပုထိုး တော်တော်များများ ပျက်စီးပြိုလဲခဲ့တယ်။ မြသိန်းတန်စေတီကိုတော့ ၁၈၇၄ခုမှာ မင်းတုန်းမင်းက လက်ရှိဖူးမျှော်ရတဲ့အတိုင်း ပြန်လည်ပြုပြင်ထားတာဖြစ်တယ်တဲ့။

ထုံးသင်္ဃန်းဖြူဖြူဖွေးဖွေးဖြင့် မျက်စိအေးရပါသော မင်းကွန်းမြသိန်းတန်စေတီ
မြသိန်းတန်စေတီကနေ လှမ်းဖူးရသော ပုထိုးတော်ကြီး
မြသိန်းတန်စေတီအတွင်း ကိန်းဝပ်စံပယ်နေသော ရှင်ဖြူဘုရားဆင်းတုတော်

Ref: ပိဋကတ်တစ်ပုံဆောင် အရှင်စန္ဒဇောတိ ရေးသားသော သမိုင်းထဲမှမင်းကွန်း စာအုပ်

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.