Religious Trip

Fill your life with adventures.

ရွှေထားဝယ်မှ ရှင်ကိုးရှင်သမိုင်း

ညှို့ငင်အားကောင်းလွန်းတဲ့ များပြားလှစွာသော ထားဝယ်ကမ်းခြေတွေကို သွားလည်ရင်း၊ ဘုရားလည်းဖူးရင်း ဆိုသူတွေအတွက် ထားဝယ်မြို့ရဲ့ နာမည်ကြီး ရှင်ကိုးရှင်သမိုင်းကို မျှဝေပေးချင်ပါတယ်။ ပင်လယ်ကမ်းခြေတွေကို တစ်ရက်ခွဲ၊ ရှင်ကိုးရှင်ကို တစ်ရက်ခွဲ အချိန်ပေး လည်ချင်သူတွေအတွက် အထောက်အကူ ဖြစ်ဖို့ မျှော်လင့်မိပါတယ်။

၁) ရှင်ဆံတော် ခေါ် ကလိန်အောင်ဆံတော်ရှင်စေတီ

ထားဝယ်မြို့မှ မြောက်ဘက် ၄၇မိုင်အကွာ၊ ထားဝယ်မြို့နှင့် ရေးမြို့သွား ကားလမ်းနဘေးရှိ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်အရပ်၏ အနောက်ဘက်ခြမ်း ထားဝယ်မြစ်ကမ်းနားက တောင်ပေါ်မှာ ရှိပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်းမှာ ကျင်းပလေ့ရှိတယ်။

ဗုဒ္ဓအဖြစ်ရောက်တော်မူပြီး ၁၁ဝါမြောက်တွင် ဂေါတမမြတ်စွာဘုရားသည် ဝေမိဿကတောင်သို့ ဈာဉ်ဖြင့် ကြွချီတော်မူတယ်။ ထိုတောင်မှာ ဂဝံပတေ့ရသေ့၊ ဒူရကနတ်သားနှင့် ကုမ္ဘဏ္ဍဘီလူးတို့ မှီတင်းနေထိုင် ကြတယ်။ မြတ်စွာဘုရားအား ဦးစွာဖူးတွေ့သူမှာ ကုမ္ဘဏ္ဍဘီလူးဖြစ်ပြီး၊ ဒုတိယ ဖူးရသူမှာ ဂဝံပတေ့ရသေ့ဖြစ်ကာ နောက်ဆုံး ဖူးရသူမှာ ဒူရကနတ်သား ဖြစ်တယ်။ မြင်ရရုံဖြင့်ပင် သဒ္ဒါတရား ထက်သန်လာသောကြောင့် သစ်သီးသစ်ဥတို့ဖြင့် ပူဇော်မှု ပြုကြတယ်။ မြတ်ဗုဒ္ဓသည် သစ်သီးဆွမ်းတို့ကို ဘုန်းပေးပြီးနောက် သင့်လျော်ရာ တရားကို ဟောကြားတော်မူသည်။ ဒေသနာအဆုံးမှာ ဂဝံပတေ့ရသေ့သည် ရဟန္တာ ဖြစ်တော်မူတယ်။ ကျွတ်ထိုက်သူအား ခြေချွတ်နိုင်ပြီဆိုတော့ မြတ်ဗုဒ္ဓလည်း မစ္ဇျိမဒေသကို ပြန်ကြွတော့မယ်ပေါ့။ ဒူရကနတ်သားက မြတ်ဗုဒ္ဓကိုယ်စား ကိုးကွယ်ရန် ချီးမြှင့်ပေးပါလို့ တောင်းပန်လျှောက်ထားတယ်။ မြတ်စွာဘုရားမှ ဆံတော် သုံးဆူ ပေးအပ်ပြီး ဝေမိဿကတောင်၏ မြောက်ဘက်ရှိ ဝေဿဝဏ္ဏတောင်ကုန်းမှာ ဌာပနာပြီး စေတီတည်ဖို့ မိန့်ကြားခဲ့တယ်။

မြတ်ဗုဒ္ဓ ပြန်ကြွသွားပြီးနောက် ဒူရကနတ်သားနှင့် ကုမ္ဘဏ္ဍဘီလူး တို့သည် နတ်မင်းကြီးလေးပါးနှင့်အတူ စေတီတည်ကြတယ်။ ဗုဒ္ဓဆံတော် သုံးဆူကို ပတ္တမြားကြုတ်အတွင်းမှာထည့်ပြီး နတ်မင်းကြီးလေးပါး ဆောင်ယူလာခဲ့တဲ့ နဝရတ်ကိုးပါးချယ် ရွှေပန်းတောင်းပေါ်မှာ စံပယ်စေတယ်။ ထို့နောက် ဝေဿဝဏ္ဏတောင်ကုန်းထိပ်မှာ စောက်အနက် အတောင် ၄၀၊ အလျားအကျယ် အတောင် ၃၀ ရှိတဲ့ တွင်းတစ်တွင်း တူးကြတယ်။ တွင်းထဲက ကျောက်စားပွဲချပ်ပေါ်မှာ ရွှေပန်းတောင်းကို တင်ပြီး ဆံတော်၃ဆူကို ဌာပနာတယ်။ ဌာပနာတိုက်ကို ငုံပြီး ရွှေသားအတိနဲ့ စေတီငယ်တစ်ဆူ တည်တယ်။ ရတနာထီးဖြူဖြင့် ရွှေစေတီကို အုပ်မိုးထားလိုက်တယ်။ ပြီးမှ ကျောက်တုံးကြီးငယ် အသွယ်သွယ်ဖြင့် ကာရံကာ ဥာဏ်တော် ၁၅တောင်မြင့်တဲ့ ကျောက်စေတီကို တည်တော်မူတယ်။

ကျောက်စေတီတည်ပြီးနောက် နှစ်အနည်းငယ်ကြာသော် ကုမ္ဘဏ္ဍဘီလူး ကွယ်လွန်သွားတယ်။ ကောင်းမှုကံကြောင့် သထုံပြည့်ရှင် သီဟရာဇာမင်းကြီး၏ သားတော်ကြီးအဖြစ် ဖွားတော်မူတယ်။ အရွယ်ရောက်သော် ဘာနုရာဇာဘွဲ့ဖြင့် ထီးနန်းဆက်ခံလေတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် တစ်နှစ်အကြာမှာ ဒူရကနတ်သားလည်း နတ်သက်ကြွေပြန်တယ်။ ဘာနုရာဇာမင်း၏ သားတော်အဖြစ် ပြန်လည်မွေးဖွားခဲ့တယ်။ မင်းသားလေး အရွယ်ရောက်တော့ ကလိန်အောင်မြို့ဆိုပြီး မြို့သစ်တည်ကာ ရာဇာနရုတိဘွဲ့ဖြင့် မင်းအဖြစ် ခံယူတော်မူတယ်။

နရုတိမင်းကြီးသည် သာသနာသက္ကရာဇ် ၂၄ခု၊ ပြာသိုလဆန်း ၂ရက်နေ့မှာ ဝေဿဝဏ္ဏတောင်ကုန်းမှာရှိတဲ့ ကျောက်စေတီကို ဖြိုပြီး ဌာပနာတိုက် ပြန်ဖွင့်တယ်။ ထိုနှစ် တပေါင်းလပြည့်နေ့မှာ ပတ္တမြားကြုတ်ကို ဖွင့်ပြီး ဗုဒ္ဓ၏ဆံတော်သုံးဆူကို အမွေးနံ့သာတို့ဖြင့် ပူဇော်ကြတယ်။ အားရအောင် ပူဇော်ပြီးသော် ဌာပနာတိုက်အတွင်းသို့ ပတ္တမြားကြုတ်နှင့်အတူ နရုတိမင်းနှင့် မိဖုရားပုံတူ ရွှေရုပ်တုများ၊ နရုတိမင်း၏ ဘိုးတော်၊ ဘွားတော်၊ ခမည်းတော်၊ မယ်တော်တို့၏ ပုံတူ ရွှေရုပ်တုများ၊ နရုတိမင်း၏ သားတော်အိမ်ရှေ့မင်း၏ ပုံတူရွှေရုပ်တု၊ ဗုဒ္ဓရုပ်ပွားတော် အမျိုးမျိုး၊ ဌာပနာတိုက် အစောင့်အရှောက် အလို့ငှာ ဝိဇ္ဇာရုပ်တုများ ထည့်သွင်းပြီး ဌာပနာတိုက်ကို ပြန်ပိတ်လိုက်တယ်။ ပြီးမှ အပေါ်ကနေ ငုံပြီး စေတီပြန်တည်ပါတယ်။ ကလိန်အောင်ရှင်ဆံတော်စေတီရဲ့ သမိုင်းအကျဉ်း ဤတွင် ပြီးတယ်ပေါ့။

၂) ရှင်တောင့်ပုံ

ထားဝယ် - မြိတ် ကားလမ်းအတိုင်း ၁၈မိုင်မှာရှိတဲ့ ရှင်တောင့်ပုံတောင်ပေါ်တွင် တည်ရှိပါတယ်။ မုဆိုးအသုံးအဆောင် မြားတောင့်များ စုပုံမီးရှို့ခဲ့ရာနေရာတွင် တည်ထားသောကြောင့် ရှင်တောင့်ပုံစေတီ ဟုခေါ်ကြတယ်။

ရှေးတုန်းက မုဆိုးအကျော် မောင်နွားနှင့် တပည့်ကွာစိ ဆိုတာရှိတယ်။ မုဆိုးမောင်နွားတို့ နေထိုင်တဲ့ ဆင်ဖြူကျွန်းရွာအထိ အာဏာစက်ပြန့်တဲ့ မင်းကြီးက ရန်တပိုမင်း ခေါ် ရာဇာတဗိုလ်မင်း ပါတဲ့။ ထိုမင်း နန်းစိုက်ရာမြို့က ဘူမိဒေဝနဂရမြို့ဖြစ်တယ်။ ရန်တပိုမင်းလက်ထက်မှာ ဆင်ဖြူရှင် လက်ဝယ်ပိုင်ဆိုင်ခဲ့တဲ့အတွက် မူလနာမည်ပျောက်ပြီး ဆင်ဖြူရှင်မဟာနရိန္ဒမင်းရယ်လို့ ဘွဲ့နာမည်တွင်သွားတယ်။

တစ်ခါတော့ နရိန္ဒမင်းရဲ့ မိဖုရား စုမဒ္ဒီဒေဝီဟာ ခြွေရံသင်းပင်တွေနဲ့ တောတောင်သာယာပုံကို လှည့်လည်ကြည့်ရှုရင်း ရွှေရောင်အဆင်းရှိတဲ့ ဥဒေါင်းမင်းကို တွေ့လိုက်တယ်။ နှစ်သက်လွန်းလို့ ဖမ်းယူမွေးလိုလှတာကြောင့် နရိန္ဒမင်းကို ပူဆာတယ်။ မင်းကြီးက မုဆိုးအကျော်အမော်တွေကို စုံစမ်းတော့ ဆင်ဖြူကျွန်းရွာမှာ နေထိုင်တဲ့ မုဆိုးမောင်နွားသတင်းကို ရတယ်။ မုဆိုးမောင်နွားကို ဆင့်ခေါ်ပြီး ဥဒေါင်းမင်းကို ဖမ်းခိုင်းတော့တာပေါ့။

မောင်နွားဟာ လေးမြားလက်နက်၊ ပိုက်ကွန်၊ ညွှတ်ကြီးညွှတ်ငယ် အသွယ်သွယ်ရယ်၊ ဒေါင်းပျိုမလေးတစ်ကောင်ရယ်ကို ယူပြီး တပည့်ကွာစိနှင့်အတူ ရွှေဥဒေါင်း ရှာပုံတော်ဖွင့်တော့တယ်။ ရွှေဥဒေါင်းမင်းရဲ့ စားကျက်ကို ခြေရာကောက်မိတာနဲ့ ထောင်ခြောက်တွေထောင်ပြီး ဒေါင်းပျိုမလေးနဲ့ ဖြားယောင်းတယ်။ ရွှေဥဒေါင်းနှင့် အခြားဥဒေါင်းပျိုများဟာ ဒေါင်းပျိုမလေးကို တွေ့တော့ တက်မက်စိတ်နဲ့ ထောင်ခြောက်ထဲ တိုးမိကြတယ်။ ရွှေဥဒေါင်းမင်းဟာ ထောင်ခြောက်မှန်း သိတာနဲ့ တပြိုင်နက် ဥဒေါင်းပျိုတို့ကို ပြိုင်တူရုန်းစေရာ ညွှတ်တိုက်ပြုတ်ပြီး လွတ်ကြကုန်တယ်။ မုဆိုးဆရာတပည့်နှစ်ယောက်သား ရွှေဥဒေါင်းနောက် လိုက်ပေမယ့် တစ်နေရာရောက်တော့ ခြေရာပျောက်ပြီး လွတ်သွားတယ်။ ထိုနေရာကို ဒေါင်းပျောက်ရွာ လို့ ခေါ်ကြတယ်။ ခုတော့ တောင်ပျေက်ရွာလို့ ခေါ်ကြတယ်။

မုဆိုးမောင်နွားတို့ဟာ မင်းပြစ်ဒဏ်ကြောက်လှတဲ့အတွက် နေရပ် မပြန်တော့ဘဲ ဒေဝပဗ္ဗတတောင်ပေါ်သို့ တက်ရောက်ပုန်းအောင်းနေတယ်။ တောင်ပေါ်မှာ သီတင်းသုံးတဲ့ ဂိရိပစ္စယရသေ့ကြီးနှင့် တွေ့ဆုံပြီး တရားစကား နာကြားခွင့် ရခဲ့တယ်။ သည့်နောက်မှာတော့ သံဝေဂရကာ မြားတောင့်တို့ကို စုပုံမီးရှို့ပြီး ရသေ့ဝတ်သွားတယ်တဲ့။ ဆရာရသေ့က မူလ မောင်နွားနာမည် မပျောက်ရလေအောင် ဂေါဝိန္ဒဘွဲ့နာမည် ပေးခဲ့ပါတယ်။

၃) ရှင်ဓာတ်ဝဲ

ထားဝယ်မြို့မှ မြောက်ဘက် ရေးမြို့သို့ သွားတဲ့ ကားလမ်းအတိုင်း ၇မိုင်အကွာမှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာ အနီးမှာ ရှိပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်းမှာ ကျင်းပကြတယ်။

ရှင်အရဟံမထေရ်မြတ်ဟာ ပုဂံမှာ ဗုဒ္ဓသာသနာ ပြန့်ပွားစေပြီးနောက် အခြားတိုင်းဒေသတွေကိုလည်း သာသနာပြု ထွက်ခဲ့ပါတယ်။ ဘုရားဒယိကာ ဖြစ်နိုင်မယ့် သူတွေထဲမှာမှ မောင်ဇံနှင့် မယ်ဇော ကို ဈာဉ်တန်ခိုးနဲ့ ဆင်ခြင်မိတယ်။ မောင်ဇံနှင့်မယ်ဇောကို ရှင်ဇံနှင့် ရှင်ဇောလို့လည်း ခေါ်ကြတယ်။ သူတို့က အမြွှာမောင်နှမတွေပါ။ အမြွှာမောင်နှမရဲ့ မွေးဖွားလာခဲ့ပုံက တမျိုးဆန်းကြယ်တယ်။

အရင်တုန်းက မောင်နွားဆိုတဲ့ မုဆိုးကြီးတစ်ဦး ရှိခဲ့တယ်။ မုဆိုးကြီးဟာ ဂိရိပစ္စယရသေ့ကြီးရဲ့ တရားတွေ နာပြီးနောက်မှာ မုဆိုးအလုပ်ကို စွန့်လွှတ်ပြီး ရသေ့ဝတ်ခဲ့တယ်။ ဘွဲ့နာမည်က ဂေါဝိန္ဒရသေ့ တဲ့။ ဆရာဖြစ်သူ ဂိရိပစ္စယရသေ့ကြီးထံမှာ တရားထိုင်နည်းတွေ သင်ယူပြီးတော့ ဖိုးသူတော်ကွာစိနှင့်အတူ ဣသိန္ဒြတောင်မှာ ပြောင်းရွှေ့သီတင်းသုံးတယ်။ နောက်တော့ ဂေါဝိန္ဒရသေ့ကြီး အမှီအခိုပြု နေထိုင်တဲ့တောင်ဖြစ်လို့ မှီအုံးတောင်ဟု ပြောင်းလဲခေါ်လာကြတယ်။

ဂေါဝိန္ဒရသေ့ဟာ မှီအုံးတောင် အနီးအပါးက ရွာတွေမှာ ဆွမ်းခံကြွလေ့ရှိတယ်။ ရလာတဲ့ ဆွမ်းတွေကို ဝေဿဝဏ္ဏတောင်စပ်မှာ ရှိတဲ့ ရေကန်မှာ ဆွမ်းဘုန်းပေးလေ့ရှိသလို ထိုကန်ထဲမှာပဲ ရေချိုးသုံးသပ်လေ့ရှိပါတယ်။ ရေကန်ထဲမှာ နတ်သမီးဘဝကနေ ငါးခုံးမဖြစ်လာတဲ့ ငါးမကြီးတစ်ကောင် နေထိုင်တယ်။ ဖြစ်ချင်တော့ ငါးခုံးမက ဂေါဝိန္ဒရသေ့ရဲ့ အညစ်အကြေးကို စားမိရာကနေ ကိုယ်ဝန်ရသွားတယ်တဲ့။ အချိန်တန်တော့ ရေကန်စပ်မှာ အမြွှာလူသားကလေး မွေးဖွားပြီး သေဆုံးသွားတယ်။ သားသမီးကို စိတ်မချသဖြင့် မကျွတ်နိုင်ဘဲ ဂေါဝိန္ဒရသေ့ကို ညတွင်းချင်းပဲ အမြွှာကလေးနှစ်ယောက်အကြောင်း အိမ်မက်ပေးလေတော့တယ်။ ဂေါဝိန္ဒရသေ့ဟာ အိမ်မက်ကြောင့် နိုးလာပြီး အမြွှာကလေးနဲ့ ငါးခုံးမသေကို ကန်စပ်ကနေ သွားရောက် ယူဆောင်လာခဲ့တယ်။ ငါးခုံးမသေကို အခြောက်လှမ်းပြီးတော့ သားရိုး၊ သစ်စေးတို့ဖြင့် မံကာ ရွှေချပြီး အသမ္ဘိန္နဓာတ်ရိုက်ကာ သိမ်းထားလိုက်တယ်။ သည်လိုနဲ့ အမြွှာကလေးနှစ်ယောက်ဟာ ရသေ့ကြီးနှင့် ဖိုးသူတော်တို့ စောင့်ရှောက်မှုဖြင့် လူလားမြောက်လာခဲ့တယ်။

အစောက ဇာတ်ကြောင်းကို ဆက်ရရင် ရှင်အရဟံမထေရ်ဟာ မောင်ဇံနှင့် မယ်ဇောရှိရာ မှီအုံးတောင်သို့ ကြွချီကာ ငါးပါးသီလခံယူစေပြီး သရဏဂုဏ် တည်စေတယ်။ ပြီးမှ မြတ်စွာဘုရားကိုယ်စား ကိုးကွယ်နိုင်ရန် အလို့ငှာ ဓာတ်တော်တစ်ဆူ ချီးမြင့်တော်မူတယ်။ မြတ်စွာဘုရား၏ စွယ်တော်ပွားလို့ ဆိုသလို အချို့က ဆံတော်လို့လည်း ဆိုကြတယ်။ ဓာတ်တော် တစ်ဆူနှင့် မောင်နှမနှစ်ယောက် သူရသင့် ငါရသင့် အငြင်းပွားနေလို့ ရှင်အရဟံမထေရ်က သူပေးခဲ့တဲ့ဓာတ်တော်ကို အဓိဌာန်ပွားပြီး ၂ဆူချီးမြင့်မှပဲ ကိစ္စက ပြတ်တော့တယ်။

မောင်ဇံက သူရတဲ့ ဓာတ်တော်တစ်ဆူကို စေတီတည်ဖို့ နေရာ မစဉ်းစားတတ်ဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် စေတီတည်သင့်သောနေရာကို ညွှန်ပြပေးပါဆိုပြီး ဆုတောင်း အဓိဌာန်ကာ ဓာတ်တော်ကို အပေါ်သို့ ပစ်လိုက်တယ်။ ဓာတ်တော်ဟာ ဝေဿဝဏ္ဏကုန်းစပ်မှာရှိတဲ့ ရေကန်မှာ ဝဲပျံလို့နေတယ်။ သည်နေရာမှာပဲ ဌာပနာပြီး စေတီ တည်ခဲ့ပါတယ်။ ဓာတ်တော်ဝဲပျံခဲ့တဲ့ နေရာမှာ စေတီတည်တာမို့လို့ ရှင်ဓာတ်ဝဲစေတီလို့ ဘွဲ့အမည်ပေးခဲ့ပါတယ်။ သားရိုးကိုင်ထားတဲ့ ငါးခုံးမကိုတော့ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ထားပြီး တပို့တွဲလပြည့်နေ့မှာ ကျင်းပတဲ့ ရွှေသာလျောင်းဘုရားပွဲမှာ အများသူငါ ကြည့်ရှုနိုင်အောင် ပြသပေးထားပါတယ်တဲ့။

၎) ရှင်ဇလွန်

ထားဝယ်မြို့မြောက်ဘက် ၇မိုင်အကွာမှာရိတဲ့ သာဂရမြို့ဟောင်းမှာ တည်ရှိပါတယ်။ မောင်ဇံနှင့် မယ်ဇော အမြွှာမောင်နှမထဲက မယ်ဇော တည်ထားတဲ့ စေတီပါ။ နှမဖြစ်သူမယ်ဇောဟာ သူရရှိတဲ့ ဓာတ်တော်ကို ထားဝယ်မြစ် အနောက်ဖက်ကမ်းမှာရှိတဲ့ စေတီဟောင်းတစ်ဆူမှာပဲ ဌာပနာခဲ့တယ်။ ထိုစေတီဟောင်းရဲ့ ဌာပနာတိုက်ထဲမှာ မြတ်ဗုဒ္ဓ အသုံးပြုခဲ့တဲ့ မြသလွန် ရှိတယ်လို့ သိရတယ်။ မူလစေတီဘွဲ့အမည်က ရှင်သလွန်စေတီ ပါ။ နှစ်ကာလ ကြာတော့ ရှင်သလွန်ကနေ ရှင်ဇလွန်စေတီ ဖြစ်သွားပါတယ်။

၅) ရှင်မော်

ထားဝယ်မြို့နှင့် ၅၂မိုင်ကျော် အကွာတွင်ရှိသော လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာ အနီး ပင်လယ်ဝရှိ ရှင်မျှော်တောင်ပေါ်တွင် တည်ရှိသည်။

သက္ကရာဇ် ၂၃၅ခုတွင် နဂါးစစ်သူကြီး ဝါသုလဒေဝသည် ဘောဂဝတီနဂါးပြည်တွင် ကိန်းဝပ်စံပယ်နေသော မြတ်ဗုဒ္ဓ၏ လယ်ယာအံတော်ကို ပတ္တမြားကြုတ်ဖြင့် ပင့်ဆောင်ကာ ရှင်မော်တောင်ရှိ လင်းလွန်းပင်ခွကြားတွင် ဝှက်ကာ တစ်ကိုယ်တည်း ပူဇော်မှု ပြုတယ်။

ထိုတောင်သို့ သာသနာပြုရန်အတွက် မဟာဗန္ဒဝနှင့် စူဋ္ဌဗန္ဒဝ အမည်ရ ရဟန္တာနှစ်ပါး ကြွချီလာကြရင်း ပတ္တမြားကြုတ်ကို တွေ့ရှိလေသည်။ အံတော်ကြုတ်ကို ဌာပနာပြီး စေတီတည်ရန်အတွက် ရဟန္တာနှစ်ပါးမှ ကောရမ္ဗမင်း၊ ဓမ္မသေနမင်း၊ နဂါးမင်းတို့အား ဖိတ်ခေါ်ပြီး တိုင်ပင်ဆွေးနွေးကြတယ်။ သက္ကရာဇ် ၂၃၈ခု တပါင်းလပြည့်နေ့တွင် အံတော်အား ဌာပနာပြီး ရှင်မော်တောင်စေတီကို တည်ခဲ့ကြပါတယ်။

ကောဇာသက္ကရာဇ် ၄၆၈ခုမှာ အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာလှည့်ရင်း ရှင်မော်စေတီကို ဖူးရတယ်။ စေတီကို ရွှေသင်္ဃန်းကပ်လှူခြင်း၊ အထက်နားတွင် ဖောင်တော်ဦးစေတီတစ်ဆူတည်ခြင်း ပြုလုပ်ခဲ့တယ်။ ကောဇာသက္ကရာဇ် ၅၆၆ခုမှာ နရပတိစည်သူမင်းဟာ ရှင်မော်စေတီနှင့် ဖောင်တော်ဦးစေတီကို ရွှေသင်္ဃန်းကပ်လှူခြင်း၊ ရှင်မော်စေတီအောက်နားတွင် မော်ဦးစေတီတစ်ဆူ တည်ထားလှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ပါသေးတယ်။

၆) ရှင်မုတ္ထီး

ထားဝယ်မြို့မှ တောင်ဖက် ၆မိုင်ခန့်အကွာ မြိတ်မြို့သွားကားလမ်းမဘေးရှိ ရှင်မုတ္ထီးရွာတွင် ရှိပါတယ်။ ရှင်မုတ္ထီးရုပ်ပွားတော်၏ မူလအလှူ့ရှင်မှာ သီဟိုဠ်ပြည့်ရှင် ဒေဝါနံပိယတိဿမင်းကြီး ဖြစ်သည်။

ဒေဝါနံပိယတိဿမင်းကြီးသည် သာသနာပြန့်ပွားစေရန် အလို့ငှာ မဟိန္ဒမထေရ်နှင့် တိုင်ပင်ပြီး ရုပ်ပွားတော် လေးဆူသွန်းလုပ်စေတယ်။ ရုပ်ပွားတော်တစ်ဆူစီမှာ လှည်းဘီးပုံဖောင်တစ်ခုစီ ခံစေပြီး အဓိဋ္ဌာန်ကာ သာသနာသက္ကရာဇ် ၂၃၇ခုတွင် ပင်လယ်မှ မျှောလိုက်တယ်။ ထိုရုပ်ပွားတော် လေးဆူစလုံး မြန်မာပြည်ထဲက အနယ်နယ်အရပ်ရပ်သို့ ဆိုက်ကပ်တယ်။ ကျိုက်ထိုမြို့မှ ကျိုက်ပေါလောမှဲ့ရှင်ဘုရား၊ မွန်ပြည်နယ်ရှိ ကျိုက္ခမီရေလယ်ဘုရား၊ ပုသိမ်မြို့ရှိ ရွှေမုတ္တောဘုရားနှင့် ထားဝယ်မြို့မှ ရှင်မုတ္ထီးဘုရား တို့ ဖြစ်ကြတယ်။

ရှင်မုတ္ထီးဘုရား ဖြစ်လာမယ့် ရုပ်ပွားတော်ဟာ ပင်လယ်ရေစီးအတိုင်း မျောလာပြီး ထားဝယ်မြစ်အတွင်းက မြစ်လယ်သောင်ခုံမှာ ဆိုက်နားတယ်။ မင်းစောသီလမှ သတင်းကြားသဖြင့် သွားရောက်ပင့်ဆောင်ရာ မရရှိခဲ့ပေ။ ထိုမှတဖန် စော်ချောင်းအတွင်း သေတစ်ရွာကမ်းစပ်နားမှာ ဆိုက်ကပ်ပြန်တယ်။ ဆင်းတုတော်ကို မည်သူမျှ ပင့်မရပြန်ပေ။ သေတစ်ရွာနေ သီလရှင် မယ်အေသီ ပင့်မှပဲ ကုန်းပေါ်သို့ ဆယ်လို့ရတော့တယ်။ မင်းစောသီလက သတင်းကြားကြားချင်း လိုက်လာကာ ဆင်းတုတော်အတွက် သိမ်တန်ဆောင်းများ ဆောက်လုပ် လှူဒါန်းတယ်။

သက္ကရာဇ် ၇၇၉ခုမှာ အင်းဝဘုရင် ပထမမင်းခေါင်၏ သားတော်တစ်ပါးမှ မုတ္တသုခမြို့ဆိုပြီး မြို့သစ်တည်ထောင်ပြီး စိုးစံတော်မူတယ်။ အဲ့သည့်နောက်ပိုင်းမှာ ရှင်မုတ္ထီးဘုရားရယ်လို့ ဘွဲ့နာမည်သစ် ပြောင်းလဲခေါ်ဝေါ်လာခဲ့တာ ယနေ့တိုင်အောင်ပါပဲ။

ဗဟုသုတအနေနဲ့ မူလရှင်မုတ္ထီးရုပ်ပွားတော်ကို လက်ရှိဖူးနေရတဲ့ ရှင်မုတ္ထီးရုပ်ပွားတော်ရဲ့ ပလ္လင်အောက်ထဲမှာ ထည့်မြှုပ်ဌာပနာထားတယ်လို့ သိရတယ်။

၇) ရှင်ပင်ခရု

ကရပ်ပြင်အရပ်မှာ တည်ရှိပါတယ်။ ရှင်ပင်ခရုစေတီဟာ မင်းဆွေမင်းမျိုးတွေ တည်ခဲ့တာ မဟုတ်ဘဲ သာမန်အရပ်သူ၊ အရပ်သားများ စုပေါင်း တည်ခဲ့ကြတဲ့ ရပ်ဘုရား၊ ရွာဘုရားတစ်ဆူ ဖြစ်တယ်။

ရှင်ပင်ခရုလို့ နာမည်တွင်လာပုံက သည်လို။ မူလက သည်နေရာမှာ ထားဝယ်အခေါ် ရှားပင်ညီနောင် (ခရေပင်နှစ်ပင်) ရှိတယ်။ ရှားပင်ညီနောင် အလယ်မှာ ကြီးမာလှတဲ့ ခရုကြီးတစ်ကောင်ကို တွေ့ကြတယ်။ ရှားပင်ညီနောင်ကြားက ခရုကြီး တွေ့ခဲ့တဲ့နေရာမှာ စေတီတည်မိတာကို အကြောင်းပြုပြီး ရှားပင်ခရုစေတီလို့ ခေါ်ကြတယ်။ နောက်တော့ ရှင်ပင်ခရုစေတီ ဖြစ်သွားတယ်။ တစ်ခါတော့ ဘုရားပွဲကျင်းပဖို့ဆိုပြီး ဇာတ်စင်ဆောက်ကြတာ သက်တမ်းရင့်နေပြီဖြစ်တဲ့ ခရေပင်ညီနောင်ရဲ့ ကိုင်းတွေကို ချိုင်ခြင်း၊ ဖြတ်ခြင်း လုပ်ကြတယ်။ အဲ့သည့်ဒဏ်နဲ့ပဲ ခရေပင်ညီနောင်က သေသွားရော။

ရှင်ပင်ခရုစေတီကို ဂုဏ်သတင်း ကျော်ကြားလာစေတဲ့ ဖြစ်ရပ်နှစ်ခု ရှိခဲ့တယ်။ ပထမဖြစ်ရပ်က ၁၉၉၆ခု၊ မတ်လ၊ ၂၆ရက်နေ့ မွန်းလွဲ ၁နာရီကျော်မှာ ဖြစ်တာပါ။ တောင်ကရပ်ပြင်မှာ မီးအကြီးအကျယ်လောင်တယ်။ ရပ်ကွက်တစ်ခုလုံး မီးလောင်ပြာကျခဲ့ပေမယ့် ရှင်ပင်ခရုစေတီ ဘုရားပရဝုဏ်တစ်ခုလုံး မီးမခဘဲ ကွင်းရှောင်ပြီးလောင်သွားတာ။ ဒါကြောင့် မီးမခဘုရားရယ်လို့ ဂုဏ်သတင်း ကြီးခဲ့တယ်။

ဒုတိယ အဖြစ်အပျက်က ၂၀၀၅ခု၊ စက်တင်ဘာလ၊ ၃၀ရက် ညသန်းခေါင်ယံမှာ ဖြစ်တာ။ သူခိုးတစ်ယောက်က စိန်ဖူးတော် တက်ခိုးတယ်။ သူခိုးကော၊ စိန်ဖူးတော်ကော ပြုတ်ကျပြီး သူခိုးက သတိလစ်သွားတယ်။ သတိရတော့ သူခိုးက စိန်ဖူးတော်ကို မကောက်တော့ဘဲ ဆိုင်ကယ်နဲ့ ပြေးတာ အာဇာနည်လမ်းပေါ်မှာ နောက်တစ်ခါ သတိလစ်ပြန်တယ်။ နောက်နေ့ နံနက် ၆နာရီမှာ စိန်ဖူးတော်ပျောက်မှန်း သိကြတယ်။ ရှာကြည့်တော့ စိန်ဖူးတော်က မြေကြီးပေါ်မှာ။ ဘုရားဖူးလာတဲ့လူတစ်ယောက်က လူတစ်ယောက် အာဇာနည်လမ်းမှာ သတိလစ်နေတယ်လို့ သတင်းပေးတယ်။ သူ့ကို စစ်ဆေးကြည့်မှ စိန်ဖူးတော် ခိုးသူမှန်း ပေါ်တော့တယ်။ သူ့ရဲ့ ဖြောင့်ဆိုချက်အရ စိန်ဖူးတော် ဖြုတ်နေတုန်း လူမဲကြီး ပေါ်လာပြီး စေတီပေါ်ကနေ တွန်းချခဲ့လို့ ပြုတ်ကျပြီး သတိလစ်ခဲ့ကြောင်း၊ သတိရလို့ ဆိုင်ကယ်စီး ထွက်ပြေးနေရင်း အာဇာနည်လမ်းပေါ်မှာ နောက်တစ်ကြိမ် သတိလစ်ရာမှ အဖမ်းခံရကြောင်း သိရတယ်။ အခြားစေတီ လေးဆူကနေပြီး စိန်ဖူးတော်တွေ ခိုးခဲ့ဖူးကြောင်းပါ တစ်ခါတည်း ထွက်ဆိုသွားတယ်တဲ့။ ဒါ့ကြောင့် မီးကွင်းသောဘုရား၊ သူခိုးဖမ်းပေးသောဘုရားဆိုပြီး နာမည်ကြီးခဲ့တယ်။

၈) ရှင်ဥသြ

ပိန္နဲတောရပ်ရှိ ရွှေကျောင်းကြီးဝန်း အတွင်းမှာ ရှိပါတယ်။ သက္ကရာဇ် ၁၁၂၂ခုမှာ မင်းရှင်ဇော်ဟာ နန်းတော်နှင့်တကွ နန်းဦးစေတီကို တပြိုင်တည်း တည်ဆောက်စေခဲ့တယ်။ ၄နှစ်ကြာပြီးနောက်မှာ နန်းဦးစေတီ ဖောင်ရစ်ထိ ပြီးစီးတယ်။ ဖြစ်ချင်တော့ ထိုနှစ် သက္ကရာဇ် ၁၁၂၆ခုမှာ ဆင်ဖြူရှင်မင်းရဲ့ စစ်တပ်ဟာ ယိုးဒယားကို ချီတက်ရင်း လမ်းကြောင်းပေါ်မှာရှိတဲ့ မြို့၊ ရွာတွေကို တိုက်ခိုက်သိမ်းပိုက်သွားတယ်။ မြိတ်၊ ထားဝယ် နှင့် အခြားတနင်္သာရီတိုင်းထဲက ဒေသ အတော်များများ ပါသွားတယ်။ မင်းရှင်ဇောလည်း သူ့ရဲ့ ဆောက်လက်စ နန်းတော်နှင့် စေတီကို ဗိုလ်မှူးနော်ရထာကို အပ်လိုက်ရတာပေါ့။

မင်းရှင်ဇောက နန်းကျဘုရင်ဖြစ်သွားတဲ့အတွက် နန်းတော်ထဲမှာ နေခွင့်မရှိတော့ဘူး။ သည်တော့ နန်းတော်ကို ရွှေကျောင်းကြီးကျောင်းတော် အဖြစ် ရေစက်ချ လှူဒါန်းလိုက်တယ်။ တည်လက်စ နန်းဦးစေတီကိုတော့ မင်းရှင်ဇောပဲ အပြီးထိ တည်ခွင့်ရခဲ့တယ်။ ရွှေကျောင်းကြီးဝန်းအတွင်မှာ နန်းဦးဘုရားဖြစ်တဲ့ ရှင်ဥသြ ဘွဲ့အမည်ရ ရုပ်ပွားတော် တစ်ဆူ ကိန်းဝပ်စံပယ်နေတာကို ဖူးမျှော်နိုင်ပါတယ်။

၉) ရှင်တောက်ထိန်

ထားဝယ်ကနေ မောင်းမကန်ကမ်းခြေ သွားရာလမ်း ကမြောကင်းတံတားအလွန် ရွာဝင်လမ်းသွယ် တစ်ဖာလုံ အကျော်လောက်မှာ ရှိပါတယ်။ ကောဇာသက္ကရာဇ် ၁၀၃ခုလောက်တုန်းက သည်နေရာက မြေလွတ်မြေရိုင်းကြီးပါ။ တောင်သူကြီး ဦးဖိုးတုတ်နှင့် ဇနီးဒေါ်စောသီး တို့ဟာ သည်နေရာမှာ တောင်ယာလုပ်ကိုင်ဖို့အတွက် မြေယာတူးဆွကြတယ်။ တစ်ကြိမ်မှာတော့ ပေါက်တူးနဲ့ မာကြောတဲ့အရာတစ်ခုကို ပေါက်မိသွားတယ်။ သတိထား တူးဆွကြည့်ရာ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ပေါ်တော်မူလာတယ်။ မြေပေါက်ရာမှ ပေါ်တော်မူလာတဲ့အတွက် မြေပေါက်ဘုရား / ပေါ်တော်မူဘုရား / ဓာတ်ဘုရား ဆိုပြီး ခေါ်ကြတယ်။ ပေါ်တော်မူရုပ်ပွားတော် တူးဖော်ရရှိတဲ့နေရာမှာပဲ ရှင်တောက်ထိန်စေတီ တည်တော်မူတယ်။ ရုပ်ပွားတော်ကိုလည်း ရှင်တောက်ထိန်ဘုရားလို့ပဲ ပြောင်းလဲ ခေါ်ကြတော့တယ်။

ရုပ်ပွားတော်ရဲ့ ထူးခြားချက်က စတင်တွေ့ရှိချိန်က အတိုင်းအတာထက် တဖြည်းဖြည်း ကြီးထွားလာခြင်းပါပဲ။ လက်ရှိဥာဏ်တော်မှာ ၅ပေ ၆လက်မ ထိ ရှိလာပြီ ဖြစ်တယ်။ သွားရောက် ဖူးမျှော်ကြည့်မယ်ဆိုရင် ရုပ်ပွားတော်ရဲ့ မျက်နှာတော်ဟာ အင်မတန် အသက်ဝင်တာကို တွေ့ရပါလိမ့်မယ်။

မှီငြမ်းစာအုပ် - ထားဝယ်ရာဇဝင်သမိုင်း (ဆရာကြီး ရွှေဝယ်ဧ)

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.