Yangon

Traveling my way around the world!

ရန်ကုန်မှ နေ့ချင်းပြန် သွားလို့ရသော ဆံတော်ရှင် ကျိုက်ဓနုတ်နှင့် အခြားလည်ပတ်သင့်သော နေရာ (၆)ခု

ပြီးခဲ့တဲ့ စနေနေ့က ချမ်း ရန်ကုန်ကနေ နေ့ချင်းပြန် လည်ပတ်လို့ကောင်းတဲ့ ဓနုတ်ကျေးရွာဆီ သွားလည်ဖြစ်ခဲ့တယ်။ အိမ်ကနေ နေ့လည် (၁၁)နာရီ စထွက်တာ ညနေ (၆)နာရီ အိမ်ပြန်ရောက်တယ် ဆိုတော့ ညအိပ်ညနေ ခရီးထွက်ဖို့ အဆင်မပြေတဲ့သူတွေအတွက် အတော်လေး အဆင်ပြေနေရောပဲ။ ဓနုတ်ကျေးရွာက ဒလမြို့နယ်အပိုင်ဖြစ်ပြီး ဒလနာရီစင်ကနေဆို (၁၂)မိုင် လောက်ဝေးတယ်။ ရန်ကုန်မြစ်အဆုံး Andaman ပင်လယ်အဝနဲ့ဆို (၂)မိုင် နီးပါးလောက်ပဲ ဝေးတော့တယ်။ ဓနုတ်ကျေးရွာရဲ့ အရှေ့ဘက်မှာ ရန်ကုန်မြစ်က စီးဆင်းနေတယ်။ သီလဝါဆိပ်ကမ်းကိုတောင် လှမ်းမြင်နိုင်တယ်။

ဘယ်လိုသွားမလဲ

မြို့ထဲက ပန်းဆိုးတန်းသင်္ဘောဆိပ်ကနေ (၁၀)မိနစ်လောက် သင်္ဘောစီးလိုက်တာနဲ့ တစ်ဖက်ကမ်းမှာ ရှိတဲ့ ဒလမြို့ကို ရောက်ပါပြီ။ သင်္ဘောစီးခက (၁၀၀)ကျပ် ပါ။ သင်္ဘောဆိပ်မှာ ဆိုက်ကယ်ကယ်ရီ နဲ့ တုတ်တုတ်ကယ်ရီ တွေ အများကြီး ရှိတယ်။ ချမ်းက ပန်းဆိုးတန်းသင်္ဘောဆိပ်ကနေ သင်္ဘောစီးပြီး သွားလို့ရမှန် မသိခဲ့တော့ အိမ်နဲ့ပိုနီးတဲ့ ဗိုလ်တထောင်သင်္ဘောဆိပ်ကနေ သွားစီးမိလိုက်တယ်။ ဟိုရောက်တော့ YGN Water Bus ကော၊ သင်္ဘောကော မရှိလို့ စက်လှေနဲ့ ကူးခဲ့ရတယ်။ သမ္မတဆိပ်ကမ်းသမ္ဗန်ဆိပ်မှာ စက်လှေကပ်တယ်ပေါ့။ စက်လှေစီးခက တစ်ယောက်ကို (၂၀၀)ကျပ် ကျတယ်။

တဖက်ကမ်း ရောက်ပြီဆိုတာနဲ့ တုတ်တုတ် ဒါမှမဟုတ် ဆိုင်ကယ်ကယ်ရီ ငှားပြီး လည်ပတ်လို့ ရပါပြီ။ ချမ်းက နေ့တဝက်လောက် လည်မှာဆိုတော့ နေပူမှာနဲ့ မိုးရွာမှာကို ကြောက်တဲ့အတွက် တုတ်တုတ်နဲ့ လည်ခဲ့ပါတယ်။  ဒလဘက်မှာတော့ သုံးဘီးလို့ပဲ ခေါ်ကြတယ်။ တစ်စီးမှာ သုံးယောက်လောက် ထိုင်လို့ရတယ်။

ချမ်းငှားစီးခဲ့တဲ့ တုတ်တုတ်မောင်းတဲ့ ကိုဝင်းဇော် (09 798478138) က စိတ်ရှည်ပြီး သဘောကောင်းတယ်။ ဓာတ်ဖမ်းလို့ကောင်းတဲ့ ရှုခင်းလှလှလေးတွေလည်း ရှာပေးတယ်။ ကိုယ်ဆင်းရိုက်ချင်တဲ့နေရာ ရှိရင် ကြည်ကြည်ဖြူဖြူ ရပ်ပေးတယ်။ ခရီးစဉ်တလျှောက်လုံး စိတ်ချမ်းသာရပြီး ဓာတ်ပုံတွေ အများကြီး ရခဲ့တာပေါ့။

တလမှ ဒလသို့

မွန်မင်းဆက်များ တန်ခိုးထွှားစဉ်က ဒလမြို့နယ်၏ အမည်မှာ တလဟု ခေါ်တွင်ပါတယ်။ ပုဂံခေတ်ကျောက်စာများမှာလည်း တလဟု အထင်အရှား ရေးထိုးထားတယ်။ ဘိုးတော်ဘုရားလက်ထက်မှာ ဒလဟု ခေါ်တွင်လာခဲ့တယ်။ မွန်မင်းများတလှည့် မြန်မာမင်းများတလှည့် အုပ်ချုပ်ခဲ့ကြသလို အင်းဝ-ဟံသာဝတီ စစ်ပွဲမှာ ဒလမြို့နယ်ဟာ အဓိကနေရာကနေ ပါဝင်ခဲ့တယ်။ ဒလမြို့ရဲ့မြောက်ဘက်မှာ ရန်ကုန်မြစ် တည်ရှိနေတဲ့အတွက် မြန်မာမင်းများ လက်ထက်မှာ ခံတပ်မြို့အဖြစ် တည်ဆောက်ခဲ့ပါသေးတယ်။ ခရစ်နှစ် ၁၉၇၄ခုမှာ ဒလဒေသကို ရန်ကုန်မြို့၊ ဒလမြို့နယ် အဖြစ် ထည့်သွင်းခဲ့ပါတယ်။

ဒလမြို့နှင့် ရာဇသင်္ကြံအမတ်

ပုဂံခေတ် ဥဇနာမင်းလက်ထက်တုန်းက ရာဇသင်္ကြံဆိုတဲ့ အမတ်ကြီးတစ်ပါး ရှိခဲ့တယ်။ ဥဇနာမင်းရဲ့ သားတော်အကြီးဟာ သီဟသူ ဖြစ်တယ်။ တစ်ခါတော့ မင်းသားသီဟသူဟာ မိမိကြွလာတာကို အမတ်ကြီးက မြင်ပါလျက်နှင့် အကျီင်္လက်ကို မသိမ်းထားသဖြင့် စိတ်ဆိုးကာ ကွမ်းတံတွေးဖြင့် ထွေးခဲ့တယ်။ ဥဇနာမင်း လွန်တော့ ရာဇသင်္ကြံအမတ်ဟာ မှူးမတ်များနှင့် တိုင်ပင်ပြီး သားတော်အငယ် နရသီဟပတေ့ကို မင်းအဖြစ် တင်မြောက်ပါတယ်။

နရသီဟပတေ့မင်းဟာ ရာဇသင်္ကြံအမတ်အား သူကောင်းမပြုဘဲ မေ့လျော့ကာနေတယ်။ ထိုအခါ အမတ်ကြီးသည် ပန်းကပ်ပဲ့ကို ကိုင်ဆောင်ကာ ညီလာခံသို့ ဝင်လေတယ်။ မင်းကြီးမေးသောအခါ “ပန်းပွတ်သည်အမျိုးတို့ ကောင်းစားနေ၍ ပန်းပွတ်မည့်သူ မရှိသောကြောင့် ပန်းကပ်ပဲ့ကိုသာ ကိုင်ဆောင်ရပါတယ်ဘုရာ့” ဆိုပြီး လျှောက်တင်ပါတယ်။ နရသီဟပတေ့မင်းရဲ့ မိခင်မှာ ပန်းပွတ်သည်မျိုး ဖြစ်သဖြင့် အမတ်ကြီးအား အမျက်တော်ရှကာ ရာထူးအဆောင်အယောင်များ သိမ်းပြီး ဒလမြို့သို့ ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။

ရာဇသင်္ကြံအမတ်ကြီး ပြည်နှင်ဒဏ် ပေးခံရကြောင်း ကြားသိသောအခါ မုတ္တမနှင့် ရခိုင်ပြည်မြောက်ပိုင်းမှ မြို့စားနယ်စားများသည် နရသီဟပတေ့မင်းအား မခန့်ကြတော့ဘဲ ပုန်ကန်ခြားနားလာတယ်။ ထိုအခါမှ ရာဇသင်္ကြံအား ပြန်လည်ခေါ်ယူကာ ရာထူးပြန်ပေးပြီး မုတ္တမကို နှိမ်နှင်းစေတယ်။ သရေပစ္စပတေ့အား ရခိုင်ပြည်မြောက်ပိုင်းသို့ စေလွှတ်ကာ နှိမ်နှင်းစေတယ်။ မုတ္တမမြို့အား အလွယ်တကူ ပြန်ရခဲ့သော်လည်း သရေပစ္စပတေ့ရဲ့ တပ်များကတော့ တပ်ပျက်ကာ ပြန်ဆုတ်ခဲ့ရတယ်။ ထို့ကြောင့် ရာဇသင်္ကြံအား စေလွှတ်ကာ နှိမ်နင်းစေပြန်တယ်။ စစ်အောင်ခဲ့သော်လည်း ရခိုင်မှ အပြန် ဒလအရောက်တွင် နာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်စဉ်က ရာဇသင်္ကြံအမတ်ရဲ့ သက်တော်မှာ (၆၂)နှစ် ဟု မှတ်သားရတယ်။

ရွှေစာရံစေတီ

ရွှေစာရံစေတီဟာ ဒလသင်္ဘောကျင်း အနီးမှာ ရှိပါတယ်။ အရှေ့ဘက်မှာ ဒလမြစ် စီးဆင်းနေပြီး မြောက်ဘက်မှာ ရန်ကုန်မြစ် စီးဆင်းနေတယ်။ မူလဘွဲ့တော်ကတော့ ကျိုက်စာရာလို့ မှတ်သားရတယ်။ အရိပ်ဘုရားလို့ အဓိပ္ပါယ်ရတယ်။

သုဝဏ္ဏဘူမိသို့ ဂေါတမဗုဒ္ဓ ကြွလာစဉ်က ရသေ့ကြီးတစ်ပါးဟာ မြတ်စွာဘုရားကို ဖူးမျှော်လိုကြောင်း ဆုတောင်းတဲ့အခါ အရိပ်တော်ကို မြင်သာအောင် ပြပေးခဲ့ပါတယ်။ ရွှေစာရံစေတီဟာ မြတ်စွာဘုရား အရိပ်တော်ကျတဲ့နေရာမှာ တည်ထားတဲ့ဘုရားလို့ မှတ်သားရတယ်။

ရဟန္တာဦးပညာစံကျောင်း

ရဟန္တာဦးပညာစံကျောင်းဟာ ရွှေစာရံစေတီဝန်း အတွင်းမှာ ရှိပါတယ်။ အုတ်ဖြင့်တည်ဆောက်ထားသော ကျောင်းဆောင်ဖြစ်ပြီး စံကျောင်းမှာ ရဟန္တာဦးပညာရဲ့ ရုပ်ကလပ်တော် စံပယ်ပါတယ်။

ဦးပညာအရှင်မြတ်ရဲ့ လူနာမည်ကတော့ မောင်လိပ်လို့ သိရတယ်။ ငယ်စဉ်အခါက စကောအတွင်းမှာ အနှီးခင်းပြီး သိပ်ထားစဉ် စကောအောက်သို့ လိပ်ကြီးတစ်ကောင် ဝင်ရောက်နေသည်ကို အကြောင်းပြုပြီး မောင်လိပ်ဟု နာမည်တွင်သွားပါတယ်။ ဇာတိကတော့ ပဲခူးတိုင်း၊ အိုးဘိုကုန်းရပ်ကွက်သားလို့ သိရတယ်။ မောင်လိပ် အသက် (၇)နှစ်သား အရွယ်မှာ အောက်မြန်မာပြည်ကို အင်္ဂလိပ်စစ်တပ် ဝင်သိမ်းသဖြင့် ရပ်ရွာမငြိမ်မသက်သောကြောင့် ဒလသို့ ပြောင်းရွှေ့ကာ အခြေချ နေထိုင်ကြတယ်။ (၁၂)နှစ်သား အရွယ်မှာ ကိုရင်ဝတ်ခဲ့ပြီး အရွယ်ရောက်သောအခါ ရဟန်းခံခဲ့တယ်။ ရဟန်းဘွဲ့ကတော့ ဦးပညာလို့ မှတ်သားရတယ်။ ရွှေစာရံစေတီအနီးရှိ ရွှေပေါက်ပင်ကျောင်းမှာ ကျောင်းထိုင်ပါတယ်။

တစ်ခါတော့ ဦးသြကြီးဟာ တပေါင်းလပြည့်နေ့မှာ ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမျှော်ရန်အတွက် အရှင်ဦးပညာအား ပင့်ဖိတ်ပါတယ်။ ဆရာတော်က မလိုက်သဖြင့် ဦးသြကြီးပဲ သွားဖူးခဲ့တယ်။ တောင်ဘက်မုခ်ရောက်တော့ အရှင်ဦးပညာဟာ ရွှေတိဂုံဘုရားအား လက်ယျာရစ်ပတ်ကာ ဖူးမျှော်နေတာကို တွေ့ရတယ်။ ဦးသြကြီးဟာ မိတ်ဆွေဦးသာဒွန်းအား ရွှေပေါက်ပင်ကျောင်းသို့ သွားကြည့်ခိုင်းရာ ဦးပညာမှာ ကျိန်းစက်လျက်ရှိနေသည်ကို ဖူးခဲ့ရတယ်။ ဦးပညာဟာ နံနက် (၉)နာရီတိုင်း ဆွမ်းခံကြွလေ့ရှိတယ်။ ထူးခြားချက်က ဆရာတော်တစ်ပါးတည်းကို ဒလမြို့၊ မော်လမြိုင်မြို့နဲ့ ဟင်္သတမြို့တွေမှာ တပြိုင်တည်း ဆွမ်းခံကြွနေတာကို ဖူးတွေ့ရတတ်ခြင်းပဲ ဖြစ်တယ်။

ဆရာတော် ဦးပညာပျံလွန်တော်မူပြီးနောက် ရုပ်ကလပ်တော်ကို ကြေးခေါင်းတလားနှင့်ထည့်ကာ ဂူသွင်းသဂြိုလ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့် ဂူပြိုသဖြင့် တူးဆွကာ ကြေးခေါင်းတလားအား ဖော်ထုတ်ကြတယ်။ ကြေးခေါင်းတလားအား ဖွင့်ကြည့်ရာ ရုပ်ကလပ်တော်အား ရွှေချထားလျက် မျက်နှာတော်ရုပ်ရည် ပုံစံမပျက် ဖူးတွေ့ရတယ်။ ထို့နောက် အများပြည်သူ ဖူးမျှော်နိုင်ရန်အတွက် မှန်ခေါင်းတလားဖြင့် ပြောင်းထည့်ကာ စံပယ်စေတယ်။ လက်ရှိ ရုပ်ကလပ်တော်ရဲ့ သက်တမ်းကတော့ ၁၅၆နှစ် ကြာမြင့်ပြီ ဖြစ်ပါတယ်။

မျက်တော်ရှင်ဆုတောင်းပြည့် မဟာသင်္ကြန်ဘုရားကြီး

မဟာသင်္ကြန်ဘုရားကြီးဟာ ရွှေစာရံစေတီရဲ့ အနောက်တောင်ဘက်အရပ်မှာ ရှိပါတယ်။ ဥာဏ်တော်မှာ (၃၀)ပေ (၆)လက်မ မြင့်မားတယ်။

မဟာသင်္ကြန်ဘုရားကြီးကို ကောဇာသက္ကရာဇ် ၁၂၈၇ခု၊ ကဆုန်လဆန်း (၁၁)ရက်မှာ ပန္နက်ရိုက်ပြီး ထိုနှစ် တပေါင်းလဆုတ် (၁၀)ရက်မှာ ပြီးစီးခဲ့တယ်။ ကောဇာသက္ကရာဇ် ၁၂၆၆ခုမှာ ဒလမြို့နယ်အနှံ့အပြား ကပ်ရောဂါဆိုး ကျရောက်ဖူးတယ်။ ဒလမြို့၊ ရေကန်ကျောင်း ပထမဆရာတော် ဦးကဝိန္ဒမှ မြတ်စွာဘုရား ရုပ်ပွားတော်တစ်ဆူအား ပင့်ဆောင်ပြီး ဒလမြို့အနှံ့ လှည့်လည်ပူဇော်ရင် ကပ်ရောဂါဆိုး ရပ်တန့်သွားမယ်လို့ အိမ်မက်မြင်မက်တယ်။ ရွှေရင်အေးဘုန်းကြီးကျောင်းမှ မံဘုရားတစ်ဆူကို ပင့်ဆောင်ကာ မဟာသင်္ကြန်ရက်အတွင်း ဒလမြို့နယ်အနှံ့ ဒေသစာရီ ကြွချီစေတယ်။ ဒေသစာရီကြွနေစဉ်အတွင်း မိုးကြီးလေကြီး ကျရောက်ပြီးနောက်ပိုင်းမှာ ကပ်ရောဂါဆိုးလည်း တန့်သွားခဲ့ပါတယ်။

ထိုအချိန်မှစ၍ နှစ်စဉ်ရုပ်ပွားတော်တစ်ဆူ ဝယ်ယူကာ သင်္ကြန်ရက်အတွင်း ဒေသစာရီကြွချီစေခဲ့ပါတယ်။ ကောဇာသက္ကရာဇ် ၁၂၈၆ခုမှာ ကြွချီခဲ့တဲ့ ရုပ်ပွားတော်ကတော့ နောင်တော်ကြီးကြေးသွန်းရုပ်ပွားတော် ဖြစ်တယ်။ ကောဇာသက္ကရာဇ် ၁၂၈၇ခုမှာတော့ နောင်တော်ကြီးရုပ်ပွားတော်ပုံစံအတိုင်း သဟာသင်္ကြန်ရုပ်ပွားတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါတယ်။

ဆံတော်ရှင်ကျိုက်ဓနုတ်စေတီ

ကျိုက်ဓနုတ်စေတီဟာ ဒလမြို့ နာရီစင်ကနေ တောင်ဘက်အရပ် (၁၂)မိုင်ခန့် အကွာရှိ ဓနုတ်ကျေးရွာမှာ ရှိပါတယ်။ အရှေ့ဘက်မှာ ရန်ကုန်မြစ် ရှိတယ်။ သီလဝါဆိပ်ကမ်းနဲ့ နီးသလို ရန်ကုန်မြစ်အဆုံး ပင်လယ်အဝနဲ့ဆိုရင် (၁)မိုင် လောက်ပဲ ဝေးတော့တယ်။ ကျိုက်ဓနုတ်စေတီကို မြန်မာဘာသာပြန်သော် လေးစကြာရှင်ဘုရားလို့ အဓိပ္ပါယ်ရတယ်။

ဂေါတမမြတ်စွာဘုရားရှင် (၈)ဝါ ရပြီးနောက်မှာ သုဝဏ္ဏဘူမိသို့ ဒေသစာရီ ကြွချီခဲ့ပါတယ်။ ရသေ့ခေါက်သိသော် မြတ်စွာဘုရားထံ သွားရောက်ဖူးမျှော်ကာ မြတ်စွာဘုရားကိုယ်စား ကိုးကွယ်ရန် တောင်းခံရာ ဆံတော် (၁)ဆူ ရရှိခဲ့တယ်။ ထို့နောက် ဆံတော်ကို လေးထောင့်ကျောင်းတိုက်အတွင်း ဌာပနာကာ ကိုးကွယ်ခဲ့တယ်။ သထုံဘုရင် စူဠသီရိမာသောကမင်း လက်ထက်ရောက်သော် မူလဆံတော်နှင့်တကွ ဆံတော်ပွားတစ်ဆူကို ထည့်သွင်းဌာပနာကာ စေတီတည်ထား ကိုးကွယ်ပြန်တယ်။ ထို့နောက် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့သဖြင့် လက်ရှိစေတီရဲ့ ဥာဏ်တော်မှာ (၁၉၈)ပေ ခန့် အမြင့်ရှိပါတယ်။

ထန်းပင်လမ်း

ဒလမြို့နယ်ကနေ ဓနုတ်ကျေးရွာသို့ အသွားမှာ ထန်းပင်ပုလေးတွေ ဘယ်ညာစီတန်း စိုက်ထားတဲ့လမ်းကို ဖြတ်သန်းခဲ့ရတယ်။ ရံဖန်ရံခါ ယဉ်အသွားအလာ ရှိတဲ့အတွက် ဓာတ်ပုံရိုက်တဲ့အခါ သတိထားဖို့ လိုအပ်တယ်။

မလေးရှားပိတောက်ပင်လမ်း

ထန်းပင်လမ်းရဲ့ ညာဘက်အခြမ်းမှာ လမ်းသွယ်တစ်ခုရှိပြီး လမ်းတလျှောက် မလေးရှားပိတောက်ပင်တွေ ဘယ်ညာစီတန်း စိုက်ထားတယ်။ တပ်မြေဖြစ်တဲ့အတွက် ဝင်ခွင့်တော့ တောင်းရတယ်။ မလေးရှားပိတောက်ပန်းဝါဝါတွေ ခပ်စိပ်စိပ် ပွင့်နေချိန် ဖြစ်တာရယ်၊ လမ်းကျဉ်းပြီး အပင်စိပ်တာရယ်၊ သစ်ပင်တန်းရှည်တာရယ်ကြောင့် ဓာတ်ပုံရိုက်လို့တော့ အတော်လှတယ်။ ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်တဲ့ ရောဂါအခံ ရှိသူတွေကတော့ မသွားသင့်ပါဘူးနော်။

စပါးခင်းများ

ဓနုတ်ကျေးရွာသို့ သွားတဲ့လမ်းတလျှောက် တဆုံးတွေ့နေရမှာကတော့ လယ်ကွင်းစိမ်းစိမ်းတွေချည်းပါပဲ။ လကုန်လောက်ဆိုရင် စပါးပင်တွေ ပိုထွှားလာချိန်မို့ သိပ်လှနေတော့မှာ။ လယ်တောအိမ်လေးတွေ၊ လယ်ကွင်းထဲမှ သစ်ပင်အုပ်အစုလေးတွေ၊ ကောက်စိုက်သူတွေ၊ ချစ်စရာကောင်းတဲ့ ဆိတ်လေးတွေနဲ့ မွန်းကြပ်စရာတွေ ပျောက်ပြီး ကြည်နူးဖို့ သိပ်ကောင်းတယ်။

တုတ်တုတ်စီးလုံးငှားခ ကျသင့်ငွေ

ရွှေစာရံစေတီ - ၁၅၀၀ ကျပ်

ဒလမြို့တွင်းအစုံ - ၄၀၀၀ ကျပ်

ဒလမြို့တွင်း + ဓနုတ်ကျေးရွာ - ၁၅၀၀၀ ကျပ် (သူငယ်ချင်း သုံးယောက်လောက် စပ်သွားမယ်ဆိုရင် တစ်ယောက် ၅၀၀၀ကျပ်ပဲ ကျတယ်။)

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံနှင့်စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2021 Traveller Chan. All Rights Reserved.