Yangon

Traveling my way around the world!

လွန်လေပြီးသော ကာလတုန်းက အရှေ့တောင်အာရှရဲ့ နံပါတ် (၁) - ရန်ကုန်

ချမ်းတို့ရဲ့ ရန်ကုန်ဆိုတာ လွန်လေပြီးသောကာလတုန်းက တိတိပပ ဆိုရသော် ကိုလိုနီခေတ်ကာလတုန်းက အရှေ့တောင်အာရှမှာ နံပါတ် (၁) ချိတ်ခဲ့တဲ့ အဖွံ့ဖြိုးဆုံး၊ အသန့်ရှင်းဆုံး မြို့တစ်မြို့ပါပဲ။ ခုချိန်မှာတော့ အသန့်ရှင်းဆုံးမြို့ဆိုတဲ့ စကားလုံးကို အရှေ့တောင်အာရှမှာ မပြောနဲ့… မြန်မာနိုင်ငံထဲမှာတောင် ပြောလို့ မရနိုင်တော့ပါဘူး။ သည်တော့ တချိန်ကရန်ကုန်ဆီသို့ Yangon Heritage Trust ရဲ့ အချက်အလက်တွေနဲ့ Yangon Walkabout Tour လေး လျှောက်ကြည့်လိုက်ရအောင်…

၁) ဒီဆူဇာဆေးတိုက် - ၁၉၁၄ခု

ဘိုဆွန်ပက်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ရှိပါတယ်။ ဒီဆူဇာဆေးတိုက်ကို ဂိုအာသားဖြစ်တဲ့ ဒေါက်တာ E. M. de Souza မှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထိုအချိန်တုန်းက ရန်ကုန်မှာ အင်မတန် ကျော်ကြားပါတယ်။ ဆေးတိုက်မှာ ဆေးဝါးများအပြင် ဓာတ်ပုံကူးဆေးများလည်း ရောင်းချပါသေးတယ်။

ပထမ ဒီဆူဇာဆေးတိုက်မှာ (၂)ထပ် အဆောက်အအုံဖြစ်ပြီး ဒေါက်တာဆူဇာမှ (၃)ထပ်တိုက် အဖြစ် အသစ်ပြန်တည်ဆောက်ရာ ၁၉၁၄ခုမှာ ပြီးစီးခဲ့ပါတယ်။ ၁၉၂၂ခုမှာ ဒေါက်တာဆူဇာ ကွယ်လွန်သွားသဖြင့် မြန်မာလူမျိုး ဦးခင်ဇော်မှ ဆက်လက်ဦးစီးခဲ့တယ်။ ဆိုရှယ်လစ်ခေတ်မှာ ပြည်သူပိုင် အသိမ်းခံခဲ့ရတယ်။ နောက်တော့ ပြည်သူ့ဆိုင်အမှတ် (၉၉၉၉) ဆိုပြီး ဖွင့်ခဲ့သေးတယ်။ နောက်ပိုင်းမှာ ကုန်သွယ်ရေးကော်ပိုရေးရှင်း (၁၄) အောက်သို့ ရောက်သွားပါတယ်။ လက်ရှိမှာတော့ မြန်မာဆက်သွယ်ရေးရုံးအဖြစ် အသုံးပြုနေတာကို တွေ့နိုင်ပါလိမ့်မယ်။

၂) မြန်မာအဆွေကုန်တိုက် - ၁၉၀၅ခု

ဆူလေးဘုရားလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ရှိပါတယ်။ ကိုလိုနီခေတ်တုန်းက ရန်ကုန်မြို့ရဲ့ ပထမဆုံးသော မြန်မာလူမျိုးပိုင် ကုန်တိုက်လို့ သိရတယ်။

မြန်မာအဆွေကုန်တိုက်ကို ၁၉၀၅ခုမှာ တည်ဆောက်ခဲ့တာလို့ မှတ်သားရတယ်။ မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင် ဦးဘညွန့်ကနေ အဆောက်အအုံကို ငှားရမ်းပြီး မြန်မာအဆွေ နာမည်နဲ့ ကုန်တိုက် ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒဂုံမဂ္ဂဇင်း စာအုပ်တိုက်နဲ့ အေဝမ်းရုပ်ရှင် ကုမ္ပဏီတို့ ရုံးစိုက်ရာ အဆောက်အအဦး ဖြစ်ခဲ့သေးတယ်။ ၁၉၉၂ ခုမှ ၂၀၀၅ခု အထိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရုံးအဖြစ် အသုံးပြုခဲ့ပါသေးတယ်။

၃) ဘင်္ဂလားဘဏ် - ၁၈၇၀ခု

ကမ်းနားလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာ ရှိပါတယ်။ ဘင်္ဂလားဘဏ်ကို ၁၈၀၆ခုမှာ အိန္ဒိယနိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၈၆၁ခုမှာ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းတွင် ဘဏ်ခွဲတစ်ခုအနေနဲ့ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။

၁၈၇၀ခုမှာ ဘင်္ဂလားဘဏ်ကို ကမ်းနားလမ်းနဲ့ ဆူးလေးဘုရားလမ်းထောင့်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်။ အဆောက်အအုံတစ်ခုလုံး ပြီးစီးတာကတော့ ၁၉၁၄ခုမှာပါ။ ခရစ်နှစ် ၁၉၂၁ခုမှာ အခြားဘဏ် (၂)ဘဏ်နဲ့ ပူးပေါင်းပြီး Imperial Bank of India ဆိုတဲ့နာမည်နဲ့ ပြောင်းလဲ ဖွင့်လှစ်ခဲ့တယ်။ ခရစ်နှစ် ၁၉၆၃ခုမှာ တော်လှန်ရေးကောင်စီလက်ထက်မှာ ပြည်သူပိုင်အဖြစ် သိမ်းယူပြီး ပြည်သူ့ဘဏ်အမှတ် (၈) အဖြစ် အသုံးပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာ့စီးပွားရေးဘဏ် ငွေစုဘဏ်ခွဲ (၃) အဖြစ် ဆက်လက်အသုံးပြုနေပါတယ်။

၎) Police Commissioner Building - ၁၉၃၁ခု

ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလလမ်းအကြား ကမ်းနားလမ်းပေါ်မှာ ရှိပါတယ်။ တိုင်လုံးရှည်ပေါင်း (၂၂)တိုင် သုံးထားပြီး ဂရိလက်ရာ ဗိသုကာလက်ရာ အဆောက်အဦး ဖြစ်တယ်။

Police Commissioner Building ကို ၁၉၂၇ခုမှာ တည်ဆောက်ခဲ့ပြီး ၁၉၃၁ခုမှာ ပြီးစီးပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဂျပန်တွေရဲ့ ကင်ပေတိုင်စခန်းအဖြစ် သုံးခဲ့တယ်။ လွတ်လပ်ရေး ရပြီးနောက်မှာ ရဲမင်းကြီးရုံး၊ လေကြောင်းပျံသန်းရေဌာနရုံးအပြင် အခြားဌာနများရုံးအဖြစ်လည်း သုံးခဲ့ပါသေးတယ်။ ၁၉၆၅ခုမှ ၁၉၈၅ခု အတွင်းမှာ မြန်မာ့ဆိုရှယ်လစ်ပါတီရဲ့ ဌာနချုပ်အဖြစ် အသုံးပြုသေးတယ်။ နောက်ပိုင်းမှာ ရန်ကုန်တိုင်း တရားရုံးချုပ်အပြင် အစိုးရရုံးဌာနာများအဖြစ် ဆက်လက် အသုံးပြုပါတယ်။ လက်ရှိမှာတော့ Rosewood Yangon Hotel အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

၅) ဧရာဝတီသင်္ဘောကုမ္ပဏီရုံးချုပ် - ၁၉၃၁ခု

ကမ်းနားလမ်းအနီး ပန်းဆိုးတန်းလမ်းမ နဘေးမှာ ရှိပါတယ်။ မျက်နှာချင်းဆိုင်မှာ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ (၁)ကို တွေ့ရပါမယ်။ ဧရာဝတီသင်္ဘောကုမ္ပဏီကို ၁၈၆၅ခုမှာ မီးသင်္ဘော (၄)စီးဖြင့် စတင်ပြေးဆွဲခဲ့ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ကို စကော့တလန်နိုင်ငံမှာ ပြုလုပ်ပြီး ရုံးချုပ်ကိုတော့ ရန်ကုန်မှာ ထားရှိတယ်။ ၁၉၂၀ခု နှောင်းပိုင်းမှာတော့ ကမ္ဘာပေါ်မှာ မြစ်ကြောင်းသွားမီးသင်္ဘော အများဆုံးပိုင်တဲ့ ကုမ္ပဏီဖြစ်သည်အထိ အောင်မြင်လာခဲ့တယ်။ တချိန်က မွန်သူဌေးကြီး ဦးနာအောက်ရဲ့ စိန်ခေါ်မှုကို ခံခဲ့ရတဲ့ နိုင်ငံခြားသားပိုင် သင်္ဘောကုမ္ပဏီဆိုတာ ဧရာဝတီသင်္ဘောကုမ္ပဏီ ပါပဲ။

ဧရာဝတီသဘောင်္ကုမ္ပဏီရုံးချုပ်ရဲ့ မူလအဆောက်အအုံဖြစ်တဲ့ နှစ်ထပ်တိုက်ကို ဖျက်ပြီး ငါးထပ်တိုက်အဖြစ် အသစ်ပြန်လည် တည်ဆောက်ခဲ့ရာ ၁၉၃၁ခုမှာ ပြီးစီးခဲ့ပါတယ်။ ဗိသုကာပညာရှင်ကတော့ AG Bray လို့ မှတ်သားရတယ်။ ဧရာဝတီသင်္ဘောကုမ္ပဏီဟာ ဂျပန်တွေ မဝင်ခင်မှာ ကုမ္ပဏီပိုင် သင်္ဘောအများစုကို ဂျပန်တွေ အသုံးမပြုနိုင်အောင် နစ်မြှုပ်ဖျက်ဆီးခဲ့ပါတယ်။ လွပ်လပ်ရေးရပြီးစ ၁၉၄၈ခု၊ ဇွန်လမှာ ကုမ္ပဏီကို နိုင်ငံပိုင် ပြုလုပ်ခဲ့ပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ လက်ရှိအချိန်ထိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အဆောက်အဦးအဖြစ် တွေ့မြင်နိုင်ပါတယ်။

၆) S. Oppenheimer & Co Company Showroom - ၁၈၈၅ခု

ကုန်သည်လမ်းနဲ့ ၃၆လမ်းထောင့်မှာ ရှိပါတယ်။ S. Oppenheimer & Co Company က ကိုယ်တိုင်ထုတ်လုပ်တဲ့ ပစ္စည်းတွေအပြင် နိုင်ငံခြားပစ္စည်းတွေပါ တင်သွင်းရောင်းချသလို မြန်မာနိုင်ငံထွက် ပစ္စည်းတွေကိုလည်း ပြင်ပသို့ တင်ပို့ပါတယ်။ အိမ်နီးချင်းနိုင်ငံမှ လူချမ်းသာတွေဟာ ကုမ္ပဏီမှ ရောင်းချတဲ့ အမေရိကန်နိုင်ငံထုတ် Underwood တံဆိပ် လက်နှိပ်စက်တွေကို ဝယ်ယူရန်အတွက် ရန်ကုန်အထိ လာတတ်ကြပါတယ်။

S. Oppenheimer & Co Company Showroom ကို ၁၈၈၅ခုမှာ တည်ဆောက်ခဲ့ပါတယ်။ ကုမ္ပဏီဖွင့်တဲ့နှစ်မှာပဲ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီအဖြစ်ကော အစိုးရကန်ထရိုက်တာအဖြစ်ကော နာမည်ကျော်ကြားခဲ့တယ်။ ဆိုရှယ်လစ်ခေတ်မှာတော့ ကုန်သွယ်ရေးကော်ပိုရေးရှင်း (၉) လက်အောက်သို့ ရောက်သွားပါတယ်။ နောက်ပိုင်းမှာ မြန်မာစီးပွားရေးကော်ပိုရေးရှင်းရဲ့ ကွန်ပျူတာအရောင်းပြခန်းအဖြစ်လည်းကောင်း၊ KMD ကွန်ပျူတာအရောင်းပြခန်းနှင့် သင်တန်းအဖြစ်လည်းကောင်း အသုံးပြုခဲ့ပါသေးတယ်။ လက်ရှိမှာ အင်းဝဘဏ်အဖြစ် ဆက်လက်အသုံးပြုလျက် ရှိပါတယ်။

၇) Misquith တူရိယာတိုက် - ၁၉၁၅ခု

၃၇လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ရှိပါတယ်။ Misquith ကုမ္ပဏီကို အိန္ဒိယနိုင်ငံ၊ Ootacamund မြို့မှာ စတင်တည်ထောင်ခဲ့တယ်။ Misquith ကုမ္ပဏီပိုင် တူရိယာဆိုင်တိုင်းရဲ့ အဆောက်အအုံ နှဖူးစီးမှာ တူရိယာပုံဖြင့် အမှတ်အသားပြုလေ့ရှိပါတယ်။ R.V. Misquith ဟာ Misquith တူရိယာဆိုင်ခွဲတစ်ခုကို ရန်ကုန်မြို့၊ ကုန်သည်လမ်းမှာ ၁၈၈၉ခုမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ R.V. Misquith ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့သားဖြစ်တဲ့ Oscar F. Misquith မှ ဆက်လက်ဦးစီးခဲ့တယ်။

၁၉၁၅ခုမှာတော့ ရန်ကုန်ဆိုင်ခွဲကို ကုန်သည်လမ်းကနေပြီး မဟာဗန္ဓုလလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တယ်။ Misquith တူရိယာဆိုင်ရဲ့ ထုတ်ကုန်တွေထဲမှာ Burma Model Pianos တွေကတော့ နာမည်အရဆုံးပါပဲ။ Burma Model Pianos တွေကို မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ကျွန်းသစ်တွေကို အသုံးပြုပြီး မြန်မာနိုင်ငံမှာပဲ အလုပ်ရုံတည်ဆောက်ကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်တယ်။ ဆိုရှယ်လစ်ခေတ်မှာ Misquith တူရိယာအဆောက်အအုံကို အစိုးရဌာနများမှ အသုံးပြုခဲ့ပါတယ်။ လက်ရှိမှာတော့ Myanmar Central Bank အဖြစ် ပြောင်းလဲဖွင့်လှစ်ထားတာကို တွေ့မြင်ရပါမယ်။

၈) ဝဇီရာ House - ၁၉၀၅ခု

ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာ ရှိပါတယ်။ ဘေးမှာ ဝေယံလျှပ်စစ်ပစ္စည်းအရောင်းဆိုင် ရှိတယ်။ Watson & Sons Ltd ရဲ့ ကုန်တိုက်အဖြစ် အသုံးပြုခဲ့တယ်။ နိုင်ငံတကာက ကုန်ပစ္စည်းမျိုးစုံကို တင်သွင်းရောင်းချပါတယ်။

ဝဇီရာ House ကို ခရစ်နှစ် ၁၉၀၅ခုမှာ တည်ဆောက်ခဲ့ပြီး ဒီဇိုင်နာကတော့ ဗိသုကာပညာရှင် Thomas Swales လို့ မှတ်သားရတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကုန်တိုက်ကို ပိတ်ထားရပြီး စစ်ကြီးပြီးတော့ ကုမ္ပဏီ ဖျက်သိမ်းသွားတယ်။ လွတ်လပ်ရေးရပြီးနောက်မှာ စိန်ဘရားသားကုန်တိုက်အဖြစ် ဖွင့်လှစ်ခဲ့သေးတယ်။ ကုန်တိုက်ကို ဦးထွန်းစိန်က ဦးစီးပါတယ်။ ၁၉၆၄ခုမှာ ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့ပြီး လက်ရှိမှာ အခွန်ဦးစီးဌာနမှူးရုံးအဖြစ် အသုံးပြုလျက်ရှိပါတယ်။

Ref: Yangon Heritage Trust

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.