“ဘန့်ဘွေးကျင်း” နာမည်ဆန်းဆန်းနဲ့ သည်နေရာလေးကို မရောက်ဖူးခင် ကတည်းက ဓာတ်ပုံတွေကြည့်ပြီး တအားသဘောကျနေတာ။ သွားဖို့ အကြောင်းဖန်လာတော့ တကယ်ကို စိတ်လှုပ်ရှား တက်ကြွမိတယ်။ ဘန့်ဘွေးကျင်း ရေတံခွန်က နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျင်းကျေးရွာအုပ်စုမှာ ရှိတာပါ။
ရေတံခွန်က ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပလွန်းပေမယ့် လူတိုင်း သွားလာနိုင်သည့် အနေအထားမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံခြားသားများ လာရောက်လည်ပတ်ခွင့်ကို ပိတ်ထားသလို ရေတံခွန်ရှိရာ လျှိုထဲသို့ ဆင်းရမည့် လမ်းကြောင်းကလည်း ကြမ်းတမ်းပါတယ်။
ဘန့်ဘွေးကျင်းကို မြန်မာမှု ပြုရရင် မောင်နှံခုနှစ်ဖော် ရေတံခွန်လို့ အဓိပ္ပါယ်ရတယ်။ ဒေသခံတွေကတော့ နမ့်တန်းရေတံခွန်လို့ ခေါ်ကြတယ်။ ရေတံခွန်ရဲ့ အစက နမ့်ပါမွန်ချောင်းဖြစ်ပြီး ဆည်တော်ကြီးကန်မှာ အဆုံးသတ်ပါတယ်။ ဘန့်ဘွေးကျင်း ရေတံခွန်မှာ ရေကျသည့်အရှိန်ကြောင့် သဘာဝအတိုင်း ဖြစ်နေတဲ့ ကျောက်ခွက်ရေကန်ငယ်လေးတွေ အများကြီး ရှိတယ်။ လူသူအရောက်အပေါက် နည်းသေးတဲ့အတွက် ရေက စိမ်းမြပြီး ကြည်လင်တယ်။ ရေကန်ငယ်လေးထဲမှာ ရေစိမ်ရင်း မှိုင်းညှို့ညှို့တောင်စဉ်တောင်တန်းများနှင့် အနားသတ်ထားသော ဆည်တော်ကြီးကန်နှင့် နေဝင်ဆည်းဆာအလှကို ငေးမောရတဲ့ အခိုက်အတံ့က အံ့မခမ်းပါပဲ။
ရေတံခွန်ရှိရာ လျှိုထဲသို့ ဆင်းရသည့် ကြာမြင့်ချိန်က တစ်နာရီခွဲလောက် ရှိပါတယ်။ ခပ်မတ်မတ် အဆင်းလမ်းတွေမို့ ခြေသည်းရှည်နေရင် ခြေချောင်းတွေ တအားနာပါလိမ့်မယ်။ ကုပ်အားကောင်းတဲ့ စစ်ဖိနပ်ကို ခြေအိတ်နှစ်ထပ်ဝတ်ပြီး စီးသွားတာ ခြေထောက်အတွက် အသက်သာဆုံးပါပဲ။ အထူးတလည် သတိပေးချင်တာက သွားရောက်လည်ပတ်တဲ့အခါ အမှိုက်လုံးဝ မပစ်ချခဲ့ကြဖို့ပါ။ ရေတံခွန်မှာ စားသောက်ဖို့ အလေးခံပြီး တကူးတက သယ်သွားနိုင်တယ်ဆိုရင် စားသောက်ပြီး ပေါ့ရွှတ်နေတဲ့ အခွံတွေကို ဘာလို့များ ပြန်မသယ်သွားနိုင်ရမှာလဲ?





မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။
ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan