Shan

Traveling my way around the world!

သဘာဝအလှတရားတွေ ကြွယ်ဝနေသော နောင်ချိုမြို့

နိုဝင်ဘာလမှာ လည်ပတ်လို့ အကောင်းဆုံးမြို့ကို ညွှန်းပါဆိုရင် ချမ်းကတော့ နောင်ချိုမြို့ကိုပဲ ညွှန်းမှာပါ။ သည်အချိန်ဆို နောင်ချိုမှာ တိမ်ပင်လယ်တွေ ထူထဲနေလောက်ပြီ။ ဆောင်းဝင်ခါစမို့ ရေတံခွန်တွေ စိမ်းလဲ့ကြည်တောက်နေလောက်ပြီ။ ဝါဝါထိန်ထိန် တောင်နေကြာတွေလည်း အစွမ်းကုန် ပွင့်နေလောက်ပြီ။ တမျှော်တခေါ် ကြံခင်းကြီးတွေမှာ ကြံပန်းတွေနဲ့ ဖွေးဖွေးဖြူနေလောက်ပြီ။

နောင်ချိုအကြောင်း သိကောင်းစရာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ နောင်ချိုမြို့ကို ရှေးအခါက အင်းစိမ်းစခန်းလို့ ခေါ်ပါတယ်။ ကိုလိုနီခေတ်ဦးပိုင်းမှာ ဂုတ်ထိပ်တံတား တည်ဆောက်ရေး လုပ်ငန်းစဉ်ကာလအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ဗြိတိသျှအစိုးရက သုံးဆယ်မှ နောင်ချိုသို့ ပြောင်းရွှေ့ရုံးစိုက်ရာကနေ စည်ကားတဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့တယ်။ နောင်ချိုမြို့မှာ ရေတံခွန်၊ မြစ်၊ ချောင်း ပေါများတဲ့အတွက် ရေအရင်းအမြစ် ကြွယ်ဝတယ်။ မြစ်၊ ချောင်းများမှာ စီးဆင်းနေတဲ့ ရေက ရေချိုဖြစ်ပြီး မြေအောက်ရေကတော့ ထုံးဓာတ်နှင့် အခြားဓာတ်သတ္တုများ ပါဝင်နေပါတယ်။

ဘန့်ဘွေးကျင်းရေတံခွန်

နောင်ချိုမှာ အလှဆုံး ရေတံခွန်ကို ပြောပါဆိုရင် ဘန့်ဘွေးကျင်းရေတံခွန်ပါ။ ဘန့်ဘွေးကျင်းရေတံခွန်ဟာ ပြင်ဦးလွင် - မိုးကုတ်လမ်းကြား ဘန့်ဘွေးကျေးရွာအုပ်စုမှာ ရှိပါတယ်။ ယခုလို နိုဝင်ဘာလဆိုရင် ပြင်ဦးလွင် - မိုးကုတ် ကားလမ်းမဘေး ဘယ်ညာတလျှောက် ဝါဝါထိန်အောင် ပွင့်နေသည့် တောင်နေကြာ သဘာဝပေါက်ပင်တွေကြားမှ ဖြတ်သန်းသွားရမှာပါ။

ဘန့်ဘွေးကျင်းကို မြန်မာလို ဘာသာပြန်မယ်ဆိုရင် မောင်နှံခုနှစ်ဖော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒေသခံတွေက နမ့်တန်းရေတံခွန်လို့ ခေါ်ကြတယ်။ ဘန့်ဘွေးကျင်းရေတံခွန်ရဲ့ မူလစီးဆင်းရာကတော့ နမ့်ပါ့မွန်ချောင်းပါ။ ဘန့်ဘွေးကျင်းရေတံခွန်ရဲ့ အဆုံးသတ်ကတော့ ဆည်တော်ကြီးကန်လို့ သိရပါတယ်။ ရေတံခွန်က တအားလှပေမယ့် လူတိုင်း အလွယ်တကူ သွားလို့ရတဲ့ နေရာတော့ မဟုတ်ပါဘူး။ နိုင်ငံခြားသားတွေ လာရောက်ခွင့်ကို ကန့်သတ်ထားပါတယ်။ ရေတံခွန်ဆီ သွားဖို့အတွက် တောတောင်လျှိုမြောင်တွေကြား ခက်ခက်ခဲခဲ ဆင်းသွားရတာ ဖြစ်တဲ့အတွက် ကျန်းမာရေးမကောင်းသူ၊ အဝလွန်သူနှင့် အမြင့်ကြောက်သူများ သွားဖို့ အဆင်မပြေနိုင်ပါဘူး။

နမ့်ငိုရေတံခွန်

နမ့်ငိုရေတံခွန်ဟာ နောင်ချိုမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စုမှာ ရှိပါတယ်။ ပြင်ဦးလွင်မှ ပိတ်ချင်းမြောင်ကနေဆို ဆယ်မိုင်ခန့်လောက်ပဲ ဝေးတော့တယ်။ ကားလမ်းက ရေအားလျှပ်စစ် ထုတ်လုပ်ရန် တည်ဆောက်ထားတဲ့ ရေလှောင်ကန်အထိ ပေါက်တယ်။ ရေလှောင်ကန်ကနေ သံပိုက်လုံးလမ်းကြောင်းအတိုင်း လမ်းလျှောက်သွားရတာ။ ပိုက်လိုင်းအတိုင်း မိုင်ဝက်ခန့် လျှောက်ပြီးသွားရင် အုတ်လှေကားတစ်စီး တွေ့ရလိမ့်မယ်။ အုတ်လှေကား ရှိတဲ့လမ်းအတိုင်း ဆက်ဆင်းသွားရင် ဗြုံးကျောက်ကို ထွင်းပြီးဖောက်ထားတဲ့ တောလမ်းလေးကို တွေ့ပါအုံးမယ်။ တောလမ်းဆိုပေမယ့် လမ်းကောင်းတယ်။ ရေတံခွန်အောက် ဆင်းတဲ့လမ်းတလျှောက်မှာ ရေတံခွန် အဆင့်ဆင့်ကို မြင်နေရတာဆိုတော့ ခြေထောက်ညောင်းပေမယ့် ရှုခင်းသာပြီး အမောပြေတယ်။ (၁၄)ဆင့်လောက် ရှိတဲ့ ရေတံခွန်ကြီးက ဘယ်လောက်တောင်လှပြီး သာယာနေလိုက်မလဲဆိုတာ စိတ်ကူးနဲ့တင် မှန်းလို့ ရနေပါပြီ။

အင်းဝိုင်းရေတံခွန်

နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာမှာရှိတဲ့ အင်းဝိုင်းရေတံခွန်က သိပ်မကြီးပေမယ့် အတော်လေး သာယာလှပပါတယ်။ အနားမှာ ဆင်းရွှေလီ (၂) သကြာစက်ရုံ ရှိတဲ့အတွက် ကားလမ်းလည်း ချောတယ်။ ကားလမ်းကနေ ရေတံခွန်ဆီ ဆယ်မိနစ်လောက်ပဲ လမ်းလျှောက်ရတယ်။ အဲ့သည့်ဆယ်မိနစ်စာ ဖြတ်သွားရတဲ့ တောအုပ်လေးက စိမ့်စမ်းရေတွေ သစ်ပင်ခြုံနွယ်တွေနဲ့ အေးချမ်းနေရောပဲ။

အင်းဝိုင်းရေတံခွန်က တောင်ပေါ်ကနေ ရေတံခွန်အကြီးတစ်ခုနဲ့ အသေးတစ်ခု နှစ်ခုဆင်းလာပြီး ရေကန်ကြီးထဲမှာ လာဆုံသွားတာ။ အဲ့သည့်ရေကန်ကနေ အောက်ရေကန်ထဲကို ရေတံခွန်နောက်တစ်ခုအဖြစ် ထပ်မံစီးဆင်းသွားတယ်။ ရေကန်အထက်မှာ ရေမှုန်ရေမွှားတွေ ပြန့်ဝဲနေတာမို့ မြင်ရတာ တအားကြည်နူးဖို့ ကောင်းတယ်။ ဒါပေမယ့် ရေကန်အစပ်နဲ့ ရေကန်အောက်ခြေရှိ မြေကြီးက နူံးမြေ၊ ရွှံ့မြေတွေမို့ ချောကျိကျိကြီး။ ချော်မလဲအောင် သတိထားပြီး ရေကစားရတယ်။ ပုံမှန်ဆို ရေအရောင်က စိမ်းမြပြီး ကြည်ပေမယ့် အနားမှာ သကြားစက်ရုံ ရှိနေတာမို့ ရေနောက်ကျိသွားတဲ့ အချိန်တွေလည်း ရှိတတ်တယ်။

ချမ်းပြောပြသွားတဲ့ ရေတံခွန်သုံးခုလုံးမှာ ရေချိုးခန်းနှင့် အဝတ်လဲခန်း မရှိပါဘူး။ ရေလဲလုံချည်၊ မျက်နှာသုတ်ပုဝါအကြီးနှင့် အပိုဝတ်တစ်စုံ ကျိန်းသေ ယူသွားဖို့ လိုပါတယ်။

ရွှေသွန်းရွာမှာ ကြံခင်းများ

ချမ်းတို့တွေ နောင်ချိုတိမ်ပင်လယ်ကို သွားတုန်းက ရွှေသွန်းကျေးရွာကနေ ဖြတ်သွားရတယ်။ ကျေးရွာအဝင်နားလောက် ကားလမ်းဘေးဘယ်ညာ လမ်းတလျှောက်လုံး ကြံခင်းတွေ အပြည့်ပဲ။ ကြံပင်တွေထိပ်မှာ ကြံပန်းတွေ ဖွေးဖွေးလှုပ်နေအောင်ကို ပွင့်နေကြတာ။ လေအသုတ်မှာ ကြံပင်တွေ တစ်လိုင်းချင်းစီ ယိမ်းနွဲ့သွားပုံက ပင်လယ်ရေလှိုင်းတွေ ရွေ့နေသလား ထင်ရတယ်။ တအား ကြည့်ကောင်းတာ။ ရှုခင်းက အတော်လှတော့ မနေနိုင်တော့ဘဲ ကားရပ်ပြီး ဓာတ်ပုံဆင်းရိုက်မိတဲ့ အထိပါပဲ။

နောင်ချိုတိမ်ပင်လယ်

နောင်ချိုတိမ်ပင်လယ်ကို နောင်ချိုကြီးကျေးရွာရှိ ဆာဖာတပ်တောင်ထိပ်မှ ကြည့်ရှုနိုင်ပါတယ်။ တိမ်ပင်လယ်က နိုဝင်ဘာလကနေ ဇန်နဝါရီလအထိ ထွက်လာတတ်တယ်။ တိမ်ပင်လယ်ထွက်ချိန်က နံနက် ၅နာရီကနေ ၉နာရီ ဝန်းကျင်ထိပေါ့။ တိမ်ပင်လယ် မြင်ရဖို့ဆိုတာ ကံနဲ့လည်း ဆိုင်တယ်။ အချို့က တိမ်ပင်လယ် အပြည့်တက်လာတာ မြင်ရတယ်။ အချို့က တိမ်ပင်လယ် ခပ်ပါးပါးပဲ မြင်ရတယ်။ အချို့က လုံးလုံးကို မမြင်လိုက်ရဘူး။ နံနက်စောစော တိမ်ပင်လယ် ကြည့်ချင်သူတွေက တောင်ထိပ်မှာ တစ်ညအိပ် နေတတ်ကြတယ်။ ညအိပ်ညနေ နေဖို့ အခု Resort တွေလည်း ရှိလာပြီဆိုတော့ အများကြီး လွယ်ကူအဆင်ပြေသွားပါပြီ။ နောက်ပြီး တောင်ထိပ်ထိ ကားလမ်းပေါက်နေပြီမို့ ထော်လာဂျီလည်း သတ်သတ်စီးစရာ မလိုတော့ပါဘူး။

စော်ဘွားတောင်

နောင်ချိုတိမ်ပင်လယ် ကြည့်ဖို့သွားတဲ့သူ အများစုက တိမ်ပင်လယ်ကြည့်ပြီး တောင်အောက်ဆင်းသွားကြတာ များတယ်။ မိနစ်သုံးဆယ်လောက် Soft Trekking လျှောက်ရုံနဲ့ ရောက်တဲ့ စော်ဘွားတောင်ရှိမှန်း သိပ်မသိကြသေးဘူး။ တိမ်ပင်လယ် သွားကြည့်ရင်း “တစ်ချက်ခုတ် နှစ်ချက်ပြတ်” ရလေအောင် စော်ဘွားတောင်ဘက်လည်း သွားလည်စေချင်ပါတယ်။

ကိုလိုနီခေတ်တုန်းက စော်ဘွားတွေ လာရောက်ပုန်းခိုခဲ့သည့် လိုဏ်ဂူကြီး ရှိတဲ့အတွက် စော်ဘွားတောင်ဟု ခေါ်ကြောင်း မှတ်သားရတယ်။ လိုဏ်ဂူရှေ့မှာရှိတဲ့ ကျောက်တိုင်ကို စော်ဘွာတိုင်လို့ပဲ အလွယ်တကူ ခေါ်ကြတယ်။ လိုဏ်ဂူအတွင်းမှာ စော်ဘွားများ အသုံးပြုခဲ့တဲ့ ဓားသွေးကျောက်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ ရှိနေပါသေးတယ်။ စိတ်ဝင်စားလို့ သွားကြည့်ချင်ပေမယ့် လိုဏ်ဂူက လျှိုထဲမှာဆိုတော့ ဆင်းမကြည့်ခဲ့လိုက်ရဘူး။ စော်ဘွားတောင်ထိပ်ကနေ မြင်ရတဲ့ ရှုခင်းက တမျိုးတဖုံဆန်းပြီး လှပတယ်။ စော်ဘွားကျောက်တိုင် ဝန်းကျင်မှာ မဟူရာအရောင်ရှိတဲ့ ကျောက်စိုင်တွေက ပြန့်ကျဲနေတယ်။ ကျောက်တောင်နှစ်ခုအကြားကနေ တောင်ခြေမှာ စီးဆင်းနေတဲ့ ဒုဋ္ဌဌဝတီမြစ်ကို လှမ်းမြင်နေရတယ်။ စော်ဘွားတောင်ဘက်မှာ တစ်ညအိပ်ပြီး တိမ်ပင်လယ် ထကြည့်သူတွေလည်း ရှိကြပါတယ်။

ဂုတ်ထိပ်တံတား

ဂုတ်ထိပ်တံတားဟာ နောင်ချိုဘူတာအလွန် ဂုတ်တွင်းဒေသမှာ ရှိပါတယ်။ ဂုတ်ထိပ်တံတားကို ကိုလိုနီခေတ် ၁၈၉၉ခုမှာ စတင်ဆောက်လုပ်ပြီး ၁၉၀ဝခုမှာ ပြီးစီးခဲ့တယ်။ ရထားခုတ်မောင်းမှုကိုတော့ ၁၉၀၃ခုမှာ စတင်ခဲ့တယ်။ တံတားကို (၂၂၆၀)ပေ ရှည်လျားပြီး (၃၀ဝ)ပေ ကျော်သည့် မတ်စောက်သော လျှိုကြီးပေါ်မှ ဖြတ်ပြီး တည်ဆောက်ထားတာပါ။ ဂျပန်တွေ ဝင်လာတော့ အင်္ဂ္လိပ်စစ်တပ်က ဂုတ်ထိပ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည့်အတွက် သံတိုင်အမှတ် ၂နှင့် ၅ ပျက်ဆီးခဲ့ပါတယ်။ မဟာမိတ်တပ်တွေ ဝင်လာပြန်တော့ ဂျပန်စစ်တပ်က သံတိုင်အမှတ် ၉၊ ၁၀၊ ၁၁နှင့် ၁၂ကို ဗုံးခွဲ ဖျက်ဆီးခဲ့တယ်။ တံတားပြင်ဆင်မှုကို လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ခု မေလမှာ မြန်မာ့မီးရထားဌာနမှ ဦးဆောင်ခဲ့တယ်။ တံတားပြင်ဆင်မှုဟာ ၁၉၅၁ခု သြဂုတ်လမှာ ပြီးစီးခဲ့ပါတယ်။

မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Follow Us

Copyright © 2021 Traveller Chan. All Rights Reserved.