Shan

Traveling my way around the world!

တမူထူးခြား လှပနေသော ညောင်ရွှေမြို့ကို ရောက်ရင် သွားရောက်သင့်သော နေရာ (၂၂)ခု

ညောင်ရွှေလို့ ပြောလိုက်တာနဲ့ အင်းလေးကန်ကိုပဲ ပြေးမြင်မိတော့ ရေထဲမှာပဲ လည်ပတ်စရာရှိတယ် ထင်နေခဲ့တာ။ ပြီးခဲ့တဲ့ Weekends တုန်းက ညောင်ရွှေမြို့ကို သွားလည်ဖို့ အကြောင်းပေါ်လာလို့ Google Map မှာ ရှာကြည့်လိုက်တော့ အင်းထဲမှာတင် မကဘဲ ကုန်းပေါ်မှာပါ လည်စရာတွေက အများကြီးရယ်။ အလည်အပတ်ကော အစားအသောက်ပါ ခုံမင်တဲ့ ချမ်းအတွက်တော့ ညောင်ရွှေမြို့က တကယ့်ကို လောကနိဗ္ဗာန်ပါပဲ။

ကော့ဆမ်ပီမှ ညောင်ရွှေသို့

ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ညောင်ရွှေမြို့ကို ငါးကြိမ်ငါးခါ တည်ခဲ့တာလို့ မှတ်သားရဖူးတယ်။ ပထမညောင်ရွှေမြို့ကို လက်ရှိညောင်ရွှေမြို့ရဲ့ မြောက်ဘက် (၄)မိုင် အကျော်မှာရှိတဲ့ ပေါရိသတ်စေတီရဲ့ မြောက်ဘက်ရှိ မြို့ကြီးကွင်းအရပ်မှာ ကော့ဆမ်ပီ ဆိုတဲ့ နာမည်နဲ့ စတည်ခဲ့တာပါ။ ခရစ်နှစ် ၁၁၁၀ခုမှာ စစ်မက်ကြောင့် ပထမညောင်ရွှေ ပျက်ဆီးခဲ့ရတယ်။ ဒုတိယညောင်ရွှေမြို့ကို ပထမညောင်ရွှေမြို့ရဲ့ တောင်ဘက်အရပ်မှာ ထပ်မံတည်ခဲ့ကြတယ်။ တောင်ပြိုကျရာမှ အစပြုပြီး ရေဘေးသင့်ခဲ့တာကြောင့် ဒုတိယညောင်ရွှေမြို့သည်လည်း ပျက်ဆီးသွားပြန်တယ်။ တတိယညောင်ရွှေမြို့ကိုတော့ လက်ရှိ မိုင်းသောက်ဒေသမှာ တည်ခဲ့တာပါ။ တတိယညောင်ရွှေမြို့ ဆုတ်ယုတ်လာတဲ့အတွက် စတုတ္ထညောင်ရွှေမြို့သစ်ကို တည်ခဲ့ပြန်တယ်။ ပန်းဖယ်လို့ ခေါ်လာရာကနေ စကားရွေ့ပြီး ဖာဖယ်ဟု ပြောင်းလဲလာတယ်။ စော်ဘွားဆီဆိုင်ဖဟာ စတုတ္ထညောင်ရွှေမြို့မှာ စိုးစံနေစဉ်အတွင်း အိမ်မက်အရ ပဉ္စမညောင်ရွှေမြို့ကို ခရစ်နှစ် ၁၃၅၉ခုမှာ ယောင်ဝှေ ဆိုတဲ့ နာမည်နဲ့ တည်ခဲ့ပြန်တယ်။ ပဉ္စမညောင်ရွှေဖြစ်တဲ့ ယောင်ဝှေမြို့ကတော့ လက်ရှိ ညောင်ရွှေမြို့ပါပဲ။

၁) ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်ဗိမ္မာန်

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ဂူဗိမ္မာန်ဟာ ဖောင်တော်ဆိုက်လမ်း နှင့် ကျောက်တိုင်အရှေ့လမ်းထောင့်မှာ ရှိပါတယ်။ ဗိမ္မာန်ဝန်းအတွင်းမှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ဂူဗိမ္မာန် အပြင် စဝ်ရွှေသိုက်ရဲ့ မဟာဒေဝီ စဝ်နန်းရီ နဲ့ သားတော် စဝ်ဆေဟုံဖ တို့ရဲ့ ဂူဗိမ္မာန်တွေကိုပါ အစီအရီ အတန်းလိုက် တွေ့ခဲ့ရတယ်။ သားတော်ဗိမ္မာန်ရဲ့ ညာဘက်အခြမ်းမှာ ပြည်ငြိမ်းချမ်းသာလို့ ဘွဲ့အမည်ရတဲ့ ထုံးသင်္ဃန်းကပ်စေတီတစ်ဆူ တည်ရှိတယ်။ စေတီရဲ့ ခြေရင်းမှာတော့ မောက်မယ်စော်ဘွား စဝ်ခွန်လှိုင်ရဲ့ မဟာဒေဝီ ဒေါ်ခင်ခင်ကြည်ရဲ့ ဂူဗိမ္မာန်ကို တွေ့နိုင်ပါသေးတယ်။ ဗိမ္မာန်ဝန်းရဲ့ ဝင်ပေါက်တည့်တည့်မှာတော့ စဝ်ရွှေသိုက်ရဲ့ ပုံစံတူ ကြေးရုပ်တုတစ်ခုကို စိုက်ထူထားတယ်။ ကြေးပိဿာချိန် (၃၀၀)ကျော် ရှိပြီး ၂၀၁၈ခု၊ အောက်တိုဘာလ (၁၉)ရက်မှာ စိုက်ထူထားတာလို့ သိရတယ်။

စဝ်ရွှေသိုက်ကို ခရစ်နှစ် ၁၈၉၆ခု၊ အောက်တိုဘာလ (၁၆)ရက်မှာ ညောင်ရွှေစော်ဘွား ဆာစဝ်မောင်နှင့် မဟာဒေဝီ စဝ်နန်းဆာတို့မှ မွေးဖွားခဲ့ပါတယ်။ ခရစ်နှစ် ၁၉၂၉ခုမှာ ဖခင် ကွယ်လွန်သွားသဖြင့် ညောင်ရွှေစော်ဘွား အရိုက်အရာကို ဆက်ခံခဲ့တယ်။ ၁၉၄၈ခုမှာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပထမဆုံးသော သမ္မတအဖြစ် တညီတညွတ်တည်း ရွေးခြယ်တင်မြောက်ခြင်း ခံရတယ်။ ၁၉၅၂ခု၊ မတ်လ (၁၂)ရက် အထိ သမ္မတတာဝန်ကို (၄)နှစ်ကြာ ထမ်းဆောင်ခဲ့တယ်။ ၁၉၆၂ခုမှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့ပြီး စဝ်ရွှေသိုက်နှင့် ရှမ်းစော်ဘွားများအားလုံး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်။ စဝ်ရွှေသိုက်ရဲ့ သားတော် စဝ်မီမှာလည်း ထိန်းသိမ်းနေစဉ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော သမ္မတ ဖြစ်ခဲ့တဲ့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ဟာ ၁၉၆၂ခု၊ နိုဝင်ဘာလ (၂၁)ရက်မှာ ကွယ်လွန် အနိစ္စ ရောက်ခဲ့ပါတယ်။

၂) လွတ်လပ်ရေးကျောက်တိုင်

လွတ်လပ်ရေးကျောက်တိုင်ဟာ စဝ်ရွှေသိုက် ဂူဗိမ္မာန်ရဲ့ အနောက်တောင်အရပ်မှာ ရှိပါတယ်။ ကျောက်တိုင်ကွင်း နေရာမှာ အရင်တုန်းက ညောင်ရွှေဟော်နန်း ရှိခဲ့ဖူးတယ်။ ခရစ်နှစ် ၁၉၀၈ခုမှာ မီးဘေးသင့်ခဲ့တဲ့အတွက် ဟော်နန်းနေရာကို ပြောင်းဆောက်ခဲ့တာလို့ မှတ်သားရတယ်။ ပြီးတော့ ကျောက်တိုင်ကွင်းနေရာဟာ ညောင်ရွှေမြို့တည်ခဲ့တဲ့ နေရာအစလို့လည်း ဖတ်ရဖူးတယ်။

ညောင်ရွှေစော်ဘွားကြီး ဆီဆိုင်ဖဟာ ရွှေရောင်အဆင်းနှင့် တူတဲ့ ညောင်ပင် ပေါက်ရာအရပ်မှာ မြို့တည်ရင် မြို့သက်ရှည်လိမ့်မယ်လို့ အိမ်မက် မြင်မက်တယ်။ ဒါ့ကြောင့် မှူးကြီးမတ်ရာတွေကို မြို့သစ်တည်ဖို့ နေရာ ရှာဖွေစေတယ်။ နောင်အခါ ရွှေတောင်ဦးစေတီ တည်ထားမယ့် ကုန်းမြေနေရာကို ရောက်တော့ ရွှေရောင်အဆင်းရှိတဲ့ ညောင်ပင်ကို တွေ့ရပါတယ်။ ထိုညောင်ပင်ကနေ အနောက်ဘက်အရပ်၊ လက်ရှိ ကျောက်တိုင်ကွင်းနေရာမှာ ညောင်ရွှေမြို့ကို စတင်တည်ခဲ့ပါတယ်။

၃) အဌဒိဿဓမ္မဝိဟာရ ကျောင်းတော်ကြီး

ကျောင်းတော်ကြီးဟာ စဝ်ရွှေသိုက်ဂူဗိမ္မာန်ရဲ့ အရှေ့ဘက်အရပ်မှာ ရှိပါတယ်။ အရှေ့ဘက်အရပ်ဆိုတာ ဂူဗိမ္မာန်နဲ့ မျက်နှာချင်းဆိုင်ဘက်ကို ပြောတာ မဟုတ်ဘဲ Google Map နဲ့တိုက်ပြီး မြောက်၊ အရှေ့၊ တောင်နှင့် အနောက် ဆိုတဲ့ အရပ်မျက်နှာ ပုံစံမျိုးနဲ့ ညွှန်းထားတာပါ။

နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အင်းလေးဖောင်တော်ဦး ဘုရားများ ဒေသစာရီကြွချီတဲ့အခါ ညောင်ရွှေမြို့ပေါ်မှာရှိတဲ့ အဌဒိဿဓမ္မဝိဟာရ ကျောင်းတော်ကြီးမှာ ဖော်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွားတော်များ ကျိန်းစက်လေ့ ရှိတယ်။ ဖောင်တော်ဦးဘုရားပွဲတော်နေ့တွေဆိုရင် ကြက်ပျံမကျကို စည်ကားတာ။ ကိုဗစ်ကာလဆိုတော့ သည်နှစ်တော့ မကျင်းပနိုင်တော့ပါဘူး။

၎) ရွှေတောင်ဦးစေတီ

ရွှေတောင်ဦးစေတီဟာ ကျောင်းတော်ကြီးရဲ့ အရှေ့ဘက်အရပ်မှာ ရှိပါတယ်။ ရွှေတော်ဦးစေတီကို မြန်မာသက္ကရာဇ် ၇၂၁ခု၊ စော်ဘွားကြီး ဆီဆိုင်ဖလက်ထက်မှာ တည်ထားတာလို့ မှတ်သားရတယ်။ ညောင်ရွှေမြို့တည်သက်တမ်းနဲ့ ရွှေတောင်ဦးစေတီသက်တမ်းက အတူတူပါပဲ။

သက်တမ်း ၆၆၀နှစ် ရှိနေပြီဖြစ်တဲ့ ရွှေတောင်ဦးစေတီကို ၂၀၁၉ခု၊ ဖေဖော်ဝါရီလ (၂၁)ရက်မှာ ဖြိုချခဲ့ပြီး စေတီအသစ် တည်ကြတယ်။ စေတီရှင်းလင်းစဉ်က ဌာပနာသိုက်ထဲကနေ မြန်မာသက္ကရာဇ် ၈၈၆ခု ရေးထိုးထားတဲ့ ကြေးဆင်းတုတစ်ဆူအပြင် အခြား ရှေးဟောင်းဆင်းတုတော်ပေါင်း လေးရာကျော်ကို တူးဖော်ရရှိထားတယ်။ ရှေးလက်ရာ အမွေအနှစ်တွေ နတ္ထိဖြစ်သွားတဲ့ ရွှေတောင်ဦးစေတီအသစ်ကို ကြည့်ပြီး ချမ်းအနေနဲ့ အတော်လေး နှမျှောမိပါတယ်။

၅) ရတနာမာန်အောင် ဆုတောင်းပြည့်စေတီ

ရတနာမာန်အောင် ဆုတောင်းပြည့်စေတီ
ဆာစဝ်မောင်ဂူ (ညာ) နှင့် မဟာဒေဝီ စဝ်နန်းသာဂူ (ဘယ်)

ရတနာမာန်အောင် ဆုတောင်းပြည့်စေတီဟာ ရွှေတောင်ဦးစေတီရဲ့ အရှေ့ဘက်အရပ်မှာ ရှိပါတယ်။ စေတီတော်ကို မြန်မာသက္ကရာဇ် ၁၂၂၈ခုမှာ တည်ထားကိုးကွယ်ခဲ့တယ်။ စေတီရဲ့ ဂန္ဓကုဋီတိုက် အတွင်းမှာ ရတနာမာန်အောင် ဆုတောင်းပြည့် ရုပ်ပွားတော်တစ်ဆူ စံပယ်လျက်ရှိတယ်။ ခရစ်နှစ် ၁၉၅၃ခုမှာ ဘုရားဖူးရင်း ရှေးဟောင်းပစ္စည်းများကိုပါ အများသူငါ လေ့လာနိုင်ရန် ပြသထားပါတယ်။

ရတနာမာန်အောင် ဆုတောင်းပြည့်စေတီဝန်း အတွင်းမှာ ဆေးနီခြယ်ထားတဲ့ ဂူဗိမ္မာန် (၂)လုံးကို တွေ့ခဲ့ရတယ်။ ညာဘက်က ဆာစဝ်မောင်ရဲ့ဂူ ဖြစ်ပြီး ဘယ်ဘက်ကတော့ မဟာဒေဝီ စဝ်နန်းသာရဲ့ဂူ ဖြစ်ပါတယ်။ ဆာစဝ်မောင်ကို ညောင်ရွှေစော်ဘွားကြီး စဝ်သုဒေဝနှင့် မဟာဒေဝီ စဝ်နန်းဆင့်တို့မှ ခရစ်နှစ် ၁၈၄၈ခုမှာ ဖွားမြင်ခဲ့ပါတယ်။ ခရစ်နှစ် ၁၈၅၃ခုမှာ ဖခင်စော်ဘွားကြီး လုပ်ကြံခံရသဖြင့် အမရပူရမြို့သို့ ထွက်ပြေးတိမ်ရှောင်ခဲ့ရတယ်။ ခရစ်နှစ် ၁၈၆၆ခုမှာ ညောင်ရွှေစော်ဘွားအရာကို ဆက်ခံခဲ့တယ်။ ဆာစဝ်မောင်ဟာ ကိုလိုနီခေတ် ၁၉၂၆ခုမှာ ကွယ်လွန်ခဲ့ပါတယ်။ အမရပူရမြို့မှာ နေစဉ်အတွင်း မင်းတုန်းမင်းရဲ့ မွေးစားသားအဖြစ် ချီးမြှောက်ခြင်း ခံရတယ်လို့ အဆိုရှိကြတယ်။

၆) ညောင်ရွှေဟော်နန်း

ညောင်ရွှေဟော်နန်းဟာ ရတနာမာန်အောင် ဆုတောင်းပြည့်စေတီရဲ့ အရှေ့မြောက်ထောင့် အရပ်မှာ ရှိပါတယ်။ လက်ရှိမှာ ယဉ်ကျေးမှုပြတိုက် အဖြစ် တည်ရှိနေတယ်။ ကိုဗစ်ကာလအတွင်းမှာ ပြတိုက်ကို ပိတ်ထားတဲ့အတွက် အထဲသို့ ဝင်ခွင့် မရှိပါဘူး။

ညောင်ရွှေဟော်နန်းကို စော်ဘွားကြီး ဆာစောမော်လက်ထက် ခရစ်နှစ် ၁၉၁၃ခုမှာ စတင် တည်ဆောက်စေခဲ့ပါတယ်။ ခရစ်နှစ် ၁၉၂၃ခု၊ သြဂုတ်လ (၆)ရက်မှာ ပြီးစီးခဲ့ပြီး ငွေကျပ် သုံးသိန်း ကုန်ကျခဲ့တယ်။ ဟော်နန်း ဆောက်လုပ်မှုက ပြီးစီးခဲ့ပေမယ့် ပြီးပြည့်စုံမှုတော့ မရှိခဲ့ပါဘူး။ ဒါ့ကြောင့် မောက်မယ်စော်ဘွား စဝ်ခမ်းလှိုင်က မြန်မာနန်းတော်ပုံစံ နှင့် ရှေးရှမ်းစော်ဘွားများဟော်နန်းပုံစံ နှစ်မျိုးကို ပေါင်းစပ်ကာ ဒီဇိုင်းထုတ်ခဲ့ပါတယ်။ ညောင်ရွှေဟော်နန်းကို လက်သမားဆရာ ဦးငိုမှ ဦးစီးပြီး ရှမ်းလက်မှုပညာရှင်များနှင့် ပူးပေါင်းကာ တည်ဆောက်ခဲ့တယ်။

၇) ရွှေရန်ပြေစေတီ

ရွှေရန်ပြေစေတီ
စောင်းတန်းလေးသွယ်ထဲမှ မှန်စီရွှေချပန်းချီလက်ရာများ

ရွှေရန်ပြေဘုရားဟာ ညောင်ရွှေမြို့ရဲ့ မြောက်ဘက် ရွှေညောင် - ညောင်ရွှေ ကားလမ်မ နဘေးမှာ ရှိပါတယ်။ ရွှေရန်ပြေဘုရားကို အပြင်ကနေ ဖူးမယ်ဆိုရင် ထူးမခြားနား စေတီတစ်ဆူအဖြစ်သာ မြင်ရနိုင်တယ်။ ဒါပေမယ့် စေတီဖိနပ်ခုံဘေး ပတ်လည်မှာ ရံထားတဲ့ စောင်းတန်းလေးသွယ်ထဲ ဝင်ကြည့်လိုက်မယ်ဆိုရင် ဆန်းပြားလှပလွန်းတဲ့ မှန်စီရွှေချပန်းချီလက်ရာများကို အမြောက်အများ တွေ့ရပါလိမ့်မယ်။ ဆေးအနီရောင် ခြယ်မှုန်းထားတဲ့ နံရံထက်မှာ အဖြူ၊ အပြာ၊ အနီ၊ အစိမ်း မှန်စီကျောက်များဖြင့် ဇာတ်ရုပ်ဇာတ်ကွက်များကို ပုံဖော်ထားတယ်။ လက်ရာတွေကတော့ ကုန်းဘောင်ခေတ်နှောင်း ရတနာပုံခေတ်လက်ရာများလို့ သိရတယ်။

ရွှေရန်ပြေစေတီ အုတ်မြစ်ကို ခရစ်နှစ် ၁၈၈၈ခု၊ ဇွန်လ (၁၂)ရက်မှာ အုတ်မြစ်ချခဲ့ပါတယ်။ စေတီတည်ဆောက်မှုကိုတော့ ခရစ်နှစ် ၁၈၈၈ခု၊ စက်တင်ဘလ (၁၄)ရက်မှာ စတင်ခဲ့တယ်။ ရွှေရန်ပြေစေတီကို ခံတပ်စေတီလို့လည်း ခေါ်ကြသေးတယ်။ အကြောင်းက ခရစ်နှစ် ၁၈၈၇ခု၊ ဖေဖော်ဝါရီလ (၁၀)ရက်မှာ ဗြိတိသျှစစ်တပ်ဟာ ညောင်ရွှေမြို့မှာ လာရောက်တပ်စွဲခဲ့ဖူးတယ်။ ထိုစဉ်က ရှမ်းပြည်နယ်သို့ ပထမဆုံး ရောက်ရှိလာခဲ့တဲ့ အင်္ဂလိပ်အရာရှိ အေအိပ်ခ်ျ ဟေလ်ဒါဗရဲန် နဲ့ ဆုံတွေ့ခဲ့တဲ့နေရာမှာ တည်ထားတဲ့တာလို့ မှတ်သားရတယ်။

နှစ်ပေါင်း တစ်ရာကျော်နေပြီ ဖြစ်တာရယ်၊ ကားလမ်းမကြီးနဘေးမှာ တည်ရှိတဲ့အတွက် ကားများသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကြောင့် မှန်စီလက်ရာ အတော်များများ ကွာကျပျက်စီးနေတာကို သတိထားမိတယ်။ သည့်ထက် ပိုပြီး မပျက်ဆီးခင်မှာ နည်းပညာ အကူအညီဖြင့် ထိန်းသိမ်းနိုင်စေဖို့ မျှော်လင့်မိပါတယ်။

၈) ရွှေရန်ပြေ ဘုန်းကြီးကျောင်း

ရွှေရန်ပြေ ဘုန်းကြီးကျောင်းကိုတော့ ခရစ်နှစ် ၁၈၉၀ခုမှာ ညောင်ရွှေစော်ဘွားစဝ်အုံနဲ့ မဟာဒေဝီတို့မှာ ဆောက်လုပ် လှူဒါန်းခဲ့တာလို့ မှတ်သားရတယ်။ ကျောင်းတိုက်ပေါ်မှာ ရွှေသင်္ဃန်းကပ်ထားတဲ့ နှီးဘုရားကြီးတစ်ဆူ စံပယ်ပါတယ်။ ကျောင်းတိုက်ပေါ်တက်ရမယ့် အုတ်လှေကား လက်ရန်းကိုတော့ နဂါးပုံထွင်းထားတယ်။ ကျောင်းတိုက်ရဲ့ ဘဲဥပုံပြတင်းပေါက်ကတော့ ဓာတ်ပုံချစ်သူတွေ အကြားမှာ ရေပန်းစားပါတယ်။

၉) ကျောက်ဖြူကြီးဘုရား

ကျောက်ဖြူကြီးဘုရားဟာ ညောင်ရွှေမြို့နယ်၊ နန်းသဲကျေးရွာမှာ ရှိပါတယ်။ ထုထည်ကြီးမားလှတဲ့ အဖြူရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးစာ အပြာရောင်ဆေးခြယ်ထားတဲ့ ဂန္ဓာကုဋီတိုက် အတွင်းမှာ စံပယ်ပါတယ်။ အရင်တုန်းက ကျောက်ဖြူကြီးဘုရားကို အမိုးကာဖို့လုပ်တိုင်း မအောင်မြင်ခဲ့ဖူးလို့ ကြားဖူးတယ်။ အခုတော့ အမိုးအကာနဲ့ ဖြစ်နေပါပြီ။ ဘုရားကြီးရဲ့ ညာဘက်အခြမ်းမှာ ပိဋိကတ်တိုက်နဲ့ စေတီပေါင်း (၂၆)ဆူ ကို ဖူးမျှော်နိုင်ပါတယ်။ ဘယ်ခေတ်ဘယ်အခါက တည်ထားတာလဲ ဆိုတာကိုတော့ ရှာဖွေလို့ မရခဲ့လိုက်ပါဘူး။

၁၀) Daisy Day Fresh & Fabulous

အင်းလေးချည်ထည်စစ်စစ်ကိုမှ မန္တလေးကထွက်တဲ့ ချည်ကြိုးတွေနဲ့ ချုပ်လုပ်ထားတဲ့ ပြည်တွင်းဖြစ် ဝတ်စုံတွေအကြောင်း လေ့လာချင်လို့ တကူးတက သွားခဲ့တဲ့ ဆိုင်လေးပါ။ ထိုင်းဘက်က ချည်ထည်တွေနဲ့ ချုပ်ရင် စားရိတ်သက်သာနိုင်ပေမယ့် Daisy Day ကတော့ အင်းလေးဒေသထွက် ချည်ထည်စစ်စစ်တွေကိုပဲ သုံးပါတယ်။ ရောက်တုန်းရောက်ခိုက် ဝတ်စုံတွေကို စမ်းဝတ်ကြည့်တော့ ကိုယ်ပေါ်မှာ ချပ်ရပ်ပြီး စတိုင်ကျနေတဲ့ ခံစားချက်မျိုးရတယ်။ အရေးကြီးဆုံး အချက်ကတော့ လွတ်လပ်ပေါ့ပါးပြီး နေလို့ကောင်းလွန်းလို့ ဝတ်သွားတဲ့ ဝတ်စုံတောင် ပြန်မလဲဖြစ်တော့ဘဲ စမ်းဝတ်ကြည့်တဲ့ ဝတ်စုံနဲ့ပဲ လျှောက်လည်ဖြစ်သွားတယ်။

၁၁) A Little Tree House

A Little Tree House ကတော့ ညောင်ရွှေမြို့ရဲ့ အရှေ့ဘက်အရပ်မှာ ရှိပါတယ်။ A Little Eco Lodge နဲ့ တွဲဖွင့်ထားတာဆိုတော့ နားအေးပါးအေး တည်းချင်သူတွေအတွက် အထူးသင့်လျော်တယ်။ Activities တွေ အနေနဲ့ကတော့ ကိုယ်တိုင်ကိုယ်ကျ ချည်ထည်ပုဝါပေါ်မှာ သဘာဝဆိုးဆေး အရောင်တင်လို့ ရတယ်။ ဇင်းမယ်အဆင်တွေ ယက်ကန်းယက်လုပ်တာ၊ ချည်ငင်တာတွေကို လေ့လာလို့ရမယ်။ ခြံထဲမှာ နဂါးမောက်ပင်တွေ စိုက်ထားသေးတယ်။ A Little Tree House ရဲ့ အပေါ်ဆုံးထပ်ကနေ ကြည့်ရတဲ့ရှုခင်းကတော့ အတော်လေးလှတာမို့ ရောက်တဲ့အခါ ဓာတ်ပုံတက်ရိုက်စေချင်တယ်။ ပြီးတော့ ဒိန်ချဉ်လည်း သောက်ဖြစ်အောင် သောက်ခဲ့နော် ...

၁၂) မြသိန်းတန်ကျောင်းတိုက်

ညောင်ရွှေကနေ မိုင်းသောက်ကိုအသွား လမ်းမှာ တွေ့ခဲ့ရတဲ့ ကျောင်းတိုက်ကြီးပါ။ တကယ်တော့ သည်ကျောင်းတိုက်ကို သွားဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ မိုင်းသောက်သွားရင်းနဲ့ ရှေးလက်ရာကနုတ်ပန်းများနဲ့ တန်ဆောင်းကို တွေ့လိုက်လို့ စိတ်ဝင်စားပြီး ဝင်လေ့လာဖြစ်သွားတာ။ ဦးပဇင်းတစ်ပါးကို တွေ့လို့ မေးလျှောက်ကြည့်ပေမယ့် ဘယ်ခေတ်လောက်က တည်ထားမှန်း မသိခဲ့ရဘူးရယ်။

၁၃) Inle Heritage School

Inle Heritage School ဟာ ညောင်ရွှေကနေ မိုင်းသောင်သို့ သွားတဲ့ ကားလမ်းမ နဘေးမှာတင် ရှိပါတယ်။ ရွှံနဲ့သစ်သားကို အဓိကသုံးပြီး ဆောက်ထားတဲ့ ကျောင်းဆောင်တွေရဲ့ ဗိသုကာဒီဇိုင်းက အတော်လေး ထူးခြားတယ်။ ချစ်စရာကောင်းပြီး ကာတွန်းကားထဲက အိမ်လေးတွေနဲ့ သွားတူတယ်။ အဲ့လိုကျောင်းဆောင်တွေနဲ့သာဆိုရင် ကလေးတွေတော့ ကျောင်းနေ ပျော်နေတော့မှာပါပဲ။ အထူး သတိထားရမှာက ဒါက စာသင်ကျောင်း ဖြစ်တဲ့အတွက် အထဲဝင်ပြီး ဓာတ်ပုံရိုက်လို့ မရပါဘူး။ ရိုက်တတ်ရင်တော့ ခြံအပြင်ကနေလည်း လှလှလေးဖြစ်အောင် ရိုက်လို့ရပါတယ်နော်။

၁၄) MOT Korean Cafe

MOT Korean Cafe ဟာ ညောင်ရွှေမှ မိုင်းသောက်သို့ သွားရာလမ်းမှာပဲ ရှိပါတယ်။ ဆိုင်တစ်ခုလုံးကို စက်ဘီးတွေနဲ့ အလှဆင်ထားတယ်။ အခုဆို ထပ်မံပြုပြင်ထားလို့ ပိုလို့တောင် လှနေသေးတယ်။ တကယ်တော့ သည်ဆိုင်လေးကို စီးပွားရေးအရ ဖွင့်ထားတာ မဟုတ်ဘဲ ပရဟိတစိတ်နဲ့ ကိုရီးယားနိုင်ငံသားတွေ လာဖွင့်ပေးထားတာလို့ ပြောရပါမယ်။ သည်နယ်တဝိုက်က ပညာရေးအတွက် အထောက်အပံ့လိုအပ်နေသူတွေကို ပံ့ပိုးပေးနေတဲ့ဆိုင်လေးလို့ သိခဲ့ရတယ်။

၁၅) မိုင်းသောက်တံတား

မိုင်းသောက်ရွာမှာ ရှိတဲ့ မိုင်းသောက်တံတားကို ဒုတိယဦးပိန်တံတားလို့ တင်စားကြတယ်။ မိုင်းသောက်တံတားဟာ တစ်မိုင်ကျော် ရှည်လျားပြီး အလှူရှင်တစ်ဦးမှ ဒေသခံများ သွားလာရေး အဆင်ပြေအောင် လှူဒါန်းပေးသွားတာလို့ အဆိုရှိကြတယ်။ မိုင်းသောက်တံတားကနေ စက်လှေစီးပြီးတော့ အင်းလေးကန်ထဲ လည်ပတ်လို့ ရတယ်။ မိုးရာသီဆိုရင် ဗေဒါခင်းမှာ ပန်းတွေပွင့်နေပြီမို့ လှေစီးပြီး ဓာတ်ပုံရိုက်ရင် သိပ်လှတယ်။ ရှုခင်းသာယာပြီး လေပြေလေညင်းတငြိမ့်ငြိမ့်နဲ့ဆိုတော့ ညနေခင်း အေးအေးဆေးဆေး အချိန်ပေးပြီး နေလို့ကောင်းတဲ့ နေရာလေးပါပဲ။

၁၆) ရွှေမုဋ္ဌောဆုတောင်းပြည့်ဘုရားကြီး

ရွှေမုဋ္ဌောဆုတောင်းပြည့်ဘုရားကြီးဟာ မိုင်းသောက်တံတားဆီ မသွားခင် ကားလမ်းမနဘေးမှာတင် ရှိပါတယ်။ ဘုရားကြီးရဲ့ မျက်နှာတော် အရှေ့ဘက်မုခ်ကနေ ဘုရားကြီးဆီ သွားတဲ့လမ်းတလျှောက်မှာ ရွှေစေတီတွေ အများကြီး ညီညီညာညာ တည်ထားတာကြောင့် မျက်စိပဒေသ ဖြစ်လှတယ်။

၁၇) နန်းနွဲ့ Trekking

ညောင်ရွှေမှာ နာမည်ကြီးတဲ့ Activities တွေကတော့ စက်ဘီးစီးခြင်းနဲ့ Trekking လျှောက်ခြင်းပါပဲ။ ချမ်းက စက်ဘီး မစီးတတ်တဲ့အတွက် Trekking လျှောက်ခဲ့ပါတယ်။ ချမ်း လျှောက်ခဲ့တဲ့ လမ်းကြောင်းကတော့ တောင်ပေါ်ရွာဖြစ်တဲ့ နန်းနွဲ့ကျေးရွာကနေ ထပ်အိမ်ဂူဆီ လျှောက်ရတဲ့လမ်းကြောင်းပါ။ တောင်ပေါ်မှာ တစ်ညအိပ်ချင်ရင် Wooden House မှာ တည်းလို့ရတယ်။ Trekking လမ်းကြောင်းကော၊ တောင်ပေါ်ရှုခင်းပါ သာယာလွန်းတာကြောင့် နောက်မှ သီးသန့်ဆောင်းပါး ရေးပေးမယ်နော်။

၁၈) Chillax Bistro, Nyaung Shwe Inle Lake

Chillax Bistro မှာ ချမ်း အကြိုက်ဆုံးကတော့ ဟင်းနုနွယ်နဲ့ လုပ်ထားတဲ့ Spinach Noodle ပါပဲ။ ၂၀၀၀ ကျပ်တည်းနဲ့ သည်လောက်ကောင်းတဲ့ အရသာမျိုး ပြန်ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒုတိယ အကြိုက်ဆုံးက ဒိန်ချဉ် …. ချဉ်မနေဘဲ စိမ့်သက်နေရောပဲ။ မလိုင်လိုလည်း အီမသွားဘူးရယ်။ နောက်ထပ် ကြိုက်တာကတော့ ပီဇာ … Chicken, Pepperoni, Bacon တွေအပြင် Cheese တွေ ခပ်များများနဲ့ဆိုတော့ အသဲစွဲပဲ။ ဈေးကျတော့ ၆၅၀၀ ကျပ်ပဲ ပေးရတယ်။ ရန်ကုန်မှာ လာဖွင့်စေချင်လိုက်တာနော်။

၁၉) Live Dim Sum House

ညောင်ရွှေမှာဆိုရင် Live Dim Sum House က အကောင်းဆုံးလို့တော့ ကြားဖူးနေတာ။ သွားစားကြည့်တော့ ပုစွန်ဌာပနာထားတဲ့ Dim Sum တွေ အကုန်လုံး ကြိုက်သွားတယ်။ နောက်တစ်မျိုး စွဲလန်းသွားတာက ကြက်ခြေထောက်ပေါင်း … အရည်ပြားက အနည်းငယ်ကြွပ်တယ်။ အကြောတွေက ဝါးလိုက်ရင် တထုပ်ထုပ်နဲ့ မာမနေဘဲ စားလို့ သိပ်ကောင်းတာ။ စိတ်ကူးထဲ ပြန်မြင်ယောင်ပြီး သွားရည်တောင် ကျလာပြီ။

၂၀) Green Chilli Restaurant

 

အင်းလေးရိုးရာ အစားအသောက် စစ်စစ်ကိုမှ မြည်းစမ်းချင်တယ် ဆိုရင်တော့ Green Chilli ကို Highly Recommend ပေးချင်ပါတယ်။ မဖြစ်မနေ စားစေချင်တာကတော့ ကင်ပေါင်းကြော်ပါ။ ကြက်သွန်မြိတ်၊ ခရမ်းချဉ်သီးတွေနဲ့ ပါဝင်အမယ်တွေက ရိုးရိုးရှင်းရှင်းလေး ဆိုပေမယ့် တတွတ်တွတ် စားချင်အောင်ကို ခံတွင်းမြိန်ပါတယ်။

၂၁) Simple Taste Bubble Tea

 

Coffee, Tea ဘာမှ မကြိုက်တဲ့ ချမ်း … သည်ဆိုင်က Lemon Bubble Tea ကိုတော့ ကြွေဆင်းကျသွားတယ်။ Bubble လေးတွေကို ဖိမိလိုက်တိုင်း ဖောက်ကနဲ ပေါက်ပြီး အချိုရည်တွေ စိမ့်ထွက်လာတာကို သဘောကျလွန်းလို့ Bubble တွေချည်း ပါးစပ်ထဲ စုထားပြီး စိမ်ပြေနပြေ ထိုင်ဖောက်နေတော့တာ။

၂၂) အ.လ.က (၃) ကျောင်း နားမှ ငါးထမင်းနယ်

 

ငါးထမင်းနယ် တစ်ထုပ်စားလိုက်တာလေ နေ့လည်စာ စားလိုက်ရသလောက်ကို ဗိုက်ပြည့်သွားတယ်။ ဆန်က တအားကြီး စီးမနေဘဲ ငါးအရသာ စိမ့်စိမ့်လေးနဲ့ စားဖူးသမျှ ငါးထမင်းနယ်တွေထဲမှာ အ.လ.က (၃) ကျာင်းနားက ဆိုင်နာမည်မရှိတဲ့ဆိုင်ကို အခုံမင်ဆုံးပဲ။ နောက်တစ်ခေါက် ညောင်ရွှေမြို့ကို သွားဖြစ်ရင် ကျိန်းသေ သွားဝယ်စားအုံးမယ်။

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံနှင့်စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Follow Us

Copyright © 2021 Traveller Chan. All Rights Reserved.