Mandalay

Traveling my way around the world!

မင်းဆက်ခြောက်ဆက်တိုင်အောင် မင်းနေပြည်တော် ဖြစ်ခဲ့သော ပင်းယမြို့

ပုဂံမင်းနေပြည်တော် ပျက်သုန်းပြီးနောက် ပေါ်ပေါက်လာသည့် ပင်းယမြို့ဟာ ရှေးတုန်းကလောက် ထည်ထည်ဝါဝါ မရှိတော့ပေမယ့် လေ့လာစရာနေရာတွေ ဟိုဟိုသည်သည် ကျန်နေပါသေးတယ်။ ကားလမ်းသာပြီး မန္တလေးမြို့နှင့် သိပ်မဝေးပေမယ့် ခုချိန်ထိ လှည်းယဉ်လှည်းကြမ်းသံတွေ ကြားနေရတုန်းပဲ။ အညာဟန်၊ အညာသံ၊ အညာဓလေ့တွေ ထုံမွှမ်းနေစဲ ပင်းယမြို့မှာ အညာရနံ့တွေ ဆွံ့ပျံ့နေစဲပါ။

ပင်းယမြို့ ပေါ်ပေါက်လာပုံ

ပုဂံခေတ် ပျက်သုန်းပြီးနောက် မြင်းစိုင်းအဆက်ဖြစ်သော တစ်စီးရှင်သီဟသူက ပင်းယမြို့ကို မြန်မာသက္ကရာဇ် ၆၇၄ခုမှာ တည်ထောင်ခဲ့ပါတယ်။ မြို့သစ် တည်ရန်အတွက် မြေရှင်းလင်းရာ အရိုး၊ အရွက်၊ အခက်၊ အသီးများပါသော ရွှေပန်းပင်ကို တူးဖော်ရရှိသဖြင့် မြို့နာမည်ကို ပန်းရဟု ခေါ်တွင်စေတယ်။ ကာလရှည်ကြာသော် ပင်းယဟု ပြောင်းလဲလာပါတယ်။ ပင်းယခေတ်မှာ မင်းဆက်ခြောက်ဆက် အုပ်ချုပ်ခဲ့တယ်။ တစ်စီးရှင်သီဟသူ၊ ဥဇနာ၊ ငါးစီးရှင်ကျော်စွာ၊ ကျော်စွာငယ်၊ နရသူနှင့် ဥဇနာပြောင်တို့ ဖြစ်ကြတယ်။ ပင်းယခေတ်၏ နောက်ဆုံးမင်းဖြစ်သော ဥဇနာပြောင်ဟာ နန်းတက်ပြီး သုံးလအကြာမှာ သတိုးမင်းဖျား လုပ်ကြံခြင်းကို ခံရပြီး ပင်းယခေတ် ပျက်သွားပါတယ်။

လည်ပတ်သင့်သောနေရာများ

ပင်းယမြို့မှာ ရွှေစည်းခုံ၊ မြစည်းခုံနှင့် အောင်စည်းခုံဆိုပြီး စည်းခုံစေတီသုံးဆူရှိတယ်။ နာမည်ဆန်းဆန်းနဲ့ မဟာဆေးအိုဖိုစေတီ ဆိုတာ ရှိတယ်။ ထို့အပြင် ရွှေစည်းခုံ ဘုရားမျက်နှာသစ်တော် ဇေယျသိဒ္ဓိကန်၊ နာမည်ကျော် ဆူးတွင်းပစ်ဆရာတော် သီတင်းသုံးခဲ့တဲ့ ဆူးတွင်းပစ်ကျောင်း၊ ရှေးဟောင်းဂူဘုရားသုံးဆူ နှင့် အမည်မသိ ရှေးဟောင်းစေတီပုထိုးများစွာလည်း ရှိပါသေးတယ်။

ပင်းယမှာ ယာခင်းတွေပေါတယ်။ ဂျုံ၊ ပဲ၊ ပဲမြစ်၊ နေကြာ၊ ငှက်ပျောပင်တွေကို အများဆုံး စိုက်ကြတယ်။ ချမ်းသွားတုန်းက နေကြာပန်းတွေ ပွင့်နေတာနဲ့ကြုံလို့ ဓာတ်ပုံဆင်းရိုက်ခဲ့သေးတယ်။ စိုက်ခင်းတွေထဲမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ပန်းပွင့်တွေ မခူးဖို့၊ အပင်ပေါက်တွေကို မနင်းမိစေဖို့၊ ကိုင်းတွေမကျိုးမိစေဖို့ အထူးသတိထားရပါမယ်။ ကိုယ်က ပျော်ပျော်ကြီး ဓာတ်ပုံရိုက် ပြန်သွားပြီး စိုက်ခင်းရှင်က ဒေါသထွက် ကျန်ခဲ့ရမယ်ဆိုရင် ဘယ်လိုမှ မတရားဘူးလေနော် … ဒါ့ကြောင့် အထူးဂရုစိုက်ပေးပါလို့ …

မြစည်းခုံစေတီ

ပင်းယမြစည်းခုံစေတီဟာ တံတားဦးမြို့နယ်၊ အမှတ် (၃)နယ်မြေ၊ တဲတော်ရာရပ်မှာ ရှိပါတယ်။ သပ္ပါယ်ပြီး ကြည်ညိုဖွယ်ကောင်းပေမယ့် နှမျှောစရာကောင်းတာက သမိုင်းအချက်အလက်တွေ ရှာဖွေမရခဲ့တာပါ။ မြစည်းခုံစေတီ ပုရဝုဏ်ထဲမှာ ကျောင်းတိုက်တွေရှိတယ်။ ချမ်းတို့ ရောက်သွားချိန်က နေ့မွန်းတည့်ချိန်ဆိုတော့ တအားပူနေတာ။ သစ်ပင်ကြီးအောက်က သစ်သားခုံပေါ်မှာ နားနေတုန်း သီလရှင်ဆရာကြီးက သဘာဝအတိုင်း စိုက်ထားတဲ့ ငှက်ပျော်သီးတွေနဲ့ ဧည့်ခံလိုက်တယ်။ အိမ်ပြန်လက်ဆောင်ဆိုပြီး နှစ်ဖီးတောင် ထပ်ထည့်ပေးလိုက်သေးတယ်။

ဂူကြီးသုံးလုံး

ဂူကြီးသုံးလုံးထဲမှ ပထမဂူ
ဂူကြီးသုံးလုံးထဲမှ ထုထည်အကြီးမားဆုံးဖြစ်သည့် အလယ်ဂူ
ဂူကြီးသုံးလုံးထဲမှ တတိယဂူ

ဂူကြီးသုံးလုံးက ပင်းယမြစည်းခုံစေတီရဲ့ အရှေ့တောင်အရပ်ရှိ တံတားဦး - ကျောက်ဆည်ကားလမ်း အနီးမှာ ရှိပါတယ်။ ဂူတစ်လုံးစီရဲ့ သမိုင်းကြောင်းကို တိတိကျကျ မသိရပေမယ့် တစ်လုံးက တစ်စီးရှင်သီဟသူလက်ထက်၊ သက္ကရာဇ် ၆၇၄ခုမှာ တည်ထားတာလို့ အဆိုရှိတယ်။ ပညာရှင်တွေ ခန့်မှန်းထားကြတာကတော့ တောင်ဘက်အကျဆုံးဂူပါ။ ဂူကြီးသုံးလုံးမှ အလယ်ဂူရဲ့ အနောက်မြောက်ထောင့် အရပ်မှာ ကျောက်စာတစ်ချပ် ရှာတွေ့ခဲ့သေးတယ်။ ကျောက်စာအရ ဂူသုံးလုံးထဲက တစ်ဂူကို ဥဇနာမင်းမှ မြန်မာသက္ကရာဇ် ၇၀၂ခုမှာ တည်ထားကြောင်း သိရတယ်။

ဂူကြီးသုံးလုံးအနက် နှစ်ဂူတွင် ယခင်က နံရံဆေးရေးပန်းချီများ ရှိခဲ့ပါသော်လည်း အလွန်အမင်း ပျက်စီးသွားပါပြီ။
အလယ်ဂူ အပြင်နံရံမှာ အနည်းအကျဉ်းမျှသာ ကျန်ရစ်သော ဇာတ်ရုပ်စဥ့်ကွင်းများ

ဂူသုံးလုံးစလုံး ပျက်ဆီးယိုယွင်းနေသဖြင့် ခရစ်နှစ် ၁၉၉၅ခု၊ ဇန်နဝါရီလမှာ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ပြုပြင်ထိန်းသိမ်းထားပါတယ်။ ဂူသုံးလုံးအနက် နှစ်ဂူရဲ့ အတွင်းပိုင်းမှာ နံရံဆေးရေးပန်းချီတွေ ရှိခဲ့သော်လည်း အလွန်အမင်း ပျက်ဆီးသွားပြီ ဖြစ်ပါတယ်။ ဂူသုံးလုံးရဲ့ အပြင်ပိုင်းကို ဇာတ်ရုပ်စဥ့်ကွင်းများဖြင့် တန်ဆာဆင်ခဲ့ပေမယ့် လက်ရှိမှာ မြောက်ဘက်ရှိ ဂူနှစ်ဂူမှာပဲ အနည်းငယ် ကျန်ပါတော့တယ်။ ဂူထဲမှာ အပေါ်သို့တက်ရင် လှေကားတွေ ထည့်သွင်းတည်ဆောက်ထားတယ်။ ပင်းယက ပုဂံခေတ်နှောင်းပိုင်းမှာ ပေါ်ခဲ့တာကြောင့် ပင်းယခေတ် ဂူပုထိုးတွေထဲမှာ ပုဂံခေတ်နှောင်းပိုင်းလက်ရာများကို တွေ့ရတတ်ပါတယ်။

ရွှေစည်းခုံစေတီ

ပင်းယရွှေစည်းခုံစေတီဟာ ဂူကြီးသုံးလုံးရဲ့ တောင်ဘက်အရပ် မလှမ်းမကမ်းမှာ ရှိပါတယ်။ ကျောက်စာအထောက်အထားများအရ တစ်စီးရှင်သီဟသူ၏ ကုသိုလ်တော်လို့ မှတ်သားရတယ်။ သီဟသူဟာ စေတီနှင့်တကွ ဝတ္တကမြေများပါ ထည့်သွင်းလှူဒါန်းခဲ့တယ်။ သီဟသူလွန်တော့ ပင်းယမင်းများ ဖြစ်ကြတဲ့ ဥဇနာမင်း၊ ငါးစီးရှင်ကျော်စွာနှင့် ကျော်စွာငယ်တို့မှ ရွှေစည်းခုံစေတီကို ပြုပြင်မွမ်းမံ လှူဒါန်းခဲ့ကြသေးတယ်။

ရွှေစည်းခုံစေတီဝန်း အတွင်းမှာ လိုဏ်ဥမင်များနှင့် ရှေးဟောင်းအရံစေတီပုထိုးများစွာ ရှိပါသေးတယ်။ လိုဏ်ဥမင် အတွင်းမှာ ပင်းယခေတ် ရုပ်ပွားတော်များစွာကို လေ့လာနိုင်ပါတယ်။

ဇေယျသိဒ္ဓိရေကန်

ရွှေစည်းခုံစေတီရဲ့ အရှေ့ဘက် ကားလမ်းမတစ်ဖက်မှာ ဇေယျသိဒ္ဓိရေကန်ဆိုတာ ရှိတယ်။ မဟာရွှေစည်းခုံဘုရား မျက်နှာသစ်တော် ရေကန်လို့ ကမ္ဗည်းထိုးထားတယ်။ ကုသိုလ်ရှင် ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် ကန်တော်မှာ ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော်၊ နတ်သားရုပ်၊ နဂါးရုပ်များရဲ့ ပန်းတမော့လက်ရာကတော့ သေသပ်လှပလွန်းပါပေတယ်။ စိတ်မကောင်းစရာက ကန်တော်ဝန်းကျင်မှာ ချုံပုတ်များ လွှမ်းနေပြီး ကန်အတွင်းမှာ ရေခမ်းနေတာပါပဲ။

ဆူးတွင်းပစ်ကျောင်း

ဆူးတွင်းပစ်ကျောင်းက ရွှေစည်းခုံစေတီရဲ့ တောင်ဘက်အရပ်မှာ ရှိပါတယ်။ ဆူးတွင်းပစ်ကျောင်းရဲ့ ဘွဲ့နာမည်က ရတနာအောင်မြေ မဟာဘုံစံကျော်စွာကျောင်းတိုက်ပါ။ ပင်းယခေတ် ငါးစီးရှင်ကျော်စွာ၏ သားတော် ကျော်စွာငယ်မင်းလက်ထက်မှာ တည်ဆောက်ခဲ့တာလို့ သိရတယ်။ ကျော်စွာငယ်ဟာ ကျောင်းတော် တည်ဆောက်ပြီးနောက် သီလဝန်၊ ဂုဏဝန်နှင့် ပြည့်စုံသော မည်သည့်ရဟန်းမဆို ကျောင်းတော်အား အလှူခံနိုင်ကြောင်း ကြော်ငြာလိုက်တယ်။ အကျင့်သီလတင် မကဘဲ ကျမ်းဂန်စာပေပညာပါ ကျွမ်းကျင်ရမယ်ဆိုတော့ ကျောင်းတော်ကို အလှူခံမည့်ရဟန်း မပေါ်ဘဲ ရှိနေတယ်။

တစ်ခါတော့ ပုဂံမှ စစ်ကိုင်းမြို့ မြောက်ဘက်ရှိ သာစည်ရွာသို့ ကြွလာသည့် ရှင်နာဂိတမထေရ်ဟာ ပင်းယမြို့ရောက်တော့ ခရီးတထောက်နားတယ်။ ကြော်ငြာသတင်းကြားတော့ ကပ္ပိယ ဖခင်အသည်ကြီးနှင့်အတူ ကျောင်းတိုက်ပေါ် တက်ပြီး သီတင်းသုံးပါတယ်။ ကျော်စွာငယ်သိသော် ပညာရှိအမတ်ကြီး စတုရင်္ဂဗလအား စေလွှတ်ကာ ကျောင်းတိုက်အား အလှူခံထိုက်မထိုက် စုံစမ်းစေတယ်။ ရှင်နာဂိတမထေရ်ဟာ ပညာရှိအမတ်ကြီး မေးလျှောက်သမျှ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများကို အခက်အခဲမရှိ ဖြေကြားနိုင်ခဲ့တယ်။ ကျော်စွာမင်းဟာ မိမိတည်ဆောက်ထားသည့် ကျောင်းတိုက်အတွက် ကျောင်းထိုင်ရဟန်းတော် ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် သဒ္ဒါထက်သန်စွာဖြင့် ရေစက်ချ လှူဒါန်းလိုက်ပါတယ်။ ရှင်နာဂိတမထေရ်၏ ဖခင်အသည်ကြီးက သူဌေးဘွဲ့ ချီးမြင့်ကာ မြောက်စားခဲ့တယ်။

ရှင်နာဂိတမထေရ်ကို ဆူးတွင်းပစ်ဆရာတော်ဟု လူသိများတဲ့အတွက် ကျောင်းတိုက်ကို ဆူးတွင်းပစ်ကျောင်းဟုသာ ခေါ်ကြတယ်။ ရှင်နာဂိတမထေရ်ဟာ စစ်ကိုင်းမြို့မြောက်ဘက်ရှိ သာစည်ရွာသား ဖြစ်တယ်။ ငယ်စဉ်က စာပေပညာ သင်ယူရန် ပျင်းရိလှသဖြင့် မကြာခဏ ကျောင်းပြေးလေ့ရှိတယ်။ ဖခင်အသည်ကြီးက သားဖြစ်သူအား နောင်တရစိမ့်သောဌာ ဆူးချုံအတွင်း ထားကာအပစ်ပေးတယ်။ ဆူးချုံမှ လွတ်သောအခါ ဖခင်အား ကြောက်ရွံ့သဖြင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးသွားတယ်။ ဘုန်းကြီးကျောင်းမှာ အနေကြာသောအခါ စာပေများသင်ယူရန် စိတ်အားထက်သန်လာပါတယ်။ ထို့ကြောင့် သာမဏေဝတ်ပြီး လောကီ၊ လောကုတ္တရာ စာပေများကို အပတ်တကုတ် ဆည်းပူးပါတော့တယ်။

ရှင်နာဂိတဟာ ရွာကျောင်းမှာ ပညာဆည်းပူးရသည်ကို အားမရသဖြင့် ပုဂံမြို့ စကားကျောင်းမသို့ ကြွကာ ရှင်သုဓမ္မမဟာသာမိမထေရ်ထံမှ ပညာများ သင်ယူပြန်တယ်။ ဖခင်အသည်ကြီးဟာ သားဖြစ်သူ ပုဂံမှာ ကျမ်းဂန်များ သင်ယူနေကြောင်း ကြားသဖြင့် ပုဂံသို့လိုက်ကာ ဝတ်ကြီး၊ ဝတ်ငယ် ပြုစုစောင့်ရှောက်ပေးတယ်။ ရှင်နာဂိတမထေရ် ပညာဆည်းပူးမှု အတိုင်းအစ ကျေနပ်ချိန် ရောက်လောက်မှ မိခင်ဖြစ်သူထံ ကြွရောက်ပြီး တရားချီးမြှင့်ဖို့ ဖခင်အသည်ကြီးက လျှောက်ထားတောင်းပန်ပါတယ်။ သည်လိုနဲ့ ပုဂံမှ သာစည်ရွာသို့ ကြွရင်း ပင်းယမြို့မှာ ကျောက်စွာကျောင်းတိုက်အား အလှူလက်ခံ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

အောင်စည်းခုံစေတီ

အောင်စည်းခုံစေတီဟာ ဆူးတွင်းကျောင်းရဲ့ အနောက်တောင်အရပ် ခပ်လှမ်းလှမ်းမှာ ရှိပါတယ်။ အောင်စည်းခုံစေတီရဲ့ ကုသိုလ်ရှင်က မင်းကြီးစွာစော်ကဲဟု မှတ်သားရတယ်။ အောင်စည်းခုံစေတီရဲ့ အထက်ပစ္စယာသို့ တက်ရန် အုတ်လှေကားများ ထွင်းထားသဖြင့် ရဟန်းများနှင့် အမျိုးသားများ တက်ကြည့်နိုင်တယ်။ စေတီရင်ပြင် ပတ်လည်မှာ နှင်းဆီပင်များ၊ ရှဥ့်မတက်ပင်များ စိုက်ပျိုးထားတယ်။ ရှဥ့်မတက်ပန်းများ ပင်လုံးကျွတ် ကြိုင်လှိုင်မွှေးအီသင်းပျံ့အောင် ပွင့်နေသဖြင့် ပျားပိတုန်းများ တဝဲဝဲ ရှိနေသလို လိပ်ပြာလေးများ ဟိုနည်းနည်း သည်နည်းနည်း တွေ့ရတတ်ပါတယ်။

ပင်းယမြို့မှာ ရှေးဟောင်းစေတီပုထိုးပေါင်းများစွာ ရှိပါတယ်။ အများစုကို ပြုပြင်ထိန်းသိမ်းထားသဖြင့် ထုံးသင်္ဃန်းတဖွေးဖွေးနှင့် ကြည်ညိုဖွယ် ကောင်းလှတယ်။ အချို့စေတီပုထိုးတွေကတော့ ပြုပြင်မှု ကင်းမဲ့သဖြင့် ချုံလွှမ်းကာ အုတ်ပုံသာသာဘဝ ရောက်လို့နေပါပြီ။ မည်သို့ပင် ဆိုစေကာမူ ပင်းယမြို့ဟာ တစ်ရက်သာ လည်ပတ်ချင်စရာ ကောင်းလှသည့် မြို့တစ်မြို့ဖြစ်ကြောင်းကတော့ အခိုင်အမာပါပဲ။

Ref: ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ (ဘုန်းနွယ် - ရေစကြို)၊ ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်)

မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Follow Us

Copyright © 2021 Traveller Chan. All Rights Reserved.