Mandalay

Traveling my way around the world!

လည်စရာတွေ မကုန်မခမ်းနိုင်တဲ့ မန္တလေး မှာ သွားဖြစ်ခဲ့သော နေရာ (၂၂)ခု

မန္တလေးမြို့ဟာ ချမ်းအတွက် ရတနာသိုက် လမ်းညွှန်မြေပုံ တစ်ချပ်နဲ့ တူတယ်။ ဘယ်လိုရတနာသိုက်မျိုးလဲဆိုတော့ ရှေးဟောင်း အနုသုခုမဗိသုကာလက်ရာတွေ ကိန်းအောင်းနေတဲ့ ရတနာသိုက်မျိုး။ မန္တလေးဟာ သူ့နေရာမှာတင် ရတနာတွေနဲ့ ပြည့်နေတာ မဟုတ်ဘူး။

သူ့ပတ်ပတ်လည်မှာ နေ့ချင်းပြန်သွားလို့ရတဲ့ အမရပူရ၊ အင်းဝ၊ စစ်ကိုင်း၊ မင်းကွန်း၊ ပင်းယ၊ မက္ခရာ၊ ကျောက်ဆည်… စတဲ့ သမိုင်းဝင် ရတနာသိုက်တွေ အများကြီးမှ အများကြီးပဲ ကျန်နေပါသေးတယ်။ သည်လောက်ဆိုရင် လည်စရာတွေ မကုန်မခမ်းနိုင်တဲ့ မန္တလေးလို့ ခေါင်းစဉ်တပ်ထားတာ မလွန်လောက်တော့ပါဘူးနော် …

ရတနာပုံ ခေါ် မန္တလေး

ကုန်းဘောင်မင်းဆက်၏ ဆယ်ဆက်မြောက်မင်းဖြစ်သော မင်းတုန်းမင်းသည် ခရစ်နှစ် ၁၈၅၇ခု တွင် ရတနာပုံ မင်းနေပြည်တော်ကို တည်ထောင်ခဲ့ပါတယ်။ မြို့နာမည်ကို ရတနာပုံဟု အမည်ပေးခဲ့သော်လည်း မန္တလေးတောင်ကို အစွဲပြုပြီး မန္တလေးဟုသာ ခေါ်ဆိုကြတယ်။ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်း နန်းစံခဲ့ရာမြို့ ဖြစ်သဖြင့် မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းနေပြည်တော်မြို့လို့ ဆိုရပါမယ်။ လက်ရှိအချိန်မှာ မင်းနေပြည်တော် မဟုတ်တော့ပေမယ့် ယဉ်ကျေးမှုမြို့တော်အဖြစ် အထင်အရှား ရပ်တည်နေနိုင်စဲပါ။

၁) ပြည်မင်းသားကျောင်းတိုက်

ပြည်မင်းသားကျောင်းတိုက်ဟာ တံခွန်တိုင် အဝိုင်းပတ်အနီး ၇၈လမ်းရဲ့ ညာဘက်အခြမ်းမှာ ရှိပါတယ်။ ပြည်မင်းသားကျောင်းတိုက်ရဲ့ နာမည်အပြည့်အစုံကတော့ မဟာတုလွတ်ဘုံစံပြည်ကျောင်းတိုက်လို့ မှတ်သားရတယ်။ ပြည်မင်းသားကျောင်းတိုက်ကို သာယာဝတီမင်းရဲ့သားတော် ပြည်မင်းသားမှ မြန်မာသက္ကရာဇ် ၁၂၀၁ခု မှာ ဆောက်လုပ် လှူဒါန်းခဲ့တာပါ။

ကျောင်းတိုက်ရဲ့ ဗိသုကာလက်ရာဟာ အမရပူရခေတ်လက်ရာများဖြစ်ပြီး ကနုတ်ပန်း၊ ပွတ်လုံးတိုင်၊ ရုပ်တုတွေကို သတိထား လေ့လာကြည့်သင့်ပါတယ်။ ကျောင်းတိုက်အတွင်းမှာ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ ရှေးဟောင်းဆင်းတုတော်များ နှင့် စာတိုက်များလည်း ရှိပါသေးတယ်။

၂) မဟာမုနိရုပ်ရှင်တော်ဘုရားကြီး

မဟာမုနိရုပ်ရှင်တော်ဘုရားကြီးဟာ ပြည်မင်းသားကျောင်းတိုက်၏ မြောက်ဘက်အရပ်၊ ၈၂လမ်း - ၈၄လမ်း - ဗိုလ်ဗထူးလမ်း ဆုံရာအရပ်မှာ ရှိပါတယ်။ မန္တလေးမှာတော့ ဘုရားကြီးလို့ ခေါ်ကြတယ်။ မူလဘွဲ့အမည်ကတော့ မဟာမုနိ ဖြစ်ပါတယ်။ မဟာမုနိရုပ်ရှင်တော်ဟာ ဥာဏ်တော် (၁၂)ပေ (၇)လက်မ အမြင့်ရှိတယ်။

မဟာမုနိရုပ်ရှင်တော်ကို ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၆ခု၊ ပြာသိုလပြည့်ကျော် (၁၀)ရက် မှာ ဓညဝတီမှ အမရပူရမြို့သို့ သီရိမဟာဘိဇယသီဟသူရဘွဲ့ခံ သားတော် အိမ်ရှေ့မင်းမှ ကြီးမှူးကာ ပင့်ဆောင်ခဲ့ပါတယ်။ စစ်ကိုင်းဆိပ်သို့ ၁၁၄၇ခု၊ ကဆုန်လပြည့်ကျော် (၁၂)ရက် မှာ ဆိုက်ကပ်ရောက်ရှိခဲ့တယ်။ ဘိုးတော်ဘုရားဟာ မဟာမုနိရုပ်ရှင်တော်ကို အမရပူမြို့ မြောက်ယွန်းယွန်း တာတစ်ထောင်အကွာမှာ ဘုံဘိုးဆင့်ရှိ ရွှေပြသာဒ်ဖြင့် ထားရှိကိုးကွယ်ခဲ့တယ်။

သီပေါမင်းလက်ထက် သက္ကရာဇ် ၁၂၄၅ခု၊ တန်ခူးလမှာ မီးခသဖြင့် ဘုရားကြီး၏ ကိုယ်ပေါ်တွင် ကပ်လှူထားသော ရွှေအစစ်ဖြင့် သွန်းလုပ်ထားသည့် မကိုဋ်တော်၊ နားပန်းတော်၊ စလွယ်တော်များ အကုန် မီးလောင်ကာ အရည်ပျော်ကျသွားတယ်။ ထူးခြားတာက ဘုရားကြီးရုပ်ရှင်တော်ဟာ တစ်စုံတရာ မီးသင့်ခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ကျန်ခဲ့တာပါပဲ။ သက္ကရာဇ် ၁၂၆၀ခုတွင် ယခုနေရာမှာ အုတ်ပြသာဒ် ဆောက်လုပ်ကာ ဘုရားကြီးအား စံပယ်စေခဲ့သည်မှာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။

မဟာသက္ကရာဇ် ၁၂၃ခု၊ ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားသည် နောက်ပါ ရဟန္တာငါးရာ ခြံရံလျက် စန္ဒသူရိယမင်း နန်းစံရာ ဓညဝတီသို့ ဒေသစာရီ ကြွချီခဲ့ပါတယ်။ ဂေါတမမြတ်စွာဘုရားဟာ ဓညဝတီမှာ (၇)ရက် စံမြန်းပြီး ပဋိစ္စသမုပ္ပါဒ် တရားဒေသနာတော်ကို ဟောကြားခဲ့တယ်။ ထိုကာလအတွင်း သိကြားမင်း၊ စန္ဒာသူရိယမင်း နှင့် ကြေးသွန်းပညာရှင်များ ပေါင်းကာ ဗုဒ္ဓရုပ်ပွားတော်ကို အများကောင်းမှုဖြင့် သွန်းလုပ်ကြတယ်။ ရုပ်ပွားတော် ပြီးစီးသောအခါ မြတ်စွာဘုရားထံမှ ရင်ငွေ့တော် (၇)ကြိမ် ခိုလှုံစေတယ်။ ထိုအခါ ဗုဒ္ဓနှစ်ဆူ ရှိနေသကဲသို့ ရုပ်ပွားတော်ဟာ အသက်ဝင်လာပြီး ဂေါတမဘုရားရှင်အား ကြိုဆိုဟန် မတ်တပ်ရပ်တော်မူတယ်။ ဂေါတမဘုရားရှင်ဟာ နှောင်းလူတို့ အယူမှားကြမည်ကို မြင်သဖြင့် ရုပ်ပွားတော်အား သက်ဝင်လှုပ်ရှားခြင်း မပြုရန် တားမြစ်တော်မူတယ်။ ဘုရားရှင် တားမြစ်လိုက်သည်နှင့် ရုပ်ပွားတော်ဟာ မူလသွန်းလုပ်ထားသည့် ပုံသဏ္ဍာန်အတိုင်း ထိုင်တော်မူပြီး သက်ဝင်လှုပ်ရှားခြင်း မရှိတော့ပေ။ ထို့ကြောင့် မဟာမုနိဘုရားကြီးအား အခြားဗုဒ္ဓဆင်းတုတော်များကဲ့သို့ ရုပ်ပွားတော်ဟု မသုံးနှုန်းဘဲ ရုပ်ရှင်တော်ဟု သုံးနှုန်းရခြင်း ဖြစ်ပါတယ်။

၃) အာနန္ဒာဘုရား

မဟာမုနိရုပ်ရှင်တော် အရှေ့ဘက်စောင်းတန်းအလယ်မှ တောင်ဘက်သို့ချိုးသွားလျင် အာနန္ဒာဘုရားသို့ ရောက်ပါတယ်။ ရှေးတုန်းက အာနန္ဒာဘုရား စံရာစေတီကို သိမ်နီကြီးလို့ ခေါ်ကြတယ်။ စေတီကို သိမ်သမုတ်ပြီး အနီရောင်ဆေးခြယ်ထားတဲ့ အုတ်ရိုးဖြင့် ကာရံထားလို့ ခေါ်ရခြင်းဖြစ်ကြောင်း မှတ်သားဖူးတယ်။ သိမ်သမုတ်ခဲ့တဲ့ ဂန္ဓကုဋီတိုက် အပေါ်မှာ စေတီပေါက်ထားပါတယ်။ ဂန္ဓကုဋီတိုက် အတွင်းမှာတော့ ဥာဏ်တော် (၁၈)တောင် မြင့်တဲ့ ရပ်တော်မူရုပ်ပွားတော် စံပယ်နေတယ်။ ပုဂံမှ အာနန္ဒာရုပ်ပွားတော်နဲ့ ဆင်တူတာကြောင့် အာနန္ဒာဘုရားလို့ပဲ ခေါ်ကြတယ်။ ဂန္ဓကုဋီတိုက် အပြင်ဘက်နံရံမှာ နတ်၊ နဂါး၊ ဥဒေါင်း စတဲ့ရုပ်တုတွေနဲ့ ခြယ်မှုန်းထားတယ်။

အာနန္ဒာဘုရားကို မြန်မာသက္ကရာဇ် ၁၂၀၈ခုမှာ ပုဂံမင်း၏ မိဖုရားဖြစ်တဲ့ ပဉ္စီမင်းသမီးမှ လှူဒါန်းခဲ့တာလို့ သိရတယ်။ မြန်မာသက္ကရာဇ် ၁၂၇၉ခု မှာ ရသေ့ကြီးဦးခန္တီက အာနန္ဒာစေတီကို ပြုပြင်မွမ်းမံခဲ့တယ်။ အာနန္ဒာစေတီသာ မကဘဲ အာနန္ဒာစေတီစောင်းတန်း မုခ်ဦးရဲ့ ဗိသုကာလက်ရာကအစ ထူးခြားလှပတဲ့အတွက် ဘုရားကြီးသို့ ရောက်တုန်းရောက်ခိုက် ဝင်ရောက်လေ့လာဖူးမျှော်သင့်ပါတယ်။

၎) မဟာမင်းထင်ကျောင်းတိုက်

မဟာမင်းထင်ကျောင်းတိုက်ဟာ ဘုရားကြီးရဲ့ အရှေ့မြောက်အရပ်ရှိ သီတာအေးရပ်ကွက်အတွင်း၊ သိပ္ပံလမ်း နဲ့ ၄၂လမ်း ကြား၊ ၇၈လမ်းမှာ ရှိပါတယ်။ လက်ရှိကျောင်းတိုက်ကြီးမှာ ကျွန်းတိုင်လုံးပေါင်း (၁၄၃)တိုင် ရှိပြီး မြောက်ဘက်အရပ်မှာ အုတ်လှေကားနှစ်စင်း တပ်ဆင်ထားပါတယ်။ ကျန်မျက်နှာစာ သုံးဖက်မှာ ကျုံးသဏ္ဍာန် ရေမြောင်းကို တူးဖော်ထားတယ်။

မဟာမင်းထင်ကျောင်းတိုက်ရဲ့ မူလတည်နေရာက အင်းဝမြို့မှာပါ။ ခရစ်နှစ် ၁၈၅၂ခု မှာ အမရပူရမြို့သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ မင်းတုန်းမင်းလက်ထက် ၁၈၇၆ခု မှာ မူလဒါယိကာရဲ့သား ဇနက်ပလာဆင်ဝန် မဟာမင်းလှမင်းကျော် ဦးမင်းထင်က အမရပူရမှ မန္တလေးသို့ ပြောင်းရွှေ့ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ကျောင်းတိုက်ကို (၂)နှစ်ကြာ ဆောက်လုပ်ခဲ့ရပြီး သီပေါမင်းလက်ထက် ၁၈၇၈ခု မှာ ပြီးစီးခဲ့ပါတယ်။ ဆရာကြီး နတ်မောက်ထွန်းရှိန်ကတော့ ဆင်ဝန်ဦးမင်းထင်ဟာ ဝန်မင်း မဟာမင်းလှသီရိသင်္ခယာ ဦးဗိုလ်၏ သားလို့ ဆိုထားပါတယ်။

ဆင်ဝန်ဦးမင်းထင် ဆောက်လုပ်ခဲ့စဉ်က ကျောင်းတိုက်မှာ ကျွန်းတိုင်လုံးပေါင်း (၄၂၆)တိုင် ရှိပြီး ကျောင်းဦးပြသာဒ်၊ ဇေတဝန်ဆောင်၊ စနုဆောင်၊ ဘောဂဆောင် စသည်ဖြင့် အဆောင်ဆောင်အခန်းခန်း ပါဝင်ပါတယ်။ လက်ရှိကျောင်းတိုက်ထက် သုံးဆမျှ ကြီးမားတယ်လို့ သိရတယ်။ လက်ရှိကျောင်းတိုက်ဟာ ရှေးဟောင်းသုတေသနဌာန လက်အောက်မှာ ရှိပေမယ့် ပြုပြင်မှု ကင်းမဲ့နေပါတယ်။ ချမ်း မဟာမင်းထင်ကျောင်းတိုက်ကို ၂၀၁၈ခုမှာ ရောက်ခဲ့တာပါ။ မြင်ခဲ့ရသလောက်ကတော့ ဇေတဝန်ဆောင်တစ်ဆောင်သာ ကျန်ပါတော့တယ်။ ကြမ်းတွေက အိကျနေသလို အုတ်လှေကားတွေလည်း ပြိုကျပျက်ဆီး နေပါသဖြင့် ပြုပြင်ဖို့ အမြန်ဆုံး လိုအပ်နေပါပြီ။

၅) ဆာဝါဒီကြက်ဆီထမင်း

ဆာဝါဒီကြက်ဆီထမင်းဆိုင်ဟာ မဟာမင်းထင်ကျောင်းတိုက်ရဲ့ မြောက်အရပ်ရှိ ၇၉လမ်း နဲ့ လမ်း၈၀ကြား၊ ၃၈လမ်းမှာ ရှိပါတယ်။ သိပ်မအီဘဲ အရသာက ခပ်ပြေပြေလေးပဲမို့ ခရီးသွားရင်း နေ့လည်စာအဖြစ် စားသောက်ဖို့ သင့်လျော်ပါတယ်။

၆) ကင်းဝန်မင်းကြီးကျောင်းတိုက်

ကင်းဝန်မင်းကြီးကျောင်းတိုက်ဟာ ဆာဝါဒီကြက်ဆီထမင်းဆိုင်ရဲ့ အနောက်အရပ်ရှိ ၈၅လမ်း နဲ့ ၈၆လမ်းကြား၊ ၃၈လမ်းမှာ ရှိပါတယ်။ ကင်းဝန်မင်းကြီးကျောင်းတိုက်ကို သာကဝန်ကျောင်းတိုက်လို့လည်း ခေါ်ကြတယ်။ အခြားကျောင်းတိုက်တွေနဲ့ ကွဲပြားပြီး ဥရောပဟန်လက်ရာတွေနဲ့ ဆန်းပြားလှပတယ်။

ကင်းဝန်မင်းကြီးကျောင်းတိုက်ကို ခရစ်နှစ် ၁၈၇၉ခု မှာ ကင်းဝန်မင်းကြီးဦးကောင်းမှ ဆောက်လုပ်လှူဒါန်းခဲ့တာပါ။ ကျောင်းရေစက်ချပွဲကို မင်းတုန်းမင်းတရားကြီး ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ကင်းဝန်မင်းကြီးဦးကောင်းဟာ ၁၉၀၇ခု မှာ ကွယ်လွန်ခဲ့ပြီး ဆရာတော်ဦးဓမ္မက ကျောင်းတိုက်ရဲ့ အရှေ့မှာပဲ ဂူသွင်းသဂြိုဟ်ပေးခဲ့ပါတယ်။

၇) ရွှေအင်ပင်ကျောင်းတိုက်

ရွှေအင်ပင်ကျောင်းတိုက်ဟာ ကင်းဝန်မင်းကြီးကျောင်းတိုက်ရဲ့ အနောက်အရပ်ရှိ ၃၇လမ်း နဲ့ ၃၈လမ်းကြား၊ ၈၉လမ်းမှာ ရှိပါတယ်။ ကျောင်းတိုက်မှာ ထွင်းထုထားတဲ့ ပန်းခက်၊ ပန်းညွှန့်၊ ပန်းနွယ်၊ ပန်းပုရုပ်လုံးရုပ်ကြွ လက်ရာများဟာ အင်မတန် မြတ်နိုးဖွယ် ကောင်းလှတယ်။ စက်ဝိုင်းခြမ်းပုံ တံခါးပေါက်လက်ရာတွေဆိုရင်လည်း လှပလှပေတယ်။

ရွှေအင်ပင်ကျောင်းတိုက်ရဲ့ အလှူရှင်မှာ ဦးစက်ရွှင် နှင့် ဇနီးဒေါ်ဘွားတို့ ဖြစ်ကြတယ်။ ဦးစက်ရွှင်ဟာ မြန်မာသက္ကရာဇ် ၁၂၅၇ခုမှာ ဥယျာဉ်တော်တစ်ခုကို ဝယ်ယူပြီး ကျောင်း၊ ဇရပ်၊ သိမ်၊ တန်ဆောင်း တို့ကို ဆောက်လုပ်ခဲ့တယ်။ ပြီးစီးသောအခါ တိပိဋကဓရ ရွှေအင်ပင်ကျောင်း မူလပထမဆရာတော် ဦးဇဝနဓဇထံ ရေစက်ချ လှူဒါန်းခဲ့ပါတယ်။

ခရစ်နှစ် ၂၀၁၈ခု၊ အောက်တိုဘာလက စပြီး ကျောင်းတိုက်အတွင်း ဓာတ်ပုံရိုက်ကူးခြင်းကို ပိတ်ထားကြောင်း ကြော်ငြာထားပါတယ်။ အကြောင်းရင်းက ကျောင်းတိုက်အတွင်း လာရောက်လည်ပတ်သူများ များပြားလာသည်နှင့်အမျှ ရှေးဟောင်းရုပ်ပွားတော်များ ခိုးယူခံရခြင်း၊ သမီးရည်စားများ မဖွယ်မရာ ပြုမူခြင်း၊ ကျောင်းတွင်သီတင်းသုံးနေထိုင်သော သံဃာတော်များရဲ့ အသုံးအဆောင်ပစ္စည်းများ၊ ဖုန်းများ ခိုးယူခံရခြင်း၊ တရားထိုင်ချိန်များတွင် အနှောင့်အယှက်ဖြစ်ပေါ်ခြင်း တို့ကြောင့်လို့ သိရပါတယ်။ ကျောင်းတိုက်ကို လူသိပ်မသိခင် ယခင်တုန်းက နိုင်ငံခြားသားတွေပဲ လာလည်ကြတာများတယ်။ အဲ့အချိန်တုန်းကထိ ပစ္စည်းအပျောက်အရှ နှင့် ကျောင်းထိုင်သံဃာတော်များအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

၈) တရုတ်တန်းညဈေး

တရုတ်တန်းညဈေးဟာ ဆာဝါဒီကြက်ဆီထမင်းဆိုင်ရဲ့ အရှေ့မြောက်အရပ်ရှိ ၃၄လမ်း နဲ့ ၇၆လမ်းထောင့်မှာ ရှိပါတယ်။ ညစာအတွက် ချမ်းကတော့ တရုတ်တန်းညဈေးကို ရွေးခြယ်ခဲ့တယ်။ တရုတ်တန်းညဈေးမှာ နှစ်သက်မိတာကတော့ ရှမ်းရိုးရာအစားအစာတွေပါ။

၉) နမ့်ခမ်းမိသားစု အမဲလုံးခေါက်ဆွဲဆိုင်

နမ့်ခမ်းမိသားစု အမဲလုံးခေါက်ဆွဲဆိုင်ဟာ ဆာဝါဒီကြက်ဆီထမင်းဆိုင်ရဲ့ မြောက်အရပ်ရှိ ၃၁လမ်း နှင့် ၃၂လမ်းကြား၊ ၇၉လမ်းမှာ ရှိပါတယ်။ မန္တလေးမှာ အမဲလုံးခေါက်ဆွဲဆိုင်တွေက နာမည်ကြီးတဲ့အတွက် နံနက်စာအဖြစ် မြည်းစမ်းကြည့်ခဲ့ပါတယ်။

၁၀) ဇေတဝန်ကျောင်းတိုက်

ဇေတဝန်ကျောင်းတိုက်ဟာ နမ့်ခမ်းမိသားစုဆိုင်ရဲ့ အရှေ့အရပ်ရှိ ၃၁လမ်း နှင့် လမ်း၇၀ ထောင့်မှာ ရှိပါတယ်။ မျက်နှာချင်းဆိုင်မှာ ဆရာဝန်အသင်းတိုက် ရှိတယ်။ တကယ်တော့ သည်ကျောင်းတိုက်ဟာ အတော်လေးကို ပျက်စီးနေပြီ ဖြစ်တဲ့အတွက် ကျောင်းတိုက်အတွင်း ဝင်ရောက်လေ့လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရှေးဟောင်းကျောင်းတိုက်တစ်ခုလုံး လုံးဝဥသုံ မပျက်ဆီးသွားခင် မှတ်တမ်းတစ်ခုအနေနဲ့ ဓာတ်ပုံရိုက် သိမ်းထားချင်တဲ့အတွက် သွားရောက်ခဲ့ပါတယ်။

၁၁) ကြေးမြင်ကျောင်းတိုက်

ကြေးမြင်ကျောင်းတိုက်ဟာ ၂၃လမ်း နှင့် ၂၄လမ်းကြား၊ ၆၂လမ်းရှိ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ဝန်း အတွင်းမှာ ရှိပါတယ်။ ကြေးမြင်ကျောင်းတိုက်ကို ရန္တပိုရွာစားကျောင်းတိုက်လို့လည်း ခေါ်ကြပါသေးတယ်။ ကျောင်းတိုက်မှာ ဘုံသုံးဆင့်ပါရှိပြီး ရေနံဆီဝအောင် သုတ်လိမ်းကာ ထိန်းသိမ်းထားသဖြင့် အကောင်းပကတိအတိုင်း ကျန်နေပါသေးတယ်။ ကျောင်းတိုက်ရှိ ရွှေကျင်တုံးကွက် သစ်သားရာဇမက်ကာ ဗိသုကာလက်ရာမှာ သေသပ်လှပလွန်းတယ်။

ကြေးမြင်ကျောင်းတိုက်ရဲ့ မူလအလှူရှင်မှာ ရန္တပိုရွာစား (ခေါ်) ဆီမီးခုံရွာစား ဖြစ်ပါတယ်။ ရန္တပိုရွာစားဟာ မြန်မာသက္ကရာဇ် ၁၂၃၇ခု မှာ ကျောင်းတိုက်တစ်ဆောင် ဆောက်လုပ်ပြီး မဟာဝိသုဒ္ဓါရာမ တိုက်အုပ်ဆရာတော် ဦးပညာတိဓဇဓမ္မလင်္ကာရမဟာဓမ္မရာဇာဓိရာဇာဂုရု ဆရာတော်ထံ ရေစက်ချ လှူဒါန်းခဲ့တယ်။ မူလကျောင်းတိုက်မှာ ကျွန်းတိုင်လုံးပေါင်း (၉၉)တိုင် ပါရှိတယ်။ နောင်အနှစ်လေးဆယ်ကြာသော် မင်းတုန်းမင်း၏ မိဖုရားတစ်ပါးဖြစ်တဲ့ ကြေးမြင်မိဖုရားမှ ပြုပြင်မွမ်းမံခဲ့ပါတယ်။

ကျောင်းတိုက်ရဲ့ မျက်နှာစာမှာ ရေအိုးစင်ရှိပြီး အခြေမှာ ကမ္ဗည်းတိုင် နှစ်ချပ်စိုက်ထူထားတယ်။ ဘယ်ဘက်ကမ္ဗည်းတိုင်မှာ မင်းတုန်းမင်း နှင့် ကြေးမြင်မိဖုရားတို့ရဲ့ သားတော် သတိုးမင်းရဲမင်းခေါင် ပျဉ်းမနားမြို့စား ကိုယ်တော်ကြီး သက်တော် (၉၂)နှစ် ဟု ရေးထိုးထားပြီး ညာဘက်ကမ္ဗည်းတိုင်မှာ မင်းတုန်းမင်း နှင့် ငန်းဇွန်မိဖုရားတို့၏ သမီးတော် ထရံကာမြို့စား ထိပ်ခေါင်တင်ဖုရား သက်တော် (၉၀)နှစ် ဟု ရေးထိုးထားပါတယ်။ ထိပ်ခေါင်တင်ဖုရားက မြန်မာသက္ကရာဇ် ၁၃၂၅ခု၊ နယုန်လဆန်း (၁၁)ရက် မှာ ကွယ်လွန်ပြီး သတိုးမင်းရဲမင်းခေါင်က ၁၃၂၅ခု၊ နယုန်လပြည့်နေ့မှာ ကွယ်လွန်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ တစ်ဦးပေါ်တစ်ဦး လွန်စွာချစ်ကြပြီး ဘယ်သောအခါမှ ခွဲမနေဖူးဘူးလို့ အဆိုရှိကြတယ်။

၁၂ / ၁၃) ရမည်းသင်းကျောင်းတိုက် နှင့် မိုးကောင်းကျောင်းတိုက်

ရမည်းသင်းကျောင်းတိုက်
မိုးကောင်းကျောင်းတိုက်

ရမည်းသင်းကျောင်းတိုက်ဟာ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ဝန်း အတွင်းမှာပဲ ရှိပါတယ်။ ကြေးမြင်ကျောင်းတိုက်ရဲ့ အနောက်မြောက်အရပ်မှာပါ။ မိုးကောင်းကျောင်းတိုက်ကတော့ ရမည်းသင်းကျောင်းတိုက်အနီး တောင်ဘက်အရပ်မှာ ရှိပါတယ်။

မြန်မာသက္ကရာဇ် ၁၂၂၁ခု မှာ အမရပူရနန်းတော်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့တဲ့အခါမှာ အဆောင်ရ မိဖုရားများသည်လည်း သူတို့ရဲ့ နန်းဆောင်များကို ဖြုတ်သိမ်းပြီး မန္တလေးသို့ ယူဆောင်လာရပါတယ်။ အချို့က မန္တလေး နန်းတော်အတွင်းမှာ ပြန်လည်တပ်ဆင် တည်ဆောက် စံမြန်းကြသလို အချို့က ဘုန်းတော်ကြီးကျောင်းများအဖြစ် လှူဒါန်းကြတယ်။ မင်းတုန်းမင်းရဲ့ မိဖုရားတွေထဲက ရမည်းသင်းမိဖုရား နဲ့ မိုးကောင်းမိဖုရား တို့ကတော့ သူတို့ရဲ့ နန်းဆောင်ဟောင်းကို ဘုန်းကြီးကျောင်းများအဖြစ် လှူဒါန်းလိုက်ပါတယ်။

ဒါ့ကြောင့်မို့လို့ မင်းတုန်းမင်းလက်ထက် အဆောင်ရမိဖုရားများရဲ့ နန်းဆောင်စစ်စစ်ကို လေ့လာချင်တယ်ဆိုရင် ကျိန်းသေသွားကြည့်သင့်ပါတယ်။ သို့သော် ကျောင်းတိုက်အတွင်းမှာ သံဃာတော်တွေ သီတင်းသုံးနေထိုင်ကြတာ ဖြစ်တဲ့အတွက် မိမိ၏ အပြုအမူများကို ဂရုစိုက် ထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်။

၁၄) နန်းတော်ကျုံး

မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ဝန်းမှ အနောက်အရပ်သို့ ဆက်သွားလျင် နန်းတော်ကျုံးကို တွေ့ရပါမယ်။ မန္တလေးနန်းမြို့ရိုးကနေ (၁၈)မီတာ အကွာမှာ ကျုံးတော်ကို ပတ်ပတ်လည် တူးဖော်ထားတာပါ။ ကျုံးတော်ရဲ့ အကျယ်ဟာ (၆၄)မီတာ ရှိပြီး အနက်က (၄.၅)မီတာ ရှိပါတယ်။ ကျုံးတော် ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နန်းမြို့ရိုးဆီ ရန်သူတွေ အလွယ်တကူ မဝင်ရောက်နိုင်အောင်လို့ပါ။

နန်းတော်ကျုံးကို မန္တလေးနန်းတော်၊ မြို့ရိုး နှင့်အတူ ခရစ်နှစ် ၁၈၅၇ခု မှ ၁၈၅၉ခု အတွင်း မင်းတုန်းမင်းလက်ထက်မှာ တည်ဆောက်ခဲ့ပါတယ်။ ကျုံးတော် တည်ဆောက်ခဲ့စဉ်က တံတား (၅)စင်း ပါဝင်ပါတယ်။ မြို့ရိုးရဲ့ အရှေ့၊ တောင် နှင့် မြောက်ဘက်မှာ တံတားတစ်စင်းစီ တည်ဆောက်ခဲ့ပြီး အနောက်ဘက်မှာ တံတားနှစ်စင်း တည်ဆောက်ခဲ့တယ်။ အနောက်ဘက်တံတား နှစ်စင်းထဲမှ ကြေးမုံတံခါးဘက်က ထွက်ရတဲ့ တံတားကတော့ လူသေတွေ ထုတ်ရာမှာ သုံးတဲ့ အမင်္ဂလာတံတားလို့ မှတ်သားရပါတယ်။

၁၅) နန်းတော်

မန္တလေးရွှေနန်းတော်ဟာ ကျုံးပတ်လည် ဝန်းရံထားတဲ့ နန်းမြို့ရိုး အတွင်းမှာ ရှိပါတယ်။ လက်ရှိ နန်းတော်ဝန်း အတွင်းမှာရှိတဲ့ နန်းဆောင်တွေကတော့ မူလနန်းဆောင်များ မဟုတ်ကြပါဘူး။ နန်းဆောင်တွေကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ခရစ်နှစ် ၁၉၈၉ခု မှာ အသစ်ပြန်လည် တည်ဆောက်ထားတာပါ။

မင်းတုန်းမင်းဟာ ခရစ်နှစ် ၁၈၅၇ခု မှာ မြို့သစ်၊ နန်းသစ် တည်ခဲ့ပါတယ်။ မြို့သစ်တည်စဉ်မှာ နန်းတော်ကိုပါ တပါတည်း ဆောက်လုပ်စေခဲ့တယ်။ နန်းတော်အသစ်ရှိ နန်းဆောင်များကို အသစ်တည်ဆောက်ထားတာ မဟုတ်ဘဲ နန်းတော်ဟောင်းဖြစ်သည့် အမရပူရကနေ ဆင်များဖြင့် သယ်ဆောင်ပြီး ပြန်လည်တပ်ဆင် တည်ဆောက်ထားတာပါ။ ဒါပေမယ့် မင်းတုန်းမင်း စံမြန်းရမယ့် မှန်နန်းဆောင်ကိုတော့ မင်းကြီးရဲ့ နေ့၊ နံ နှင့် တွက်ချက်ကာ သင့်လျော်ရာ မြေဝင်၊ ကျောရပ်အရ အသစ် တည်ဆောက်ခဲ့ပါတယ်။ ခရစ်နှစ် ၁၈၅၈ခု မှာ နန်းဆောင် စုစုပေါင်း (၁၁၄)ဆောင် ဆောက်လုပ်ပြီးစီးခဲ့တယ်။ ထိုနှစ် ဇူလိုင်လ (၁၆)ရက် မှာ မင်းတုန်းမင်း နှင့် မိဖုရားခေါင်ကြီးတို့ဟာ ရှေးအစဉ်အလာအတိုင်း ထွက်တော်မူပွဲကျင်းပခြင်း၊ ရွှေနန်းတော်ကို လက်ယာရစ် လှည့်လည်ခြင်း၊ မြေနန်းတော်မင်းတက်လှေကားမှ တက်ရောက်ခြင်း တို့ကို အစီအစဉ်တကျ ပြုလုပ်ပြီး နန်းစံတော် မူပါတယ်။ အမည်ပေးကင်ပွန်းတပ်တဲ့အခါ မြို့နာမည်ကို ရတနာပုံ၊ ကျုံးရေပတ်လည်ဝိုင်းထားတဲ့ နန်းတော်မြေကို လေးကျွန်းအောင်မြေ၊ ရွှေနန်းတော်ကို မြနန်းစံကျော် ဆိုပြီး ကမ္ဗည်းမော်ကွန်း ရေးထိုးစေခဲ့ပါတယ်။

မင်းတုန်းမင်းဟာ ရွှေနန်းတော်မှာ ၁၈၇၈ခု ထိ နှစ်(၂၀) တိုင်အောင် စံမြန်းခဲ့တယ်။ မင်းတုန်းမင်းနောက်မှာ သီပေါမင်း နန်းတက်ကာ စံမြန်းခဲ့ပြီး ၁၈၈၅ခု မှာ အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားပါတယ်။ ၁၉၄၂ခု မှာ ဂျပန်လေတပ်မှ ဗုံးကြဲသဖြင့် မြနန်းပြဿာဒ်တော် နှင့် ပလ္လင်အကြွင်းအကျန်သာ ကျန်ရစ်တော့တယ်။ လုံးဝဥသုံ ပျက်ဆီးသွားတာကတော့ ၁၉၄၅ခု၊ မတ်လ (၁၇)ရက် မှာ မဟာမိတ်တပ်များ ဗုံးကျဲခဲ့စဉ်က ဖြစ်ပါတယ်။

၁၆) သုဓမ္မာဇရပ်များ

မန္တလေးနန်းတော်ရဲ့ အရှေ့မြောက်ထောင့်ရှိ ကျုံးတော်အပြင်ဘက်မှာ သုဓမ္မာဇရပ်များ ရှိပါတယ်။ မြန်မာသက္ကရာဇ် ၁၂၂၆ခု မှာ မင်းတုန်းမင်းဟာ သုဓမ္မာဇရပ်ပေါင်း (၃၃)ဆောင် ကို ဆောက်လုပ်စေခဲ့ပါတယ်။ ထိုဇရပ်များမှာ တစ်နှစ်လျင်တစ်ကြိမ် သုဓမ္မာစာပြန်ပွဲများ ကျင်းပခဲ့ပြီး သာသနာ့အာဇာနည်လောင်းများကို မွေးထုတ်ပေးခဲ့သဖြင့် မြင့်မြတ်သည့် နေရာအဖြစ် သတ်မှတ်နိုင်ပါတယ်။ နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ သုဓမ္မာဇရပ်များ ပျက်ဆီးလာသဖြင့် ယခုအခါမှာ (၁၉)ဆောင် မျှသာ ကျန်ပါတော့တယ်။

၁၇) ကျောက်တော်ကြီးဘုရား

ကျောက်တော်ကြီးဘုရားဟာ မန္တလေးနန်းတော်ရဲ့ အရှေ့မြောက်ထောင့်အရပ်၊ ၁၂လမ်း နှင့် ၆၆လမ်းထောင့်မှာ ရှိပါတယ်။ ကျောက်တော်ကြီးဘုရားရဲ့ ဘွဲ့တော်မှာ မဟာသကျမာရဇိန် ဟု မှတ်သားရပါတယ်။ ကျောက်တော်ကြီးဘုရားကို တစ်လုံးတည်းသော စကျင်ကျောက်ဖြင့် ထုဆစ်ထားတာဖြစ်ပြီး ဥာဏ်တော်အမြင့်မှာ (၂၆)ပေ (၆)လက်မ ရှိပါတယ်။

ကျောက်တော်ကြီးဘုရားဟာ မင်းတုန်းမင်းတရာကြီးရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ မန္တလေးနန်းတည်ပြီး ငါးနှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၂၆ခု မှာ စတင်ထုဆစ်ပြီး ၁၂၂၇ခု မှာ ပြီးစီးပါတယ်။ ကျောက်တော်ကြီး ရုပ်ပွားတော်ရဲ့ မျက်ခုံး၊ မျက်ရေးတို့ကို မင်းတုန်းမင်းကိုယ်တိုင် ရေးချယ်ခဲ့တာလို့ သိရပါတယ်။

၁၈) စန္ဒာမုနိဘုရား

ကျောက်တော်ကြီးဘုရားရဲ့ အရှေ့ဘက်အရပ်မှာ စန္ဒာမုနိဘုရား ရှိပါတယ်။ စန္ဒာမုနိဘုရားမှာ အဓိက လေ့လာစရာ သုံးမျိုး ရှိပါတယ်။ စန္ဒာမုနိရုပ်ပွားတော်၊ ကျောက်စာဂူများ နှင့် အိမ်ရှေ့မင်း ကနောင်မင်းသားကြီး လုပ်ကြံခံရတဲ့နေရာတို့ ဖြစ်ပါတယ်။

စန္ဒာမုနိရုပ်ပွားတော်ရဲ့ အလှူရှင်မှာ ဘိုးတော်ဘုရား ဖြစ်ပါတယ်။ ခရစ်နှစ် ၁၈၀၃ခု မှာ သံပိဿာချိန် (၁၁၃၆၈)ပိဿာ အလေးချိန်ရှိတဲ့ သံထည်ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို မင်းကွန်းနန်းတော်ကျွန်းရွာမှာ ထုလုပ်ခဲ့တယ်။ ရုပ်ပွားတော်ဟာ လမင်းကဲ့သို့ အသရေရှိသောကြောင့် စန္ဒာမုနိ ဟု ဘွဲ့နာမည် ကပ်လှူခဲ့တယ်။ ထို့နောက် အမရပူရမြို့ရှိ မဟာစန္ဒာမုနိစေတီသို့ ပင့်ဆောင်ကာ ကိုးကွယ်ခဲ့ပါတယ်။ ဘကြီးတော်မင်း လက်ထက်မှာ အင်းဝသို့ ပင့်ဆောင်သွားပြီး စန္ဒာမုနိစေတီ (အင်းဝ) မှာ ထားရှိ ကိုးကွယ်ပြန်တယ်။ သာယာဝတီမင်းလက်ထက် ခရစ်နှစ် ၁၈၃၈ခု မှာ အမရပူရမြို့ရှိ မဟာစန္ဒာမုနိစေတီသို့ တဖန် ပြန်လည်ပင့်ဆောင်ခဲ့တယ်။ မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၉ခု မှာ အမရပူရရှိ မဟာစန္ဒာမုနိစေတီမှ မန္တလေးရှိ စန္ဒာမုနိစေတီသို့ ပြောင်းရွှေ့ပြီး စံမြန်းစေခဲ့တာ ယနေ့ထက်တိုင် ဖြစ်ပါတယ်။

ကျောက်စာဂူများကတော့ ရသေ့ကြီးဦးခန္တီရဲ့ ကောင်းမှုတော်များ ဖြစ်ပါတယ်။ ရသေ့ကြီးဦးခန္တီဟာ မြန်မာသက္ကရာဇ် ၁၂၇၅ခု မှာ စန္ဒာမုနိစေတီကို ရံပြီး ကျောက်စာဂူများနှင့် ဓမ္မစေတီများကို တည်ထားလှူဒါန်းခဲ့တယ်။ ဓမ္မစေတီပေါင်း (၇၅၈)ဆူ၊ အဌကထာနှင့် ဌီကာ ကျောက်စာဂူပေါင်း (၅၀၈)ဂူ၊ ကျောက်စာချပ်ရေ (၁၅၂၄)ချပ်၊ ကျောက်ချပ်ပေါင်း (၁၇၇၄)ချပ် ရှိပါတယ်။

စန္ဒာမုနိရုပ်ပွားတော် စံမြန်းရာ ဂန္ဓကုဋီတိုက်နေရာ အနီးမှာ အိမ်ရှေ့မင်း ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရပါတယ်။ အိမ်ရှေ့မင်းနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား နှင့် ပြင်စည်မင်းသား တို့လည်း ကျဆုံးခဲ့တယ်။ မင်းတုန်းမင်းတရားကြီးတောင် အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့ခြင်းပင်။ ထိုအရေးအခင်းကို မြင်ကွန်းမြင်ခုန်တိုင် အရေးအခင်းလို့ ဆိုကြပြီး မြန်မာသက္ကရာဇ် ၁၂၂၈ခု၊ ဒုတိယဝါဆိုလပြည့်ကျော် (၇)ရက် မှာ ဖြစ်ပွားခဲ့တာပါ။ အဲ့သည့်အချိန်တုန်းက စန္ဒာမုနိရုပ်ပွားတော် စံမြန်းရာ ဂန္ဓကုဋီတိုက်တောင် မဆောက်လုပ်ရသေးပါဘူး။ မြင်ကွန်းမြင်းခုံတိုင် အရေးအခင်း နှင့် ပန်းတိမ်မင်းသား အရေးအခင်းတို့ကြောင့် အိမ်ရှေ့မင်းနှင့် မင်းသားသုံးပါးတို့၏ ရုပ်အလောင်းများကို သဂြိုဟ်နိုင်ခြင်း မရှိသေးဘဲ အခေါင်းသွင်းကာ နန်းမြေဘုံသာ စံနန်းတော် ဆောင်မဘုံမှာ ခင်းကျင်းထားရတယ်။ မြန်မာသက္ကရာဇ် ၁၂၂၉ခု၊ နယုန်လဆန်း (၅)ရက် မှပဲ ဂူသွင်းသဂြိုဟ်နိုင်ခဲ့ပါတယ်။

၁၉) ကုသိုလ်တော်ဘုရား

စန္ဒာမုနိဘုရားမှ အရှေ့ဘက်သို့သွားလျှင် ကုသိုလ်တော်ဘုရားသို့ ရောက်ပါတယ်။ ကုသိုလ်တော်ဘုရားရဲ့ ဘွဲ့နာမည်က မဟာလောကမာရဇိန် လို့ မှတ်သားရပါတယ်။ ကုသိုလ်တော်ဘုရားဝန်း အတွင်းမှာရှိတဲ့ ပိဋကတ်ကျောက်စာချပ်များဟာ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် မှတ်တမ်းဝင်ပါတယ်။ မဟာလောကမာရဇိန် စေတီတော် နှင့် ပိဋကတ်ကျောက်စာချပ်များရဲ့ အလှူရှင်ကတော့ မင်းတုန်းမင်းတရားကြီး ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၂၂၁ခု၊ ကဆုန်လဆန်း (၁၃)ရက် မှာ မန္တလေးမြို့တော် ပန္နက်ချချိန် နှင့်တပြိုင်တည်းတွင် မဟာလောကမာရဇိန် စေတီတော် ပန္နက်တော်ကိုလည်း ချခဲ့ပါတယ်။ ၁၂၂၃ခု၊ တပေါင်းလဆုတ် (၁)ရက် မှာ စေတီတော် ဌာပနာ သွင်းပါတယ်။ ၁၂၂၄ခု ဝါဆိုလမှာ မဟာရံတံတိုင်း သုံးထပ်နှင့် စေတီတော်ကြီး ပြီးစီးသွားသဖြင့် လပြည့်ကျော် (၉)ရက် မှာ ထီးတော်တင်ခဲ့ပါတယ်။

မြန်မာသက္ကရာဇ် ၁၂၂၂ခု၊ ကဆုန်လဆန်း (၁)ရက် မှာ ပိဋကတ်ကျောက်စာချပ်များကို စကျင်ကျောက်များဖြင့် စတင်ထုလုပ်စေခဲ့တယ်။ ထို့နောက် ကျောက်စာချပ်များကို တံတိုင်းသုံးထပ်၏ အကန့်အသီးသီး အတွင်းမှာ တည်ဆောက်ထားတဲ့ အုတ်ပြသာဒ် ဂူစေတီများထဲတွင် တစ်ချပ်စီ စိုက်ထူဌာပနာ စေပါတယ်။ ကျောက်စာချပ် စုစုပေါင်း (၇၃၀)ချပ် ရှိပါတယ်။ ဝိနည်းကျောက်စာ (၁၁၁)ချပ်၊ အဘိဓမ္မာကျောက်စာ (၂၀၈)ချပ်၊ သုတ္တန်ကျောက်စာ (၄၁၀)ချပ် နှင့် မင်းတုန်းမင်း၏ ကုသိုလ်တော်ကျောက်စာ (၁)ချပ် တို့ဖြစ်ကြတယ်။ မင်းတုန်းမင်းဟာ မြန်မာသက္ကရာဇ် ၁၂၃၃ခု မှာ ကျင်းပမယ့် ပဉ္စမသင်္ဂါယနာတင်ပွဲရဲ့ အောင်ပွဲအထိမ်းအမှတ်ဖြင့် ပိဋကတ်ကျောက်စာချပ်များကို ကြိုတင်စိုက်ထူခဲ့တာလို့ သိရပါတယ်။

၂၀) အတုမရှိကျောင်းတော်ကြီး

ကုသိုလ်တော်ဘုရားရဲ့ တောင်ဘက်အရပ်မှာ အတုမရှိကျောင်းတော်ကြီး ရှိပါတယ်။ အတုမရှိကျောင်းတော်ကြီးကို မဟာအတုလဝေယန်ကျောင်းလို့လည်း ခေါ်ပါသေးတယ်။

အတုမရှိကျောင်းတော်ကြီးကို ခရစ်နှစ် ၁၈၅၉ခု မှာ ယောအတွင်းဝန် ဦးဘိုးလှိုင်မှ ဦးဆောင်ကာ တည်ဆောက်ခဲ့တာပါ။ ကျောင်းတော် တည်ဆောက်ရန်အတွက် ငွေဒင်္ဂါးငါးသိန်း ကုန်ကျခဲ့ပါတယ်။ ဘုံငါးဆင့် ပါရှိပြီး ကြီးမားထည်ဝါလွန်းတဲ့ အတုမရှိကျောင်းတော်ကြီးဟာ ၁၈၈၅ခု မှာ ဗြိတိသျှစစ်တပ်ရဲ့ စစ်တန်းလျားအဖြစ် အသုံးပြုခြင်း ခံခဲ့ရတယ်။ ထို့နောက် မီးလောင်ပျက်ဆီးခဲ့ရတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၉၆ခု မှာ မူလပုံစံအတိုင်း အသစ်ပြန်လည် ဆောက်လုပ်ခဲ့ပါတယ်။ ကျောင်းတိုက်ကို နိုင်ငံတော်အဆင့် သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရာမှာ အသုံးပြုပါတယ်။

၂၁) ရွှေနန်းတော်ကျောင်း

အတုမရှိကျောင်းတော်ကြီး၏ အရှေ့ဘက်အရပ်မှာ ရွှေနန်းတော်ကျောင်း ရှိပါတယ်။ နန်းတော်မှ ပြောင်းရွှေ့လာခဲ့တဲ့ ကျောင်းတော်ဖြစ်လို့ ရွှေနန်းတော်ကျောင်း ဟုလည်းကောင်း၊ ရွှေပိန်းများ ချထားသည့်အတွက် ရွှေကျောင်း ဟုလည်းကောင်း ခေါ်ကြပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာ မန္တလေးနန်းတော်ကြီး ပြာကျခဲ့ရတဲ့အတွက် နန်းတော်ဆောင် အစစ်တွေကို မျက်မြင်ကိုယ်တွေ့ လေ့လာစရာ မရှိတော့ဘူးလို့ ထင်ရင် မှားပါလိမ့်မယ်။ နန်းတော်အပြင်ဘက်မှာ ဘုန်းကြီးကျောင်းအဖြစ် လှူဒါန်းထားတဲ့ ရွှေနန်းတော်ကျောင်းဟာ မင်းတုန်းမင်း အသုံးပြုခဲ့တဲ့ နန်းတော်ဆောင် အစစ်တွေကို ပေါင်းစပ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မင်းတုန်းမင်း နတ်ရွာစံပြီးနောက်မှာ သီပေါမင်းဟာ မင်းတုန်းမင်း နတ်ရွာစံခဲ့ရာ နန်းဆောင်နှင့် စနုဆောင်ကို ဖြတ်သိမ်းလိုက်ပါတယ်။ နန်းတော်အပြင်ဘက်မှာ နန်းတော်ဆောင်နှစ်ခုကို ပေါင်းစပ်တည်ဆောက်ပြီး ဘုန်းကြီးကျောင်းအဖြစ် ခရစ်နှစ် ၁၈၈၃ခု၊ အောက်တိုဘာလ (၃၁)ရက် မှာ လှူဒါန်းခဲ့ပါတယ်။ ဘုရင့်နန်းဆောင် ဖြစ်ခဲ့တာကြောင့် ၁၉ရာစု ကုန်းဘောင်ခေတ် မြန်မာဗိသုကာလက်ရာများဖြင့် အစွမ်းကုန် ခြယ်မှုန်းထားတာကို တွေ့ရပါလိမ့်မယ်။ ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ လက်ရာများမှာလည်း အနုစိတ်နိုင်လှတယ်။

၂၂) မန္တလေးတောင်

ကျောက်တော်ကြီးဘုရားမှ မြောက်ဘက်သို့သွားလျှင် မန္တလေးတောင်သို့ ရောက်ပါတယ်။ အရှေ့ဘက်မှာ ရှမ်းရိုးမတောင်တန်း၊ အနောက်ဘက်မှာ ဧရာဝတီမြစ်နဲ့ မင်းကွန်း၊ ပြီးတော့ နန်းတော်ဟောင်း၊ ကျုံးနဲ့ နန်းမြို့ရိုး တို့ကို ထင်ထင်ရှားရှားမြင်ရတယ်။ မြို့ပြအလှအပနဲ့ သဘာဝအလှအပကို တပြိုင်တည်း ခံစားနိုင်တဲ့အတွက် မန္တလေးရောက်ရင် ချန်မထားအပ်တဲ့ နေရာအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Follow Us

Copyright © 2020 Traveller Chan. All Rights Reserved.