Magway

Traveling my way around the world!

မကွေးတိုင်း ပွင့်ဖြူမြို့မှ ရုံလေးရုံ

ပွင့်ဖြူမြို့ရဲ့ အညာရှုခင်းတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ရုံလေးရုံသမိုင်း၊ မယုံရင်ပုံပြင်မှတ်ရလောက်တဲ့ ထူးဆန်းထွေလာဖြစ်စဉ်များ အကြောင်းကိုလည်း ပြောပြချင်ပါသေးတယ်။

ချမ်းတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးကို ဘဒ္ဒကမ္ဘာလို့ ခေါ်ပါတယ်။ ဗုဒ္ဓငါးဆူ ပွင့်မယ့်ကမ္ဘာကြီးပေါ့။ ဗုဒ္ဓငါးဆူထဲမှာမှ ဗုဒ္ဓလေးဆူက ပွင့်တော်မူပြီးပါပြီ။ ဗုဒ္ဓတစ်ဆူစီ သီတင်းသုံးခဲ့တဲ့ ကျောင်းတော်ရာတစ်ဆောင်စီ ရှိခဲ့ရာနေရာတွေမှာ အထိမ်းအမှတ်စေတီ တစ်ဆူစီ တည်ထားကိုးကွယ်ခဲ့ကြရာမှ အစချီပြီး ရုံလေးရုံ ဆိုတဲ့ စကားတစ်ရပ် ပေါ်ပေါက်ခဲ့တာပါပဲ။

၁) ကုက္ကုဋာရုံ

ပွင့်ဖြူမြို့၊ မြို့စဖိုလ်ရွာဟောင်းမှာ ရှိပါတယ်။ ကကုသန်မြတ်စွာဘုရားရှင် လက်ထက်တုန်းက ကုက္ကုဋ အမည်ရ သူဌေးကြီး တစ်ဦး ရှိခဲ့ဖူးတယ်။ သူဌေးကြီးဟာ ဒေသစာရီ ကြွချီလာတဲ့ ကကုသန်မြတ်စွာဘုရားကို ကြည်ညိုလှတာကြောင့် ခေမမင်း ပိုင်ဆိုင်သော ဥယျာဉ်မြေနေရာကို ဝယ်ယူပြီး ကျောင်းတော်ကြီးတစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့တယ်။

ကကုသန်မြတ်စွာဘုရားက ကျောင်းတော်မှာ (၇)ရက် သီတင်းသုံးရင်း တရားဒေသနာတွေ ဟောကြားခဲ့ပါတယ်။ ခေမမင်းကိုတော့ ဂေါတမဗုဒ္ဓအမည်ဖြင့် ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ချွေခဲ့ပါတယ်။ နောက်တော့ ခေမမင်းဟာ မင်းအဖြစ်ကို စွန့်လွှတ်ပြီး ရဟန်းဘဝ ခံယူကာ ပါရမီ ဖြည့်ကျင့်ခဲ့တယ်။ ကကုသန်မြတ်စွာဘုရား ပြန်ကြွသွားတော့ ကျောင်းတော်ကို ခေမရဟန်းထံ စွန့်ခဲ့ပါတယ်။

ကုက္ကုဋသူဌေးကြီး လှူဒါန်းခဲ့တဲ့ ကျောင်းတော်ရာနေရာမှာ စေတီတည်ထားလို့ ကုက္ကုဋာရုံကျောင်းတော်ရာစေတီလို့ ဘွဲ့အမည် မှည့်ခေါ်ကြပါတယ်။

၂) ဃောသိတာရုံ

ပွင့်ဖြူမြို့၊ ရွာခိုင်ရွာမှာ ရှိပါတယ်။ အခြားကျောင်းတော်ရာစေတီ သုံးဆူနဲ့ အဝေးဆုံးမှာ ရှိတဲ့အတွက် ဦးစွာသွားဖို့ အကြံပေးချင်ပါတယ်။ ကောဏာဂုံဘုရားရှင် လက်ထက်တုန်းက ဃောသအမည်ရ သူဌေးကြီးတစ်ဦး ရှိခဲ့တယ်။ ကောဏာဂုံဘုရားရှင်အား ကြည်ညိုလှတာကြောင့် ပဗ္ဗတမင်းကြီး ပိုင်ဆိုင်တဲ့ ဥယျာဉ်မြေနေရာကို ဝယ်ယူပြီး ကျောင်းတော် ဆောက်လုပ်လှူဒါန်းပါတယ်။

ကောဏာဂုံဘုရားရှင်ဟာ ပဗ္ဗတမင်းကြီးအား နောင်တချိန်မှာ ဂေါတမဗုဒ္ဓအမည်ဖြင့် ဘုရားဖြစ်လိမ့်လို့ ဗျာဒိတ်ခြွေခဲ့ပါတယ်။ ပဗ္ဗတမင်းကြီးဟာ မင်းအဖြစ်ကို စွန့်လွှတ်ပြီး ရဟန်းဘဝကို ခံယူလိုက်ပါတယ်။ ကောဏာဂုံဘုရားရှင်ဟာ ကျောင်းတော်မှာ (၇)ရက် သီတင်းသုံးပြီးနောက် ပဗ္ဗတရဟန်းအား သီတင်းသုံးနိုင်ရန် စွန့်ကြဲခဲ့တယ်။

ဃောသသူဌေးကြီး လှူဒါန်းခဲ့တဲ့ ကျောင်းတော်ရာနေရာမှာ စေတီတည်ထားလို့ ဃောသိတာရုံကျောင်းတော်ရာစေတီလို့ ဘွဲ့အမည် မှည့်ခေါ်ကြပါတယ်။

၃) ပါဝါရုံ

ပွင့်ဖြူမြို့၊ ဘုရားကုန်းရွာအနီးမှာ ရှိပါတယ်။ ရွှေပန်းမြိုင်စေတီ လို့လည်း ခေါ်ကြပါသေးတယ်။ ကဿပဘုရားရှင် လက်ထက်တုန်းက ပါဝါရိက သူဌေးကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူဌေးကြီးဟာ ဒေသစာရီ ကြွချီလာတဲ့ ကဿပဘုရားရှင်ကို ကြည်ညိုစိတ်ရင်း ရှိတာကြောင့် မိမိပိုင်ဥယျာဉ်မြေနေရာမှာ ကျောင်းတော် ဆောက်လုပ် လှူဒါန်းပါတယ်။

ကဿပဘုရားရှင်ဟာ ကျောင်းတော်မှာ သီတင်းသုံးရင်း တရာဒေသနာတွေ ဟောကြားခဲ့တယ်။ တရားနာယူသူတွေထဲမှာ ဃဋိကာရဆိုတဲ့ အိုးထိုးသည်တစ်ဦးလည်း ပါတယ်။ အိုးထိန်းသည်ဟာ တရားနာပြီးနောက်မှာ အနာဂါမ်တည် ဥပသကာ ဖြစ်လာတယ်။ ဃဋိကာရမှာ ဇောတိပါလဆိုတဲ့ ပုဏ္ဏားမျိုး သူငယ်ချင်းတစ်ဦး ရှိပါတယ်။ ဇောတိပါလက အင်မတန် ပညာမာန ထောင်လွှားတယ်။ ကဿပဗုဒ္ဓဟာ ခုနှစ်ရက်နဲ့ ဘုရားဖြစ်တယ်ဆိုတာကို အယုံအကြည် မရှိသူပေါ့။ ဒါ့ကြောင့် ဘုရားရှင်ရဲ့ တရားပွဲကို ဘယ်တော့မှ မသွားဘူးတဲ့။

ဃဋိကာရက မိမိရထားတဲ့ တရားထူးကို သူ့သူငယ်ချင်းကိုလည်း ရစေချင်တယ်။ ဒါပေမယ့် ဘယ်လိုမှ ခေါ်မရဘူး။ နောက်ဆုံး ဆံပင်ကနေ ဆွဲပြီး ကျောင်းတော်ကို အတင်းအကြပ် ခေါ်သွားတယ်။ လမ်းတလျှောက်မှာ ဇောတိပါလက သည်လိုတွေးတယ်။ ဃဋိကာရက ဇာတ်နိမ့်သူဆင်းရဲမျိုး၊ မိမိက ဇာတ်မြင့်ပုဏ္ဏားမျိုး။ ဇာတ်နိမ့်အမျိုးအနွယ်က ဇာတ်မြင့်အမျိုးအနွယ်ရဲ့ ဆံစကို ကိုင်ရင် သေဒဏ်သင့်နိုင်တယ်။ သေဘေးကို သိပါလျက်နဲ့ အတင်းအကြပ်ခေါ်တာ ကိစ္စထူးဟန် ရှိကောင်းပါရဲ့ဆိုပြီး အသာတကြည် လိုက်သွားတယ်။

ကျောင်းတော်ရောက်တော့ ကဿပဘုရားရှင်ရဲ့ တရားဒေသနာများ နာကြားပြီးနောက် သံဝေဂရကာ ရဟန်းခံခဲ့ပါတယ်။ ကဿပမြတ်စွာဘုရားမှ ဇောတိပါလအား နောင်တချိန် ဂေါတမဗုဒ္ဓဘွဲ့အမည်ဖြင့် ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ချန်ခဲ့သေးတယ်။ ကဿပဘုရားရှင်ဟာ ကျောင်းတော်မှာ (၇)ရက် သီတင်းသုံးပြီးနောက် ပြန်ကြွသွားတယ်။ ဇောတိပါလရဟန်းကတော့ ကျောင်းတော်မှာပဲ ဆက်လက်သီတင်းသုံးပြီး ပါရမီများ ဖြည့်ကျင့်ခဲ့ပါတယ်။

ပါဝါရိက သူဌေးကြီး လှူဒါန်းခဲ့တဲ့ ကျောင်းတော်ရာနေရာမှာ စေတီတည်ထားလို့ ပါဝါရိကကျောင်းတော်ရာစေတီလို့ ဘွဲ့အမည် မှည့်ခေါ်ကြပါတယ်။

ဂန္ဓာရုံအကြောင်း ဆက်မပြောခင်မှာ မှတ်သားစရာလေး နည်းနည်း မျှဝေချင်ပါသေးတယ်။ ဂေါတမမြတ်စွာဘုရားဟာ ဘုရားအဖြစ်သို့ ရောက်ရန် ရဟန်းဘဝဖြင့် ကိုးကြိမ်ကိုးဘဝ ပါရမီ ဖြည့်ကျင့်ခဲ့ရပါတယ်။ ရဟန်းဘဝဖြင့် အခြားကမ္ဘာမှာ ခြောက်ကြိမ်တိုင် ဖြည့်ကျင့်ရပြီး ဘဒ္ဒကမ္ဘာမှာတော့ သုံးကြိမ်တိုင် ဖြည့်ကျင့်ရပါတယ်။ ဆက်လက် ပြောပြသွားမယ့် ဂန္ဓာရုံကျောင်းတော်ရာကတော့ ဂေါတမမြတ်စွာဘုရားကိုင်တိုင် သီတင်းသုံးခဲ့တဲ့ကျောင်းတော်ရာ နေရာပါ။


၎) ဂန္ဓာရုံ

ပွင့်ဖြူမြို့၊ ကျောင်းတော်ရာကျေးရွာမှာ ရှိပါတယ်။ စန္ဒကူးနံ့သာကျောင်းတော်ရာ ဆိုပြီး လူသိများတယ်။ အရှင်ပုဏ္ဏရဟန္တာမထေရ်၏ ပင့်ဖိတ်ချက်အရ ဂေါတမမြတ်စွာဘုရားဟာ နောက်ပါရဟန္တာငါးရာနှင့်အတူ ကြွချီခဲ့ပါတယ်။ မြတ်စွာဘုရား နှင့် ရဟန္တာငါးရာ သီတင်းသုံးရန်အတွက် စူဠပုဏ္ဏနှင့် ကုန်သည်များဟာ စန္ဒကူးသစ်ဖြင့် ကျောင်းတော်ကြီး ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။

ဂေါတမမြတ်စွာဘုရားဟာ မိမိအတွက် လှူဒါန်းထားတဲ့ စန္ဒကူးနံ့သာကျောင်းတော်ရာမှာ ခုနှစ်ရက်၊ ရဟန်းဘဝဖြင့် ပါရမီဖြည့်ကျင့်ခဲ့ရာနေရာတွေမှာ တစ်ရက်စီ စုစုပေါင်း သုံးရက် သီတင်းသုံးခဲ့ပါတယ်။ ခုနှစ်ရက် ကြာပြီးနောက်မှာ အရှင်ပုဏ္ဏရဟန္တာမထေရ်မှ ကျောင်းတော်မှာ ဆက်လက် သီတင်းသုံးခဲ့တယ်။ အရှင်ပုဏ္ဏဟာ ပရိနိဗ္ဗာန်မစံခင် အဓိဌာန် လေးချက် ချန်ထားခဲ့တယ်။

၁။ ပရိနိဗ္ဗာန်စံဝင်ပြီးသည်နှင့် စန္ဒကူးနံ့သာကျောင်းတော်သည် တမဟုတ်ချင်း ကွယ်ပျောက်သွားပါစေ။

၂။ ကျောင်းတော်ရာနေရာတွင် သေလာမယကျောက်စေတီ ပေါ်ထွန်းလာပါစေ။

၃။ ကျောင်းတော် ကွယ်ပျောက်သွားပါသော်လည်း ကျောင်းတော်ကြီး၏ အကျယ်အဝန်း အထိမ်းအမှတ်အဖြစ် တိုင်လေးရပ် ပေါ်ပေါက်လာပါစေ။

၎။ ဤနေရာတွင် မြတ်စွာဘုရား ခုနှစ်ရက် သီတင်းသုံးခဲ့ကြောင်း၊ စန္ဒကူးနံ့သာကျောင်းတော် အမှတ်တကယ် ရှိခဲ့ကြောင်း နှောင်းလူတို့ သက်ဝင် ယုံကြည်ပါစေ။

အလောင်းစည်သူမင်းလက်ထက်မှာ လယ်ယာမြေ ဖော်ထုတ်ရင်းနဲ့ ခြုံနွယ်တောအုပ်အတွင်းမှာ ပျောက်ကွယ်နေတဲ့ ကျောင်စေတီ၊ အထိမ်းအမှတ်ကျောက်တိုင် လေးတိုင် နှင့် ကြေးပုရပိုက်တွေ ရှာတွေ့ခဲ့တယ်။ ကြေးပုရပိုက်ရယ် ကျမ်းဂန်တွေရယ်ကို ဆက်စပ်ပြီး စန္ဒကူးနံ့သာကျောင်းတော်အကြောင်း သိလာခဲ့တာလို့ ဆိုပါတယ်။ နောက်တော့ ကျောက်စေတီကို ငုံပြီးတော့ ဂန္ဓာရုံစေတီကို တည်ကြပါတော့တယ်။

ကျောင်းတော်ရာစေတီ ဘုရားပွဲကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ တပေါင်းလပြည့်ကျော် ၈ရက်နေ့ထိ စည်ကားစွာ ကျင်းပလေ့ရှိပါတယ်။

သည်နေရာမှာ သတိထားရမယ့်အချက်က သူဌေးကြီးလေးယောက်စလုံးဟာ ဘုရားရှင်တွေ မကြွလာခင်ကတည်းက ဘုရားရှင်နှင့် နောက်ပါရဟန္တာငါးရာစီအတွက် ရည်မှန်းပြီး ကျောင်းတော်ကြီးတွေကို ကြိုတင်ဆောက်လုပ်ထားတာလို့ မှတ်ထားရပါမယ်။ နောက်ပြီးတော့ ဘုရားလေးဆူးဟာ ကျောင်းတော်တွေမှာ (၇)ရက်စီပဲ သီတင်းသုံးခဲ့ကြပါတယ်။ ထို့အပြင် ဘုရားရှင်အတွက် လှူဒါန်းခဲ့ကြတဲ့ ကျောင်းတော်ကို ဘုရားရှင်တွေ ပြန်ကြွသွားတိုင်း ရဟန်းတစ်ပါးစီမှာ သီတင်းသုံးရန် စွန့်ကြဲခဲ့ကြပါတယ်။

ကျောင်းတော်ရာစေတီများထဲမှာမှ ဂေါတမမြတ်စွာဘုရား သီတင်းသုံးခဲ့တဲ့ ဂန္ဓာရုံကျောင်းတော်ရာနဲ့ ပတ်သတ်ပြီး ထူးဆန်းတာလေးတွေလည်း ရှိတယ်။ ဒါကတော့ မယုံရင် ပုံပြင်မှတ်ပေါ့နော်…

ဘုရားဖူးငါးများ သေတဲ့အခါ မြှုပ်နှံပေးထားသော အုတ်ဂူ

ကျောင်းတော်ရာဘုရားပွဲ ရာသီရောက်ရင် ဘယ်ကမှန်းမသိတဲ့ ငါးထွေငါးကြီးတွေက နှစ်စဉ်ဘုရားဖူး လာကြတယ်တဲ့။ ဂန္ဓာရုံစေတီရဲ့ သိပ်မဝေးတဲ့အရပ်မှာ မုန်းချောင်းဆိုတာ ရှိတယ်။ နှစ်စဉ် ဝါဆိုလပြည့်နေ့ရောက်တိုင်း ငါးထွေငါးအုပ်ကြီးတွေက အချိန်မှန် ရောက်လာတတ်ကြတယ်။ ချောင်းထဲမှာ ရေများရင်တော့ ဝါကျွတ်တဲ့အထိနေပြီး ရေနည်းရင်တော့ စောပြန်သွားတယ်။ ငါးအုပ်ကြီးရဲ့ အရှေ့ဆုံးမှာ ရွှေရောင်ငါးကြီးက ဦးဆောင်ပြီး အနောက်ဆုံးမှာ ငွေရောင်ငါးကြီးက ထိန်းကျောင်းတယ်တဲ့။

ငါးတွေဘုရားဖူးလာပြီဆိုရင် ကြိုဆိုရေးမော်တော်ယဉ်တွေဟာ မုန်းချောင်းနဲ့ ဧရာဝတီမြစ် ဆုံရာနေရာအထိ သွားကြိုကြတာ။ မော်တော်ယဉ်ပေါ်ကနေ မောင်းတီးပြီဟေ့ဆိုရင် ငါးထွေငါးကြီးတွေက ကိုယ်ကိုဖော့ပြီး ကိုယ်ယောင်ပြကြတယ်။ ငါးအုပ်နဲ့ ကြိုဆိုရေးမော်တော်ယဉ်နဲ့ ဆုံပြီဆိုရင် ရေယဉ်က ရှေ့ကမောင်း ငါးအုပ်ကနောက်ကလိုက်ပေါ့။ ဘယ်အထိလဲဆိုတော့ ကျောင်းတော်ရာရဲ့ အရှေ့ဘက်ငါးဖာလုံ အကွာမှာရှိသည့် ငါးစာကျွေးတဲ့ရေဆိပ်အထိပါပဲ။

အဲ့သည့်တုန်းက ငါးစာကျွေးရင်းနဲ့ ငါးတွေကို ရေထဲကဆယ်ပွေ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြသေးတာ။ ငါးတွေက လူယဉ်ကြတယ်။ ငါးညှီနံ့ မထွက်ကြဘူးတဲ့။ သားသတ်လွတ်ငါးစာ ကျွေးမှ စားကြတယ်။ ဟိုတုန်းဟိုခါကတော့ လူတွေက လောဘကို မထားသင့်တဲ့နေရာမှာ မထားကြဘူး။ စည်းရှိကြသေးတယ်။ ဘုရားဖူးငါးတွေလာတဲ့ ရာသီဆိုရင် တံငါသည်တွေက ငါးဖမ်းနားကြတော့တာပါပဲ။ နောက်တော့ လောဘတွေကြီးလာလိုက်တာ အချိန်မရွေး လျှပ်စစ်လျှော့တိုက်ဖမ်း၊ ပိုက်ကွန်တားဖမ်းနဲ့ ဘုရားဖူးငါးတွေလည်း ဘယ်ရောက်လို့ဘာဖြစ်သွားမှန်း မသိတော့ပါဘူး။

ဘုရားဖူးငါးတွေနဲ့ ပတ်သတ်ပြီး ပြောစရာက ရှိသေးတယ်။ သည်ငါးတွေကို ဘီလူးတွေဝင်စားတာလို့ ဆိုတဲ့သူက ဆိုကြတယ်။ စူဠပုဏ္ဏကုန်သည်နှင့် အခြားသောကုန်သည်တွေဟာ လှေကြီးတစ်စီးနှင့်အတူ ကုန်ရောင်းကုန်ဝယ်ထွက်ကြရင်း စန္ဒကူးပင်တွေ ပေါက်နေတဲ့ ကျွန်းကြီးတစ်ခုဆီကို ရောက်သွားကြတယ်တဲ့။ ကုန်သည်တွေဟာ လှေပေါ်မှာပါလာတဲ့ ကုန်တွေကို စွန့်ပစ်ပြီး စန္ဒကူးသစ်တွေကို ခုတ်လှဲ ယူဆောင်ကြတယ်။

ကျွန်းပေါ်မှာ စန္ဒကူးပင်တွေကို စောင့်ရှောက်နေတဲ့ ဘီလူးတွေ နေကြတာကို ကုန်သည်တွေက မသိကြဘူး။ ဘီလူးတွေ အစည်းအဝေး သွားနေချိန်မှာ ကုန်သည်တွေက ခုတ်ယူနေကြတာဆိုတော့ ဘီလူးတွေလည်း မတားနိုင်ခဲ့ကြဘူး။ သည်လိုနဲ့ အစည်းအဝေးပွဲက ပြန်ရောက်မှ စန္ဒကူးပင်တွေ ပါသွားမှန်း သိတာ။ ဘီလူးတွေက ဒေါသထွက်ကြပေမယ့် ကုန်သည်တွေကို ကျွန်းပေါ်မှာ မသတ်ကြသေးဘူး။ ကျွန်းပေါ်မှာ လူသေကောင်ပုပ်နံ့တွေ ဖုံးကုန်မှာ ဆိုးလို့တဲ့။ သည်လိုနဲ့ ကုန်သည်လှေ ပင်လယ်ထဲ ထွက်သွားမှ လေပြင်းမုန်တိုင်းတွေကျအောင် လုပ်တော့တာပါပဲ။

ကုန်သည်တွေက သေဘေးကို ကြောက်လွန်းလို့ ဆောက်တည်ရာမရ ဖြစ်ကာ မိမိတို့ ကိုးကွယ်ရာ နတ်၊ ဗြဟ္မာတွေကို တိုင်တည်ငိုကြွေးကြတယ်။ စူဠပုဏ္ဏားကတော့ မိမိရဲ့ အကိုကြီးဖြစ်သူ ပုဏ္ဏရဟန္တာမထေရ်ကို တိုင်တည်တောင့်တသတဲ့။ အရှင်ပုဏ္ဏဟာ ညီငယ်ရဲ့ အဖြစ်ကိုမြင်လို့ လှေထိပ်သို့ ဈာဉ်ဖြင့်ကြွခဲ့ပြီး ဖြစ်ကြောင်းကို စုံစမ်းရတယ်။ ဖြစ်စဉ်သိတော့မှာ ခုတ်လှဲပြီးသွားတဲ့ စန္ဒကူးသစ်တွေကို ဂေါတမမြတ်စွာဘုရားအတွက် ရည်မှန်းပြီး ကျောင်းဆောက်လုပ် လှူဒါန်းမယ်ဆိုရင် ကျေနပ်နိုင်မလား ဆိုပြီး ညှိနှိုင်းပေးတယ်။ သည်တော့မှ မုန်တိုင်းစဲပြီး ကုန်သည်တွေ အသက်ချမ်းသာ ရခဲ့တယ်တဲ့။

ဘီလူးတွေဟာ စန္ဒကူးသစ်တွေကို စွဲလန်းစိတ်ကြောင့် ကံကုန်တဲ့အခါမှာ ငါးကြီးများအဖြစ်နဲ့ နှစ်စဉ် ဘုရားဖူးလာကြတာလို့ ဆိုရိုးရှိခဲ့ကြပါတယ်။ ကဲ… စာဖတ်သူတွေလည်း ယုံချင်လည်းယုံ၊ မယုံရင်လည်း ပုံပြင်သာ မှတ်လိုက်ကြပါတော့နော်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.