Local Trip

Fill your life with adventures.

Trekking in Mindat

? ကဗျာဆန်တဲ့ ချင်းတို့မြေ တောင်ဇလပ်ပန်း ဖူးပွင့်ဝေ တိမ်တွေပေါ်က ထင်းရှူးတောအုပ်များ ?

? ရဲသွေးနီတောင်ဇလပ်ပန်း ခိုင်မာတဲ့ကတိသစ္စာ ကဗျာဆန်တဲ့အောက်ချင်းငှက်မောင်နှံ ?

ဦးဆလိုင်းဂေလိန်းမောင်း (မင်းတပ်) သီကုံးထားပြီး တေးသံရှင် မဆုန်သင်းပါရ် သီဆိုထားတဲ့ ကဗျာဆန်တဲ့ချင်းတို့မြေ သီချင်းစာသားလေးကို ညီးပြီး ချင်းပြည်နယ်မှာ Trekking လျှောက်ရတဲ့ ခံစားချက်က ငြိမ့်ညောင်းသာယာလွန်းပါတယ်။ Trekking လမ်းတလျှောက် ကြုံတွေ့ခဲ့ရတာတွေကို မျှဝေပေးမယ်နော်။

ရန်ကုန်ကနေ ဘယ်လိုသွားမလဲ

သည်တစ်ခေါက်ခရီးက ချမ်းတို့ကိုယ့်ဘာသာ စီစဉ်ကြတာမျိုး မဟုတ်ဘဲ The Backyard Travels & Tours ကနေပြီး package ဝယ်ပြီး သွားခဲ့ကြတာပါ။ ကန်ပက်လက်တစ်ရက်၊ ခေါ်နူးစုမ်တောင်တစ်ရက်၊ မင်းတပ်မြို့က ကျေးရွာတလျှောက် Trekking တစ်ရက် ပေါင်းသုံးရက် လည်ပတ်တဲ့ package ကို ယူခဲ့ပါတယ်။ လမ်းကြောင်းကတော့ ရန်ကုန်ကနေ ပုဂံကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရပါတယ်။ Tours က ပုဂံမှာ လာကြိုပေးတဲ့အတွက် သွားရေးလာရေး မည်သည့်အခက်အခဲမှ မရှိခဲ့ပါဘူး။ အပြန်မှာလည်း ပုဂံထိ လိုက်ပို့ပေးပါတယ်။

နိဒါန်း

ကန်လက်လက်နဲ့ ခေါ်နူးစုမ်ကတော့ Blogger အတော်များများ ရေးပြီးသားမို့လို့ မင်းတပ်မြို့မှာ Trekking လျှောက်ခဲ့ကြတာကိုပဲ ရေးပေးတော့မယ်နော်။ မင်းတပ်မြို့မှာ ဆိုပေမယ့် တကယ်တော့ မြို့ပေါ်မှာ Trekking လျှောက်ခဲ့တာ မဟုတ်ပါဘူး။ မင်းတပ်မြို့အပိုင်းမှာ ပါဝင်ပြီး လူသူသိပ်မရောက်ကြသေးဘဲ အရိုင်းဆန်ဆန်လှပနေသေးတဲ့ ချင်းရွာလေးတွေမှာ Trekking လျှောက်ခဲ့တာပါ။ ရွာတွေ၊ ချောင်းတွေ၊ တောတောင်တွေ အစုံကို Trekking တစ်ကြောင်းတည်းနဲ့ ဖြတ်သန်းရတော့တာပါပဲ။ တောတောင်တွေရဲ့အလှ၊ ကြမ်းတမ်းတဲ့ရွာခံတွေရဲ့ဘဝ၊ အနိမ့်အမြင့်အကွေ့အကောက်လမ်းကြောင်း၊ ဗဟုသုတများစွာနဲ့အတွေ့အကြုံကောင်း ဒါတွေအားလုံး ခံစားချင်တယ်ဆိုရင် သည်ခရီးကို တစ်ခါလောက်တော့ သွားကြည့်သင့်ပါတယ်။

အေးစခန်း

ချမ်းတို့ ခေါ်နူးစုမ်တောင်ကဆင်းတော့ အေးစခန်းမှာ ညအိပ်ကြပါတယ်။ အေးစခန်းဆိုတာ မင်းတပ်မြို့ကနေ ၁၅မိုင်အကွာမှာရှိတဲ့ တောင်စောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ ဘိုတဲကြီးပါ။ သွပ်မိုးပျဉ်ကာဘိုတဲကြီးဖြစ်ပြီး သုံးထပ်သားတွေနဲ့ကန့်ပြီး အခန်းဖွဲ့ထားပါတယ်။ အများသုံး ဘိုထိုင်အိမ်သာ၊ မြန်မာထိုင်အိမ်သာတွေ ရှိလို့ အပေါ့အလေးအတွက် အဆင်ပြေတယ်။ ရေချိုးခန်းဆောက်ထားပေမယ့် တအားအေးလို့ မချိုးနိုင်ကြပါဘူး။ မျက်နှာသစ်ဖို့အတွက်တော့ ရေနွေးတောင်းလို့ ရပါတယ်။ ကြယ်ပေါင်းများစွာကို အနီးကပ်တွေ့ခဲ့ရတဲ့ ထိုညလေးက သိပ်ကိုလှပခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီတုန်းက အင်္ဂ္လိပ်လူမျိုး F.Kingdone Ward ဆိုသူက သည်နေရာမှာ ဘိုတဲတစ်လုံးဆောက်ပြီး နှစ်အတန်ကြာ နေထိုင်သွားခဲ့ပါတယ်။ သူက နတ်မတောင်တကြော (ခေါ်နူးစုမ်) မှာရှိတဲ့ တောင်ဇလပ်ပင်များ၊ သစ်ခွပင်များ အကြောင်းကို သုတေသန ပြုခဲ့သူပါ။ လက်ရှိမှာ ခေါ်နူးစုမ်တောင်သို့ သွားရောက်လည်ပတ်သူတို့ရဲ့ ခရီးတထောက်ကွန်းခိုစရာ စခန်းသာ ဖြစ်လို့နေပါပြီ။

ရှိန်းရွာသို့

ရှိန်းရွာက ချမ်းတို့ ယနေ့လျှောက်ရမယ့် Trekking လမ်းကြောင်းရဲ့အစ ရွာလေးဖြစ်ပါတယ်။ လှမ်းတာမို့လို့ အေးစခန်းကနေ ရှိန်းရွာကို ကားနဲ့သွားခဲ့ပါတယ်။ ရှိန်းရွာရောက်တော့ ပတ်ဝန်းကျင်အနေအထားကို စူးစမ်းကြည့်တဲ့အခါ အခိုင်အခံ့ဆောက်ထားတဲ့ အိမ်ကောင်းအိမ်ခန့် သိပ်မတွေ့ရပါဘူး။ အချို့တဲအိမ်တွေဆိုရင် အိမ်ထရံမှာ လေလုံအောင်ဆိုပြီး တာလပတ်စတွေ၊ ပီနံအိတ်ခွံတွေနဲ့ ကာရံထားတာကို မြင်ခဲ့ရတယ်။ မြေပြန့်ကျေးလက်တွေလိုပဲ ချင်းရွာတွေမှာလည်း တနိုင်တပိုင် ကြက်တွေမွေးကြပါတယ်။ နောက်ထပ်သတိထားမိတာကတော့ အမွေးဖွားဖွားလေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ချင်းခွေးလေးတွေပါ။ချမ်းတို့ ရည်ရွယ်ထားတဲ့လမ်းကြောင်းက မိန်းဟောင်း၊ ကြားဒို၊ မင်းခြစ်၊ လုပ်ပဲဆိုတဲ့ ရွာလေးရွာကို ဖြတ်သန်းပြီး မင်းတပ်မြို့သို့သွားမယ့် ကားလမ်းမပေါ်ကို နေမဝင်မီ အရောက်သွားဖို့ပါ။

စိုက်ပျိုးရေး

တောင်စောင်းများတွင် တနိုင်တပိုင် စိုက်ပျိုးထားသည့် လက်ဖက်၊ ပြောင်း၊ ငှက်ပျောနှင့် ပဲခင်းအနည်းအကျဉ်းကို တွေ့ခဲ့ပါတယ်။ ရာသီဥတုမှာ အေးစက်ကြမ်းတမ်းလှသဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ရန် သဘာဝတရားကြီးက ဤဒေသအား မျက်နှာသာ မပေးထားချေ။

နေထိုင်မှုပုံစံ

မိန်းဟောင်းရွာသို့ သွားရာလမ်းရှိ တောင်စောင်းတွင် အဖြစ်ဆောက်ထားသည့် ခြေတံရှည်တဲအိမ်တစ်လုံး၏ အိမ်ရှေ့ကွပ်ပျစ်ဘေးရှိ မြေကြီးပေါ်တွင် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် ခြေဗလာဖြင့် နေ့လည်စာချက်ပြုတ်ရန်အတွက် မောင်းထောင်းလို့နေသည်။ အဘိုးအိုသည် ပေါင်လယ်လောက်ထိဖုံးသည့် ခပ်နွမ်းနွမ်း အနွေးထည်ကြီးတစ်ထည်ကိုသာ အအေးဒဏ်ခံနိုင်အောင် ဝတ်ဆင်ထားသည်။ တစ်ခါတရံ သူ၏ဦးခေါင်းပေါ်သို့ ဖြာကျနေသော နေရောင်ခြည်ကြောင့် မျက်စိစူးဟန်ဖြင့် လက်တစ်ဖက်ဖြင့် ကာနေတတ်သည်။ နေရောင်ခြည်၏ အလင်းစူးပုံကတစ်မျိုး၊ ရာသီဥတု၏ ခြောက်ကပ်အေးစိမ့်ပုံက တစ်ဘာသာဖြစ်ကာ ကမောက်ကမနိုင်လှသည်။ ထိုအရာသည် အဘိုးအိုအတွက် နိစ္စဓူဝ ပြုလုပ်နေကျကိစ္စ ဖြစ်ဟန်တူသော်လည်း ယခုမှသာ မြင်ဖူးသော မိမိအဖို့မူ လေးလံသောခံစားချက် တစ်မျိုးတမည်ကို ဖြစ်ပေါ်စေသည်။

ရွာစဉ်တွေနှင့် နီးကပ်လာသည်နှင့်အမျှ အိမ်ခြေများ၏ ပုံပန်းသဏ္ဍဍာန်လည်း ကွဲပြားလာသည်။ အစိမ်း၊ အပြာ၊ အနီ စသည့် အိမ်သုတ်ဆေးများဖြင့် ခြယ်သထားသည့် သွပ်မိုး၊ ပျဉ်ကာ ခြေတံရှည်အိမ်ကြီးများ ပိုများလာသည်။ အိမ်အောက်တွင် ထင်းမျာကို လုံလောက်စွာ သိုလှောင်ထားကြသည်။ အချို့အိမ်များတွင် ဆိုလာမီးစနစ်ပင် တပ်ဆင်ထားကြသေးသည်။ အိမ်များ၏ရှေ့တွင် ကွပ်ပျစ်ကျယ်ကြီးများ ထည့်ဆောက်ကြသည်မှာ နေပူစာလှုံရန်သက်သက် မဟုတ်ပေ။ စပ်၊ ပဲ၊ ပြောင်းတို့အား အခြောက်လှမ်းရန်လည်း ဖြစ်သည်။ အဓိကစားကုန်ဖြစ်သည့် စပ်၊ ပဲ၊ ပြောင်းများအား သိုလှောင်ရန်အတွက် အိမ်အနီးတွင် ခြေတံရှည်ကျီကိုပါ ဆောက်တတ်ကြသည်။ ကျီဆောက်ရာတွင် အောက်ခြေတိုင်များထိပ်တွင် ကြွက်အန္တရာယ်ကို ခြောက်လှန့်ရန်အတွက် သံပုံးများ ထည့်ဆောက်ရသည်။

နတ်စင်တိုင်များနှင့် ကျောက်ဖျာချပ်များ

နောက်ထပ်ထူးခြားသည်မှာ မြေပြင်တွင် စိုက်ထူထားသည့် အင်္ဂလိပ်အက္ခရာ Y ပုံစံ သစ်သားနတ်စင်တိုင်များနှင့် ကျောက်ဖျာချပ်များပင် ဖြစ်သည်။ ရှေးတုန်းက ဒေသခံချင်းတိုင်းရင်းသားများသည် နတ်ဆရာအား ပင့်ဖိတ်ကာ ရိုးရာနတ်ပူဇော်ပွဲ ကျင်းပလေ့ ရှိသည်။ ပူဇော်ပွဲ ကျင်းပရန်အတွက် ဦးစွာ နွားနောက်များအား ဝယ်ယူပြီး မွေးထားရသည်။ တတ်နိုင်လျင် တတ်နိုင်သလို အကောင်ရေများများ သုံးကြသည်။ ကြက်၊ ဝက်များကိုလည်း အရံအနေဖြင့် ထည့်သွင်းပူဇော်ကြသည်လည်း ရှိသည်။

ပူဇော်ပွဲ မတိုင်ခင် မဂွီးလုံ(ချောင်း) မှနေပြီး ကျောက်တိုင်နှင့် ကျောက်ချပ်များကို ပူဇော်ပွဲကျင်းပမည့်နေရာဆီသို့ သယ်ဆောင်လာရသည်။ ကျောက်တိုင်များကို မြေမှာစိုက်ပြီး အပေါ်မှ ကျောက်ဖျာချပ်ဖြင့် မိုးရသည်။ ပြီးလျင် အနက်ရောင်ဆေးဖြင့် ပုံခြယ်ထားသည့် သစ်သားတိုင်ကို စိုက်ထူသည်။ နတ်ဆရာမှ နွားနောက်၊ ကြက်၊ ဝက်တို့ကို စီရင်ပြီး ရိုးရာနတ်ကို ပူဇော်ပေးသည်။ ပူဇော်ပွဲ ပြီးသောအခါ ရွာသားများနှင့် ဖိတ်ထားသည့် အခြားရွာမှရွာသားများအား ကျွေးမွေးအလှူပြုကြသည်။ ရိုးရာပွဲပေးသောသူ တစ်နေ့ သေဆုံးသောအခါ အရိုးပြာအား သူပူဇော်ပွဲပေးခဲ့သည့် ကျောက်ဖျာအောက်တွင် မြှုပ်နှံပေးရသည့် အစဉ်အလာရှိသည်။

ကိုလိုနီခေတ်နှင့် နှောင်းပိုင်းတွင် ဒေသခံအများစုသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားကြပြီ ဖြစ်သဖြင့် တိရိစ္ဆာန်တို့၏ အသက်ဖြင့် နတ်ပူဇော်ခြင်းဓလေ့မှာ ရှားပါးသွားပြီဖြစ်သည်။

ပါးရဲထိုးခြင်းဓလေ့

ကြားဒိုရွာ၏ ရွာလယ်လမ်းမအတိုင်း ဝင်လာခဲ့ကြရာ မျက်နှာနှင့်လည်ပင်းတွင် ပါးရဲထိုးထားသော သက်လတ်ပိုင်း အမျိုးသမီးအချို့ကို သတိထားမိသည်။ မျက်နှာတွင် ပါးရဲထိုးရသည်မှာ လွယ်လင့်တကူ လုပ်နိုင်သောကိစ္စရပ်တော့ မဟုတ်ချေ။ ထုံဆေးမပေးထားသော မျက်နှာနုနုပေါ်တွင် ဆူးချောင်းကြီးများပါသော သစ်ကိုင်းမှ ဆူးထိပ်ဖြင့် ဆေးကိုတို့ကာ ဆွဲခြစ်ပုံဖော်ရခြင်းဖြစ်သည်။ ဆေးဖော်ရန် ကြပ်ခိုး၊ ပဲရွက်၊ မီးသွေးခဲ တို့ကို ရောထောင်းကာ ပန်းကန်လေးထဲ ညစ်ထည့်ရသည်။ ပါးရဲထိုးပေးမည့် အမျိုးသမီးကြီးက တင်ပလ္လင်ခွေထိုင်ပြီး သူ၏ပေါင်ပေါ်တွင် အမျိုးသမီးကို အိပ်စေကာ အနီးအပါးမှ အမျိုးသမီး ငါးယောက်လောက်က အထိုးခံမည့်အမျိုးသမီးကို ဝိုင်းချုပ်ပေးထားရသည်။ ပါးရဲအထိုးခံရင်း သေတဲ့သူလည်းရှိသည်။ ပိုးဝင်လို့မဟုတ်ဘဲ နာကြင်လွန်းလို့ဟု ဆိုကြသည်။

မုဆိုးအိမ်

လုပ်ပဲရွာတွင် နောက်ထပ် လေ့လာခွင့်ရခဲ့သည့်အိမ်မှာ မုဆိုးအိမ် ဖြစ်သည်။ အိမ်ရှေ့မျက်နှာစာတွင် ကျွဲ၊ နွားနောက်၊ ဂျီ၊ ဆတ်တို့၏ ဦးခေါင်းခွံများကို ချိတ်ဆွဲကာ အလှဆင်ထားသည်။ ထိုသတ္တဝါလေးများသည် မုဆိုး၏ အမဲလိုက်ခြင်းကို ခံခဲ့ရသော သားကောင်များပင် ဖြစ်သည်။

မုဆိုးတစ်ဦးသည် အမဲလိုက်သည့်အခါ အဆိပ်လူးမြားသော်လည်းကောင်း၊ လုပ်သေနတ်သော်လည်းကောင်း အသုံးပြုကြသည်။ လုပ်သေနတ်မှာ လိုင်စင်လျှောက်ရသည်။ သက်တမ်းရင့်၍ အစွမ်းထက်သော မုဆိုးများသည် သူတို့၏ ဇနီးမယားအား ဂျီကောင်၏ စွယ်သွားတစ်ရာဖြင့် သီကုံးထားသော လည်ဆွဲကြိုးကို လက်ဆောင်ပေးတတ်ကြသည်။ ရွာထဲတွင် ဂျီအစွယ်တစ်ရာလည်ဆွဲကို ပိုင်ဆိုင်ထားသော မုဆိုးဇနီးသည် အခြားသူများထက် သာ၍မျက်နှာပန်းပွင့်သည်။

ကလဲ့စားချေခြင်းဓလေ့

ချင်းတိုင်းရင်းသားတို့သည် တစ်ဦးနှင့်တစ်ယောက် ခိုက်ရန်ဖြစ်စရာ ပေါ်လျင် ကွေ့ဝှက်ကြံစည်ခြင်းမရှိပေ။ တစ်ဦးနှင့်တစ်ဦး ချိန်းကာ မျက်နှာချင်ဆိုင်ပြီး ဓားဓားချင်း၊ မြားမြားချင်း ယှဉ်ပြိုင်ချကြသည်။ ကလဲ့စားချေသည့်အခါ သုံးသည့်မြားမှာ အမဲလိုက်သည့်အခါသုံးသည့်မြားနှင့်တော့ မတူပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ ကလဲ့စားချေခြင်း အလျော်အစားမှာ ကြီးမားလှသည်။

ရွာလေးရွာနှင့် ပညာရေး

Trekking ခရီးစဉ်တွင် နောက်ဆုံးဖြတ်သန်းရသည့်ရွာမှာ လုပ်ပဲရွာဖြစ်သည်။ လုပ်ပဲရွာတွင် နေ့လည်စာ စားသောက်ပြီးနောက် ပတ်ဝန်းကျင်သို့ ခေတ္တတဖြုတ် လေ့လာခွင့်ရခဲ့သည်။ အရှေ့မှာ ဖြတ်သန်းခဲ့ကြသည့် ရွာစဉ်တလျှောက် စာသင်ကျောင်းရယ်ဟု တစ်ဆောင်တလေမျှပင် မတွေ့ခဲ့ရပေ။

ကြားဒိုရွာတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းတော့ တွေ့လိုက်သည်။ စာသင်ကျောင်းကိုမူ လုပ်ပဲရွာရောက်မှပဲ တွေ့တော့သည်။ ထိုကျောင်းသည် အခြေခံမူလတန်းကျောင်းမျှသာ ဖြစ်ပြီး ဂျပန်အဖွဲ့အစည်းတစ်ခုမှ လာရောက် လှူဒါန်းသွားခြင်းဖြစ်သည်။ သယံဇာတ မကြွယ်ဝသော ထိုဒေသကို နိုင်ငံတော်မှ စိတ်ဝင်စားပုံ မရပေ။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ နောက်ကောက်ကျလှသည်။

မဖွံ့ဖြိုးသေးသော ဒေသတစ်ခုမှ ကျေးရွာများကို အနီးကပ် လေ့လာရသည်မှာ ကြည်နူးဖွယ်လည်းကောင်းသလို ရင်မောဖွယ်လည်းကောင်းသည်။ ရွာသူရွာသား တစ်ဦးတစ်ယောက် နေထိုင်မကောင်းလျင် အဘယ်သို့သွားပြီး ဆေးကုကြမည်နည်း။ အခြေခံကျောင်းပြီးလျင် အလယ်တန်းပညာရေးကို ဘယ်အထိ ပင်ပင်ပန်းပန်း သွားသင်ကြမည်နည်း။ အဝတ်အထည်ဖိနပ်တို့ကို ဝယ်ယူဖို့ မည်သို့စီးပွားရှာကြမည်နည်း။ ရာသီဥတုဖောက်ပြန်သော် အစားအသောက်အတွက် မည်သို့ကြံကြမည်နည်း… စသည်ဖြင့် တွေးပူမိသည်။ မိမိမှာသာ ဟိုတွေးသည်တွေး ပူနေသော်လည်း ဒေသခံတို့မှာ ရိုးသားခြင်း၊ ရောင့်ရဲခြင်း၊ အလိုနည်းခြင်း၊ လုံ့လထကြွခြင်း တို့ဖြင့် သူ့အရပ်နှင့်သူ့ဇာတ်လိုက်အောင် နေထိုင်ကြရင်း အပူအပင်မဲ့စွာ ကြည်ကြည်လင်လင် ပြုံးရယ်ပျော်ရွှင်နေကြသည်။

ရိုးသားသော တိုင်းရင်းသားတို့ နေထိုင်ရာ တိမ်တွေပေါ်မှ ချင်းပြည်နယ်ကြီး တချိန်ချိန်မှာတော့ အထိအခိုက်အနည်းဆုံးနှင့် ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်ရင်း တော်သေးပြီ။

Ref: အချက်အလက်များကို တိုးဂိုက်ကိုအောင်ထန်းနှင့် မင်းတပ်မြို့မှ ချင်းရိုးရာပြတိုက်မှူး တို့၏ ပြောပြချက်များအား ကိုးကားထားသည်။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan

#chin #southernchin #adventure #travel #travelblog

Copyright © 2020 Traveller Chan. All Rights Reserved.