Local Trip

Fill your life with adventures.

ရနံ့မပျယ်သေးသော မြတ်နိုးဖွယ် အညာရွာလေး မက္ခရာ

မန္တလေးမြို့နှင့် မနီးမဝေးတွင် ရှေးဟောင်းယဉ်ကျေးမှုများ မပျောက်ပျယ်သေးသော မြတ်နိုးဖွယ် မြန်မာရွာလေးတစ်ရွာ ရှိနေသေးသည်ဟု သိရသည်နှင့် တပြိုင်နက် တက်တက်ကြွကြွ သွားရောက်လေ့လာဖြစ်သည်။

မြေပုံမှာရှာသော် မက္ခရာရွာရယ်ဟု မတွေ့ရပေ။ စဥ့်ကိုင်မြို့နယ်ရှိ ဧည့်ပြရွာကို ရှာပြီးမှ လမ်းညွှန်ဆိုင်းဘုတ်တွေအတိုင်း စူးစူးစမ်းစမ်း သွားခဲ့ရသည်။ ရန်ကုန် - မန္တလေး လမ်းဟောင်းအတိုင်း လိုက်လာပြီး တအုံ ကွန်ပျူတာတက္ကသိုလ် ရှိရာလမ်းမှ အရှေ့စူးစူးသို့ မောင်းရသည်။

မက္ခရာမြို့အကြောင်း တစေ့တစောင်း

မက္ခရာမြို့ကို သက္ကရာဇ် ၆၆၆ခုတွင် တည်ခဲ့သည်ဟု ဆိုထားပါသော်လည်း ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကတည်းက တည်ခဲ့သော ကင်းတပ်မြို့ ၄၃မြို့တွင် ပါဝင်သော စဥ့်ကိုင်မြို့နယ် အတွင်းတွင် ပါဝင်သည်ဟု ဖတ်ရဖူးသည်။ မွန်ဂိုစစ်တပ်များ မြင်းစိုင်းမှ ဆုတ်ခွာသွားပြီးနောက် သက္ကရာဇ် ၆၆၆ခုတွင် အသင်္ခယာသည် မက္ခရာမြို့ကို အစ်ကိုတော် ရာဇသင်္ကြံန် (မြင်စိုင်းမြို့)၊ ညီတော် သီဟသူ (ပင်လယ်မြို့) တို့နှင့်အတူ နန်းပြိုင်မြို့အဖြစ် တည်ပြီး အုပ်ချုပ်ခဲ့သည်။

ထင်ရှားသော မက္ခရာမင်းသားကြီးနှစ်ပါး

မက္ခရာမြို့ကို စားရသော ထင်ရှားသော မင်းသားကြီးနှစ်ပါး ရာဇဝင်တွင် ရှိခဲ့ပါသည်။ တစ်ပါးမှာ ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း၏သားတော် မောင်ပျိုးဖြစ်သည်။ မောင်ပျိုးသည် မင်းရဲကျော်စွာဘွဲ့၊ သတိုးမင်းလှကျော်စွာဘွဲ့ နှင့် မဟာသီရိဓမ္မာရာဇာဘွဲ့ အမည်အသီးသီ ချီးမြှင့်ခံခဲ့ရပါသော်လည်း မက္ခရာမင်းသားကြီးဟုသာ ထင်ရှားခဲ့သည်။ တူတော်ဘကြီးတော်မင်းလက်ထက်တွင် မလွန်မြို့ကိုပါ စားရသဖြင့် မလွန်မင်းသားကြီးဟုလည်း ကျော်ကြားသည်။ မက္ခရာမင်းသားကြီးသည် နန်းတွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း အလျဉ်းမရှိဘဲ စာပေ၊ သုတ၊ ဗဟုသုတ နှင့် သိပ္ပံပညာအသိ တိုးပွားရေးသာ အစဉ်အမြဲ အားစိုက်သည်။ ထို့ကြောင့် သက်တော် ၅၇နှစ်တိုင် အကောက်အကြံ မခံရဘဲ အေးချမ်းစွာ နေနိုင်ခဲ့သည်။

အခြားထင်ရှားသော မက္ခရာမင်းသားကြီးမှာ မင်းတုန်းမင်း၏သားတော် ဖြစ်သည်။ မြင်ကွန်း၊ မြင်ခုံတိုင်အရေးတွင် မင်းတုန်းမင်းဘက်မှနေပြီး ဘုရင့်တပ်ကို ဦးစီးကာ ပုန်ကန်မှုအား ချေမှုန်းနိုင်ခဲ့သဖြင့် ထင်ရှားသည်။ သို့သော် အိမ်ရှေ့စံကနောင်မင်းသားကြီး ကျဆုံးခဲ့သဖြင့် သူတည်ထောင်ခဲ့သော စက်ရုံ၊ အလုပ်ရုံများကို ဆက်လက်ဦးစီးခဲ့ရသည်။ မက္ခရာမင်းသားကြီးသည် မင်းတုန်းမင်း နတ်ရွာစံပြီးနောက် အခြားမင်းညီမင်းသား ၄၀နှင့်အတူ နန်းတွင်းကျောက်ဖျာ၌ ၁၂၄၀ခု၊ တပို့တွဲလပြည့်ကျော် ၁၁ရက်နေ့တွင် စီရင်ဖျောက်ဖျက်ခံရသည်။ နန်းတွင်းသွေးစွန်းပွဲကြီးအား ဦးဆောင်သူမှာ စုဖုရားလတ်၏ မိခင် ဆင်ဖြူမရှင်မိဖုရားဟု ဆိုထားသည်။

မက္ခရာမြို့ဟောင်း ခရီးသွား အတွေ့အကြုံ

မက္ခရာမြို့ဟောင်းသို့ သွားရာလမ်းသည် အညာမြေဖြစ်သည်နှင့်အညီ မြေပူပေါ် လေပူတိုက်သောကြောင့် လမ်းဘေးဝဲယာတလျှောက်ရှိ အစိမ်းရင့်ရင့် သစ်ပင်တန်းများမှာ ဖုန်းအလိပ်လိပ်တက်ကာ ရင့်ကျက်သော သဏ္ဍာန်ကိုဆောင်သည်။ ဆောင်းချိန်ခါမို့ စပါးခင်းများမှာ စိမ်းဖန့်ဖန့် ဖြစ်မနေဘဲ ဝါကျင်ကျင် ရှိသည်။ ကောက်ရိုးပုံများမှာလည်း ကွင်းပြင်မှာ တောင်ပူစာငယ်များ ထွန်းသကဲ့သို့ ဟိုတစ်စု သည်တစ်စု ထွန်းနေသည်။

ရွှေစာတီစေတီ

လမ်းဘေးတလျှောက် တွေတွေငေးရင်း ကားစီးလာခဲ့ရာ “ဧည့်ပြရွာမှ ကြိုဆိုပါ၏” ဟု ရေးထိုးထားသော လမ်းညွှန်ကျောက်တိုင် မြင်မှပင် မကြာမှီရောက်တော့မည်ဖြစ်ကြောင်း သတိကပ်မိသည်။ လမ်းညွှန်ဆိုင်းဘုတ်အတိုင်း ဝင်သွားသော် ရွှေစာတီစေတီဆီသို့ တန်းတန်းမတ်မတ် ရောက်သည်။ ရွှေစာတီစေတီသည် ပင်းယခေတ် ၁၄ရာစုတွင် တည်ခဲ့သောစေတီတစ်ဆူ ဖြစ်ပါသော်လည်း အပြုအပြင်ရှိသဖြင့် သစ်သစ်လွင်လွင် ဖူးမျှော်ရသည်။

ရွှေစည်းခုံစေတီ

ရွှေစာတီစေတီ၏ တဖက်မျက်နှာချင်းဆိုင်တွင် ရွှေစည်းခုံစေတီ ရှိသည်။ စေတီတော်သည် အထုအထည်ကြီးမားပြီး ပင်းယမြို့မှ ရွှေစည်းခုံစေတီနှင့် ဆင်တူသည်။ မူလအလှူရှင်မှာ သီရိဓမ္မာသောကမင်းကြီး ဖြစ်သည်။ ပင်းယနန်းတည် သီဟသူ၏ သားတော် ဥစ္စနာမင်းသည် မုဋ္ဌောပုထိုးအား ငုံပြီး စည်းခုံစေတီကို တည်ခဲ့သည်။ နောက်ပိုင်းတွင် ဉစ္စနာမင်းသည် ညီတော်ငါးစီးရှင်ကျော်စွာအား ထီးနန်းလွှဲပြောင်း ပေးခဲ့ပြီး မက္ခရာနယ်ရှိ တောသို့ဝင်ကာ တရားရှာမှီခဲ့သည်။

မင်းကြီးရန်နောင်ဂူ

ရွှေစည်းခုံစေတီ၏ အနီးအပါးတွင် ဂူပုထိုးပျက်တစ်ဆူ ရှိသည်။ ထိုဂူအား မင်းကြီးရန်နောင်ဂူ ဟုခေါ်သည်။ မင်းကြီးရန်နောင်နှင့် ပတ်သတ်ပြီး မင်းကွန်းဆရာတော်ဘုရားကြီးမှ “ဘုန်းကြီးတို့ အခုသုံးနေတဲ့ ပရိယတ္တိ ပေစာတွေ ရှိနေသေးတာဟာ မင်းကြီးရန်နောင်ရဲ့ ကျေးဇူးကြောင့်ပဲ” ဟု မိန့်ခဲ့ဖူးသည်။

အင်းဝမြို့တည် သတိုးမင်းဖျားမှစပြီး တစ်ဆယ့်လေးဆယ့်မြောက် မင်းဖြစ်သည့် နရပတိလက်ထက်တွင် အင်းဝမင်းဆက် ပျက်စီးသည်။ မိုးညှင်းစလုံ၏သား သိုဟန်ဘွားသည် ဖခင်ပေးသနားသော အင်အားအလုံးအရင်းနှင့်အတူ အင်းဝမြို့တွင် မင်းလုပ်ကာ နေသည်။ အင်းဝနန်းပျက်စဉ်က နရပတိမင်း၏ တူတော်စပ်သူ မင်းကြီးရန်နောင်သည် မြို့သစ်ပြင်သာအရပ်တွင် ရှောင်တိမ်းနေခဲ့သည်။

မိုးညှင်းစလုံသည် မိမိ၏သား သိုဟန်ဘွားမှာ မြန်မာအရေးတွင် ကောင်းစွာ မကျွမ်းကျင်သေးသဖြင့် မင်းကြီးရန်နောင်အား အင်းဝသို့ အခေါ်လွှတ်ပြီး သိုဟန်ဘွားအပါးတွင် အတိုင်အပင်အဖြစ်နေကာ အမှူထမ်းစေသည်။ ပြင်စည်မြို့ကိုလည်း စားစေသည်။ ထို့နောက် မိုးညှင်းသို့ ပြန်သွားလေသည်။

သိုဟန်ဘွားသည် ရတနာသုံးပါးကို အယုံအကြည် မရှိပေ။ ရဟန်းသံဃာများသည် သားမယား မရှိပါဘဲလျက် တပည့်တပန်းများနှင့် အခြွေအရံ ပေါများလှသည်။ ပုန်ကန်သောင်းကျန်းလိုက သောင်းကျန်းနိုင်လောက်သည်ဟု တွေးကာ ဖြိုခွင်းရန် ကြံဆောင်သည်။ သက္ကရာဇ် ၉၀၁ခုတွင် တောင်ပလူလယ်ပြင်၌ အလှူမဏ္ဍပ် ဆောက်လုပ်ကာ စစ်ကိုင်း၊ ပင်းယ၊ အင်းဝရှိ ရဟန်းသံဃာများအား ဆွမ်းစားဖိတ်သည်။ သံဃာများစုံလျင် ဆင်၊ မြင်း၊ ဗိုလ်ပါ ဝန်းရံကာ လုပ်ကြံလေသည်။ ထိုသို့ လုပ်ကြံရာတွင် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ ကျမ်းဂန်များ တတ်ကျွမ်းသည့် သံဃာအပါးသုံးဆယ်ကျော် အပါအဝင် သံဃာပေါင်း ၃၆၀ခန့် ပျံလွန်တော်မူသည်။ အခြားသောသံဃာအများမှာ အမှူထမ်းတို့ သနားသဖြင့် လွှတ်ပေးသောကြောင့် ပြည်နှင့် တောင်သူသို့ ထွက်ပြေးတိမ်းရှောင်နိုင်ကြသည်။ ထို့နောက် ကျောင်းတိုက်များရှိ ပိဋကတ်စာပေများအား ဆက်လက်မီးတိုက်ဖျက်စီးစေသည်။

မင်းကြီးရန်နောင်သည် သိုဟန်ဘွားအား လုပ်ကြံမှ တော်ချေတော့မည်ဟု ကြံစည်ကာ အခါအခွင့်ကို စောင့်ကာနေသည်။ သက္ကရာဇ် ၉၀၄ခု၊ ကဆုန်လတွင် သိုဟန်ဘွားသည် မင်းကြီးရန်နောင်နှင့်အတူ ဓားကောင်းများအကြောင်း စကားစပ်မိသည်။ ဤတွင် မင်းကြီးရန်နောင်မှ အင်းဝ၏နောက်ဆုံးမင်း ကိုင်ခဲ့သော ယိမ်းနွဲ့ပါးဓားမှာ လွန်စွာထက်ကြောင်း၊ ဆင်ပေါ်မှ ထိုင်နေသောလူကို ခုတ်လျင် ဆင်ကိုယ်အထိ ဓားထိကြောင်း ဆိုသည်။ သိုဟန်ဘွားမှာ အင်းဝနန်းတော်အား သိမ်းစဉ်က ရခဲ့သောဓားများအား ထုတ်ပြပြီး မည်သည့်ဓားဖြစ်သည်ကို အရွေးခိုင်းသည်။ မင်းကြီးရန်နောင်သည် အချိန်ကျပြီဟု အကြံပေါ်ကာ ယိမ်းနွဲ့ပါးဓားဖြင့်ပင် သိုဟန်ဘွားအား လုပ်ကြံလေသည်။

သိုဟန်ဘွားလွန်သော် အုံးဘောင်ခုံမှိုင်းမှ အင်းဝတွင် မင်းပြုသည်။ မင်းကြီးရန်နောင်အား ပြည်မြို့နှင့် တလုပ်မြို့ကို အပိုင်စားပေးသည်။ တစ်နှစ်ခန့်ကြာသော် မင်းကြီးရန်နောင်သည် ကိလေသာကို ငြီးငွေ့သဖြင့် မက္ခရာအရပ်သို့ တောဝင်ကာ ရဟန်းပြုလေသည်။

မက္ခရာရှေးဟောင်းပစ္စည်းများပြတိုက် နှင့် ရွှေရောင်တော်စေတီ

ရွှေရောင်တော်စေတီနှင့် ပြတိုက်မှာ တစ်နေရာတည်းပင် ဖြစ်သည်။ ရွှေရောင်တော်စေတီကို ပုဂံခေတ် ၁၁ရာစုတွင် တည်ခဲ့ပြီး ညောင်ရမ်းခေတ် ၁၄ရာစုတွင် ပြုပြင်သည်ဟု မှတ်သားရသည်။ ရွှေရောင်တော်စေတီဝန်းအတွင်း လေ့လာသင့်သည်များမှာ

  • စောင်းတန်းအဆုံးမှ ကြီးမားခန့်ငြားလှသည့် ခြင်္သေ့ကြီးနှစ်ကောင်

  • ငါးဆူတန်းဂူဘုရားများ

  • မက္ခရာမြို့စားမင်း မောင်ရွှေမင် လှူဒါန်းခဲ့သည့် စာထွင်းထားသည့် ခေါင်းလောင်း

  • နဂါးနှစ်ကောင် ရံထားသည့် ရပ်တော်မူဘုရား

  • စေတီအတွင်း မုခ်ခုံးပေါက်ပေါ်ရှိ နံရံဆေးရေးပန်းချီများ

  • မှန်ဘီရိုဖြင့် ပြသထားသည့် ကျောက်စာချပ်

  • လေဘာတီမမြရင် လှူဒါန်းထားသည့် ရေတကောင်း
  • ကျောက်ခေတ်ပစ္စည်းများ
  • ရှေးဟောင်းအုတ်ခွက်များနှင့် အခြားရှေးဟောင်းပစ္စည်းများ

ရွှေရောင်တောင်စေတီ အပြင်ဘက်မှာလည်း အခြားရှေးဟောင်းစေတီပုထိုးပေါင်းများစွာ တွေ့နိုင်ပါသေးသည်။ အချို့သာသနိက အဆောက်အအုံးများရှိ ပန်းတမော့လက်ရာများမှာ ယခုအချိန်အထိ ထင်ထင်ရှားရှား လှလှပပ ရှိနေပါသေးသည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များမှာ ပျက်စီးသွားလျင် အစားထိုးပြန်ထားလို့ ရနိုင်သည် မဟုတ်သောကြောင့် ရှိနေတုန်းသာ သွားရောက်လေ့လာနိုင်သည်။ မက္ခရာမြို့ဟောင်းသို့ ကားငှားလိုပါက ကိုမင်း(၀၉ ၂၂၂၅၈၃)၊ ဦးကျော် (၀၉ ၉၇၆၆၆၇၇၂၄) သို့ ဆက်သွယ်နိုင်ကြောင်း မျှဝေရင်း တော်သေးပြီ။

Ref: ဦးကုလာ:မဟာရာဇဝင်ကြီး - (ပထမအုပ် <pg. 258>၊ ဒုတိယအုပ် <pg. 138>)၊ သမိုင်းရနံ့သင်းကြိုင် လယ်တွင်းမြေမှ မြို့စဥ့်ကိုင်

မှတ်ချက်။ ။ လွတ်လပ်စွာ Share နိုင်ပါသော်လည်း ကျေးဇူးပြုပြီး ပေ့ခ်ျများမှ ပုံအားလည်းကောင်း၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan

#ancientcity #makhayar #mandalay #travel #travelblog

Copyright © 2020 Traveller Chan. All Rights Reserved.