Local Trip

Fill your life with adventures.

အပျော်ကြီး ပျော်ရပါသော သီပေါ

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ ရှိတဲ့ သီပေါမြို့က ပြောရမယ်ဆိုရင် ခရီးထွက်ဖို့ ပြီးပြည့်စုံတဲ့ဒေသပေါ့။ သဘာဝအလှတွေထဲ စီးမျောမလား၊ သမိုင်းဝင်ခေတ်ဟောင်းဇာတ်လမ်းတွေထဲ လွမ်းမောမလား၊ ကုလိုလ်အရေး ဘုရားဖူးမလား… အရာရာ စုံစိလို့နေသည်။ ထို့ထက်သာ၍ ပြည့်စုံသွားစေသည်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းများနှင့် သွားရသောကြောင့်ပင်။

ဥတုအားဖြင့် နံနက်ခင်းမှာ မြူမှိုင်းမှိုင်း ချမ်းစိမ့်စိမ့် ရှိပြီး နေ့လည်ခင်းမှာ နေသာရုံ အအေးခပ်ပေါ့ပေါ့ ဖြစ်သည်။ ကျွန်မတို့ သွားစဉ်က ညနေခင်းမှာ မိုးနည်းနည်းစွေခြင်းမှတပါး လည်ရပတ်ရ သာလှသော ရာသီဥတုမျိုးလို့ ဆိုနိုင်ပေမည်။

ရန်ကုန်မှ သီပေါသို့ ရွှေလားရှိုးယာဉ်လိုင်းဖြင့် တိုက်ရိုက်တက်နိုင်ပါသော်လည်း ကျွန်မအနေဖြင့် ပြင်ဦးလွင်မှာ တစ်ရက်လည်ပတ်ချင်ပါသေးသောကြောင့် ရန်ကုန် - ပြင်ဦးလွင် လက်မှတ်သာ ဝယ်ဖြစ်သည်။ ယခုခရီးသည် ကျွန်မအတွက် စိတ်လွတ်ကိုယ်လွတ်ခရီးမျိုး ဖြစ်သည်။ ကားလက်မှတ် ဝယ်ခြင်းမှတပါး မိမိကိုယ်တိုင် မည်သည့်အရာမျှ မစီစဉ်ရသောကြောင့်ပင်။ စားရေး၊ တည်းရေး၊ လည်ပတ်ရေး အားလုံး Cherry Hill Maymyo Tour က အကွက်အလပ်မရှိ စီစဉ်ပေးထားလေသည်။

သီပေါမြို့အကြောင်း တစေ့တစောင်း

အုန်းပေါင်စော်ဘွားဆက်၏ ၈၅ဆက်မြောက်ဖြစ်သော စဝ်ကြာခိုင် (ခေါ်) စဝ်ခွန်ကြာခိုင်မှ အုန်းပေါင်မြို့သည် အရပ်အနေမသင့်တော့သဖြင့် မြို့၏တောင်ဘက်တွင် မြို့သစ်တည်ရန် အကောင်အထည်ဖော်သည်။ မြို့တည်ရန် မြေတူးစဉ် ပတ္တမြားတစ်လုံး (ရှမ်းဘာသာဖြင့် ဆိုင်ပေါ်) ကောက်ရသည်ကို အစွဲပြုပြီး မြို့နာမည်မှာ ဆိုင်ပေါ်၊ ထိုမှ ဆီပေါ၊ တဖန် သီပေါဟု အဆင့်ဆင့် ပြောင်းလဲလာသည်။

စော်ဘွားကြီးစဝ်ကြာခိုင်သည် ခရစ်နှစ် ၁၈၈၈ခု ဝန်းကျင်၌ မြို့ထောင့်လေးထောင့်တွင် ဆီအိုးကြီးလေးအိုး မြှုပ်နှံကာ မြို့သူမြို့သားများ အေးချမ်းသာယာဝပြောစေရန် အစီအမံလုပ်ခဲ့သည်။ နှစ်ကာလရှည်ကြာသော် ဆီအိုးများအား မည်သည့်နေရာများတွင် မြှုပ်နှံခဲ့သည်ကို မသိရှိကြတော့ပေ။ ၁၉၉၂ခုတွင် သက်တော် ၁၀၅နှစ်ရှိပြီဖြစ်သော နိုင်ငံတော် သြဝါဒါစရိယ သီပေါဆရာတော် ဘဒ္ဒန္တလာဘ၀ံသ ဆရာတော်၏ ပြေကြားချက်အရ ဆီအိုးများကို တူးဖော်ရှာဖွေကြသည်။

  • ပထမဆီအိုးအား မြန်မာဧည့်ရိပ်သာဝန်းအတွင်း၌ ဆီအပြည့်၊
  • ဒုတိယဆီအိုးအား အကောက်ခွန်ဦးစီးဌာနဝန်းအတွင်း၌ ခြောက်လက်မခန့် ဆီလျော့၊
  • တတိယဆီအိုးအား အုတ်ကျင်းရပ်၌ ဆီများမကျန်တော့ဘဲ ဆီချိုးခဲများသာ တွေ့ရတော့သည့် အနေအထားဖြင့် တူးဖော်ရရှိသည်။
  • စတုတ္ထဆီအိုးမှာမူ ရွှေညောင်ပင်အရပ်၌ မြစ်ရေတိုက်စားရာတွင် ပါသွားဟန်ရှိပြီး ရှာဖွေမရတော့ပေ။

၁၉၉၂ခု၊ ဇူလိုင်လ ၁၂ရက်နေ့တွင် တူးဖော်ရရှိသော ဆီအိုးကြီး သုံးလုံးအတွင်း နှမ်းဆီများ ပြန်လည်ဖြည့်တင်းကာ မူလတွေ့ရှိရာ နေရာများတွင်ပင် ပြန်လည်မြှုပ်နှံခဲ့သည်။ ရွှေညောင်ပင်အရပ်တွင်မူ ဆီအိုးအသစ်ပြုလုပ်ကာ မြှုပ်နှံထားသည်။

၁) ဘော်ကြိုဘုရား

သီပေါနှင့် ဘော်ကြိုဘုရားဆိုတာ ခွဲမရဘူးလို့တောင် ဆိုရမည်။ ရောက်ဖူးတာ မရောက်ဖူးတာ အပထား။ သီပေါလို့ဆိုလိုက်တာနဲ့ ကျွန်မကတော့ ဘော်ကြိုဘုရားပဲ အာရုံထဲရောက်သည်။ ဘော်ကြိုဘုရားမှာ အိန္ဒိယက သီရိဓမ္မာသောကမင်း တည်ခဲ့တဲ့ မုဋ္ဌောစေတီနှင့် ပုဂံက နရပတေ့စည်သူမင်း လှူဒါန်းခဲ့သော စကားသား ဗုဒ္ဓရုပ်ပွားတော် လေးဆူရယ်က ထင်ရှားသည်။

ရုပ်ပွားတော်လေးဆူအား စော်ဘွားများမှ ဟော်နန်းရှိ နန်းဦးကျောင်းတွင် ထားရှိကိုးကွယ်ကြသည်။ တပေါင်းလပြည့်နေ့ ဘုရားပွဲတော်ရောက်မှ စော်ဘွားကြီးကိုယ်တိုင် ကုန်းကြောင်း၊ ရေကြောင်းဖြင့် ဘော်ကြိုဘုရားသို့ ပင့်ဆောင်ကာ အများသူငါ ပူဇော်စေသည်။ ရုပ်ပွားတော်အား ဘော်ကြိုဘုရားသို့ ပင့်ဆောင်ရာတွင် -

  • အရှေ့ဘက်မုခ်တွင် စံပယ်စေမည့် ရတနာမာန်အောင် ရုပ်ပွားတော်အား ပထမ
  • တောင်ဘက်မုခ်တွင် စံပယ်စေမည့် ရတနာဥာဏ်အောင် ရုပ်ပွားတော်အား ဒုတိယ
  • မြောက်ဘက်မုခ်တွင် စံပယ်စေမည့် ရတနာရန်အောင် ရုပ်ပွားတော်အား တတိယ
  • အနောက်ဘက်မုခ်တွင် စံပယ်စေမည့် ရတနာဈာဉ်အောင် ရုပ်ပွားတော်အား စတုတ္ထ

စသည်ဖြင့် အစဉ်တိုင်း ပင့်ဆောင်ရသည်။

နှောင်းပိုင်းတွင် ရုပ်ပွားတော် လေးဆူစလုံးအား ဘော်ကြိုဘုရားတွင်သာ စံပယ်စေတော့သည်။ သို့သော် အနောက်ဘက်မုခ်ရှိ ရတနာဈာဉ်အောင် ရုပ်ပွားတော်မှာ မသမာသူတို့ ခိုးယူခြင်း ခံရဖူးသည်။ ၁၉၇၅ခုမှာ ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ရုပ်ပွားတော်၏အောက်ခြေပလ္လင်အား အသစ်ပြုလုပ်ပေးထားရသည်။ ယခုတွင် ရုပ်ပွားတော်လေးဆူစလုံးအား ဘော်ကြိုဘုရားတွင် ဖူးမျှော်နိုင်ပါပြီ။

၂) သီပေါစော်ဘွားကြီး ဆာစဝ်ချယ်နှင့် ဆွေတော်မျိုးတော်များ တော်ဝင်သချိုင်္င်း

တော်ဝင်သချိုင်္င်းသည် သီပေါမြို့ဝင် Tour Gate အကျော်နားလေးရှိ ကိုးသိန်းကိုးသန်းရှင်ဆုတောင်းပြည့်စေတီကုန်း တောင်ထိပ်ပေါ်တွင်ရှိသည်။ Google Map မှ Globe Pagoda ဆိုပြီး ရှာလျင် တွေ့ပါလိမ့်မည်။ မူလက စော်ဘွားသချိုင်္င်းတော်ကို အများကြီး မျှော်လင့်မထားမိပေ။ ရောက်သွားမှ ခမ်းခမ်းနားနား တည်ဆောက်ထားခဲ့ကြောင်း သိရတော့သည်။

သီပေါနယ်၏ နောက်ဆုံးစော်ဘွားဖြစ်သည့် စဝ်ကြာဆိုင်၏ အဘိုး ဆာစဝ်ချယ် နှင့် အဖ စဝ်ကြာအုံ တို့၏ ဂူတော်များအပြင် ဆွေတော်၊ မျိုးတော်၊ အနွယ်တော်များအား အတူတကွ သဂြိုဟ်ထားသည်။ အကယ်၍သာ စဝ်ကြာဆိုင်၏ ရုပ်အလောင်းအား ပြန်ရမည်ဆိုလျင် ဤနေရာတွင် အမျိုးအဆွေများနှင့် အတူတကွ အိပ်စက်ခွင့်ရမှာ မလွဲပေ။ ထိုအတွေးမျိုး ဝင်လာခိုက် သနားခြင်း၊ ဝမ်းနည်းခြင်း၊ မတရားခြင်း တို့ဖြင့် ကြေကွဲရသည်။

၃) အရှေ့ဟော်နန်း

သီပေါစော်ဘွားများ လက်ထက်မှာ ဟော်နန်းသုံးခု တည်ခဲ့ကြတယ်။ ၁၈၈၈ခုတွင် သီပေါမြို့တည် စော်ဘွားကြီး စဝ်ကြာခိုင်မှ မူလဟော်နန်း၊ ၁၉၂၂ခုတွင် စော်ဘွားကြီး ဆာစောချယ်မှ စခန်းသာဟော်နန်း၊ ၁၉၂၄ခုတွင် စော်ဘွားကြီး စောအုံကြာမှ အရှေ့ဟော်နန်း ဆိုပြီး အသီးသီး ဆောက်လုပ်စေခဲ့သည်။ မူလဟော်နှင့် စခန်းသာဟော်ကတော့ ပျက်ဆီးသွားပါပြီ။ အရှေ့ဟော်နန်းကတော့ Inge Sargent ရေးသားဖြန့်ချီခဲ့သော Twilight Over Burma စာအုပ်ကြောင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားတွေအကြား ရေပန်းစားလာခြင်းဖြစ်သည်။

အရှေ့ဟော်နန်းတွင် နောက်ဆုံးစံမြန်းသွားသော စော်ဘွားမှာ စဝ်ကြာဆိုင်နှင့် ဇနီး မဟာဒေဝီ စဝ်သုစန္ဒီ (ခေါ်) Inge Sargent တို့ မိသားစုဖြစ်သည်။ ၁၉၆၂ခု ဦးနေဝင်းအစိုးရလက်ထက်တွင် သီပေါစော်ဘွား စဝ်ကြာဆိုင် ဖမ်းဆီးခံရပြီး ပျောက်ခြင်းမလှ ပျောက်သွားသည်မှာ ယနေ့တိုင် ရုပ်အလောင်းပင် ပြန်မရတော့ပေ။ ၁၉၆၄ခုတွင် စဝ်သုစန္ဒီသည် သမီးနှစ်ဦးနှင့်အတူ ပြည်ပသို့ ရှောင်သိမ်းသွားသည်။

စော်ဘွားအကြောင်းအား အကျယ်ချုပ် ကျခံနေရသော စဝ်သုစန္ဒီထံ သတင်းပေးခဲ့မိသော စစ်သားနှင့် သူ၏မိသားစုပါ Twilight Over Burma စာအုပ်ထွက်လာပြီးနောက် အစအန ပျောက်သွားလေသည်။ ထိုအဖြစ်အပျက်များ နောက်ပိုင်း စော်ဘွားနှင့် ပတ်သတ်သော သတင်းပေးသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

၁၉၇၂ခုတွင် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်သူ စဝ်ဦးကြာသည် အစိုးရအလုပ်မှ ထွက်ကာ အရှေ့ဟော်တွင် ဇနီးဖြစ်သူ စဝ်စမ်ဖုန်းနှင့် အတူတကွ နေထိုင်ခဲ့သည်။ Visit Myanmar Year 1996 တွင် ဟော်နန်းအား ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ခုတွင် စဝ်ဦးကြာအား တရားမဝင်အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်အဖြစ် စွဲချက်တင်ကာ အစိုးရမှ ထောင်ဆယ်နှစ်ချတော့သည်။ လိုင်စင်မရှိဘဲ အရှေ့ဟော်အား ဖွင့်လှစ်ထားသည့်အတွက် နောက်ထပ် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ ရှိလာပြီး အရှေ့ဟော်နန်းအား ၂၀၁၂ခုတွင် ပြန်လည်ဖွင့်လှစ်ခွင့် ရခဲ့သည်။

ဖွင့်ချိန် - ညနေ ၃:၀၀ - ညနေ ၅:၀၀
ဝင်ကြေး - အခမဲ့

၎) မဟာနန္ဒကန်သာရှမ်းကျောင်းတိုက်

Little Bagan ရှေ့မှာ အခန်းဆက်အတွဲရှည် ရှေးဟောင်းသစ်သား ရှမ်းဘုန်းကြီးကျောင်းတိုက် တစ်ဆောင် ရှိသည်။ သီပေါမြို့တည် စော်ဘွားကြီး စဝ်ကြာခိုင်လက်ထက်ကတည်းက တည်ခဲ့တာဆိုတော့ သီပေါမြို့သက်တမ်းတလျှောက်လုံး တည်တံ့နေခဲ့တဲ့ ရှမ်းကျောင်းတိုက်လို့ ဆိုနိုင်ပေမည်။ ကျောင်းတိုက်၏ အလှူရှင်များမှာ စော်ဘွားကြီး စဝ်ကြာခိုင်ရဲ့ ဝန်ကြီးတစ်ပါးဖြစ်သည့် ဦးခွန်ခွေးပု မိသားစုလို့ မှတ်သားရသည်။

၁၈၄၈ခုမှာ ဆောက်ခဲ့တာဆိုတော့ ကျောင်းတိုက်၏ သက်တမ်းက သီပေါမြို့တည်နှစ်ထက် အနှစ်လေးဆယ်လောက် ပိုစောသည်။ ကျောင်းတိုက်အား ၃ပေပတ်လည်ရှိသည့် ကျွန်းတိုင်ပေါင်း ၁၄၇တိုင်ဖြင့် အထောက်အကန် ပြုထားသည်။ မှတ်မှတ်သားသား သတိထားမိတာက ကျောင်းတိုက်ကို သံချောင်းတွေမပါဘဲ ကျွန်းသားစို့များကိုသာ အသုံးပြုထားတယ် ဆိုတာပါပဲ။

ကျောင်းတိုက်ထဲမှာ ရွှေသင်္ဃန်းကပ်ထားတဲ့ နှီးဘုရားတစ်ဆူကို ဖူးမျှော်နိုင်သည်။ နှီးဘုရားအား ဦးခွန်ခွေးပုတို့ မိသားစုမှပဲ ၁၈၆၈ခုတွင် လှူဒါန်းခဲ့သည်။ နှီးဘုရား၏ ဥာဏ်တော်မှာ ၈ပေခန့် မြင့်သည်။ နှီးဘုရားအား ရှမ်းဘာသာဖြင့် “ဘုရားအင်းဆန်” ဟု ဘွဲ့နာမည်ပေးထားသည်။ သိကြားမင်းမှ ကူညီပြီး ယက်လုပ်ထာသောဘုရား ဟု အဓိပ္ပာယ်ရသည်။

၅) Little Bagan

ရှေးဟောင်းစေတီပုထိုးပေါင်း သုံးဆယ်ကျော်လောက်ရှိမယ်ထင်တယ်။ အုတ်ချပ်နှင့် ပန်းတမော့လက်ရာတွေကို ကြည့်ပြီး ဘယ်ခေတ်ကဖြစ်နိုင်မလဲဆိုတာ ပညာရှင်တွေ မှန်းနိုင်မယ် ထင်ပါတယ်။ ကျွန်မအနေနဲ့ကတော့ Little Bagan နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ မသိခဲ့ရိုးအမှန်ပါ။ ထူးခြားတာကတော့ စေတီတွေထဲက တစ်ဆူမှာရှိတဲ့ အစောင့်ရုပ်တွေပါပဲ။ နှာမောင်း၊ ဂျို၊ ခွာ၊ အတောင်ပံ၊ မုတ်ဆိတ် အစုံထည့်ထုထားတော့ ဘယ်အကောင်ရယ်မှန်းမကို မှန်မရခဲ့ပါဘူး။ ပဟေဠိတွေ ဆန်ပေမယ့် ဓာတ်ပုံရိုက်လို့တော့ အတော်ကောင်းပါတယ်။

၆) နမ့်ဟူးနွဲ့ရေတံခွန်

နမ့်ဟူးနွဲ့ရေတံခွန်က ရေကစားချင်လို့ သွားတာမဟုတ်ဘဲ ဓာတ်ပုံရိုက်ချင်လို့ သွားခဲ့တာ။ ဟိုနားလည်း ရိုက်ချင်စရာ၊ သည်နားလည်း ရိုက်ချင်စရာ… Cherry Hill Maymyo Tour ရဲ့ Tour Guide မောင်လေး Sai Zrom Lao က စိတ်ရှည်ပြီး ဓာတ်ပုံရိုက်တာ အမြင်ရှိချက်နဲ့ ပေါင်းလိုက်တော့ ပြောမနေပါနဲ့တော့။ ခရီးစဉ်တစ်ခုလုံး ရိုက်ထားသမျှ နမ့်ဟူးနွဲ့ရေတံခွန်က ပုံချည်းပဲ တဝက်လောက်ရှိတယ်။

၇) ချောင်းဆုံ

ဒုဋ္ဌဝတီမြစ်ကနေ စက်လှေလေးစီးပြီး သွားရတဲ့ ချောင်းဆုံက နမ္မတူမြစ်နဲ့ နမ္မမြစ်ဆုံရာမှာ ရှိသည်။ မိုးလေ ကင်းစင်တဲ့ ပွင့်လင်းရာသီဆိုရင် မြစ်ရေက ကြည်စိမ်းနေတာပဲ။ တနေကုန် လည်ပတ်ပြီး ချောင်းဆုံးမှာ ရေကစားပြီး ပြန်မယ်ဆိုရင်တော့ လန်းဆန်းသွားမှာ အသေအချာပင်။

စကားစပ်ရင်းနဲ့ ပြီးခဲ့တဲ့နှစ်က နမ္မတူမြစ်မှာ Tubing လုပ်ခဲ့တာလေးတောင် သတိရသွားတယ်။ ထိုစဉ်က 7ံ C ရှိတဲ့ မြစ်ထဲမှ ဘီယာသောက်ရင်း Tubing လုပ်ကြတာ။ ရေစီးကငြိမ်တော့ စီးလို့ကောင်းပြီး အိပ်တဝက် နိုးတဝက်နဲ့ပေါ့။ အေးအေးလူလူ Tubing လုပ်မိတာကလည်း တိုးလ်ဂိုက်က စိတ်ချရတာကြောင့်လည်းပါတယ်။ တောက်လျှောက် Tube ကို ချိတ်ပြီးခေါ်သွားပေးတာ။ ဒါနဲ့ River Tubing က ယခုခရီးစဉ်မှာ မပါပါဘူးနော်။

၈) ဝါးအိမ်လေး

ဒေသအသစ်တစ်ခုကို ရောက်ပြီဆိုတာနဲ့ ဒေသထွက်အစားအသောက်တွေကို မြည်းစမ်းရမှာက မဖြစ်မနေလုပ်ရမည့် သမိုင်းပေးတာဝန်ပါပဲနော်… ဒါကြောင့် ရှမ်းရိုးရာ ဆိုင်ခန်းအပြင်အဆင်၊ အစားအသောက်တွေကို တိတိပပ မြည်းစမ်းနိုင်မယ့် သီပေါဝက်ဝံဈေးနားရှိ ဝါးအိမ်လေးမှာ နေ့လည်စာ စားခဲ့ကြပါတယ်။ အရသာကလည်း လျှာလည်အောင် ကောင်းလှတာမို့ recommend ပေးချင်ကြောင်း မျှဝေရင်း တော်သေးပြီ။

Cherry Hill Maymyo Tours

ဖုန်းနံပါတ် - ၀၉ ၆၉၅ ၅၀၃ ၃၄၂ / ၃

https://www.facebook.com/467788727044491/posts/522622028227827/

သီဟဗလဟော်တယ်

ဖုန်းနံပါတ် - 085-23120, 085-21312, 09 774488238, 09 774488239

လိပ်စာ - အမှတ် (၁၃)၊ ဝိုင်အမ်ဘီအေ အရှေ့၊ ရပ်ကွက်ကြီး (၄)၊ (၇) ကွက်၊ ပြင်ဦးလွင်မြို့။

Photo by - Sai Zrom Lao (Cherry Hill Maymyo Tour)

Ref: တစ်ရံတစ်ခါက မဟာဒေဝီ စဝ်သုစန္ဒီ - နိုင်ဦး၊ ဘော်ကြိုဘုရားသမိုင်း (ဘော်ကြိုဘုရားသမိုင်း ပြုစုရေးအဖွဲ့ - သီပေါမြို့)၊ မြန်မာ့စွယ်စုံကျမ်း အတွဲ၁၃ စာမျက်နှာ ၁၃၀၊ အုန်းပေါင်မြို့ဟောင်း - မောင်သာ (ရှေးဟောင်းသုတေသန)

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan
#hsipaw #shan #myanmar
#travel #travelblog

Copyright © 2020 Traveller Chan. All Rights Reserved.