Local Trip

Fill your life with adventures.

နှစ်ခါမခေါ်ရသည့် အမရပူရ

“နှစ်ခါမခေါ်ရသည့် အမရပူရ” ဟု ခေါင်းစီးတပ်ထားရသည့် အကြောင်းရင်းခံ ကျွန်မတွင် ရှိသည်။ အမရပူရမြို့သို့ အခါအားလျော်စွာ ရောက်ဖူးပြီးဖြစ်သော်လည်း အဝေးရောက်ဆွေမျိုးဖြစ်သူမှ ရွှေမြို့တော်အနှံ့ ဘုရားဖူးခရီး လိုက်လံပို့ဆောင်ပေးပါရန် တောင်းဆိုလာသောအခါ စာမေးပွဲတစ်ခုနှင့် နီးကပ်နေပါသော်လည်း နှစ်ကြိမ်ခေါ်စရာမလို… လိုက်ပို့ပေးမည်ဟု ကတိကဝတ်ပေးထားခဲ့သည် ရှိသည်။ ဤသို့ဖြင့် အမရပူရ - မင်းကွန်း - ပင်းယ - မက္ခရာ ခရီးစဉ်ကို ကတိုက်ကရိုက် စီစဉ်ရလေတော့သည်။

မနက်ဖန်သွားရန်ခရီးကို ယနေ့မှ ကောက်ခါငင်ခါ စီစဉ်ရသဖြင့် ကသီလင်တတော့ နိုင်သည်။ သို့သော် လမ်းပန်းဆက်သွယ်ရေးသာခြင်း၊ တည်းခိုစရာပေါများခြင်း၊ ကားငှားရလွယ်ကူခြင်းတို့ကြောင့် ကိစ္စဝိစ္စတို့မှာ နေ့တပိုင်းနှင့် ပြတ်လေသည်။ အခက်အခဲဟူ၍ လည်ပတ်ရန်နေရာများအား စာရင်းပြုရန်သာ ကျန်ပေတော့သည်။ လေးဌာနသို့ သွားလိုသောစာရင်း ပြုစုရသည်မှာလည်း တစ်ရက်နှင့်မပြတ် နှစ်ရက်သို့ကူးပြန်သည်။

ကျွန်မတို့ မန္တလေးကားကြီးကွင်းသို့ ရောက်ချိန်မှာ နံနက် ၅နာရီသာသာမျှသာ ရှိသေးသည်။ မန္တလေး၏ ဆောင်းမနက်ခင်းသည် လေဝှေ့လိုက်တိုင်း အအေးဒဏ်မခံနိုင်သော ကျွန်မအား စိမ့်ကာသိမ့်ကာတုန်ရီစေသည်။ ကားဝင်းတွင် ကြာကြာမနေနိုင် အငှားယာဉ်ဖြင့် တည်းခိုရာသို့ အပြေးနှင်ရသည်။ ဟိုတယ်မှာ ကိုယ်စီသန့်စင်ပြီးသော် အချိန်းအချက်ထားသည့် အချိန်အတိုင်း ဦးကျော်မှ လာရောက်ခေါ်ဆောင်ကာ သွားလိုရာနေရာများသို့ လိုက်လံပို့ဆောင်လေတော့သည်။

အမရပူရသားဦးကျော်သည် ရိုးဂုဏ်အပြည့်နှင့် မနောဖြူကာ ကားမောင်းညင်သာကျင်လည်သည်။ ဦးကျော် (၀၉ ၉၇၆၆၆၇၇၂၄) နှင့် ချိတ်မိသည်မှာ တမြန်နှစ်က ရေးသားခဲ့သော “လည်စရာတွေ မကုန်မခမ်းနိုင်သည့် မန္တလေး” ဆောင်းပါးအတွက် ရေစက်ရှိခဲ့ဖူးသော ကိုမင်း (၀၉ ၂၂၂၅၈၃) ၏ အဆက်အသွယ်နှင့်ဖြစ်သည်။

မသေသောမြို့အကြောင်း တစေ့တစောင်း

ဤနေရာတွင် အမရပူရမြို့အကြောင်း အကျဉ်းမျှ ရှင်းပြရန် လိုပါသေးသည်။ မသေသောမြို့ဟု အဓိပ္ပာယ်ဆောင်သည့် အမရပူရမြို့ကို ဗဒုံမင်း (ခေါ်) ဘိုးတော်ဘုရားလက်ထက် ၁၇၈၁ခု၊ အောက်တိုဘာလ ၁၀ရက်နေ့တွင် အုတ်မြစ်ချခဲ့သည်။ ၁၇၈၃ခု၊ မေလ ၁၂ရက်နေ့တွင် နန်းသိမ်းပွဲခံကာ မင်းနေပြည်တော်အဖြစ် အသက်ဝင်စေပါသည်။ ယခုအခါ မှန်းဆမရလောက်အောင် ပျက်ဆီးသွားပြီဖြစ်သော ရွှေနန်းတော်ပုံသဏ္ဍာန်နှင့် မင်းခမ်းမင်းနားများကို ဗိုလ်ကြီးမိုက်ကယ်ဆိုင်း၏ ရေးသားချက်များမှ ပုံဖော်ကြည့်နိုင်ပါသေးသည်။

၁၇၉၅ခုတွင် အိန္ဒိယဘုရင်ခံချုပ်မှ ဗိုလ်ကြီးမိုက်ကယ်ဆိုင်းအား အင်္ဂလိပ်ကိုယ်စားလှယ်အဖြစ် အမရပူရမြို့သို့ ပထမဦးဆုံးအကြိမ် သံတမန် စေလွှတ်ခဲ့ဖူးသည်။ ယိုးဒယား - မြန်မာ စစ်ပွဲကြောင့် မိုက်ကယ်ဆိုင်းသည် ဘိုးတော်ဘုရားအား အလွယ်တကူ တွေ့ခွင့်ရခဲ့သည်တော့ မဟုတ်ပေ။ ၁လခွဲမျှ သဘောင်္ပေါ်တွင် စောင့်ဆိုင်းနေခဲ့ရပြီး မြန်မာဘုရင်တို့၏ “အပူဇော်ခံသောနေ့” ရောက်မှသာ နန်းတွင်းသို့ ဝင်ခွင့်ရသည်။

မိုက်ကယ်ဆိုင်း ဝင်ရောက်ခွင့်ရခဲ့သောအဆောင်မှာ လွှတ်တော်ဆောင်ဖြစ်သည်။ လွှတ်တော်အား ကြီးမားဖြောင့်စင်းသော ကျွန်းတိုင်ကြီး ၇၈တိုင်မှ အထောက်အကန်ပြုထားသည်။ တိုင်လုံးများအဆုံးတွင် ရွှေပိန်းချ ရာဇမတ်ကွက်များ ကာထားသည့် အဆောက်အအုံတစ်ခု ရှိနေသည်။ အဆောက်အအုံ၏ တံခါးကိုလည်း ရွှေပိန်းချထားပြီး ဖွင့်၍ဝင်သော် ရာဇပလ္လင်ကို တန်းတန်းမတ်မတ် မြင်ရသည်။ ခန်းမဆောင်ထဲတွင် မင်းညီမင်းသား၊ မှူးကြီးမတ်ရာများ သူ့ရာထူးနှင့်သူ အစီအစဉ်တကျ ထိုင်နေကြသည်။

များမကြာမီ လှပသော ဆင်ကြီးတစ်ကောင်၏ ဦးကင်းထက်ယံ မင်းသားတစ်ပါး စီးကာဝင်လာသည်။ မင်းသား၏ အနောက်ဘက် ဆင်ကျောကုန်းပေါ်တွင် အခြွေအရံတစ်ဦး ပါလာကာ မင်းသားအား ရွှေထီးမိုးပေးထားသည်။ ထို့နောက်တွင် အိမ်တော်ဝန်များ လိုက်ပါလာသည်။ အိမ်တော်ဝန်များသည် ကတ္တီပါဝတ်ရုံများကို ဆင်မြန်းထားကြပြီး ရွှေစလွယ်ပါ သိုင်းထားသည်။ အိမ်တော်ဝန်အစုနောက်မှာ လှံကိုင်တပ်သားများ လိုက်ပါလာကြသည်။

ရှေ့ထွက်မင်းသား အခင်းအကျင်းပြီးနောက် သာ၍ရာထူးကြီးသော ပုသိမ်မင်း၊ တောင်ငူမင်းနှင့် ပြည်မင်းတို့မှ ပို၍ခမ်းနားသော အဆောင်အယောင်များဖြင့် လှည့်လည်လာကြသည်။

အိမ်ရှေ့ဥပရာဇာမင်းသားမှာမူ ဗဟိုစည်မှ ဆယ့်နှစ်မောင်းတီးမှ ထွက်တော်မူသည်။ အိမ်ရှေ့မင်းသား နန်းတော်အနီးသို့ ရောက်သောအခါ သေနတ်ကိုင်စစ်သည်ငါးရာနှင့် မဏိပူရကသည်းမြင်းသည်စုမှ အလေးပြုဆီးကြိုရသည်။ အိမ်ရှေ့စံသည် ရွှေပိန်းချဝေါနှင့် ကြွလာခြင်းဖြစ်သည်။ နေမထိုးစေရန်အတွက် မှူးမတ်တစ်ဦးမှ ရွှေပိန်းချယပ်တစ်လက်ဖြင့် ကာပေးထားသည်။ ဘေးဘယ်ညာတစ်ဖက်ဆီတွင် ရွှေကြယ်ပွင့်တို့စီခြယ်ထားသော ဗောင်းရစ်ကို ဆောင်းထားသည့် ပုဏ္ဏားများက ခြေလျင်လိုက်ပါလာကြသည်။ အနောက်တွင်မူ ကကြိုးတန်ဆာဆင်ထားသည့် ဆင်များ၊ မြင်းများ လိုက်ပါသည်။ ပြီးသော် အပြာ၊ အနီ၊ အစိမ်း ယူနီဖောင်းများ ဝတ်ဆင်ထားသည့် လှံကိုင်တပ်သား၊ သေနတ်ကိုင်တပ်သားများ ပါလာသည်။ မိုက်ကယ်ဆိုင်းသည် သူ၏အတွေ့အကြုံအရ မြန်မာမင်းတို့၏ မင်းခမ်းမင်းနားသည် အိန္ဒိယနိုင်ငံရှိ ဟိန္ဒူမင်းများ၏ အခမ်းအနားထက် သာသည်ဟု မှတ်ချက်ပေးထားသည်။

ဤမျှဆိုလျင် အမရပူရနန်းတော်နှင့် ဘိုးတော်ဘုရားမင်းလက်ထက် မင်းခမ်းမင်းနားတို့၏ ကြီးကျယ်ခမ်းနားပုံကို ပုံဖော်နိုင်လောက်ပြီ ထင်သည်။

၁) ရွှေတိုက်တော်၊ ငွေတိုက်တော်

ငွေတိုက်တော်

ရွှေတိုက်တော်

နန်းတော်ဟောင်းရှိ ဘုရင့်ဘဏ္ဍာတိုက်ဖြစ်သော ရွှေတိုက်တော်၊ ငွေတိုက်တော်သည် အဓိဌာန်ထက်မြပုခက်ဘုရားနှင့် မနီးမဝေးတွင် ရှိသည်။ အနည်းအကျဉ်း ပျက်ဆီးကာ၊ ခြုံနွယ်ပါးပါး ကွယ်နေသည်မှတပါး ရှေးလက်ရာမပျက် ကောင်းစွာ တည်နေပါသေးသည်။

ရှေးမြန်မာမင်းများလက်ထက်တွင် ဘုရင့်ဘဏ္ဍာရွှေငွေများကို စာရင်းနှင့်တကွ သိမ်းဆည်းခြင်း၊ ထုတ်ယူခြင်းအမှုထမ်းရသူကို ရွှေတိုက်ဝန်ဟု ခေါ်ကြသည်။ ဘိုးတော်ဘုရားမင်းတရား၏ ကနေဦး ရွှေတိုက်ဝန်မှာ ဇေတသူရဘွဲ့ခံဦးရွဲ ဖြစ်သည်။ သူ့နောက်တွင် နေမျိုးမဟာကျော်ထင်မှ တာဝန်လွှဲယူကာ အမှူထမ်းသည်။ ရွှေတိုက်ဝန်၏ လက်အောက်တွင် ရွှေတိုက်စိုး၊ ရွှေတိုက်ကြပ်၊ ရွှေတိုက်စာရေးတို့ ရှိကြသည်။

၂) အဓိဌာန်ထက်မြပုခက်

အမရပူရမြို့ဟောင်း၊ မှန်တန်းကွက်သစ်တွင် တည်ရှိသည်။ ဘိုးတော်ဘုရားတည်သည်ဟုလည်း အယူရှိသလို၊ ပုဂံခေတ်ကတည်းက ရှိနေခဲ့သည်ဟုလည်း အယူရှိကြသည်။ မြပုခက်ဘုရားနှင့် ပတ်သတ်ပြီး မှတ်မှတ်သားသားဖြစ်စရာ အချက်အလက်များ ရှာဖွေမရခဲ့ပါ။

၃) လင်ဇင်းကုန်းရှိ ထိုင်းဘုရင်ဟောင်း ရှာပုံတော်

လင်ဇင်းကုန်းသည် အမရပူရမြို့၏ အချက်အခြာကျသောနေရာဖြစ်သည့် တောင်တမန်အင်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိနေခြင်းကြောင့် မရေရာသောအနာဂတ်ကို စိန်ခေါ်နေရသည်။ ထိုနေရာသည် သွားရလာရ လွယ်ကူလင့်ကစား ဝင်ပေါက်မသိလျင် ကချွတ်ကချော်နိုင်လှသည်။ စည်ပင်ဝန်းကို ဘယ်မှပတ်၍ဝင်သော် အိမ်ကုပ်ကလေးများမှ စီး၍ ကာသည်။ တဖန် ညာမှပတ်သော် ဝန်းခတ်ထားသဖြင့် မောရပြန်သည်။ စူးစမ်းကြည့်သော် ဝင်ပေါက်မှာ စည်ပင်ရုံးဝင်ပေါက်ဝ ဖြစ်လို့နေသည်။

ယခင်ကသုသာန်တစပြင် ဖြစ်သော လင်ဇင်းကုန်းအား ဖျက်သိမ်းရန် ၂၀၁၂ခုတွင် မန္တလေးစည်ပင်မှ ထုတ်ပြန်ခဲ့သည်။ မြေပုံများကို တူးဖော်ရာ ရှေးဟောင်းစေတီပုထိုးများ၊ အုတ်ဂူပျက်များ ထိုးထိုးထောင်ထောင် ပေါ်လာသည်။ နောင်တချိန် သမိုင်းဆိုင်ရာ သက်သေအချက်အလက်များ ဖြစ်လာနိုင်သော ထိုရှေးဟောင်းအမွေအနှစ်များကို ပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ ရှေးဟောင်းသုတေသနပညာရှင်များ၊ သမိုင်းပညာရှင်များမှ လွန်မင်းစွာ စိတ်ဝင်စားကြသည်။ ထိုင်းနိုင်ငံမှ ရှေးဟောင်းသုတေသီများ ပါဝင်လာရခြင်းမှာ တွေ့ရှိထားသော အဆောက်အဦးပျက်များထဲမှ တစ်ခုတွင် ထိုင်းဘုရင်ဟောင်း ကျောက်ဘွားဒေါက်မဒူဝါး၏ အရိုးအိုးရှိရမည်ဟု ယူဆသောကြောင့်ပင်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်ပြတိုက်ရှိ မြန်မာ့ရှေးဟောင်း ရွှေနန်းလက်သုံး ဆေးရောင်စုံ ပုရပိုက်ပန်းချီကားတစ်ချပ်တွင် “သင်္ကန်းဝတ်ဖြင့် သုံ့ပန်းအဖြစ် ခေါ်ဆောင်လာသည့် ယိုးဒယားဘုရင်၊ အမရပူရရွှေမြို့တော်တွင် ကွယ်လွန်သည့်အတွက် ခမ်းကြီးနားကြီး သဂြိုင်္ဟ်ပြီး လင်ဇင်းကုန်းသုသာန်တွင် မြှုပ်နှံသည်” ဟု ဆိုထားသည်။ ထိုအထောက်အထားကို ကွယ်လွန်သွားပြီဖြစ်သော သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းမှ အင်္ဂလန်နိုင်ငံ၌ ပညာသင်ကြားစဉ်အခါက မှတ်တမ်းဓာတ်ပုံ ရိုက်ယူလာခဲ့သည်။

ကျွန်မအနေဖြင့် စာလေးမည်ဆိုးပါသော်လည်း ထိုင်းဘုရင်ဟောင်းတစ်ပါး အမရပူရမြို့တွင် ခေါင်းချရပုံကို ရှင်းပြချင်ပါသေးသည်။

ကျောက်ဘွားဒေါက်မဒူဝါး (ခေါ်) မင်းသားကြီးဥတွန်ပုံ (Uthumphon Mahaphon Phinit) သည် အယုဒ္ဓယမင်း Borommarachathirat III ၏ သားတော်ဖြစ်ပြီး ၁၇၅၇ခုတွင် အိမ်ရှေ့စံအဖြစ် ချီးမြှင့်ခံရသည်။ ခမည်းတော် နတ်ရွာစံသဖြင့် ၁၇၅၈ခုတွင် အယုဒ္ဓယထီးနန်းကို ဆက်ခံသည်။ အယုဒ္ဓယမင်းတို့၏ နန်းတွင်းရေးသည်လည်း ကုန်းဘောင်မင်းတို့၏ နန်းတွင်းရေးနှင့် များစွာမကွာလှပေ။ မင်းပြောင်းမင်းလွှဲတွင် အခြားမင်းညီမင်းသားများမှ ထကြွခြင်း၊ နန်းတွင်းရေး မငြိမ်မသက်ဖြစ်ခြင်း စသည်တို့ ပေါ်ပေါက်ခဲ့သည်။ ဤသို့ဖြင့် နန်းစံသက် နှစ်လအကြာတွင် နန်းစွန့်ရလေသည်။ ထိုမှတဖန် နောက်တက်မင်း ဖြစ်လာသော Ekkathat ၏ အမိန့်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရပြန်သည်။

၁၇၅၉ခုတွင် မြန်မာနိုင်ငံနှင့် စစ်ဖြစ်သဖြင့် လူဝတ်လဲခံရကာ ရှေ့တန်းထွက်ရသည်။ ၁၇၆၀ခုတွင် မြန်မာမင်းဖြစ်သော အလောင်းမင်းတရားမှာ ရောဂါသည်းသဖြင့် အယုဒ္ဓယမှ ရွှေဘိုသို့ အပြန်လမ်းတွင် နတ်ရွာစံသည်။ ဤသို့ဖြင့် ယိုးဒယား - မြန်မာ စစ်ပွဲပြီးကာ ဥတွန်ပုံလည်း သာသနာ့ဘောင် ပြန်ဝင်ရသည်။

၁၇၆၅ခု ဆင်ဖြူရှင်မင်းလက်ထက်တွင် တကျော့ပြန် ယိုးဒယား - မြန်မာ စစ်ဖြစ်သည်။ ယခုအခါတွင်မူ ဥတွန်ပုံသည် သာသနာ့ဘောင်မှ မထွက်တော့ချေ။ ၁၇၆၇ခုတွင် ယိုးဒယားတို့ စစ်ရှုံးသဖြင့် ဥတွန်းပုံသည် ရဟန်းဝတ်ဖြင့်ပင် အခြားမင်းညီမင်းသား၊ တိုင်းသူပြည်သားများနှင့်အတူ အင်းဝသို့ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည်။ ဆင်ဖြူရှင်မင်းသည် ဥတွန်းပုံနှင့် အခြားယိုးဒယားလူမျိုးသုံ့ပန်းများအား မန္တလေးအနီးတွင် ရွာတည်ကာ နေစေသည်။

၁၇၉၆ခု ဘိုးတော်ဘုရားလက်ထက်တွင် ပျံလွန်တော်မူသဖြင့် လင်ဇင်းကုန်း ၌ ဥတွန်ပုံအား ယိုးဒယားလူမျိုးတို့၏ ထုံးတမ်းစဉ်လာနှင့်အညီ ခမ်းကြီးနားကြီး သဂြိုင်္ဟ်ပေးခဲ့သည်။

ထိုင်း - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို ထောက်ရှုသောအားဖြင့် ထိုင်းဘုရင်ဟောင်းအုတ်ဂူ ရှာဖွေမှုကို ၂၀၁၃ခု ဖေဖော်ဝါရီလတွင် မန္တလေးအစိုးရမှ ခွင့်ပြုပေးခဲ့သည်။ ရံပုံငွေနှင့် တူဖော်မှုနည်းပညာများကို ထိုင်းနိုင်ငံဘက်မှ ပံ့ပိုးထားသည်။ မတ်လတွင် ထိုင်းဘုရင်နှင့် ပတ်သတ်သော အထောက်အထားအချို့ ရှာဖွေရရှိသည်။ တွေ့ရှိမှုများထဲတွင် မှန်စီသပိတ် အရိုးအိုးတစ်လုံးလည်းပါသည်။ အရိုးအိုးအား ထိုင်း - မြန်မာ သုတေသနပညာရှင်များ၊ ထိုင်းဘုရင်၏ ဆွေတော်မျိုးတော်များ မျက်မှောက်တွင် ဖွင့်ကြည့်ကြသည်။

အတွင်း၌ မီးကျွမ်းထားသောအရိုးနှင့် အရိုးတွင်ကပ်နေသော သင်္ဃန်းစ၊ ဘုန်းကြီးခါးပန်းကြိုးတို့ကို တွေ့ရသည်။ ဂူသွင်းထားပုံမှာလည်း ထိုင်းလူမျိုးတို့၏ အစဉ်အလာနှင့် ညီသဖြင့် ထိုင်းဘုရင်ဟောင်းရဟန်းတော်၏ အရိုးအိုးဂူဖြစ်နိုင်ချေ များလှပေသည်။

၂၀၁၆ခုနှစ်တွင် အစိုးရအပြောင်းအလဲ ဖြစ်လာခဲ့ပြီး စီမံကိန်းအတော်များများကို ယာယီရပ်ဆိုင်းခိုင်းခဲ့သည်။ ရပ်ဆိုင်းခံထားရသော စီမံကိန်းများထဲတွင် ထိုင်းဘုရင်ဟောင်း ရှာပုံတော် စီမံကိန်းလည်း ပါဝင်ခဲ့ပြီး ယနေ့တိုင် ရှေ့ဆက်နိုင်ခြင်း မရှိသေးပေ။ ကျွန်မအနေနဲ့မူ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုနေရာသည် မြတ်နိုးဖွယ်ကောင်းသော ရှေးဟောင်းနယ်နိမိတ်တစ်ခုအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသင့်သည်ဟု ယုံကြည်သည်။ မသေချာသော အနာဂတ်များနှင့် ထိုနေရာလေးအား ကာကွယ်ပေးနေသော တမ္ပဝတီ ဦးဝင်းမောင်နှင့် ပညာရှင်များအား လေးစားမိပါသည်။

၎) မဟာဝိဇယရံသီ ပုထိုးတော်ကြီး

အမရပူရမြို့၏ ကြီးလေးကြီးစာရင်းဖြစ်သော ပုထိုးတော်ကြီး၊ ရွှေဂူကြီး၊ တောင်မင်းကြီး နှင့် ကျောက်တော်ကြီးထဲတွင် မဟာဝီဇယရံသီစေတီသည် ပုထိုးတော်ကြီး အနေဖြင့် ပါဝင်သည်။ ပုထိုးတော်ကြီး၏ ထုံးဖြူဖွေးသင်္ဃန်းအရောင်သည် ဖူးရသူအပေါင်းအား ရွှင်လန်းစေသည်။ သီရိလင်္ကာရှိ မဟာစေတီပုံစံကို မှီ၍ တည်ထားခြင်းဖြစ်ကြောင်း မှတ်သားဖူးတယ်။ ပထမပစ္စယံတွင် ပုဂံခေတ်စဥ့်ကွင်းလက်ရာ၊ ဒုတိယပစ္စယံတွင် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော် ခေါင်းစီးနှင့် ဇာတ်ကွက်များ၊ တတိယပစ္စယံတွင် သမ္ဗုဒ္ဓေဗုဒ္ဓရုပ်ပွားတော်များ ထည့်သွင်းတည်ထားသည်က လေ့လာဖွယ်ကောင်းသည်။

ပုထိုးတော်ကြီးအား စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော်ဘုရားလက်ထက် ၁၁၈၁ခု၊ တန်ခူးလဆန်း၊ ၁၂ရက်နေ့တွင် စစ်ကိုင်းမင်းမှ ရွှေအုတ်မြစ်ချပေးခဲ့သည်။ ပုထိုးတော်ကြီး တည်ထားသောနေရာမှာ ဘိုးတော် ဗဒုံမင်းလက်ထက်က အမရပူရမြို့တည် ခုနှစ်ဌာနဖြစ်သော မြို့တော်၊
ကျုံးတော်၊ နန်းတော်၊ ကျောင်းတော်၊ ကန်တော်၊ ဂူတော် နှင့် ပိဋကတ်တိုက်တော်များထဲမှ ကျောင်းတော်နေရာဟု အယူရှိသည်။

၅) နဂါးရုံဘုရား

မြူငွေ့နေသောလေထဲတွင် ရေးရေးမျှ ပေါ်နေသော စေတီဖွေးဖွေးနှင့် နဂါးရုံဘုရားသည် ထူးခြားသောအသွင်သဏ္ဍာန်ကို ဆောင်သည်။ အမရပူရမြို့ နဂါးရုံဘုရား၏ ပန်းတမော့လက်ရာများကို ရှေးခေတ်အင်္ဂလိပ်သံအမတ်များကပင် စံထား ချီးကျူးထောပနာပြုကြရသည်။ ကျွန်မအတွက်လည်း တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံး ဖူး,ဖူးသော စေတီပုံစံမျိုး ဖြစ်သည်။

ဂေါတမမြတ်စွာဘုရား ဘုရားအဖြစ်ရောက်တော်မူပြီးနောက် မဟာဗောဓိပင်အနီးရှိ ခုနှစ်ဌာနသောနေရာများတွင် တစ်နေရာလျင် ခုနှစ်ရက်မျှ ဖလသမာပတ် ဝင်စားတော်မူခဲ့သည်။ မုစလိန္ဒအိုင်ဘေးရှိ ကျည်းပင်ရင်းတွင် ဖလသမာပတ် ဝင်စားနေစဉ် မိုးသည်စွာရွာသည်။ ထိုအခါ မုစလိန္ဒရေကန်ထဲမှာ နေတဲ့ နဂါးမင်းဟာ မြတ်စွာဘုရားအား ပါးပျဉ်းမိုးကာ မိုးလုံစေခဲ့ဖူးသည်။ ထိုအကြောင်းအရာများကို စိတ်မှန်းဖြင့် ကြည်ညိုသဒ္ဒါတိုးစေရန် အလို့ငှာ နဂါးရုံဘုရားများ တည်ထားကိုးကွယ်ခြင်းဓလေ့ စတင်လာခဲ့သည်။

အမရပူရမြို့နဂါးရုံဘုရားကို သူဌေးကတော်တစ်ဦးမှ လှူဒါန်းတည်ထားသည်ဟုသာ ဆိုထားကြသည်။ ခုနှစ်သက္ကရာဇ်နှင့် တည်ဖြစ်သည့် အကြောင်းရင်းခံကိုမူ ရှာမရချေ။

၆) မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချခဲ့ရာ မိုးကုတ်ဝိပဿနာမင်္ဂလာမဂ္ဂင်ရိပ်သာ

ပဋိစ္စသမုပ္ပါဒ်တရားဒေသနာတော်ကို စက်ဝိုင်းပုံစံ ဆွဲပြီး မြင်သာအောင် လမ်းညွှန်ပြသပေးခဲ့သော ဆရာတော်ကြီးမို့ ကြည်ညိုရင်းစွဲ ရှိလှသည်။ ဆရာတော်ဘုရားကြီး၏ ကျေးဇူးဂုဏ်ကား ကြီးမားသည်။ သွားရင်းလာရင်း ကျောင်းတိုက်ရှေ့ရောက်တော့ ဦးကျော်မှ “မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချခဲ့တာ သည်ကျောင်းတော်ကြီးပေါ့” ဟု ဆိုလာသဖြင့် မှတ်မှတ်ရရ မှတ်တမ်းယူလာဖြစ်သည်။ အခွင့်သင့်လျင် တစ်ကြိမ်လောက်တော့ အတွင်းတိုက်သို့ ဝင်ကြည့်ချင်ပါသေးသည်။

၇) ရွှေကြက်ယက်ဘုရား

ရွှေကြက်ယက်နှင့် ရွှေကြက်ကျ ဘုရားနှစ်ဆူ၏ အထုတ္တပတ္တိမှာ တဆက်တည်းပင်။ ဂေါတမမြတ်စွာဘုရား ပါရမီဖြည့်စဉ် တစ်ခုသောဘဝ၌ ကြက်မင်းဖြစ်ခဲ့ဖူးသည်။ မင်းမုဆိုးတို့ လိုက်ဖမ်းသဖြင့် ကြက်မောင်နှမတို့ ထွက်ပြေးကြရာ တဖြည်းဖြည်းနှင့် ဝေးလံခေါင်သီသောဒေသဆီသို့ ရောက်သွားသည်။ ဤသို့နှယ် မြစ်အနီးရောက်လာကြပြီး မြစ်ကိုဖြတ်၍ ပျံရာ နောင်တွင် ရွှေကြက်ကျဘုရား တည်ဖြစ်လာမည့် တောင်ကမူပေါ်သို့ ကျသည်။ ထိုနေရာသည် ဝဲဂယက်သံသို့ ဆူညံသဖြင့် ကောင်းစွာမနေနိုင်။ အခြားတောင်ထိပ်တစ်ဖက်သို့ ပျံသန်းရပြန်သည်။ လှည့်ပတ်ကြည့်သော် ကျင်လည်ကျက်စားရန် အခွင့်သာသဖြင့် နောင်တွင် ရွှေကြက်ယက်ဘုရား တည်ဖြစ်လာမည့် နေရာတွင် အစာများကို ယက်ကာယက်ကာ ရှာဖွေစားသောက် နေထိုင်ခဲ့ကြလေသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၂၁၈ခုအကြာတွင် သီရိဓမ္မာသောကမင်းသည် ကြက်မင်းအစာယက်ခဲ့သောနေရာနှင့် ဝဲပျံကျခဲ့သောနေရာတို့တွင် စေတီနှစ်ဆူတည်ထားခဲ့သည်။

၈) ရွှေကြက်ကျဘုရား

ရွှေကြက်ကျဘုရားမှ ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ လှမ်းမျှော်ကြည့်ရသော ရှုခင်းမှာ သာလှသည်။ ဝါကျင်ကျင် မြစ်ရေကိုမိုးကာ ထိုးထားသော တံတားဟောင်းမှာ နေရောင်အောက်တွင် ဇရာကိုအံတုကာ ထည်ထည်ဝါဝါရှိသည်။ လှေကြီးလှေငယ် အသွယ်သွယ်တို့ တံတားအောက်မှ အစုန်၊ အဆန် ခုတ်မောင်းသွားလာနေကြသည်။ ရေယာဉ်များသည် မြစ်အတွင်း ဟိုတစ်ကွက်သည်တစ်ကွက် ပေါ်ထွန်းနေသော သဲကျွန်းများကို ရှောင်ကာကွင်းကာ မောင်းရသည်။ မြစ်ကမ်းစပ် သဲသောင်ယံတွင် ကူလီအချို့ သင်္ဘောပေါ်မှ ကုန်စည်များကို ကုန်တင်ကားကြီးများပေါ်သို့ တင်ပေးနေသည်။ ကုန်အပြည့်နှင့် ကားကြီးအချို့သည် သဲလမ်းမှ ကတ္တရာလမ်းမကြီးဆီသို့ လှုပ်လီလှုပ်လဲ့ မောင်းကာသွားကြသည်။ ကားကြီးများအနောက်တွင် ဖုန်လုံးများက အမှုန်တန်းကာ ကျန်ခဲ့သည်။ နေကပူပူ ချွေးတလုံးလုံးနှင့် အလုပ်လုပ်နေကြပုံမှာ ဘဝသရုပ်ဖော် ဇာတ်ကွက်တစ်ကွက်ကို ကြိုးစားပမ်းစာ ကပြနေကြသည်နှင့် တူသည်။

ယခုတစ်ခေါက် အမရပူရခရီးစဉ်သည် များများစားစား မရသော အချိန်ကို ငဲ့ရသဖြင့် စုံစုံလင်လင်တော့ မရှိလှပေ။ ကျန်ရှိသော ဒေသသုံးခုဖြစ်သည့် မင်းကွန်း၊ ပင်းယ နှင့် မက္ခရာ ကိုတော့ဖြင့် နောက်များမှသာ သီးသန့်ခွဲကာပိုင်းကာ ရေးသားပါတော့မည်ဟု ဆိုရင်း တော်သေးပြီ။

Ref: သမိုင်းထဲကမန္တလေး - မန္တလေးထဲကသမိုင်း (ဦးမြသန်းတင့်)၊ ရွှေကြက်ယက်၊ ရွှေကြက်ကျ သမိုင်းကျောက်စာ၊ Uthumphon (Wikipedia)၊ မဟာဝီဇယံသီပုထိုးတော်ကြီးဘုရားသမိုင်း (ဒေါ်ရှင်)

မှတ်ချက်။ ။ လွတ်လပ်စွာ Share နိုင်ပါသော်လည်း ကျေးဇူးပြုပြီး ပေ့ခ်ျများမှ ပုံအားလည်းကောင်း၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan

#amarapura #mandalay #myanmar

Copyright © 2020 Traveller Chan. All Rights Reserved.