Local Trip

Fill your life with adventures.

တစ်ခေတ်တစ်ခါက ပင်းယ

ပုဂံနှင့် အင်းဝကို ကျကျနန လှည့်လည်ခဲ့ဖူးပါရဲ့။ ထိုခေတ်နှစ်ခေတ်ကြားမှာ ဟန်ကျပန်ကျ ပေါ်ပေါက်ခဲ့တဲ့ ပင်းယခေတ်ဆိုတာ ရှိမှန်းလည်း သိပါရဲ့။ သို့ပေသိ နေ့ရွှေ့ညရွှေ့နှင့် အချိန်တွေ ကုန်လွန်ခဲ့ကာ သည်ဆောင်းမှပဲ မန္တလေးမှအပြန် ဝင်ဖြစ်တော့သည်။ တမြန်နေ့က အမရပူရနှင့် မင်းကွန်းသို့ လိုက်လံပို့ဆောင်ပေးခဲ့သော ဦးကျော် (ဝ၉ ၉၇၆၆၆၇၇၂၄) ၏ ကားလေးနှင့်ပင် နေပူ၊ မြေပူမှာ ချွေးမထွက်ဘဲ  သွားခဲ့ခြင်းဖြစ်သည်။

ပုဂံနှင့် အင်းဝကို ကျကျနန လှည့်လည်ခဲ့ဖူးပါရဲ့။ ထိုခေတ်နှစ်ခေတ်ကြားမှာ ဟန်ကျပန်ကျ ပေါ်ပေါက်ခဲ့တဲ့ ပင်းယခေတ်ဆိုတာ ရှိမှန်းလည်း သိပါရဲ့။ သို့ပေသိ နေ့ရွှေ့ညရွှေ့နှင့် အချိန်တွေ ကုန်လွန်ခဲ့ကာ သည်ဆောင်းမှပဲ မန္တလေးမှအပြန် ဝင်ဖြစ်တော့သည်။ တမြန်နေ့က အမရပူရနှင့် မင်းကွန်းသို့ လိုက်လံပို့ဆောင်ပေးခဲ့သော ဦးကျော် (ဝ၉ ၉၇၆၆၆၇၇၂၄) ၏ ကားလေးနှင့်ပင် နေပူ၊ မြေပူမှာ ချွေးမထွက်ဘဲ  သွားခဲ့ခြင်းဖြစ်သည်။

ပင်းယခေတ်အကြောင်း တစေ့တစောင်း

ပင်းယခေတ်တွင် မင်းဆက်ခြောက်ဆက် အုပ်စိုးခဲ့ကြပြီး မြင်းစိုင်းအဆက်ဟု ဆိုနိုင်ပေမည်။ ပင်းယခေတ်ကို တည်ထောင်သူမှာ တစ်စီးရှင်သီဟသူ ဖြစ်သည်။ သူ၏နောက်တွင်မူ ဥဇနာ၊ ငါးစီးရှင်ကျော်စွာ၊ ကျော်စွာငယ်၊ နရသူနှင့် ဥဇနာပြောင်တို့ အဆက်ဆက် အုပ်ချုပ်ခဲ့သည်။ နောက်ဆုံးမင်းဆက်ဖြစ်သော ဥဇနာပြောင်သည် နန်းတက်ပြီး သုံးလအကြာတွင် သတိုးမင်းဖျားမှ လုပ်ကြံသဖြင့် ပျက်ကိန်းဆိုက်သည်။

ပင်းယခေတ်အကြောင်း ပြောမည်ဆိုလျင် ပုဂံခေတ် ပျက်ဆီးသွားပုံကို အစပြန်ဆွဲရပါလိမ့်မည်။ မွန်ဂိုစစ်သည်တော်တို့သည် ပုဂံအား ကျူးကျော်ခဲ့သည်မှာ နှစ်ကြိမ်နှစ်ခါ ဖြစ်သည်။ တရုတ်ပြေးမင်းဟု သမိုင်းတွင် မှတ်တမ်းဝင်သည့် နရသီဟပတေ့မင်းလက်ထက်တွင် တစ်ကြိမ်၊ နရသီဟပတေ့မင်း၏ သားတော် ကျော်စွာမင်း နန်းကျချိန်တွင် တစ်ကြိမ် ဖြစ်သည်။

နရသီဟပတေ့မင်း လက်ထက်ကတည်းက ရှမ်းညီနောင်သုံးဦးဖြစ်သည့် ရာဇသင်္ကြံ၊ အသင်္ခယာနှင့် သီဟသူတို့သည် အထိုက်အလျောက် သြဇာရှိနှင့်နေကြပြီ။ ရှမ်းညီနောင်သုံးဦးသည် ဘိန္နကမြို့ကို အစိုးရသော စော်ဘွားကြီး၏ သားတော်အငယ် သိင်္ဂဗိုလ်မှ မြင်သောသားများ ဖြစ်ကြသည်။ ဖခင်၏ ဆန္ဒဖြင့် နရသီဟပတေ့မင်းထံတွင် အမှူထမ်းခစားကြသည်။

နရသီဟပတေ့မင်း လုပ်ကြံခံရပြီးနောက် သက္ကရာဇ် ၆၄၈ခုတွင် မွန်ဂိုတို့သည် သားတော် ကျော်စွာအား မင်းမြောက်ပေးခဲ့သည်။ ကျော်စွာမင်းသည် ရာဇသင်္ကြံအား မြင်းစိုင်းမြို့၊ အသင်္ခယာအား မက္ခရာမြို့၊ သီဟသူအား ပင်လယ်မြို့ကို စားစေသည်။ သို့သော် မိဖုရားဖွားစောအား အတိုင်အပင်မရှိ မေ့လျော့ကာထားသည်။ မိဖုရားဖွားစောသည် ကျော်စွာမင်းအား နှလုံးနာသဖြင့် ရှမ်းညီနောင်သုံးဦးအား မြှောက်ပင့်အား နန်းလုစေသည်။ သက္ကရာဇ် ၆၆၂ခုတွင် ရှမ်းညီနောင်သုံးဦးသည် ကျော်စွာမင်းအား ပရိယာယ်ဆင်ကာ နန်းချပြီး သင်္ဃန်းစီးစေသည်။

နန်းကျမင်းကျော်စွာ၏ သားတော်စောနစ်မှ မကျေနပ်သဖြင့် မွန်ဂိုဘုရင်ဦတည်ဘွားထံ စစ်ကူတောင်းရာ သက္ကရာဇ် ၆၆၄ခုတွင် စစ်သည်အလုံးအရင်းဖြင့် မြင်းစိုင်းသို့ ချီလာကြသည်။ မွန်ဂိုတို့ဘက်မှ “မင်းရိုးကို နန်းတင်ချေ” ဟု အမိန့်ပေးသည်။ ရှမ်းညီနောင်သုံးဦးသည် ကျော်စွာအား ဦးခေါင်းဖြတ်ပြီး မွန်ဂိုတို့ထံပို့ကာ မင်းရိုးမရှိတော့ပြီဟု အကြောင်းပြန်သည်။ ထို့ပြင် မွန်ဂိုတို့ ကျေနပ်စေလောက်အောင် လက်ဆောင်ပဏ္ဍာ အမျိုးမျိုးအထွေထွေတို့ကို ဆက်သကြသည်။ ဤသို့ဖြင့် ပုဂံခေတ်ပျက်ကာ ရှမ်းညီနောင်သုံးဦးသည် နန်းပြိုင်အုပ်ချုပ်ကြသည်။

ငါးနှစ်ကြာသော် မက္ခရာမြို့ကို အုပ်ချုပ်နေသော အသင်္ခယာသည် သဘာဝအလျောက် ကံကုန်သည်။ သက္ကရာဇ် ၆၇၄ခုတွင် သီဟသူသည် မြို့သစ်တည်ရန် နေရာရှာဖွေရာ ပင်းယမြို့ဖြစ်လာမည့်နေရာအား နှစ်သက်တော်မူသည်။ မြေရှင်းလင်းရာ အရိုး၊ အရွက်၊ အခက်၊ အသီးနှင့် တကွသော ရွှေပန်းပင်ကို တူးဖော်ရသဖြင့် မြို့အမည်ကို ပန်းရ… နောင်သော် ပင်းယဟု ခေါ်ဆိုစေသည်။ သီဟသူနှင့် ရာဇသင်္ကြံတို့သည် တစ်ဆယ့်နှစ်နှစ်ကြာ နန်းပြိုင်အုပ်ချုပ်ခဲ့ကြသည်။ နောက်တွင် သီဟသူမှ အဆိပ်ခတ် လုပ်ကြံသဖြင့် ရာဇသင်္ကြံ ကွယ်လွန်လေသည်။

၁) ရတနာအောင်မြေ မဟာဘုံစံကျော်စွာကျောင်း (ခေါ်) ဆူးတွင်းပစ်ကျောင်း

ကျောင်းတော်၏ အတ္ထုပ္ပတ္တိက သမရိုးကျမဟုတ် စိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် မကျော်မလွှား ဖတ်စေချင်မိပါတော့သည်။ ကျောင်းတော်ကို ပင်းယခေတ် ငါးစီးရှင်ကျော်စွာ၏ သားတော် ကျော်စွာငယ်မင်း လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျောင်းဝန်းက ကျယ်ပြန့်သလို၊ ကျောင်းတော်ကလည်း ခန့်ငြားသည်။ ထို့သော် ကျောင်းတော်တွင် သီတင်းသုံးနေထိုင်ရန် ရဟန်းတော်တစ်ပါးပါးအား ရည်ရွယ်ပြီး တည်ဆောက်ခဲ့ခြင်း မဟုတ်ပေ။

ကျော်စွာငယ်သည် ကျောင်းတော်ဆောက်လုပ်ပြီးနောက် သီလဝန်၊ ဂုဏဝန်တို့နှင့် ပြည့်စုံသော မည်သည့်ရဟန်းတော်မဆို တက်ရောက် သီတင်းသုံးနိုင်ကြောင်း ကြော်ငြာထားသည်။ အကျင့်သီလတင်မက ကျမ်းဂန်ပညာများပါ ပြည့်စုံရမည်ဟု ဆိုထားသဖြင့် ကျောင်းတော်ကို အလှူခံမည့်ရဟန်း မပေါ်ပေါက်နိုင်ဘဲ ရှိနေသည်။

တစ်နေ့သော် ပုဂံမှ ကြွလာသော ရဟန်းတော်တစ်ပါးသည် ဖခင်အသည်ကြီးနှင့်အတူ ကျောင်းတော်ပေါ်သို့ တက်နေသည်။ မင်းချင်းတို့ သိသော် မင်းကြီးအား တင်လျှောက်ကြသည်။ မင်းကြီးသည် ပညာရှိအမတ်ကြီး စတုရင်္ဂဗလအား စေလွှတ်ကာ ကျောင်းတော်အား လှူဒါန်းရန် ထိုက်မထိုက် စုံစမ်းရန် အမေးအမြန်းလွှတ်သည်။ ရဟန်းတော်သည် အမတ်ကြီး မေးသမျှ ပါဠိ၊ အဋ္ဌကတာ၊ ဋီကာကျမ်းဂန်များထဲမှ ခက်ရာခက်ဆစ်များကို မတိမ်းမစောင်း အဟုတ်အမှန်အတိုင်း ဖြေနိုင်သည်။ မင်းကြီးလည်း နှစ်ထောင်းဝမ်းမြောက်စွာဖြင့် ရဟန်းတော်အား ရေစက်ချ လှူဒါန်းလိုက်ပါသည်။ ရဟန်းတော်၏ ဖခင်အသည်ကြီးအား ဆုလာဘ်များ ပေးသနားကာ သူဌေးဘွဲ့ ခံစေသည်။

ကျောင်းတော်အား ပညာရဲရင့်စွာ အလှူခံရရှိသော ရဟန်းတော်အမည်မှာ ရှင်နာဂိတမထေရ် ဖြစ်သည်။ မထေရ်မြတ်အား ပုဂံမှ ကြွလာခြင်းဖြစ်သဖြင့် ပေါက္ကံဆရာတော်ဟုလည်းကောင်း၊ ငယ်ဘဝဇာတ်ကြောင်းကြောင့် ဆူးတွင်းပစ်ဆရာတော်ဟုလည်းကောင်း ခေါ်ကြသည်။

ဆရာတော်သည် စစ်ကိုင်းမြို့မြောက်ဘက်ရှိ သာစည်ရွာသား ဖြစ်သည်။ ငယ်စဉ်က စာပေပညာ သင်ယူရန် လွန်စွာ ပျင်းရိသည်။ ထို့ကြောင့် မကြာခဏ ကျောင်းပြေးတတ်သည်။ ဖခင်အသည်ကြီးသည် သားဖြစ်သူအား နောင်တရစိမ့်သော်ငှာ ဆူးချုံအတွင်း၌ ထားကာအပစ်ပေးသည်။ ထိုအပစ်မှ လွတ်သော် ဖခင်ကို ကြောင့်ရွံ့သဖြင့် အိမ်သို့မပြန်တော့ဘဲ ဘုန်းကြီးကျောင်းတွင်သာ နေတော့သည်။ ကျောင်းတွင် အနေကြာသော် ပညာသင်ကြားရန် များစွာ စိတ်ပါလာသည်။ ထို့ကြောင့် သာမဏေဝတ်ပြီး လောကီ၊ လောကုတ္တရာစာပေများကို အပတ်တကုတ် ကြိုးစားအားထုတ်လေသည်။

ရွာကျောင်းတွင် စာလေ့လာရသည်ကို အားမရသဖြင့် ပုဂံရှိ စကားကျောင်းမသို့ ကြွကာ ရှင်သုဓမ္မမဟာသာမိမထေရ်ထံမှ ပညာသင်ယူသည်။ စာပေကျမ်းဂန်များကို ကျွမ်းကျင်နှံ့စပ်သဖြင့် ဂုဏ်သတင်း ကျော်ကြားလာရာ ဖခင်ရှိရာအရပ်ထိ သတင်းမွှေးသည်။ ရဟန်းတော်၏ အတ္ထုပ္ပတ္တိကို ကြားသော် အသည်ကြီးသည် မိမိသားသာ ဖြစ်ရမည်ဟု မှန်းဆမိသဖြင့် ပုဂံသို့လိုက်ရာ ဟုတ်မှန်ကြောင်း သိရသည်။ သားမှန်းသိသော် ဝမ်းမြောက်စွာဖြင့် ဝတ်ကြီး၊ ဝတ်ငယ် ပြုစုစောင့်ရှောက်ကာ နေသည်။

ရဟန်းတော်သည် ပညာဆည်းပူးမှု အတိုင်းအစကို ကျေနပ်ချိန်ရောက်သော် ဖခင်၏ လျှောက်ထားတောင်ပန်ချက်အရ မိခင်ရှိရာအရပ်သို့ ကြွလာသည်။ လမ်းတွင် ပင်းယရွှေနန်းတော်ကို ဖြတ်စဉ် ကျော်စွာကျောင်းတိုက်အား အလှူခံ ရရှိခြင်း ဖြစ်တော့သည်။

၂) ရွှေစည်းခုံစေတီတော်

ပင်းယတွင် ရွှေစည်းခုံ၊ မြစည်းခုံ နှင့် အောင်စည်းခုံ ဟူ၍ စည်းခုံစေတီ သုံးဆူရှိသည်။ ရွှေစည်းခုံစေတီ၏ အလှူ့ရှင်မှာ ပင်းယနန်းတည် တစ်စီးရှင်သီဟသူ ဖြစ်သည်။ သီဟသူသည် စေတီနှင့်တကွ ဝတ္တကမြေပါ ထည့်သွင်းလှူဒါန်းထားကြောင်း ကျောက်စာ အထောက်အထား ရှိသည်။ ပင်းယခေတ်တွင် ရွှေစည်းခုံစေတီအား မွှမ်းမံပြင်ဆင် လှူဒါန်းခဲ့ကြသော အခြားမင်းများမှာ ဥဇနာမင်း၊ ငါးစီးရှင်ကျော်စွာနှင့် ကျော်စွာငယ်တို့ ဖြစ်ကြသည်။

ရွှေစည်းခုံစေတီဝန်းအတွင်း အခြားရှေးဟောင်းစေတီပုထိုးငယ်များနှင့် လှိုဏ်ဂူပုံအုတ်တိုက်လည်း ရှိသေးသည်။ အုတ်တိုက်အတွင်းရှိ လှိုဏ်ဂူငယ်များထဲတွင် ဦးခေါင်းမရှိတော့သည့် ပင်းယခေတ်ရုပ်ပွားတော်များ တွေ့နိုင်သည်။

၃) မဟာရွှေစည်းခုံ ဘုရားမျက်နှာတော်သစ် ဇေယျသိဒ္ဓိရေကန်

ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက် ကားလမ်းမတဖက်တွင် အုတ်ရေကန်တစ်ခု တည်ရှိသည်။ ထိုရေကန်အား ဘုရားမျက်နှာသစ်တော်ရေအဖြစ် အသုံးပြုရန် လှူဒါန်းထားခြင်းဖြစ်သည်။ ရေကန်တွင် ထွင်းထုထားသော ဗုဒ္ဓရုပ်ပွားတော်၊ နတ်သား၊ နဂါး ပန်းတမော့လက်ရာများမှာ လှပသေသပ်သည်။ သို့သော် ရေကန်အတွင်း ရေမရှိခြင်း၊ ချုံပုတ်များ ဖုံးလွှမ်းနေခြင်းကြောင့် ဘာကိုစိတ်မကောင်း ဖြစ်လို့ဖြစ်မှန်းမသိ ခံစားခဲ့ရသည်။

၎) မြစည်းခုံစေတီတော်

တံတားဦးမြို့နယ်၊ အမှတ် ၃ နယ်မြေ၊ တံတော်ရာရပ်တွင် တည်ရှိသော မြစည်းခုံစေတီဆီရောက်တော့ နေမွန်းတည့်နေပြီ။ နေကပူ၊ ဝမ်းကဟာနေတုန်း အရိပ်ကောင်းကောင်း သစ်ပင်အောက်က ကွပ်ပျစ်ပေါ်မှာ ဖီးကြမ်းငှက်ပျော အလုံးလှလှ ဝဝတုတ်တုတ်ကြီးတွေ အတွဲလိုက် အခိုင်လိုက် မြင်တော့ မျက်စိမလွှဲနိုင်အောင်ပါပဲ။ ထိုစဉ် မယ်သီလရှင်ကြီးတစ်ပါး ကျောင်းတိုက်ထဲမှ ထွက်လာခိုက်နှင့် ကြုံတယ်။ ကြိုက်မရှက်၊ ငတ်မရှက်ဆိုသလို တစ်လုံးတောင်းစားရာမှ အစပြုပြီး သီလရှင်ကြီးမှ သဒ္ဒါကောင်းစွာ အဖီးလိုက်ကြီး ပေးတော့သည်။ မိမိမှာ နှုတ်အားဖြင့် အားနာလိုက်တာဟု ဆိုနေစေကာမူ လက်ကဖြင့် ငှက်ပျောသီးအား အခွံနွှာလို့ ပြီးနေချပြီ။

၅) အောင်စည်းခုံစေတီတော်

မင်းကြီးစွာစော်ကဲ တည်ထားခဲ့သော အောင်စည်းခုံစေတီ အပေါ်သို့ အုတ်လှေကားထစ်လေးများမှတဆင့် အမျိုးသားများ တက်ရောက်ကာ ဝန်းကျင်ရှုခင်းများကို ရှုစားနိုင်သည်။ စေတီပတ်လည်တွင် နှင်းဆီပန်းပင်များ၊ ဆောင်တော်ကူးပင်များ စိုက်ပျိုးထားသည်။ ဆောင်တော်ကူးပန်းများ ဖွေးနေအောင် ပွင့်နေပြီး ပျားများမှာလည်း တရုန်းရုန်းနှင့်။ ရနံ့မှာ သင်းပေမယ့် အခြားပန်းရနံ့များနှင့် ကွာခြားက နှိုင်းယှဉ်ပြရခက်လှသည်။

၆) ဂူကြီးသုံးလုံး

ဂူကြီးသုံးလုံးကို တွေ့လျင် ပုဂံကို သတိရသွားမှာ မလွဲပေ။ ဂူကြီးသုံးလုံးအနက် တစ်လုံးမှာ တစ်စီးရှင်သီဟသူမှ သက္ကရာဇ် ၆၇၄ခုတွင် တည်ခဲ့ကြောင်း၊ နောက်တစ်လုံးမှာ ဥဇနာမင်းမှ သက္ကရာဇ် ၇၀၂ခုတွင် တည်ခဲ့ကြောင်း ရေးထိုးထားသော မျက်မှောက်ခေတ်ကျောက်စာတစ်ချပ်ကို တွေ့ခဲ့ရသည်။ သို့သော် မည်သည့်ဂူက မည်သည့်မင်း တည်ခဲ့သနည်းကိုမူ မသိရှိရပေ။

ဂူကြီးသုံးလုံးအနက် ပထမဂူ၏ အထက်သို့ အတွင်းလှေကားမှတဆင့် တက်ကြည့်ခဲ့သည်။ ဂူပေါ်တွင် ပေါင်းပင်၊ ခြုံပင်များ ပြွတ်ပြွတ်သိပ်သိပ် ပေါက်ရောက်ရှင်သန်နေကြသည်။ အပေါ်စီးရှုခင်းမှာ ကြည့်ကောင်းပြီး အညာမြေအလှကို ပေါ်လွင်စွာ ခံစားရသည်။ စိတ်မကောင်း ဖြစ်ရသည့်အချက်မှာ ပိုက်ဆံပစ်ချပါအုံးဆိုပြီး လယ်တောထဲမှ လှမ်းအော်ပြောနေသံကို ကြားလိုက်ရခြင်းပင်။

အလယ်ဂူသည် အခြားဂူနှစ်ခုထက် သာ၍ ကြီးမားခန့်ငြားသည်။ နံရံကပ်စဥ့်ကွင်းလက်ရာအချို့ အနည်းငယ်မျှ ကြွင်းကျန်နေသေးသည်။ သို့သော် မည်သည့်စဥ့်ချပ်က မည့်သည့်ဇာတ်ကွက်ကို ဖော်ကျူးထားသနည်းကို မှန်းဆရန် မလွယ်ကူတော့လောက်အောင်ကို ပျက်ယွင်းနေပြီ။ ဂူအပြင်ဘက်တွင် အင်္ဂတေပန်းတမော့ကနုတ်ပန်းလက်ရာအချို့ တင့်တယ်စွာ ရှိပါသေးသည်။

တတိယဂူကတော့ အသေးဆုံးဖြစ်သည်။ လင်းနို့ချီးများ ပေါလှသဖြင့် အနံ့အသက် မကောင်းသောကြောင့်လည်းကောင်း၊ အတော်လေးမှောင်နေသောကြောင့်လည်းကောင်း အတွင်းသို့ တစ်ပတ်လည် ပတ်မကြည့်နိုင်ခဲ့ပေ။ ဂူသုံးလုံးစလုံးတွင် ဥာဏ်တော်မြင့်မားလှသော ဗုဒ္ဓရုပ်ပွားတော်များ စံပယ်နေပါသည်။

၇) ရှေးဟောင်းဘုရားများ

ကားလေးတစ်စီးဖြင့် ဟိုဟိုသည်သည် ရှာဖွေကြည့်သော် ရှေးဟောင်းစေတီပုထိုးများစွာ တွေ့ရသည်။ အများအားဖြင့် ပြန်လည်ပြုပြင်ပြီး ထုံးသင်္ဃန်းကပ်ထားသဖြင့် ဖြူဖြူဖွေးလို့နေပါပြီ။ အချို့ကတော့ ချုံပုတ်များအကြား အုတ်ပုံပျက်ဘဝ ရောက်လို့နေသည်။ မည်သို့ပင်ဆိုစေကာမူ တံတားဦးမြို့နယ် စကားအင်းရွာအနီးရှိ ပုဂံခေတ်နှောင်းပိုင်း ပင်းယခေတ် စေတီပုထိုး၊ ဗိသုကာလက်ရာများကို လေ့လာရင်း တစ်ခေတ်တစ်ခါက ပင်းယမြို့ကို ပြန်လည်အမှတ်ရစွာဖြင့် တော်သေးပြီ။

Ref: ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ (ဘုန်းနွယ် - ရေစကြို)၊ ဦးကုလာ:မဟာရာဇဝင်ကြီး - ပထမအုပ်

မှတ်ချက်။ ။ လွတ်လပ်စွာ Share နိုင်ပါသော်လည်း ကျေးဇူးပြုပြီး ပေ့ခ်ျများမှ ပုံအားလည်းကောင်း၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan
#pinya #mandalay #myanmar

Copyright © 2020 Traveller Chan. All Rights Reserved.