Local Trip

Fill your life with adventures.

မင်းကွန်းတွင် သွားရောက်လည်ပတ်သင့်သော နေရာ (၁၀) ခု

မင်းကွန်းပုထိုးတော်ကြီးကို ပထမအကြိမ် သွားရောက်ဖူးမျှော်ခဲ့စဉ်က ကျွန်မအတွေးထဲဝယ် “မင်းကွန်းပုထိုးတော်ကြီးသာ အပြီးသတ် တည်နိုင်ခဲ့မယ်ဆိုရင် မည်သို့မည်ပုံ ရှိနေလိမ့်မည်နည်း” ဆိုတဲ့ မေးခွန်းမျိုး ပေါ်လာခဲ့ဖူးသည်။ သို့ပေလင့်ကစား ရှာရှာဖွေဖွေ မလုပ်ခဲ့ဘဲ မေ့မေ့ပျောက်ပျောက် နေခဲ့မိပါသည်။

ဤသို့နှယ် လေးနှစ်မျှ ကြာပြီးသော် မင်းကွန်းသို့ ဒုတိယအကြိမ် သွားရောက်ရန် အကြောင်းပေါ်လာပါတော့သည်။ ယခုအကြိမ်တွင်မူ ပုထိုးတော်ကြီး၏ ပုံစံတူစေတီကို မမေ့မလျော့ ဖူးမျှော်ရန်အတွက် စာရင်းထဲတွင် သေသေချာချာ မှတ်သားထားခဲ့လေသည်။

မင်းကွန်းအကြောင်း တစေ့တစောင်း

ဘိုးတော်ဘုရားသည် ၁၁၅၂ခု နတ်တော်လဆန်း ၁၅ရက်နေ့တွင် အိမ်ရှေ့မင်းအား အမရပူရတွင် နန်းစောင့်ထားခဲ့ပြီး မင်းရွာသို့ ပုထိုးတော်ကြီးတည်ရန်အတွက် ထွက်တော်မူလာခဲ့သည်။ ထို့နောက် မင်းရွာအား မင်းကွန်းဟု ပြောင်းလဲသမုတ်တော်မူသည်။ ပုထိုးတော်ကြီး တည်နေစဉ်အတွင်း ဘိုးတော်ဘုရားသည် မင်းကွန်းနှင့် နန်းတော်ကျွန်းရွာတွင် ၁၅နှစ်ကြာမျှ စံမြန်းသွားခဲ့သည်။

ကျွန်မတို့ မင်းကွန်းသို့ စစ်ကိုင်းမြို့ကနေ ကားလမ်းအတိုင်း သွားခဲ့ခြင်းဖြစ်သည်။ မင်းကွန်းသို့အသွား လမ်းမှာ ခိုတောင်ရွာကို ဖြတ်ခဲ့ကြသေးသည်။ ခိုတောင်ရွာလမ်းဘေးတလျှောက် လမ်းညှိုးထိုးမလွဲ တွေ့ခဲ့သည်မှာ ခိုတောင်မုန့်တီဆိုင်များပင်ဖြစ်သည်။ ခိုတောင်မုန့်တီမှာ မြိန်ယှက်စရာ အညာစားဖွယ်တစ်မျိုး ဖြစ်ကြောင်းပြောဖြစ်ကြသည်။ ကျွန်မတို့ သွားလိုရာနေရာများသို့ လိုက်လံပို့ဆောင်ပေးသော ဦးကျော်မှ ကနေဦး ခိုတောင်မုန့်တီအရည်မှာ ဟင်းသီးဟင်းရွက်များ ရောပြွန်းပြုတ်ထားသော ဟင်းရည်မျိုးဖြစ်ကြောင်း၊ နောက်ပိုင်းမှ ငါးနှင့်ငါးရိုးများပါ ထည့်ပေါင်းပြုတ်လာခြင်းဖြစ်ကြောင်း ခပ်အေးအေး ရှင်းပြသည်။ သို့ဖြင့် ကျွန်မလည်း ဗဟုသုတတစ်မျိုး တိုးရပြန်သည်။

၁) ကြက်ထောင့်ကန်ကြီး

စစ်ကိုင်း - မင်းကွန်းကားလမ်းအတိုင်း ဆက်၍မောင်းသော် ကြက်ထောင့်ရွာသို့ ရောက်သည်။ ဤနေရာတွင် ခရီးတထောက်နားရန် လိုအပ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် ဘိုးတော်ဘုရား မင်းကွန်းတွင် တည်ခဲ့သော ကြီးလေးကြီးထဲမှ တစ်ခုဖြစ်သော ကြက်ထောင့်ကန်တော်ကြီးကို လေ့လာရန်အတွက်ဖြစ်သည်။ ကြက်ထောင့်ကန်ကြီးသည် ကားလမ်းမဘေးတွင် ကပ်လျက်တည်ရှိနေသည့်အပြင်၊ ဆိုင်းဘုတ်ပါ စိုက်ထူထားသည့်အတွက် ထင်သာမြင်သာ ရှိသည်။

ဘိုးတော်ဘုရား၏ ကောင်းမှုတော်ဖြစ်သော ကြက်ထောင့်ကန်တော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၇၉ခု (ခရစ်နှစ် ၁၈၁၇ခု) တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကန်ကြီးသည် ၄၂၀ပေ ကျယ်ကာ ၃ပေ ၈လက်မ နက်သည်။ ပတ်လည်နှစ်ဆင့်ပါ ကန်အမျိုးအစားဖြစ်ပြီး ရေဝင်ရေထွက် တံခါးပေါက်များလည်း ပါရှိသည်။ ကန်တော်ကို စောင့်ရှောက်ရန်အတွက် ဘိုးတော်ဘုရားသည် အစောင့်အရှောက်များလည်း ထားခဲ့ပါသေးသည်။

ယခင်က သောက်သုံးရေကန်ကြီး ဖြစ်ခဲ့သော ကြက်ထောင့်ကန်ကြီးသည် ယခုအခါ ကောသလောက်ဖြစ်နေပြီ။ ကန်ရေပေါ်ဝယ် ရွက်ဝါခြောက်များ ဖုံးလွှမ်းနေသည်။ ကန်တော်၏ ပထမနှင့် ဒုတိယအဆင့်များတွင် ခြုံနွယ်များ ထိုးထိုးထောင်ထောင် ပိတ်ဆို့နေသည်။ သို့သော် ကန်ကြီး၏ ခမ်းနားမှုကတော့ မပျောက်မပျက် ရှိနေပါသေးသည်။ ကန်တော်၏ အုတ်တံတိုင်းထောင့်တွင် ဆီးပင်များ ကောင်းစွာရှင်သန်နေပြီး အသီးများ ပြွတ်နေအောင် သီးနေပြီ။ လာမည့် ဇန်နဝါရီလကုန်လောက်ဆိုလျင် ကောင်းစွာမှည့်နေရော့မည်။

၂) ပါဒနက်သန်စက်တော်ရာစေတီ

မင်းကွန်းပုထိုးတော်ကြီး၏ အရှေ့တောင်ဘက်ရှိ ဧရာဝတီမြစ်ကမ်းနဖူးတွင် ပါဒနက်သန်စက်တော်ရာစေတီ တစ်ဆူ တည်ရှိသည်။ စက်တော်ရာစေတီိသည် ထုံးသင်္ဃန်းကပ် အုတ်တိုက်ပုံစေတီ အမျိုးအစားဖြစ်သည်။ ကားလမ်းဘက်မှကြည့်လျင် ထူးမခြားနား ထုံးစေတီငယ်တစ်ဆူအဖြစ်သာ ဖူးရပါလိမ့်မည်။ စက်တော်ရာစေတီကိုပတ်ပြီး ဧရာဝတီမြစ်ကမ်းဘက်သို့ ခြေကျင်ဆင်းသော် စေတီတော်၏ ဆန်းပြားလှပမှုကို တအံ့တသြ မြင်တွေ့ရပါလိမ့်မည်။

ဧရာဝတီမြစ်ကမ်းဘက်မှ ကြည့်သော် ခြင်္သေ့ကြီးနှစ်စင်းသည် ဘုရားဖူးလာကြပါရန် ကြိုဆိုနေကြသည်နှင့် တူသည်။ ခြင်္သေ့ညီနောင်အလွန်တွင် ဂန္ဓဗ္ဗအစောင့်နတ်သား ၂၀မှ စက်တော်ရာအား စောင့်ရှောက်နေဟန်ရှိသည်။ အုတ်တိုက်စေတီအတွင်းတွင် စကျင်ကျောက်ဖြင့် ထုဆစ်ထားသော စက်တော်ရာတစ်ဆူ ရှိသည်။ စက်တော်ရာအနောက်တွင် ထိုင်တော်မူနှင့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ စံပယ်နေသည်။ ရင်ပြင်ထက်တွင် ငလျင်ဒဏ်ကြောင့် မြေခခဲ့သည့် မူလစေတီ၏ အပျက်အစီးတစ်ခုကို တွေ့နိုင်သည်။

ဘိုးတော်ဘုရားသည် စကျင်ကျောက်ဖြင့် ထွင်းထားသော စက်တော်ရာအား ပြည်ကြီးမွန်ရတနာရွှေဖောင်ပေါ်တွင် တင်ကာ အမရပူရမှ မင်းကွန်းသို့ ပင့်ဆောင်လာခဲ့သည်။ ၁၁၅၈ခု၊ တန်ဆောင်မုန်းလဆန်း ၂ရက်နေ့တွင် ယခုစက်တော်ရာစေတီ ရင်ပြင်တွင် တန်ဆောင်းနှင့် ထားရှိပူဇော်သည်။ စက်တော်ရာစေတီကို ဆက်လက်တည်စေရာ ၁၁၇၃ခု၊ နယုန်လပြည့်ကျော် ၇ရက်နေ့တွင် ပြီးစီးသည်။ ၁၂၁၁ခုတွင် ပုဂံမင်းမှ ပျက်စီးနေမှုများအား ပြင်ဆင်မွမ်းမံခဲ့သည်။ အစောင့်နတ်ရုပ်များကိုတော့ သာယာဝတီမင်းလက်ထက်မှာ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းပင်တည်း။

၃) နန်းသုံးယာဉ်လှေတော်

စက်တော်ရာစေတီ ပုရဝုဏ်အတွင်း၌ အုတ်ခုံတိုင်ပေါ်တွင် တင်ထားသော အလျား ၇၈ပေ၊ အနံ ရှစ်ပေလေးလက်မ၊ စောက်အနက် သုံးပေ ရှိသည့် လှေကြီးတစ်စီးကို တွေ့ရပါလိမ့်မည်။ ၂၀၁၅ခု၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ဖောင်တော်သီဆိပ်ကမ်းရှိ မြစ်ကမ်းပါး ပြိုကျရာမှ မြေကြီးထဲတွင် နစ်မြှပ်နေသော လှေကြီးအား စတင်တွေ့ရှိရသည်။ လှေကြီးအား တူးဖော်ကြည့်ရာ ရေမနေသစ်လုံးကို ထွင်းထားကြောင်း သိရသည်။ မန္တလေးရှေးဟောင်းသုတေသနမှ လာရောက်ကြည့်ရှုပြီးနောက် မင်းတုန်းမင်းလက်ထက်က အသုံးပြုခဲ့သည့် ထီးသုံးနန်းသုံး လှေအမျိုးအစားဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

၎) နောင်တော်ကြီးစေတီ

နောင်တော်ကြီးစေတီသည် စက်တော်ရာစေတီ အနီးတွင် တည်ရှိသည်။ ထုံးသင်္ဃန်းကပ် စေတီငယ်ကို အပေါ်ယံကြည့်လျင် ထူးခြားသောအချက်အလက် တစ်ခုခု ရှိနေလိမ့်မည်ဟု ထင်စရာ မရှိပေ။ ပုထိုတော်ကြီးသာ ပြီးစီးခဲ့မည်ဆိုလျင် နောင်တော်ကြီးစေတီပုံစံအတိုင်း ဖူးရပါလိမ့်မည်။ ထိုစေတီပုံစံငယ်ကို မှီပြီး ပုထိုးတော်ကြီးကို တည်ရန် ရည်ရွယ်ထားသဖြင့် နောင်တော်ကြီးစေတီဟု ခေါ်ရခြင်းပင်။

နောင်တော်ကြီးစေတီကို မြန်မာသက္ကရာဇ် ၁၁၅၂ခုတွင် ဘိုးတော်ဘုရားမှ တည်စေခဲ့သည်။ ပုထိုးတော်ကြီး မပြီးခင် အနေကဇာတင်ခဲ့ခြင်းဖြစ်သည်။ နောင်တော်ကြီးစေတီအတိုင်း ဥာဏ်တော်အမြင့် ပေ၅၀၀ ရှိသည့် ပုထိုးတော်ကြီးတည်ရန် ကြိုးပမ်းခဲ့ပါသော်လည်း အောက်ခြေပစ္စယံကိုမျှ မပြီခဲ့ချေ။

၅) ပုထိုးတော်ကြီး

ဘိုးတော်ဘုရား တည်ခဲ့သော ကြီးလေးကြီးထဲမှ တစ်ခုဖြစ်သည့် ပုထိုးတော်ကြီးသည် စစ်ကိုင်းငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရသည့်အလျောက် အချို့နေရာများ၌ ပြိုကျပျက်စီးနေပြီး၊ အချို့နေရာများတွင် အက်ကွဲကြောင်းကြီးများဖြင့် ဟက်တက်ကွဲလို့ နေသည်။ ယခုမြင်နေရသော အမြင့်ပေမှာ ၁၆၅ပေ ရှိကြောင်း သိရသောအခါ များစွာ အံ့သြမိသည်။ ဘိုးတော်ဘုရား ရည်ရွယ်သည့် အမြင့်ပေ ၅၀၀အထိသာ ဆိုလျင် ဇက်ညောင်းလောက်အောင် မော့ကြည့်ယူရပေလိမ့်မည်။

ပုထိုးတော်ကြီးကို ၁၁၅၂ခု၊ တပို့တွဲလဆန်း ၅ရက်နေ့တွင် ရွှေအုတ်၊ ငွေအုတ်တို့ဖြင့် ခင်းတော်မူသည်။ ပုထိုးတော်ကြီး တည်ရန်အတွက် ဘိုးတော်ဘုရားသည် အနယ်နယ်အရပ်ရပ်မှ လူထုအင်အားကို အသုံးပြုရသည်။ ရည်ရွယ်ထားသော ပုထိုးတော်ကြီး၏ ထုထည်နှင့် အမြင့်မှာ ကြီးမားလွန်းလှသဖြင့် ဆယ်နှစ်ကြာညောင်းသည့်တိုင်အောင် အောက်ခြေပစ္စယံမျှ အပြီးမသတ်နိုင်သေးချေ။

ကြာသော် လူထုသည် ပန်းလှပြီ။ ဤသို့နှင့် တိုင်းပြည်အနှံ့ တဘောင်တစ်ခု ပေါ်ပေါက်လာသည်။ “ဘုရားလည်းပြီး၊ ပြည်ကြီးလည်း ပျက်လတံ့၊ မင်းကွန်းဘုရားကြီး အပြီးသတ် မုဆိုးသုညကပ်” ဟူသတဲ့။ သို့မှသာ ဘိုးတော်ဘုရားလည်း ပုထိုးတော်ကြီး ဆက်လက်တည်ရန်ကို လက်လျှော့လိုက်လေသည်။

၆) ခေါင်းလောင်းကြီး

“မင်းဖြူမှန်မှန်ပြော” ဟု ကြေးပိဿာချိန် မှတ်သားထားသည့် ခေါင်းလောင်းကြီးသည် ကြေးသတ္တုဖြင့် သွန်းလုပ်ထားသော အသံထွက်သည့် ခေါင်းလောင်းတော်ကြီး ဖြစ်သည်။ ခေါင်းလောင်းတော်ကြီးသည် ဘိုးတော်ဘုရား၏ ကြီးလေးကြီးစာရင်းတွင်သာ ဝင်သည်မဟုတ်ပေ။ တီးလျင် အသံထွက်သည့် ခေါင်းလောင်းကြီးများအနက် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးအဖြစ်လည်း မှတ်တမ်းဝင်သည်။

ခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရားအမိန့်ဖြင့် ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးပြီး ကြေးသွန်းပညာရှင်များမှ ၁၁၇၀ခု၊ ကဆုန်လဆန်း ၁၅ရက်နေ့တွင် သွန်းလုပ်ခဲ့ကြသည်။ လုံးပတ် ၃၃တောင် ၁မိုက် ၄သစ်၊ စောက်အနက် ၁၁တောင် ၁မိုက် ၄သစ်၊ အဝအကျယ် ၁၁တောင် ၄သစ် အရွယ်အစားဖြစ်သည်။ ကြေးပိဿာချိန် ၅၅၅၅၅ ပိဿာ လေးသည်။

၇) ခြင်္သေ့ကြီး

ပုထိုးတော်ကြီး၏ အရှေ့ဘက်ကမ်းရှိ ဧရာဝတီမြစ်ကမ်းနဖူးပေါ်တွင် အမြင့် ၉၅ပေ ကိုယ်စီရှိသည့် ခြင်္သေ့ကြီးနှစ်စီး ရှိသည်။ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ခြင်္သေ့နှစ်စီး၏ ဦးခေါင်းများမှာ ဧရာဝတီမြစ်အတွင်းပဲ ခုန်ဆင်းသွားလေသလား၊ မြေအောက်ထဲပဲ နစ်မြှပ်သွားလေသလား ခန့်မှန်းမရတော့ပေ။ သို့သော် ခြင်္သေ့တစ်စီး၏ မျက်လုံးတစ်လုံးမှာ နောက်ခြေထောက်ဘေးတွင် လွင့်စဉ်ကျလာပြီး ရှိနေသည်။ ခြင်္သေ့၏ ကိုယ်ထည်မှာလည်း ပုံပျက်နေပြီး နောက်ခြေထောက်များသာ အကောင်းအတိုင်း ကျန်တော့သည်။ ရှေ့ခြေများမှာလည်း ရေးရေးမျှသာ ပေါ်တော့သည်။

ခြင်္သေ့ကြီးနှစ်စီးကို မြန်မာသက္ကရာဇ် ၁၁၅၅ခုတွင် ဘိုးတော်ဘုရားမှ ဆောက်လုပ်စေခဲ့သည်။ ဘိုးတော်ဘုရား၏ ကြီးလေးကြီးစာရင်းတွင် ခြင်္သေ့ကြီးနှစ်စီးလည်း ပါဝင်သည်။

၈) မင်းကွန်းဘိုးဘွားရိပ်သာ

ခေါင်းလောင်းကြီးနှင့် မျက်စောင်းထိုးလောက်တွင် မင်းကွန်းဘိုးဘွားရိပ်သာ တည်ရှိသည်။ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးအား စတင် စောင့်ရှောက်ပေးခဲ့ရာမှစပြီး ဘိုးဘွားရိပ်သာအဖြစ် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ရိပ်သာတည်ထောင်သူမှာ ဘွားဦးဇွန်း ဖြစ်ပြီး ၁၉၁၅ခုတွင် စတင်ခဲ့သည်ဟု မှတ်သားရသည်။ ရိပ်သာမှတ်တမ်းများအရ အသက်အကြီးဆုံးမှာ အသက် ၁၃၉နှစ်ရှိသည့် ဘိုးစံရာဟု သိရသည်။ ဘိုးစံရာမှာ ဝါးခမမြို့အပိုင်၊ စပါးရိုးရွာမှာ လာရောက်နေထိုင်သူ ဖြစ်သည်။

ရိပ်သာတွင် အသက်၇၀နှင့် အထက် အဘိုး၊ အဘွားများအား လက်ခံထားသည်။ စားဝတ်နေရေး အမှန်တကယ် ခက်ခဲ့နေသော အသက် ၆၇၊ ၆၈နှစ် အဘိုး၊ အဘွားများအားလည်း ခြွင်းချက်အနေဖြင့် လက်ခံပေးသည်။ ဘုရားဖူးခရီးထွက်ရင်း အလှူအတန်းကုသိုလ် ယူလိုသူများအတွက် အထူးသင့်လျော်သော ရိပ်သာတစ်ခုဖြစ်သည်။

၉) တိပိဋက ဓမ္မနာဒကျောင်းတိုက်

တိပိဋက ဓမ္မနာဒကျောင်းတိုက်သည် မင်းကွန်းဒေသရှိ မြောက်များလှစွာသော ကျောင်းတိုက်များထဲမှ တစ်ကျောင်းဖြစ်သည်။ ဓမ္မနာဒကျောင်းတိုက်ကို ကျောင်းမြေနှင့်တကွ စတင်ပျိုးထောင်ခဲ့သူမှာ သီလရှင်ကြီး ဒေါ်ဓမ္မစာရီ ဖြစ်သည်။

ထိုကျောင်းတိုက်တွင် မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ သာသနာ့အာဇာနည်တစ်ပါး သီတင်သုံးခဲ့ဖူးသည်။ ကိုးကွယ် လေးစား ဂုဏ်ယူဖွယ်ကောင်းသော ထိုရဟန်းတော်သည် ဂင်းနစ်မှတ်တမ်းတွင် ကမ္ဘာ့မှတ်ဥာဏ်အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင် ခံထားရသည်။ ရဟန်းတော်၏ အရှေ့တွင်ကော၊ အနောက်မှာပါ ဂရင်းနစ်မှတ်တမ်းဝင်သည့် ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးမျိုး မပေါ်ထွန်းသေးပေ။

မိမိ ဤမျှလောက် မြတ်နိုးအမွှမ်းတင်နေမိသော ဆရာတော်မှာ ဦးဝိစိတ္တသာရဘိဝံသ မင်းကွန်းဆရာတော်ဘုရား ဖြစ်သည်။ မင်းကွန်းဆရာတော်ဘုရားသည် နိုင်ငံတော်အကြီးအကဲများ၏ အပူဇော်ခံ ရဟန်းတော်တစ်ပါး ဖြစ်သည့်အပြင် ဘွဲ့ထူးဂုဏ်ထူးများစွာ ဆပ်ကပ်ခံရသူဖြစ်ပါသော်လည်း ပညာမာန ထောင်လွှားခြင်း အလျဉ်းမရှိပေ။ ခြိုးခြံချွေတာ၍ ကျိုးနွံသော စိတ်နှလုံးနှင့် အပြုအမူမျိုး ရှိသည်။ မင်းကွန်းတော်ဆရာတော်ဘုရား ထေရုပ္ပတ္တိကို ဖတ်ကြည့်သောအခါ ဝီရိယတက်ဖွယ် ကောင်းလှသည်။ ပြောရန်စကားလုံးများ များလှသဖြင့် နောက်များမှ အချိန်ပေးပြီး သေချာလေး ရေးကြည့်ချင်ပါသေးသည်။

၁၀) မြသိန်းတန်စေတီ

စကြာဝဠာနှင့် မြင်းမိုရ်တောင် တည်ရှိဟန်ကို စိတ်ကူးစိတ်သန်း ကွန့်မြူးစွာဖြင့် တည်ထားသော မြသိန်းတန်စေတီမျိုး နောက်ထပ်တဖန် တည်နိုင်ကြတော့မည် မထင်ပေ။ အောက်ခံမြေထုပေါ်တွင် တံတိုင်းမီးတားကို စကြာဝဠာတောင်ပုံ ဝိုင်းကာတားထားသည့်ဟန် ဆောက်ထားသည်။ အလယ်တွင် သီတာခုနှစ်တန်၊ တောင်စဉ်ခုနှစ်ထပ်က တစ်ထပ်စီ မြင့်တက်သွားပုံ ဖန်တီးထားသည်။

တောင်စဉ်ခုနှစ်တန်၏ အလယ်တွင် မြင်းမိုရ်တောင် တည်ရှိဟန်ဖြင့် စေတီကို တည်ထားသည်။ စေတီအောက်ခြေကနေ ခါးပန်းအထိ အာလိန်ငါးဆင့်ပြန်ပတ်ပြီး ပထမအာလိန်မှာ နဂါး၊ ဒုတိယမှာ ဂဠုန်၊ တတိယမှာ ကုမ္ဘဏ်၊ စတုတ္ထမှာ ယက္ခ၊ ပဉ္စမမှာ ဂန္ဓဗ္ဗ စောင့်ရှောက်ဟန် ထွင်းထားသည်။ အာလိန်ငါးဆင့်အထက်မှာ သိကြားမင်းစံမြန်းတဲ့ တာဝတိံသာနတ်ပြည်ဖြစ်တဲ့ မြင်းမိုရ်တောင်ထိပ်ကို မြင်နိုင်သည်။ မြင်းမိုရ်တောင်ထွဋ်တွင် စူဠာမဏိစေတီ တည်ရှိဟန် ဆောက်လုပ်ထားသည်။ မြင်းမိုရ်တောင်အောက်ခြေတွင် လှိုဏ်ထွင်းထားပြီး အတွင်း၌ှထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်စံပယ်သည်။ တစ်ဆူမှာ မြသိန်းတန်စေတီ၏ မူလဒါယိကာဖြစ်သော အလောင်းစည်သူမင်း တည်ထားကိုးကွယ်ခဲ့သည့် ရှင်ဖြူဘုရားဟု သိရသည်။

မြသိန်းတန်စေတီ၏ မူလဘွဲ့တော်မှာ ရှင်ဖြူဘုရားဖြစ်ပြီး အလောင်းစည်သူမင်း ကောင်းမှုတော်ဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက် မင်းကွန်းတွင် စေတီပုထိုးများတည်စဉ် ဆွေတော်မျိုးတော်များလည်း ကုသိုလ်ပါဝင်ကြသည်။ ဘိုးတော်ဘုရား၏ မြေးဖြစ်သူ အိမ်ရှေ့စံ စစ်ကိုင်းမင်းသည် စေတီတည်ရန် လှည့်လည်ရှာဖွေရာ အလောင်းစည်သူမင်း တည်ခဲ့သော စေတီပျက်ကို တွေ့ရသည်။ ထိုနေရာကို ရှင်းလင်းပြီး ၁၈၁၆ခုတွင် မြသိန်းတန်စေတီကို တည်စေခဲ့သည်။

မြသိန်းတန်စေတီဟု ခေါ်ရခြင်းမှာ အိမ်ရှေ့စံ စစ်ကိုင်းမင်း၏ ကြင်ယာတော် ဆင်ဖြူမယ် ဝတ်ဆင်ခဲ့သည့် တစ်သိန်းထိုက်သော မြရတနာကို ထည့်သွင်းဌာပနာခဲ့သောကြောင့်ဟု ဆိုကြသည်။ ဆင်ဖြူမယ်မိဖုရားသည် စကြာမင်းသားကို ဖွားမြင်ပြီး ခုနှစ်ရက်အကြာတွင် နတ်ရွာစံခဲ့သည်။ အိမ်ရှေ့စံမင်းသည် မိဖုရားအား လွမ်းဆွတ်နေချိန်တွင် မြသိန်းတန်စေတီကို တည်ခဲ့သောကြောင့် ဆင်ဖြူမယ်ဘုရား ဟုလည်း ခေါ်ကြပါသေးသည်။

Ref: သမိုင်းထဲကမင်းကွန်း (အရှင်စန္ဒဇောတိ)၊ တိပိဋကဓရအရှင်မြတ်များ၏ဖခင် ကမ္ဘာကျော် မင်းကွန်းထေရ်ရှင် - ဆရာတော်ဘုရားကြီး သက်တော်ရာပြည့် အထိမ်းအမှတ် (ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ)

မှတ်ချက်။ ။ လွတ်လပ်စွာ Share နိုင်ပါသော်လည်း ကျေးဇူးပြုပြီး ပေ့ခ်ျများမှ ပုံအားလည်းကောင်း၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan

#mingun #mandalay #myanmar

Copyright © 2020 Traveller Chan. All Rights Reserved.