Local Trip

Fill your life with adventures.

တစ်ပင်ကိုတစ်ပင်ယှက် တစ်နွယ်ရိပ်တစ်နွယ်ခိုကာ လှချင်းတိုင်းလှနေသောမြို့ - မေမြို့

တမြန်နှစ်တစ်နှစ်လုံးနီးပါး ခရီးထွက်ဖို့ရန်လည်း စိတ်မပါ၊ Blog ကိုလည်းပစ်ထားပြီး အိမ်တွင်းအောင်းနေရာမှ ယခုတော့ ငြီးငွေ့စပြုလာပါပြီ။ ထိုစဉ် တစ်လမျှသာအသက်ကွာသော ညီမတစ်ဝမ်းကွဲ ရန်ကုန်သို့ အလည်လာသည်နှင့် ကြုံကြိုက်သဖြင့် အဖော်စပ်ကာ မေမြို့သို့ စိတ်ပြေလက်ပျောက် ခရီးနှင်ဖြစ်ခဲ့သည်။

ပင်ကိုယ်အားဖြင့် ရှေးဟောင်းနှင့်သမိုင်းကို စိတ်အားသန်ပါသော်လည်း ယခုတစ်ခေါက်တွင်မူ စိမ်းစိမ်းစိုစို ပန်းရောင်စုံများသာ ရှုစားချင်တော့သည်။ ဤသို့ဖြင့် ခင်မင်စွဲရှိသော Cherry Hill Maymyo Tour အား အပူကပ်ကာ ရှုခင်းသာသောလမ်းများသို့ လှည့်လည်ခဲ့ပါသည်။

ပန်းမြို့တော်အကြောင်း တစေ့တစောင်း

ပန်းမြို့တော်၊ တောင်စခန်းမြို့၊ တောင်လှေကားမြို့၊ မေမြို့၊ ပြင်ဦးလွင် ဟု ငါးမည်ရသော မြို့တော်သည် မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်။ ကိုလိုနီခေတ် ၁၈၈၆ခုတွင် ဘင်္ဂလားခြေလျင်တပ်မှ ဗိုလ်မှူးကြီးမေကို ဂုဏ်ပြုသောအားဖြင့် မေမြို့ဟု အမည်တွင်ခဲ့သည်။ အေးမြသောရာသီဥတု၊ စိမ်းစိုသောသစ်တောအုပ်၊ မှိုင်းညှို့သောတောင်တန်းများ ရှိသဖြင့် အပန်းဖြေရန် အထူးသင့်လျော်သည်။

၁) တော်ဝင်နှင်းဆီခြံလမ်းမှ သော်ကနွယ်တန်း

စိုင်ကော်လို့ ခြုံပေါ်ရောက်ဆိုသလို ကံတရားဆိုတာကလည်း ပြောရခက်သည်။ ဓာတ်ပုံရိုက်ကြမည်ဟု မျှော်လင့်ချက်အပြည့်ဖြင့် သွားရှာကြသော အပင်မှာ ပင်လုံးကျွတ် ရွက်ဝါကြွေကုန်ပြီး အရိုးပြိုင်းပြိုင်းသာ ကျန်တော့သည်။ စိတ်ပျက်လက်ပျက်ရှိနေခိုက် Cherry Hill Maymyo Tour ၏ ပဲ့ကိုင်ရှင် ကိုပြည်ဘုန်းမော်မှ “အမရေ မေမြို့မှာ လမ်းလှလှလေးတွေ အများကြီးရှိတယ်။ သွားကြည့်ချင်လား” ဆိုတော့ အားရဝမ်းသာစွာဖြင့် “ဟုတ်ကဲ့ပေါ့”။

ဤသို့ဖြင့် ကားမောင်းလာကြရင်း သော်ကနွယ်အုပ် အစုပ်လိုက် အတန်းလိုက်ကြီးကို မရည်မရွယ်ဘဲ ကံကောင်းထောင်မစွာ တွေ့ခဲ့ကြခြင်းပင်။ သော်ကပန်းအမျိုးအစား နှစ်မျိုးရှိပြီး အခုမြင်ရမှာကတော့ Trumpet Vine လို့ခေါ်တဲ့ နွယ်ပန်းအမျိုးအနွယ်ပါ။ နောက်တစ်မျိုးကတော့ အနီရောင်အဆင်းရှိပြီး နွယ်အမျိုးအစား မဟုတ်ပါဘူး။ သော်ကနွယ်များသည် ကျယ်ပြန့်သောခြံစည်းရိုး တလျှောက်တင် မကဘဲ သစ်ပင်ကြီးများပေါ်ပါ ပြွတ်သိပ်စွာ နွယ်တက်နေခြင်းဖြစ်သည်။ အရွက်မှာ အစိမ်းရင့်ရင့်ဖြစ်ပြီး အပွင့်များမှာ လိမ္မော်ရောင်အဆင်းရှိပြီး အစုပ်လိုက် အခဲလိုက် အားရပါးရကြီး ပွင့်နေခြင်း ဖြစ်သည်။ သည်လိုဆိုတော့ စိုင်ကော်ပေမယ့် ခြုံပေါ်သို့ကျပြီမို့ ပျော်ပျော်ရွှင်ရွှင် ဖြစ်ရပါပြီ။

၂) ဘုရားကြီးအောက်လမ်းမှ ချယ်ရီတန်း

တရပ်တရွာသူဆိုတော့ ဘုရားကြီးအောက်ဘက်လမ်းက ချယ်ရီတန်းတွေ ပွင့်နေပြီအမ ဆိုတော့ ဘယ်ဘုရားကို ပြောမှန်မသိ၍ စူးစူးစမ်းစမ်း မေးမိသည်။ ထို့နှင့် မဟာအံ့ထူးကံသာဘုရားကြီးကို ဆိုလိုမှန်း သိတော့သည်။ ချယ်ရီတန်းရှိ အပင်တို့မှာ အချို့ကပွင့်၍ အချို့ကငုံသည်။ မိုးအေးလေအေး ဖြန်းထားသဖြင့် မပွင့်သေးသော အပင်အချို့ စိမ်းဖန့်ဖန့် အရွက်နု ထွက်စပြုနေသည်။

ချယ်ရီပန်းတို့မည်သည် ဥတုအချိန် ရွေးလှသည်။ ထိုတင်မက ပတ်ဝန်းကျင်အပူအအေးပေါ် မူတည်ပြီး အရောင်အဆင်းကလည်း ကွာပြန်သေးသည်။ လှလိုက်တာဟု ပင်ယံထက်မှ ချိုင်ရင်လည်း တခဏလေးဖြင့် ညှိုးရရှာသည်။ ပန်းတို့မည်သည် ညှိုးနွမ်းနေလျင် အဘယ်မှာ လှတော့မည်နည်း။ သဘာဝကျကျ ပင်ယံထက်မှာ ငွားငွားစွင့်စွင့် ပွင့်နေတာကမှ မျက်စိပဒါယ ဖြစ်တော့သည်။

၃) Governor House မှ ထင်းရှူးတန်း

သဘာဝအလှအပများကို အကျေအလည် မခံစားတတ်ခင်က တစ်ကြိမ်တစ်ခါ ရောက်ခဲ့ဖူးသည်။ ဟိုတုန်းဟိုခါက အိမ်ကြီးကိုသာ စိတ်ဝင်စားခဲ့မိသဖြင့် ထင်းရှူးတန်း၏ အလှကို သတိမမူဖြစ်ခဲ့ချေ။ ယခုအကြိမ်မှပဲ အလှအပတွေကို စိတ်ပြေနပြေ ခံစားမိတော့သည်။

Governor House ကို ရောက်စဉ်က ဖျိုးဖျိုးပျပျ နေသိမ်းစအချိန် ဖြစ်သဖြင့် အလင်းအမှောင်က ဟန်ကျပန်ကျ ရှိသည်။ ဟိုနားလေးကလှလို့ဆိုပြီး ဓာတ်ပုံပြေးရိုက်လိုက်၊ သည်နားလေးကလှလို့ဆိုပြီး ဓာတ်ပုံပြေးရိုက်လိုက်နှင့် တော်တော်နှင့် လက်စမသိမ်းနိုင်ခဲ့ပေ။

၎) ကျီးကိုင်းရွာ သွားရာလမ်းရှိ လက်ဖက်ခြံ

ပုပုသေးသေး လက်ဖက်ပင်တန်းကို အရှေ့မှာထားပြီး ထိုးထိုးထောင်ထောင် သစ်ပင်တန်းများကို နောက်ခံအနေဖြင့် ညီညီညာညာ စိုက်ပျိုးထားသည်။ အပွင့်အရောင်မရှိပေမယ့် စိမ်းစိုညိုမှိုင်းနေသော အပင်တန်းများမို့ တမျိုးကြည့်ကောင်းတော့သည်။ ထိုနေရာမျိုးတွင် ဓာတ်ပုံဆရာနှင့် ကျကျနန ရိုက်မည်ဆိုလျင် ပုံထွက်အတော်လှမှာ အသေအချာပင်။

၅) အိမ်တော်ရာလမ်းမှ ခရစ်စမတ်ပင်တန်း

ခရစ်စမတ်ပင်ကို ကျွန်မက ပွင့်တူရွက်တူလို့သာ သိထားတာ။ သူ့ရဲ့အပွင့်က အရွက်နှင့် တပုံစံတည်းတူပြီး အရောင်ကသာ ရဲသွားခြင်းဖြစ်သည်။ အတန်းလိုက်စိုက်ထားသော ထိုလမ်းလေးသည် အစိမ်းပေါ် အရဲဆင့်သဖြင့် ကြည့်လို့ကောင်းသည်။ လမ်းလေးကလည်း ကွေ့လေးနှင့်မို့ ခရစ်စမတ်ပင်တန်းနှင့် တွဲလိုက်တော့ တမျိုးဆန်းသည်။

၆) ရွှေမြင်သာ ထင်းရှူးတောလမ်း

ဦးစိုင်းရဲ့ ထင်းရှူးတောထဲက ဓာတ်ပုံတွေ တက်လာစဉ်က ဓာတ်ပုံသွားရိုက်ချင်လိုက်တာလို့ အာသီတ ရှိရင်းစွဲနဲ့ပါ။ တွေးငေးနေတုန်း ထင်းရှူးတောဆီ လိုက်ပို့ပေးတော့ တကတည်း ပျော်ရောပေါ့။ ထင်းရှူးဆီ ထုတ်ထားတဲ့ မည်းညစ်ညစ် တစ်ခြမ်းပဲ့ အပင်တွေကို ရှောင်ရှားပြီး ရိုက်လိုက်မိတာ… တစ်ပုံ၊ နှစ်ပုံ၊ သုံးလေးပုံနဲ့ ဘယ်နှစ်ပုံတောင် ရိုက်မိမှန်း မသိတော့ပါဘူး။ တောအုပ်ထဲမို့ အေးကာစိမ့်ကာ အလင်းပါးပါး ရှိပေမယ့် အေးငြိမ်းသာယာလွန်းလို့ ပျော်နေတော့တာပါပဲ။

၇) မြို့ရှောင်လမ်းမှ ထင်းရှူးတန်း

ထင်ရှူးပင်အုပ်ချင်း တူပေမယ့် လမ်းအနေအထားကြောင့် တမျိုးတဘာသာကွဲတဲ့ ရှုခင်းမျိုး ဖြစ်လို့နေသည်။ ထင်းရှူးတောထဲကလမ်းက ကျဉ်းပြီး သည်နေရာရဲ့လမ်းက ခပ်ကျယ်ကျယ်ပါပဲ။ ကားသွားကားလာလည်း လှမ်းမြင်နေရတာမို့ လူနည်းလို့ တောထဲမဝင်ရဲရင် သည်နေရာလေးကျ ဓာတ်ပုံရိုက်ဖို့ အဆင်ပြေမှာပါ။

၈) မြို့ရှောင်လမ်း

လမ်းမကြီးပေါ် ဓာတ်ပုံတက်ရိုက်ရတာ အန္တရာယ်တော့ အများသား... ကားတွေကလည်း ကုန်ကားကြီးတွေ အလာများတာကိုး။ တင်းတင်းပြောင်ပြောင် ဖြစ်နေတဲ့ လမ်းမကြီးကို ကြည့်ပြီး မနေနိုင်လို့သာ အကျဉ်းမျှ တက်ရိုက်မိတယ်။ ရင်ထိတ်ရတာမို့ အခြားသူတွေတော့ လိုက်မလုပ်စေချင်မိပြန်ဘူး။

၉) ချယ်ရီနှင့် ခေါင်းလောင်းပင်တန်း

အပြစ်ဆိုလည်း ခံရပါတော့မည်။ မေ့လွယ်တတ်ပါရဲ့နဲ့ လမ်းနာမည်ကို မှတ်မလာခဲ့မိဘူး။ ဒါ့ကြောင့် နောက်များမှသာ မေးမြန်းပြီး ပြင်ပေးဖို့သာ တတ်နိုင်တော့မည်။ ချယ်ရီပင်တန်းက ပင်လုံးကျွတ် ပွင့်မနေပါသော်လည်း အပင်အောက်ခြေမှာ အပိုင်းအခြား သတ်မှတ်ပြီး ခြားကာလွှားကာ စိုက်ပျိုးထားတဲ့ ခေါင်းလောင်းပင်တွေက အဝါရာအပွင့်တွေ ဝေနေသည်။ ချယ်ရီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်တွေ ပေါင်းစပ်ထားတာမို့ မျက်စိကျရပါသည်။

၁၀) ချယ်ရီတန်း

ချယ်ရီဆိုတာ ပင်လုံးကျွတ် ဝေနေအောင် ပွင့်မှ လှတာဆိုပေမယ့် သည်လမ်းထဲက ချယ်ရီပင်တွေကတော့ ဝေမနေခဲ့ပါဘူး။ ဒါပေမယ့် ချယ်ရီပင်တွေက တစ်ပင်နှင့်တစ်ပင် ထိကာယှက်ကာ ရှိနေသဖြင့် သာယာလိုက်တာလို့ ခံစားရမှာပါ။ ဘယ်ညာအပြည့် ပင်လုံးကျွတ်များ ဝေနေလိုက်ရင်ဖြင့် ဘယ်လောက်တောင် လှနေလိုက်မလဲဟု စိတ်ကူးရင်း တော်သေးပြီ။

အထက်ဖော်ပြပါ ခရီးစဉ်မျိုး သွားချင်ရင်တော့ Photo Tour ပုံစံမျိုး သွားစေချင်ပါတယ်။ အချက်အလက်များကို သိချင်ရင်ဖြင့် -

Cherry Hill Maymyo Tours

ဖုန်းနံပါတ် - ၀၉ ၆၉၅ ၅၀၃ ၃၄၂ / ၃

https://www.facebook.com/467788727044491/posts/522622028227827/

သီဟဗလဟော်တယ်

ဖုန်းနံပါတ် - 085-23120, 085-21312, 09 774488238, 09 774488239

လိပ်စာ - အမှတ် (၁၃)၊ ဝိုင်အမ်ဘီအေ အရှေ့၊ ရပ်ကွက်ကြီး (၄)၊ (၇) ကွက်၊ ပြင်ဦးလွင်မြို့။

Photo by - Zaw Lin Phyoe (Danamoe Production)

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Copyright © 2020 Traveller Chan. All Rights Reserved.