Local Trip

Fill your life with adventures.

10 Best Places you must visit in Mawlamyine

ချမ်းသည်တစ်ခေါက် မသွားစဖူး မိုးတွင်းကြီး မော်လမြိုင်မြို့ကို သွားလည်ဖြစ်ခဲ့ပါတယ်။ တစ်မြို့လုံး စိမ်းစိုပြီး မိုးတဖြောက်ဖြောက်နဲ့ တိမ်ခိုးတွေဝေနေလိုက်တာ စိတ်လှုပ်ရှားဖို့ အလွန်ကောင်းလှတယ်။

မော်လမြိုင်ဆိုတာ

သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္တရံဖြစ် နှင့် သောင်ရင်းမြစ် စတဲ့ မြစ်လေးခု ဆုံရာအရပ်မှာ ရမ္မာပူရ (ရမ္မာဝတီ) လို့ အမည်ရတဲ့ မြို့ကို မွန်လူမျိုးများက စတည်ခဲ့ကြတယ်။ ရမ္မာပူရမြို့က မျက်မှောက်ခေတ် မော်လမြိုင်မြို့ရဲ့ မူလအစပါ။ ရမ္မာပူရမြို့ကို အုပ်ချုပ်တဲ့ မင်းနာမည်က မွတ်ပိရာဇမင်း လို့ သိရတယ်။ ထိုမင်းရဲ့ ထူးခြားချက်က ပုံမှန်မျက်စိ တစ်စုံရဲ့ အလယ်မှာ တတိယမျက်လုံးတစ်လုံး ပါတာပါပဲ။ တတိယမျက်လုံးကနေပြီး မိုင်ပေါင်းများစွာအထိ ထွင်းဖောက်မြင်နိုင်ပါတယ်တဲ့။

ထိုအချိန်က ရမ္မာပူရမြို့ကို ယိုးဒယားတွေက သိမ်းပိုက်ချင်ကြတယ်။ တိုက်တိုင်းလည်း မွတ်ပိရာဇမင်းက ရန်သူ့ရဲ့ ခြေလှမ်းကို တတိယမျက်လုံးအစွမ်းနဲ့ ကြိုသိနေတဲ့အတွက် အမြဲရှုံးတာချည်းပါပဲ။ ယိုးဒယားမင်းက ရှုံးရတဲ့အကြောင်းရင်းကို သိတော့ သမီးတော်တစ်ပါးနဲ့ ပေးစားပြီး မွတ်ပိရာဇမင်းရဲ့ တတိယမျက်လုံးကို ဖျက်စီးစေခဲ့တယ်။

တတိယမျက်လုံး ပျက်စီးပြီးနောက်မှာ မွတ်ပိရာဇမင်းကို မတ်မွဲလိုမင်းလို့ ပြောင်းခေါ်ကြတယ်။ အဓိပ္ပာယ်က မျက်စိတစ်လုံးပျက်စီးခြင်း လို့ အနက်ရတယ်။ အသံထွက်ကတော့ မွတ်မော်လုံမ် လို့ ထွက်ရပါတယ်။ ရမ္မာပူရမြို့ကိုလည်း မွတ်မော်လုံမ်မြို့ ဆိုပြီး ပြောင်းခေါ်ဖြစ်လာတယ်။ နောက်ပိုင်း မွတ်မော်လုံမ်ကနေတစ်ဆင့် မော်လမြိုင်ဆိုပြီး ဖြစ်လာတာပါ။

ဘယ်လိုသွားမလဲ?

ရန်ကုန်ကနေဆိုရင် ၅နာရီနဲ့ ၆နာရီဝန်းကျင်လောက် ကားမောင်းသွားရင် ရောက်ပါတယ်။ ရန်ကုန် - မော်လမြိုင် တလျှောက် ကားလမ်းဖြူးတယ်။ အဝေးပြေးကား အနေနဲ့ဆိုရင် မန်းရာဇာ၊ မန္တလာမင်း၊ New Generation စသည့် ယာဉ်လိုင်းတွေ ရောက်ပါတယ်။

Travel & Tours တွေကနေပြီးလည်း နေ့ချင်းပြန်ခရီးစဉ် ဆိုပြီး ပို့ပေးတာမျိုး ရှိတယ်။ တစ်ယောက် လေးသောင်းကျပ်ကျပြီး စားသောက်၊ လည်ပတ် အားလုံး အပြီးအစီးပါ။ Tour နဲ့ သွားမယ်ဆိုရင် အပြန် ရန်ကုန်ကို ည ၁၁နာရီ ဝန်းကျင်လောက် ရောက်ပါတယ်။

၁) ကျောက်သင်ပုန်းတွေ စတင်ရာ မုဒွန်းကျေးရွာ

မုဒွန်းကျေးရွာသည် မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှာ ရှိပါတယ်။ ဘီလူးကျွန်းနဲ့ မော်လမြိုင်မြို့ကို တံတားကူးထားတဲ့အတွက် ကားနဲ့ အလွယ်တကူ သွားလို့ရတယ်။ မုဒွန်းကျေးရွာကို သွားရတဲ့ ရည်ရွယ်ချက်က မွန်လူမျိုးတို့ရဲ့ လက်မှုပညာ တစ်ရပ်ဖြစ်တဲ့ ကျောက်သင်ပုန်း၊ ကျောက်တံလုပ်ငန်းကို လေ့လာချင်တဲ့ အတွက်ကြောင့်ပါ။

ချမ်း မူလတန်းကနေ ပထမတန်းအထိ မြန်မာနိုင်ငံမှာ ဗလာစာအုပ်တွေ ရှားပါးပါသေးတယ်။ ဒါ့ကြောင့် ကျောက်သင်ပုန်းနဲ့ ကျောက်တံကို သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုခဲ့ရတယ်။ ဝလုံးကအစ ကကြီးကနေ အ,အဆုံး၊ အင်္ဂလိပ်အက္ခရာ၊ ဂဏန်းသင်္ချာ ဒါတွေအားလုံး ကျောက်သင်ပုန်း၊ ကျောက်တံကို အသုံးပြုပြီး မှတ်သားလေ့ကျင့်ခဲ့ရတာချည်းပါပဲ။

ကျောက်သင်ပုန်းထုတ်လုပ်ပုံကို သေချာလေ့လာချင်ရင်တော့ ဆောင်းတွင်းမှာသာ သွားသင့်ပါတယ်။ ကျောက်သင်ပုန်းလုပ်တဲ့ ကျောက်သားတွေကို မိုးတွင်းမှာ ထုတ်ယူဖို့ မဖြစ်နိုင်တဲ့အတွက် မိုးတွင်းမှာ လုပ်ငန်းတွေ နားထားတတ်ကြလို့ပါ။

ကျောက်သင်ပုန်းထုတ်လုပ်တဲ့ ကျောက်သားတွေကို မုဒွန်းကျေးရွာ အနီးမှာရှိတဲ့ မုဆိုးမတောင်ပေါ်ကနေ ကျောက်တွင်းတူးပြီး ထုတ်ယူရပါတယ်။ မုဆိုးမတောင်ကို လက်ရှိမှာ ကျောက်သင်ပုန်းတောင်လို့ ခေါ်နေကြပါပြီ။ ရှေုးတုန်းက ကျောက်သင်ပုန်း၊ ကျောက်တံလုပ်ငန်းတွေ အင်မတန် တွင်ကျယ်ခဲ့တဲ့အတွက် မုဒွန်းကျေးရွာ တစ်ရွာလုံး ကျောက်သင်ပုန်း၊ ကျောက်တံ ထုတ်လုပ်ကြပါတယ်။ ယခုချိန်မှာတော့ ကျောက်သင်ပုန်းလုပ်ငန်း မကွယ်ပျောက်ရလေအောင် မနည်းရုန်းကုန် ထိန်းသိမ်းနေရတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေကတော့ ဘီလူးကျွန်းကို တကူးတက လာရောက် လည်ပတ်ပြီး မွန်လူမျိုးတို့ရဲ့ လက်မှုပညာပစ္စည်းတွေကို တမြတ်တနိုး ဝယ်ယူသွားတတ်စမြဲပါ။

မော်လမြိုင်မြို့ကနေ ဘီးလူးကျွန်းကို သွားရန် သံလွင်မြစ်ကူးတံတာမှ ဖြတ်သွားရတယ်။
မုဒွန်းကျေးရွာရှိ လက်မှုပစ္စည်း အမှတ်တရ ပစ္စည်းဆိုင်

၂) Made in Ywalut

ဆေးတံများ ရွာလွတ်ကျေးရွာသည် မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှာ ရှိပါတယ်။ မုဒွန်းကျေးရွာနဲ့ ရွာနီးနားချင်းတွေပါ။ Made in Ywalut ဆေးတံများသည် တချိန်တခါတုန်းက နိုင်ငံတကာဈေးကွက်ကို ဖောက်ထွင်းနိုင်သည်အထိ အောင်မြင်ခဲ့ဖူးတယ်။

ပြည်သူပိုင်သိမ်းတဲ့ခေတ် အပြီးမှာတော့ ဆေးတံလုပ်ငန်းများ ဈေးကွက်ပျက်သွားလိုက်တာ ယခုအချိန်ထိ နလန်မထူနိုင်သေးပါဘူး။ ရွာလွတ်ကျေးရွာရှိ မွန်လူမျိုး အနည်းငယ်မျှလောက်သာ ဆေးတံလုပ်ငန်းကို မိသားစုအမွေအနှစ် လုပ်ငန်းအဖြစ် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ ပြည်တွင်းဈေးကွက် ပျက်သွားတဲ့အတွက် ပြည်ပဈေးကွက်ကိုသာ အားကိုးနေရကြောင်း သိခဲ့ရတယ်။

ပြည်ပဈေးကွက် တင်ပို့ဖို့အတွက် အရည်အသွေးကို အထူးဂရုစိုက်ရပါတယ်။ ကုန်ကြမ်းစားရိတ်ကြီးမားပြီး အခွန်အခလည်း များတဲ့အတွက် အမြတ်ဆိုတာထက် စားနိုင်သောက်နိုင်ရုံဝင်ငွေနဲ့ ရပ်တည်နေရတာပါ။ ဘဝအာမခံချက် ဝင်ငွေမျိုး မရှိတော့တဲ့အတွက် လူငယ်မျိုးဆက်သစ်များကို ပညာအမွေ လက်ဆင့်ကမ်းဖို့ရာ မလွယ်ကူတော့ပါဘူး။ ရွာလွတ်ရဲ့ ဆေးတံလက်မှုလုပ်ငန်းဟာ ကျောက်သင်ပုန်းလုပ်ငန်းထက် ဈေးကွက်အခြေအနေ ပိုဆိုးကြောင်း၊ ပညာရပ်ပျောက်ပျက်သွားမှာကိုတောင် စိုးရိမ်နေရပြီဖြစ်ကြောင်း သိခဲ့ရတယ်။

ရွာလွတ်ကျေးရွာ အဝင်ပေါက်
ရွာလွတ်ကျေးရွာရှိ ဆေးတံလုပ်ငန်း

၃) ဇင်းကျိုက်ရေတံခွန်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်မှာရှိတဲ့ အလွန်လှပတဲ့ ရေတံခွန်ကြီးပါ။ ဇွန်လနဲ့ ဇွန်လိုင်လတွေမှာ ရေတွေတဟုန်ထိုး စီးကျနေပြီး အလှပဆုံးပါပဲ။ ရေတံခွန် အနီးနားမှာ လူနေအိမ်ခြေတွေ ရှိတဲ့အတွက် အဝတ်လဲဖို့နဲ့ ရေချိုးရန် အလျဉ်းသင့်လှတယ်။ သန့်စင်ခန်းသုံးခက ၁၀၀ကျပ် ဖြစ်ပြီး ရေချိုးခန်းသုံးခက ၃၀၀ကျပ်ပါ။

ရေတံခွန်က နှစ်ထပ်ရှိပါတယ်။ အောက်ထပ်ရေတံခွန်မှာပဲ ရေကစားကြတာ များပါတယ်။ အပေါ်ထပ်ကို တက်ဖို့အတွက် ကျောက်လှေခါးထစ်စောင်းတန်းရှည်ကြီးတစ်ခု လုပ်ပေးထားတယ်။ လမ်းသာပေမယ့် အတော်ကလေး အားစိုက်တက်ရတာကြောင့် လူနည်းတာပါ။ အပေါ်ထပ် ရေတံခွန်မှာ ကျောက်သင်္ဘောစေတီတစ်ဆူ တည်ထားတာ ဖူးခဲ့ရတယ်။ သင်္ဘောပုံသဏ္ဍာန်ရှိတဲ့ ကျောက်တုံးကြီးပေါ်မှာ ရွှေစေတီတစ်ဆူ တည်ထားတယ်။ ကျောက်သင်္ဘောစေတီသမိုင်းနဲ့ ပတ်သတ်ပြီး စုံစမ်းကြည့်တာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာ ဆိုသည်မှတပါး ရေရေရာရာ ပြောပြနိုင်တဲ့သူ မတွေ့ခဲ့ပါဘူး။ မိုးအရမ်းများတဲ့အချိန်ဆိုရင် အပေါ်ထပ်ရေတံခွန်က ရေစီးအလွန်သန်တယ်။ အန္တရာယ်များတဲ့အတွက် ရေထဲဆင်းကစားခွင့် ပိတ်ထားတတ်တယ်။

ဇင်းကျိုက်ရေတံခွန် ဒုတိယထပ်မှ လှမ်းမြင်ရသော ရှုခင်း
ဇင်းကျိုက်ရေတံခွန် ဒုတိယထပ်ရှိ ကျောက်သင်္ဘောစေတီ

၎) နွားလပို့တောင်

မွန်ပြည်နယ်၊ ပေါင်မြို့အလွန်၊ ကျုံကကျေးရွာမှာ ရှိပါတယ်။ တောင်ခြေထိ ကားကြီးကားငယ် အသွယ်သွယ် သွားဖို့ လမ်းပန်းသာတယ်။ တောင်ပေါ်ကိုတော့ တောင်တက်ကားများဖြင့်သာ တက်နိုင်ပြီး လေးမိုင်ခန့် ဝေးတယ်။

နွားလပို့တောင်ပေါ်ရှုခင်းက မိုးတွင်းမှာ တိမ်သားတွေထဲ လမ်းလျှောက်နေရတဲ့အတွက် အိမ်မက်ဆန်ပြီး၊ ဆောင်းတွင်းမှာ ကြည်လင်လှပလွန်းတဲ့ ရှုခင်းတွေကြောင့် ကဗျာဆန်ပါတယ်။ သံလွင်မြစ်ကိုကျော်ပြီး တဖက်ကမ်းက ဇွဲကပင်တောင်ကိုတောင် လှမ်းမြင်နိုင်တယ်။ စိမ်းစိုပြီး ရေဝှမ်းနေတဲ့ စပါးခင်းတွေ၊ အထပ်ထပ်ဖြစ်နေတဲ့ တောင်ကုန်းစိမ်းကြီးတွေနဲ့ တမျိုးတဖုံ သာယာလှပါဘိ။

တောင်ထိပ်မှာ ဂေါတမမြတ်စွာဘုရားရဲ့ ဆံတော်တစ်ဆူကို ဌာပနာထားတဲ့ ဗန္ဓိသေလာစေတီကို ဖူးမျှော်နိုင်ပါတယ်။ ကျောက်သုံးလုံးဆင့်ထပ်ထားဟန် ရှိပြီး ဆံတော်ကို အလယ်ကျောက်တုံးထဲမှာ ဌာပနာထားတယ်။ စေတီကိုတော့ အပေါ်ဆုံးကျောက်တုံးပေါ်မှာ တည်ထားပါတယ်။ ကျိုက်ထီးရိုးစေတီကို တည်ခဲ့တဲ့ တိဿရသေ့ကြီးကပဲ တည်ခဲ့တာလို့ မှတ်သားရတယ်။ ကျိုက်ထီးရိုးစေတီ တည်တဲ့နှစ်ထက် ငါးနှစ်စော ပါတယ်တဲ့။

နွားလပို့တောင် ရှုခင်း
ဗန္ဓိသေလာစေတီ

၅) ကျိုက်ထီးဆောင်း ဆံတော်ရှင်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာမှာ ရှိပါတယ်။ ရှေးဘိုးဘွားဘီဘင်တို့ရဲ့ ဂဝံဗိသုကာပညာရပ်ကို ပါးစပ်အဟောင်းသား ငေးမောခဲ့ရတာပါ။ အပြောမဟုတ်ဘဲ အတော့်ကို ထူးခြားတဲ့လက်ရာတွေပါ။

ရှေးမွန်လူမျိုးများလက်ထက်မှာ အဆောက်အဦးတွေ၊ ရုပ်တုတွေကို ဂဝံကျောက်များဖြင့် ထုဆစ်ခဲ့ကြတဲ့ခေတ်တစ်ခေတ် ထွန်းကားခဲ့ဖူးပါတယ်။ မွန်ပြည်နယ်ဟာဆိုရင် အင်မတန် မိုးများတဲ့အတွက် ဂဝံလက်ရာအများအပြား ပျက်ဆီးကုန်ပါပြီ။ မျောက်မှောက်ခေတ်မှာ အထောက်အထားပြစရာ အင်မတန် ရှားပါးလှတယ်။ ကျိုက်ထီးဆောင်းဘုန်းကြီးကျောင်းဝန်းထဲမှာတော့ ရှေးဂဝံလက်ရာ အများအပြားကို ရှားရှားပါးပါး လေ့လာနိုင်ပါသေးတယ်။ ကျောင်းဝန်းထဲကို ဝင်လို့ရတဲ့ မုခ်လေးပေါက်ရှိပြီး မုခ်တစ်ခုချင်းစီမှာ ထုဆစ်ထားတဲ့ ရုပ်တုတွေက မတူညီကြပါဘူး။ အရှေ့ဘက်မုခ်မှာ ရဟန္တာညီနောင်၊ အနောက်ဘက်မုခ်မှာ နတ်ညီနောင်၊ တောင်ဘက်မုခ်မှာ ဘီလူးညီနောင်၊ မြောက်ဘက်မုခ်မှာ ဝိဇ္ဇာညီနောင် အသီးသီး ရှိပါတယ်။

ကျိုက်ထီးဆောင်းပရဝုဏ်ဝန်းထဲမှာ ဓာတ်ပုံရိုက်ခွင့် တားမြစ်ထားတဲ့အတွက် ၂၀၁၅ခုက ဖုန်းကင်မရာနဲ့ ရိုက်ခဲ့တဲ့ပုံအချို့ပဲ ပြပေးနိုင်တော့တယ်။ အတွင်းကို ဝင်ဖို့အတွက် လုံချည်၊ ပုဆိုး၊ စကဒ်အရှည် ဝတ်ထားမှသာ ဝင်ခွင့်ရမှာပါ။ မည်သည့်ဘောင်းဘီအမျိုးအစားမှ လက်မခံပါဘူး။ အကောင်းဆုံးကတော့ ပတ်ထမိန်စောင်သွားတာ မမှားပါဘူး။

ကျိုက်ထီးဆောင်းစေတီတော်
ကျိုက်ထီးဆောင်းစေတီဝန်းရှိ ရှေးခေတ် ဂဝံလက်ရာအချို့

၆) ကျိုက်သလ္လံဘုရား

မော်လမြိုင်မြို့ထဲက အထင်ရှားဆုံးစေတီ တစ်ဆူပါ။ သံလွင်မြစ်ကမ်းနဖူးမှာ တည်ထားတာဖြစ်ပြီး ဘုရားလည်းဖူး၊ ရှုခင်းလည်းကြည့်ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။

ရှေးတုန်းက မွန်လူမျိုးများနှင့် ရှမ်းလူမျိုးများ (ရှေးမွန်များမှ ယိုးဒယားများကို ရှမ်းဟု ခေါ်ကြသည်။) သည် မကြာခဏ စစ်မက်ဖြစ်ပွားကြတယ်။ စစ်ဖြစ်တဲ့ အကြိမ်ရေ များလာသည်နှင့်အမျှ အသေအပျောက်များလာတဲ့အတွက် နောက်ဆုံးမှာ သဘောတူညီမှုတစ်ခု ပြုလုပ်ကြတယ်။ တစ်ချိန်တည်းမှာ စေတီနှစ်ဆူ အပြိုင်တည်ကြမယ်ပေါ့။ ရှုံးတဲ့တိုင်းက နိုင်တဲ့တိုင်းကို ဘယ်တော့မှ စစ်မက်မပြုတော့ပါဘူးဆိုတဲ့ ကတိနဲ့ပါ။ စေတီတည်တော့ မွန်လူမျိုးများက ဝါးဖြင့်တည်ပြီး ထုံးသင်္ကန်းကပ်လိုက်တဲ့အတွက် ဦးစွာပြီးသွားတယ်။ ရှမ်းလူမျိုးများက အုတ်သဲကျောက်တွေဖြင့် တည်တဲ့အတွက် ရှုံးခဲ့ပါတယ်တဲ့။

မွန်လူမျိုးများမှ ရှမ်းလူမျိုးများကို ရှုံးပြီးထွက်ပြေးသွားစေတဲ့အတွက် မွန်ဘာသာဖြင့် ကျာ်သေမ်လီုစေတီဟု ဘွဲ့အမည် ပေးခဲ့ကြပါတယ်။ နောက်မှ ကျိုက်သလ္လံစေတီဆိုပြီး နာမည်ပြောင်းလာတာပါ။

ကျိုက်သလ္လံစေတီ
ကျိုက်သလ္လံစေတီရင်ပြင်ရှိ နဂါးရုံဘုရား

၇) ၁၃၃နှစ် သက်တမ်းရှိ ရတနာဘုံမြင့်ကျောင်းတိုက် (ခေါ်) စိန်တုံးမိဖုရားကျောင်းတိုက်

ကျိုက်သလ္လံစေတီတန်ဆောင်းကနေ ဆင်းသွားလို့ရပေမယ့် ချမ်းတို့သွားတုန်းက တံခါးပိတ်ထားတာနဲ့ ကြုံခဲ့တယ်။ အပြင်လမ်းမဘက်ကနေပြီး ပတ်သွားလို့ရတဲ့အတွက် အဆင်ပြေပါတယ်။ ကျောင်းတိုက်ပုံစံက လှေကားသုံးစင်းတပ်၊ အုတ်ခံ၊ ဘုံပြသာဒ်များနှင့် ရတနာပုံခေတ်လက်ရာစစ်စစ်ပါပဲ။ မွန်ပြည်နယ်ရောက် ရတနာပုံခေတ်လက်ရာ ကျောင်းတော်ကြီးအကြောင်းနှင့် စိန်တုံးမိဖုရားအကြောင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။

စိန်တုံးမိဖုရားဆိုတာ မင်းတုန်းမင်း၏ မိဖုရားများထဲမှ တစ်ပါးဖြစ်ပြီး “သီရိပုဗ္ဗာရတနာဒေဝီ” ဘွဲ့အမည်ရတယ်။ မင်းတုန်းမင်းနှင့် သားသမီး ထွန်းကားခဲ့ခြင်း မရှိပါဘူး။ မင်းတုန်းမင်း နတ်ရွာစံပြီးနောက်မှာ ဆင်ဖြူမရှင်မိဖုရားစနက်နဲ့ အကျဉ်းကျခဲ့ဖူးပါတယ်။ နောက်ပိုင်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အင်္ဂလိပ်လက်အောက်ခံ မော်လမြိုင်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်။

စိန်တုံးမိဖုရား မော်လမြိုင်မှာ နေစဉ်အတွင်း ဗြိတိသျှအစိုးရထောက်ပံ့ငွေအဖြစ် တစ်လကို ငွေ၁၅၀ကျပ် ရရှိတယ်။ မိမိပိုင်ငွေနှင့် ထောက်ပံ့ငွေကို ပေါင်းကာ မြေဝယ်ယူပြီး အိမ်တော်ရာအတွင်းမှာ နေထိုင်ခဲ့ပါတယ်။ ထိုစဉ်က ဒေါ်ရွှေဘွင့်မှာ ရတနာပုံခေတ်လက်ရာ ကျောင်းတော်တစ်ဆောင် ဆောက်လုပ်လှူဒါန်းဖို့အတွက် ဝိဇယရာမဆရာတော်နဲ့ စိန်တုံးမိဖုရားတို့ဆီကနေပြီး လမ်းညွှန်မှု တောင်းခံခဲ့ပါတယ်။ ကျောင်းတော်ကို ရတနာဘုံမြင့်ကျောင်းတိုက်လို့ နာမည်ပေးပြီး ၁၈၈၆ခု နှစ်ကုန်ပိုင်းမှာ ရာမဆရာတော်ကို ဦးထိပ်ထားပြီး ရေစက်ချ လှူဒါန်းခဲ့တာလို့ သိရတယ်။

၁၈၉၂ခု နောက်ပိုင်းမှာ စိန်တုံးမိဖုရားသည် သွေးဝမ်းကျဝေဒနာကို စတင် ခံစားနေရပါပြီ။ ၁၈၉၄ခု၊ စက်တင်ဘာလ ၃၀ရက်နေ့မှာ ဂုဏ်သရေရှိပုဂ္ဂိုလ်လေးဦးရှေ့မှောက်တွင် သေတမ်းစာကို ရေးသားခဲ့ပါတယ်။ မိမိမရှိတော့သည့်နောက်ပိုင်း နေအိမ်ကို ကျောင်းတော်အဖြစ်လည်းကောင်း၊ ပရိဘောဂများကို ကျောင်းသုံးပစ္စည်းအဖြစ်လည်းကောင်း၊ အိမ်တော်တောင်ဘက်ရှိ အလျား ၁၉၇တောင် အရှည်ရှိ ကျောက်တန်းတံတားနှင့် အိမ်တော်ဝန်းအတွင်းရှိ ရေတွင်းနှစ်တွင်းကို အများပြည်သူသုံးစွဲရန်အတွက်လည်းကောင်း အသီးသီး လှူဒါန်းကြောင်း ရေးသားခဲ့ပါတယ်။

ထို့နောက်ပိုင်း သီလရှင်ဘဝသို့ ကူးပြောင်းခဲ့ပြီး ၁၉၀၅ခု မတ်လပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။ ရတနာဘုံမြင့်ကျောင်းတိုက်က ဒေါ်ရွှေဘွင့်ရဲ့ အလှူဖြစ်ပြီး အိမ်တော်ရာကျောင်းတိုက်ကမှ စိန်တုံးမိဖုရားရဲ့ အလှူ ဖြစ်ပါတယ်။ အိမ်တော်ရာကျောင်းမှာ ဆရာတော်ကြီးငါးပါးမှ ၁၄နှစ်ကြာ သီတင်းသုံး နေထိုင်ခဲ့ပြီး နောက်ပိုင်း ကျောင်းထိုင်မယ့်သူ မရှိခဲ့ပါဘူးတဲ့။ ၁၉၂၀ခု၊ ဖေဖော်ဝါရီလ ၂၁ရက်မှာ သီလရှင်ဒေါ်ခေမာစာရီထံသို့ သီလရှင်ကျောင်းတိုက်အဖြစ် အသုံးပြုရန် ရတနာဘုံမြင့်ဆရာတော်များမှ စာချုပ်စာတမ်းနှင့်တကွ လွှဲအပ်ပေးခဲ့တာပါ။ အိမ်တော်ရာကျောင်းတိုက်ကို ခေမာသီရိ သီလရှင်ကျောင်းတိုက်လို့ ခေါ်ဆိုပါတယ်။

ကျောင်းတိုက်ထဲမှာ စိန်တုံးမိဖုရား မန္တလေးနန်းတော်ထဲမှာ အသုံးပြုခဲ့တဲ့ မှန်စီရွှေချ ကနုတ်လက်ရာအဖုံဖုံ ထုဆစ်ထားတဲ့ ပလ္လင်တစ်ခု ရှိပါတယ်။ ရတနာပုံခေတ်လက်ရာပလ္လင်အစစ်ကို အနီးကပ် လေ့လာခွင့်ရမယ့် တစ်ခုတည်းသော ကျောင်းတိုက်ပါပဲ။

Ref: သင်္ဂဇာဆုတောင်းပြည့်စေတီတော်နှင့် စိန်တုံးမိဖုရားကြီး (ခင်ခင်ဝင်း)၊ ရတနာဘုံမြင့်ကျောင်း၏ အတ္ထုပ္ပတ္တိ (တက္ကသိုလ်ဘုန်းနိုင်)၊ ဒေါ်ခေမာစာရီမှတ်တမ်း

စိန်တုံးမိဖုရားကျောင်းတိုက်ကို ကျိုက်သလ္လံစေတီရင်ပြင်မှ မြင်ရပုံ

၈) မော်လမြိုင် View Point

View Point ရှုခင်းက သိပ်အလှကြီး မဟုတ်ပေမယ့် မြင့်ရာကနေ နိမ့်ရာသို့ ကွေ့ပြီး ဖောက်ထားတဲ့ လမ်းလေးကတော့ အတော်လှတယ်။ ဘေးတစ်ဖက်ဆီမှာ အုန်းပင်လား၊ ဆီအုန်းလား၊ ထန်းပင်လား မခွဲတတ်တဲ့ အပင်တွေ ညီညီညာညာ စီရရီရှိနေတဲ့အတွက် အတော်လေး သာယာတယ်။

မော်လမြိုင် View Point အနီးမှ မြင်ရသော ရှုခင်းတစ်နေရာ

၉) ဦးဇိနစေတီ

မော်လမြိုင်မြို့ထဲမှာ ရှိတဲ့ ဦးဇိနစေတီကို ဘီစီ သုံးရာစုလောက်မှာ တည်ခဲ့တာပါတဲ့။ တစ်နေ့မှာ ထင်းခုတ်သမား လင်မယားနှစ်ဦးထဲမှ အမျိုးသားဖြစ်သူမှ ရွှေအိုး မြှုပ်ထားတဲ့နေရာကို အိမ်မက် မက်ပါတယ်။ အိမ်မက်အတိုင်း တူးကြည့်ရာ ရွှေအိုးကို တွေ့သွားတယ်။ အမျိုးသမီးဖြစ်သူကို ဝေစုခွဲပေးခဲ့ပြီး ရသေ့ဝတ်ကာ ဦးဇိနစေတီကို တည်ခဲ့တာပါ။

စေတီရဲ့ မြောက်ဘက်အခြမ်း ရေလှောင်စင်နားမှာ ဦးလူကလေးနဲ့ ဇနီးဒေါ်မိတို့ရဲ့ ဂူကို တွေ့ရပါလိမ့်မယ်။ သူတို့ဇနီးမောင်နှံကတော့ ၁၈၃၂ခုနှစ်မှာ ဦးဇိနစေတီကို တဖန်ပြန်လည် မွမ်းမံလှူဒါန်းခဲ့ကြတဲ့ အလှူ့ရှင်တွေပါ။

ဦးဇိနစေတီ

၁၀) ပန်းရံပျံဘုရား

ဦးဇိနစေတီရဲ့ အရှေ့မှာ ပန်းရံပျံစံကျောင်းတော် ရှိတယ်။ စံကျောင်းတော်အကြောင်းက အတော်လေး ထူးဆန်းတယ်။

မော်လမြိုင်မြို့မှာ မွန်သူဌေးကြီး ဦးသာညှင်းဆိုရင် မသိတဲ့သူ မရှိပါဘူး။ စိန်တုံးမိဖုရားနှင့်အတူ မန္တလေးကနေ ပါလာခဲ့တာလို့ သိရတယ်။ သူဌေးကြီးဟာ ဦးဇိနစေတီရှေ့က မြေကွပ်လက်မှာ ဝတ်ဖြူစင်ကြယ်ဝတ်ပုဂ္ဂိုလ်များ ဝတ်ကျောင်းတော်ကြီး တည်ဆောက်တယ်လို့ မကြာခဏ အိမ်မက်မက်တယ်။ ဒါ့ကြောင့် ဦးဇိနစေတီ ဂေါပကအဖွဲ့နဲ့တိုင်ပင်ပြီး ဝတ်ကျောင်းတော်တစ်ခု ဆောက်လုပ်ခွင့်တောင်းတယ်။

ဂေါပကအဖွဲ့က ခွင့်ပြုပါသော်လည်း ပန်းရံဆရာ ငှားမရဘူးတဲ့။ တစ်ညနေမှာ ဦးသာညှင်းထံ အမျိုးသားအချို့ရောက်လာပြီး သူတို့သည် ပန်းရံဆရာများဖြစ်ကြောင်း၊ ဝတ်ကျောင်းတော်ကြီး ဆောက်လုပ်ရန် ပန်းရံဆရာများ ရှာနေကြောင်းကြားသဖြင့် လာခဲ့ကြောင်း မိတ်ဆက်ပြီး အလုပ်တောင်းကြတယ်။ ဦးသာညှင်းဟာ သူတို့ဆီမှာပဲ အလုပ်အပ်လိုက်ပါတယ်။

ဝတ်ကျောင်းတော် ဆောက်နေစဉ်အတွင်း ဂေါပကအဖွဲ့က ထမင်းခေါ်ကျွေးတော့ အိမ်မှစားခဲ့ပြီးကြောင်း ပြောကာ မစားကြဘူးတဲ့။ အလုပ်လုပ်နေစဉ်အတွင်း စကားမပြောကြသလို၊ ချွေးလည်းမထွက်ကြဘူး။ အနားယူခြင်းလည်း အလျဉ်းမရှိပါဘူးတဲ့။ ရက်ပိုင်းအတွင်းမှာပဲ ပြီးစီးသွားပါတယ်။ လုပ်ခငွေရှင်းဖို့လုပ်တော့ ပန်းရံဆရာတွေ တစ်ယောက်မှ ပေါ်မလာကြတော့ဘဲ ပျောက်ခြင်းမလှ ပျောက်ကုန်ကြပါလေရော။ ပန်းရံဆရာများက စုစုပေါင်း ၂၇ယောက်ပါတဲ့။

ဝတ်ကျောင်းတော်ထဲ ဝင်ကြည့်တော့ လျောင်းတော်မူရုပ်ပွားတော်တစ်ဆူကို ပတ်လည်ဝန်းရံထားတဲ့ ထိုင်တော်မူရုပ်ပွားတော်များကို ဖူးတွေ့ရတယ်။ ရုပ်ပွားတော်နှင့် အလယ်တိုင်လုံးများကို ရွှေအစစ်နဲ့ ရွှေပိန်းချထားခဲ့ကြတာ။ မော်လမြိုင်မြို့သို့ ရောက်ရင် သဘာဝလွန် အံ့ဖွယ်ထူးခြားချက်တွေ ရှိနေတဲ့ ပန်းရံပျံဝတ်ကျောင်းတော်ကို ဆက်ဆက်သွားဖူးကြပါလို့ တိုက်တွန်းရင်း တော်သေးပြီ။

ပန်းရံပျံစံကျောင်းတွင်းရှိ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.