Local Trip

Fill your life with adventures.

တိမ်ခိုးတွေ ကြားထဲမှ နွားလပို့တောင်

မိုးတစွတ်စွတ် ရွာနေပါသော်လည်း ခရီးမထွက်ရ မနေနိုင်သူများအတွက် မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာရှိတဲ့ နွားလပို့တောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သုံးရာသီလုံးမှာ တစ်မျိုးစီလှတဲ့ နွားလပို့တောင်ပေါ်ကို မိုးရာသီမှာ တက်ကြည့်မိတာ အတော်ကလေး ရင်ခုန်ဖို့ အကောင်းသား။ တောင်ရဲ့ သုံးပုံနှစ်ပုံထိ သံလွင်မြစ်အပါ တောတောင်ရှုခင်းတွေကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

သံလွင်မြစ်တဖက်ကို ကျော်ပြီး ဇွဲကပင်တောင်ကိုပါ မြင်နေရတာဆိုတော့ ရှုခင်းကတော့ အထူးညွှန်းစရာ မလိုလောက်အောင်ကို သာယာလွန်းပါပေတယ်။ တောင်ထိပ်ပိုင်းကျတော့ တိမ်မြူမှိုင်းတွေကြားထဲကို ရောက်သွားတာ။ တိမ်ခိုးတွေကြားထဲမှာ အိမ်မက်ဆန်ဆန် လမ်းလျှောက်ချင်သပဆိုရင်တော့ မိုးရာသီအတွင်းပဲ သွားရမှာပါနော်။ တောင်လယ်က မဟုတ်ဘဲ တောင်ပေါ်ကနေ ရှုခင်းကြည့် ဓာတ်ပုံရိုက်ချင်ရင်တော့ ဆောင်းတွင်းက အသင့်လျော်ဆုံးပေါ့။

နွားလပို့တောင်တက်လမ်း တစ်နေရာ
နွားလပို့စေတီ (ခေါ်) ဗန္ဓိသေလာစေတီ (ခေါ်) ကျိုက်ဗောာ့ဂလ် (ခေါ်) လုံးထိုမို
မိုးရားသီ မြူတိမ်မှိုင်းတွေ ပတ်လည်ဝန်းနေသော နွားလပို့စေတီ
နွားလပို့စေတီကနေ ရင်ပြင်အောက်ကို ဆင်းသွားလမ်း
စိမ်းစိုနေသော ပတ်ဝန်းကျင်နှင့် လှေကားထစ်လေးများ
မြူတွေဝိုင်းနေသာ ပတ်ဝန်းကျင်
လှေကားထစ်အဆုံးမှာ ဖူးရမည့်စေတီတစ်ဆူ
ကျောက်ကမ်းပါးနားမှ စေတီတစ်ဆူ
ဇော်ဂျီရုပ်ဆီ သွားတဲ့လမ်းက ကျောက်သားတွေက ချောနေလို့ ဂရုတစိုက် လျှောက်နေရတယ်။
ဇော်ဂျီရုပ်ရှိရာ တောင်ကုန်းကနေ ကြည့်ရင် ရှုခင်း အတော်လှတာ။ ခုက မြူတွေနဲ့မို့ ဘာမှ မမြင်ခဲ့ရဘူး
မြူတွေစိုင်းနေလို့ ရှုခင်းမရိုက်ရတော့ ကျောက်တုံးတွေနဲ့ ဓာတ်ပုံရိုက်ခဲ့တယ်။

ဘယ်လိုသွားမလဲ?

ရန်ကုန်ကနေ သွားမယ်ဆိုရင် ပေါင်မြို့အလွန် မော်လမြိုင်အသွား ကားလမ်းပေါ်မှာရှိတဲ့ ကျုံကကျေးရွာမှတဆင့် သွားရမှာ။ တောင်ခြေထိ ကားကြီး၊ ကားသေး အကုန်မောင်းလို့ရတယ်။ တောင်ပေါ်ကိုတော့ နွားလပို့တောင်တက်ကားတွေနဲ့ပဲ တက်ရမှာ။ တောင်တက်လမ်းက အကွေ့အကောက်များပြီး မတ်တယ်။ တောင်ခြေကနေ တောင်ပေါ်ထိ ၄မိုင်ခန့် ဝေးပါတယ်။

နွားလပို့တောင်ပေါ်ရှိ ဗန္ဓိသေလာစေတီသမိုင်း

တောင်ထိပ်မှာ ဂေါတမမြတ်စွာဘုရားရဲ့ ဆံတော်တစ်ဆူကို ဌာပနာပြီး တည်ထားတဲ့ ဆံတော်ရှင်စေတီတစ်ဆူ ရှိတယ်။ မူလဘွဲ့တော်က ဗန္ဓိသေလာစေတီလို့ သိရတယ်။ ကျောက်များဖြင့် ဆက်စပ်ထားသောဘုရား လို့ အဓိပ္ပါယ်ရတယ်။ မွန်ဘာသာဖြင့် ကျိုက်ဗောာ့ဂလ် လို့ ဘွဲ့တော်ပေးထားတယ်။ ကရင်ဘာသာဖြင့် လုံးထိုမို လို့ ခေါ်တယ်။ ကျောက်တို့ဘုရားလို့ အဓိပ္ပာယ် ဖွင့်လို့ရတယ်။

ကျိုက်ထီရိုးစေတီ တည်ထားခဲ့တဲ့ တိဿရသေ့ကြီးကို သိကြမှာပါနော်။ ဗန္ဓိသေလာစေတီကိုလည်း တိဿရသေ့ကြီးကပဲ တည်ခဲ့တာပါတဲ့။ ကျိုက်ထီးရိုးစေတီ တည်တဲ့နှစ်ထက် ငါးနှစ်စောပြီး တည်ခဲ့တာလို့ သိရတယ်။

စေတီပုံစံက ကျောက်တုံးသုံးတုံးဆင့်ထားပြီး အပေါ်ဆုံးကျောက်တုံးမှာ စေတီတည်ထားတာပါ။ ဗုဒ္ဓဆံတော်တစ်ဆူကိုတော့ အလယ်ကျောက်တုံးထဲမှာ ဌာပနာထားတာလို့ မှတ်သားရတယ်။

သတိပြုစရာအချက်များ

- တောင်တက်ကားက အမိုးဖွင့်ဆိုတော့ မိုးကာတွေ ဆောင်သွားပါ။ လက်နှစ်ဖက်စလုံးက လူမပြုတ်ကျအောင် ထိန်းပြီး ကိုင်ထားရမှာမို့ ထီးဆောင်းဖို့ လက်အားမှာ မဟုတ်ပါဘူးနော်။

- တောင်တက်ရင်း တွေ့ရမယ့် ရှုခင်းတွေက အတော်လှတာပြီး အတက်ဆို ညာဘက်အခြမ်း၊ အဆင်းဆို ဘယ်ဘက်အခြမ်းကနေ ကွင်းကွင်းကွက်ကွက် မြင်နိုင်ပါတယ်လို့။

- မိုးတွင်းလာရောက် လည်ပတ်သူ နည်းတဲ့အတွက် တောင်တက်ကားကို စီးလုံးငှားချင် ငှားရပါလိမ့်မယ်။

နွားလပို့တောင်အပြင် အခြားလည်ပတ်စရာတွေ မော်လမြိုင်မြို့ဝန်းကျင်မှာ အများကြီး ရှိပါသေးတယ်။ မော်လမြိုင် - ဘီလူးကျွန်း နေ့ချင်းပြန် ဘယ်လိုသွားခဲ့သလဲ ဆိုတာကို နောက်အပတ်ကျမှပဲ ပြောပြတော့မယ်နော်… ခုတော့ တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.