Local Trip

Fill your life with adventures.

မကွေးအညာမြေမှ ဖိတ်စာ

သို့... သူငယ်ချင်းတို့ရေ။ နွေဦးကာလမြူထချိန်မို့ အညာမြေက အစွမ်းကုန် လှပလို့နေပြီ။ လက်ညှိုးထိုးမလွဲအောင် ပေါက်နေတဲ့ လက်ပံပင်တို့ ပင်လုံးကျွတ်မျှ ရဲရဲနီအောင် ပွင့်နေပြီ။ အစေ့လွတ် အညာဇီးသီးချိုချိုလေးများ လှိုင်လှိုင်သီးချေပြီ။ ထန်းပွင့်ထန်းခိုင်များလည်း ရွှန်းရွှန်းမြိုင်အောင် ဝေနေပြီ။ နေကြာခင်းတို့ ဝါဝါဝင်းကာ ထိန်နေပြီ။ ပဲခင်းများလည်း စိမ်းစိမ်းစိုနေပြီ။ ဧရာဝတီတိုင်းက ဆန်အိုးကြီးဆိုလျင် မကွေးတိုင်းက ဆီအိုးကြီးသာ ဖြစ်ရမည်။ 

လက်ပံပွင့်တို့ ပင်လုံးကျွတ်မျှ ရဲရဲနီအောင် ပွင့်နေချိန်
ပဲခင်းစိမ်းစိမ်းများကြား ဝါဝါဝင်းကာထိန်နေသော နေကြာခင်း
လှည်းယဉ်ကြော့ကြော့ဖြင့် လိုရာခရီးသွားနေသော မိသားစုရှုခင်း

"ဆည်းဆာနေညိုချိန်မှာ

ဧရာဝတီမြစ်ကမ်းနံဘေးက

ငွေသောင်ယံကမ်းရဲ့အထက်မှာ

မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ

မေ့မရနိုင်ပါပြီ အခွင့်ရယ်သာတဲ့တစ်နေ့မှာ

အရောက်တော့လာခဲ့ဦးမည်

ရွှေညာသူရေ

ကိုယ်လာရင်ကြိုမှာလားလို့အတည်..."

မကွေးမြို့ထဲသို့ ဝင်လိုက်သည်နှင့် တေးရေးအောင်သူ သီကုံးထားသော "ကိုယ်လာရင်ကြိုမှာလား" ဆိုသည့် သီချင်းလေးကို စိတ်မှန်းဖြင့် ညည်းမိသေးသည်။ သီချင်းဖြင့်သာ ရင်းနှီးခဲ့သည့် မြသလွန်စေတီကို လက်တွေ့ဖူးရတော့မည်မို့ လှိုက်ကာကြည်နူးရသည်။ ဗုဒ္ဓလေးဆူတို့ ခုနှစ်ရက်တာမျှ သီတင်းသုံးခဲ့ဖူးသည့် ကျောင်းတော်ရာလေးဆူဖြစ်သည့် ရုံလေးရုံကို ဖူးရတော့မည်မို့ စိတ်အားထက်သန်ရပြန်သည်။ သမိုင်းဝင် စက်တော်ရာနှစ်ဆူကိုလည်း မျက်မြင်ဒိဌ ကိုယ်တိုင်ကိုယ်ကျ ဖူးရပေတော့မည်။ သူငယ်ချင်းတို့ရေ ကျွန်မနှင့်အတူ အညာဘုရားဖူးခရီးသို့ စိတ်အလျင်ဖြင့် လိုက်ခဲ့ကြပါလို့ ဖိတ်မန္တက ပြုလိုက်ပေသည်။ 

မကွေး - မင်းဘူး - ပွင့်ဖြူ ကားငှားရန်

Crown ကားငှားရန် - ကိုမျိုး - ‪09 401 561 007‬ (သုံးမြို့လုံး ၈သောင်း၊ မြို့မကျော်ရင် ၆သောင်း)

ခွေးဘီလူး ကားငှားရန် - ‪09 441 888 558‬ (သုံးမြို့လုံး ၅သောင်း၊ မြို့မကျော်ရင် ၄သောင်း)

ကားဆရာနှစ်ယောက်လုံး အတော်ကြီးကို စိတ်ရှည်လှသည်။ ဖုန်ကြောက်သောကြောင့် အဲယားကွန်နိုင်နိုင် ဖွင့်ပေးသော မှန်လုံကားသာ ငှားခဲ့သည်။ ကျွန်မတို့တွေ အားနာရလောက်သည်အထိကို သဘောကောင်းလှပါပေသည်။

ရန်ကုန် - မကွေး - မင်းဘူး

ရွှေမန္တလေး (ရန်ကုန် - မင်းဘူး) - ‪09 799999771~2‬, ‪09 968255999‬, ‪09 9968955999‬, ‪09 969055999‬ <ရိုးရိုး - ၁၁၅၀၀ကျပ် | VIP - ၁၆၀၀၀ကျပ်>

ရုံလေးရုံဆီသို့...

ကျွန်မတို့ ဘဒ္ဒကမ္ဘာတွင် ဗုဒ္ဓလေးဆူ ပွင့်ခဲ့ပြီးလေပြီ။ လေးဆူသော ဗုဒ္ဓတို့သည် ယနေ့အခေါ် ပွင့်ဖြူအရပ်တွင် သီတင်းသုံးခဲ့ကြဖူးသည်။ ဘုရားရှင်တို့ သီတင်းသုံးခဲ့ရာ ကျောင်းဆောင်နေရာတွင် အထိမ်းအမှတ်စေတီများ အထင်အရှားရှိနေတာကို ဖူးရပေမည်။ ထိုစေတီများကို ရုံလေးရုံဟု ခေါ်ကြသည်။ ရုံလေးရုံထဲမှာမှ ဂန္ဓာရုံ (ခေါ်) စန္ဒကူးနံ့သာကျောင်းတော်ရာမှာ အကျော်ကြားဆုံး ဖြစ်သည်။ စန္ဒကူးနံ့သာကျောင်းတော်ရာကို အများစုက ဖူး,ဖူးပေမယ့် ရုံလေးရုံ စုံအောင် ဖူး,ဖူးသူများကတော့ အတော် ရှားလှသည်။

ဂေါတမဘုရားရှင် လက်ထက်တုန်းက ကောသမ္ဘီပြည်ကို ပိုင်စိုးသော ဥတေနမင်း ရှိခဲ့ဖူးသည်။ ထိုပြည်တွင် ကုက္ကုဋ၊ ဃောသက၊ ပါဝါရိက အမည်ရသည့် သူဌေးကြီးသုံးဦး ရှိသည်။ သူဌေးကြီးသုံးဦး ပိုင်ဆိုင်သော ဥယျာဉ်တစ်ခုစီအကြောင်း ပြောပြချင်မိသည်။

၁) ကုက္ကုဋာရုံ

ကုက္ကုဋသူဌေးကြီး ပိုင်ဆိုင်သော ဥယျာဉ်နေရာသည် ကကုသန်ဘုရားရှင် လက်ထက်တုန်းက ခေမမင်း ပိုင်ဆိုင်သော မြေနေရာ ဖြစ်ခဲ့ဖူးသည်။ ခေမမင်းသည် ဂေါတမဗုဒ္ဓ အလောင်းအလျာပင်တည်း။ မင်းကြီးသည် ကကုသန်မြတ်စွာဘုရား သီတင်းသုံးနေထိုင်ရန်အတွက် ဤနေရာတွင် ကျောင်းတော်ဆောက်လုပ် လှူဒါန်းခဲ့သည်။ ကကုသန်ဘုရားရှင်သည် ခေမမင်းအား နောင်တွင် ဂေါတမဘွဲ့အမည်ဖြင့် ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးလေသည်။ ခေမမင်းသည် နန်းစည်းစိမ်ကို စွန့်ကာ ရဟန်းခံသွားသည်။ ကကုသန်ဘုရားရှင် ပြန်ကြွသွားတော့ ကျောင်းတော်ကို ခေမရဟန်းအား သီတင်းသုံးစေခဲ့တယ်။ ခေမမင်းသည် ရဟန်းဘဝဖြင့် ပါရမီများ ဖြည့်ကျင့်ခဲ့လေသည်။

နေရာ။ ။ ပွင့်ဖြူမြို့၊ မြို့စဖိုလ်ရွာဟောင်း၊ ကုက္ကုဋာရုံစေတီ

ကုက္ကုဋာရုံကျောင်းတော်ရာ ဝင်ပေါက်မုခ်ဦး
ကုက္ကုဋာရုံကျောင်းတော်ရာ စေတီ

၂) ဃောသိတာရုံ

ဃောသသူဌေးကြီး ပိုင်ဆိုင်သော ဥယျာဉ်နေရာသည် ကောဏာဂုံဘုရားရှင် လက်ထက်တုန်းက ပဗ္ဗတမင်းကြီး ပိုင်ဆိုင်သော မြေနေရာ ဖြစ်သည်။ ပဗ္ဗတမင်းသည် ဂေါတမဗုဒ္ဓ အလောင်းအလျာပင်တည်း။ မင်းကြီးသည် ကောဏာဂုံမြတ်စွာဘုရား သီတင်းသုံးနေထိုင်ရန်အတွက် ဤနေရာတွင် ကျောင်းတော်ဆောက်လုပ် လှူဒါန်းခဲ့သည်။ ကောဏာဂုံဘုရားရှင်သည် ပဗ္ဗတမင်းအား နောင်တွင် ဂေါတမဘွဲ့အမည်ဖြင့် ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးလေသည်။ ပဗ္ဗတမင်းသည် နန်းစည်းစိမ်ကို စွန့်ကာ ရဟန်းခံသွားသည်။

နေရာ။ ။ ပွင့်ဖြူမြို့၊ ရွာခိုင်ရွာ၊ မဟာဃောသိတာရုံစေတီ (အခြားသုံးရုံနဲ့ အလှမ်းဝေးစွာ ရှိလို့ အရင်ဦးဆုံး သွားသင့်ပါတယ်။)

ဃောသိတာရုံကျောင်းတော်ရာ ဝင်ပေါက်မုခ်ဦး
ဃောသိတာရုံကျောင်းတော်ရာ စေတီ

၃) ပါဝါရုံ

ပါဝါရိကသူဌေးကြီး ပိုင်ဆိုင်သော ဥယျာဉ်နေရာသည် ကဿပဘုရားရှင် လက်ထက်တုန်းက သီတင်းသုံးခဲ့သည့် ကျောင်းတော်ရာနေရာဖြစ်သည်။ ထိုစဉ်က ဂေါတမဗုဒ္ဓအလောင်းအလျာမှာ ဇောတိပါလပုဏ္ဏားလုလင်ဖြစ်သည်။ သူသည် ပညာမာနထောင်လွှားသဖြင့် ၇ရက်နှင့် ဘုရားဖြစ်သော ကဿပဘုရားရှင်အား မယုံမကြည်ဘဲ နေသည်။

ဇောတိပါလ၏ သူငယ်ချင်း အိုးထိန်းသည် ဃဋိကာရသည် ကဿပဘုရားရှင်၏ တရားတော်ကို နာပြီးနောက် အနာဂါမ်ဥပသကာ ဖြစ်လာတယ်။ သူငယ်ချင်းဇောတိပါလကိုလည်း သူသိခဲ့သောတရားထူးကို သိစေချင်သည်။ သို့သော် ဇောတိပါလကို တရားနာခေါ်မရ။ နောက်ဆုံး ဆံစမှာဆွဲကာ အတင်းအကြပ်ခေါ်တော့သည်။ ဇောတိပါလသည် ငါ၏သူငယ်ချင်းမှာ ငါ့ထက်ဇာတ်နိမ့်သူဖြစ်သည်။ ဇာတ်မြင့်သူ၏ ဆံစကို ကိုင်ဆွဲလျှင် အသတ်ခံရပေမည်။ ဃဋိကာရသည် အသက်အသေခံပြီး ငါ၏ဆံစကိုဆွဲကာ တရားပွဲသို့ ခေါ်ပုံထောက်လျင် တရားတော်များမှာ တော်ရိရောရိ မဖြစ်နိုင်ဟု ဆင်ခြင်မိကာမှ လိုက်သွားတော့တယ်။

တရားအဆုံးမှာ နောင်တကြီးစွာရပြီး ရဟန်းခံသွားလေသည်။ နောက်တော့ ဇောတိပါလရဟန်း ပါရမီတော်များ ဖြည့်ကျင့်ရင်း သီတင်းသုံးခဲ့ရာ ကျောင်းတော် ဖြစ်လာသည်။

နေရာ။ ။ ပွင့်ဖြူမြို့၊ ဘုရားကုန်းရွာအနီး၊ ပါဝါရုံရွှေပန်းမြိုင်စေတီ

ပါဝါရုံကျောင်းတော်ရာ ဝင်ပေါက်မုခ်ဦး
ပါဝါရုံကျောင်းတော်ရာ စေတီ

ဂေါတမဘုရားအလောင်းအလျာဟာ ပါရမီများ ဖြည့်ကျင့်ခဲ့ရစဉ်က ရဟန်းဘဝ ကိုးဘဝ ဖြည့်ကျင့်ခဲ့ရဖူးတယ်။ ခြောက်ဘဝကို အခြားကမ္ဘာမှာ ဖြည့်ကျင့်ခဲ့ရပြီး သုံးဘဝကို ဘဒ္ဒကမ္ဘာမှာ ဖြည့်ကျင့်ခဲ့ပါတယ်တဲ့။

သူဌေးကြီးသုံးဦးသည် ယခင်က ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြသေးပေ။ သူတို့ ကိုးကွယ်နေတဲ့ ဈာဉ်ရရသေ့ငါးရာရဲ့ လမ်းညွှန်မှုနဲ့ ဂေါတမမြတ်စွာဘုရားဆီ လှည်းသားငါးရာနှင့် လိုက်သွားကြသည်။ ရသေ့ငါးရာကတော့ ဈာဉ်နဲ့ ကြွသွားတာဆိုတော့ ဦးစွာရောက်တယ်။ တရားဒေသနာအဆုံးမှာ ရဟန္တာ ၅၀၀ ဖြစ်ကုန်သည်။ နောက်မှရောက်သော သူဌေးကြီးသုံးဦးသည်လည်း တရားနာကြတယ်။ သုံးဦးစလုံး သောတပန်တည်ကုန်တယ်တဲ့။

သူဌေးကြီးသုံးဦးသည် မြတ်စွာဘုရားအား ကောသမ္ဘီပြည်သို့ ကြွရောက်သီတင်းသုံးရန် တောင်းပန်လျှောက်ထားကြတယ်။ ပုဗ္ဗေနိဝါသ ဥာဏ်တော်ဖြင့် ကြည့်သောအခါ ရှေးဘုရားတို့ သီတင်းသုံးခဲ့ဖူးတာကို မြင်သဖြင့် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတယ်တဲ့။ သူဌေးကြီးသုံးဦးသည် ဝမ်းသာအားရဖြင့် ရှေ့မှကြိုသွားပြီး မိမိတို့ပိုင်ဆိုင်သော ဥယျာဉ်တော်များတွင် ကျောင်းဆောင်များ ဆောက်လုပ်ကြတယ်။ ဤသို့နှင့် ကုက္ကုဋာရုံ၊ ဃောသိတာရုံ၊ ပါဝါရုံ ဆိုသည့် ကျောင်းတော်သုံးဆောင် ပေါ်ပေါက်လာရတာပါတဲ့။

ဂေါတမမြတ်စွာဘုရားသည် နောက်ပါရဟန္တာများနှင့်တကွ ကောသမ္ဘီပြည်သို့ ကြွရောက်ခဲ့ပါတယ်။ ကုက္ကုဋာရုံ၊ ဃောသိတာရုံ၊ ပါဝါရုံ ဆိုတဲ့ ကျောင်းတော်သုံးဆောင်မှာ တစ်လှည့်စီ စံမြန်းသီတင်းသုံးခဲ့ပြီး တစ်ဝါကျွတ်ပြီးမှပဲ သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ ကြွမြန်းတော်မူသည်။

၎) ဂန္ဓာရုံ

ဂန္ဓာရုံဆိုတာထက် စန္ဒကူးနံ့သာကျောင်းတော်ရာအဖြစ် လူပိုသိကြတယ်။ အရှင်ပုဏ္ဏရဟန္တာမထေရ်၏ ပင့်ဖိတ်ချက်အရ ဂေါတမဘုရားရှင် ခုနှစ်ရက် သီတင်းသုံးခဲ့ရာကျောင်းတော် ဖြစ်သည်။ စန္ဒကူးနံ့သာကျောင်းတော်ရာ ဖြစ်ပေါ်လာပုံက သည်လို...

သုနာပရန္တတိုင်း၊ ဝါဏိဇ္ဇဂါမရာရွာမှာ မဟာပုဏ္ဏနှင့် စူဠပုဏ္ဏ ဟု အမည်ရသည့် ကုန်သည်ညီနောင်ရှိသည်။ တစ်ခါတော့ မဟာပုဏ္ဏသည် လှည်းငါးရားကို ဦးစီးပြီး သာဝတ္ထိသို့ ကုန်ရောင်းထွက်ပါတယ်တဲ့။ ဇေတဝန်ကျောင်းတော်ရာမှာ သီတင်းသုံးနေတဲ့ ဂေါတမဘုရားရှင်၏ တရားတော်များကို နာကြားရပြီး ရဟန်းဝတ်သွားတယ်။ မြတ်စွာဘုရားထံမှ ပုဏ္ဏောဝါဒသုတ်တော် ကမ္မဋ္ဌာန်းတရားတော်ကို ရလျင် သုနာပရန္တတိုင်း၊ မကုလာရာမဝိဟာရအရပ်သို့ ကြွချီပြီး တရားအားထုတ်ရာ ဈာဉ်အဘိဥာဏ်နှင့်တကွ ရဟန္တာဖြစ်လေသည်။

ညီငယ် စူဠပုဏ္ဏသည် အခြားကုန်သည်များနှင့်အတူ ပင်လယ်ခရီးဖြင့် ကုန်ရောင်းထွက်ကြသည်။ မာလာယုကျွန်းသို့ရောက်သော် ကမ်းကပ်ပြီး ခရီးတထောက်နားပါတယ်။ ကျွန်းပေါ်မှာ စန္ဒကူးပင်များ ပေါများစွာ ရှိနေတယ်။ ကုန်သည်များသည် လှေပေါ်မှ ကုန်စည်များကို ပင်လယ်ထဲသို့ ပစ်ချပြီး စန္ဒကူးသစ်များကို ခုတ်ယူ သယ်ဆောင်ကြတာပေါ့။ ကျွန်းစောင့်ဘီလူးများ အစည်းအဝေးပွဲမှ ပြန်ရောက်သော် ကြီးစွာ အမျက်ထွက်ကြတယ်။ ကုန်သည်လှေ ကမ်းနှင့်ဝေးရာရောက်သော် လေပြင်းမုန်တိုင်းတွေ ဖန်ဆင်းပြီး လှေကို မြှပ်အောင် လုပ်တော့တာပေါ့။

စူဠပုဏ္ဏသည် မဟာပုဏ္ဏမထေရ်အား ရည်မှန်းပြီး အကူအညီတောင်းခံတယ်။ အရှင်ပုဏ္ဏမထေရ်လည်း ဈာဉ်ဖြင့် ကြွလာကာ လှေဦးထိပ်မှာ ရပ်လေသည်။ ထိုအခါမှ မုန်တိုင်းတို့ စဲတော့သည်။ နတ်ဘီလူးများအား အကျိုးအကြောင်း မေးမြန်းပြီးနောက် စန္ဒကူးသစ်များဖြင့် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပြီး မြတ်စွာဘုရားထံ လှူဒါန်းမည်ဆိုပါက ကျေနပ်ပါမည်လောဟု မေးတယ်။ နတ်ဘီလူးများမှ ကျေနပ်သဖြင့် ကုန်သည်တို့ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ကုန်သည်တို့လည်း ထိုအခါမှ သရဏဂုဏ် တည်ကြတော့သည်။ မိမိတို့၏ ဝေစု စန္ဒကူးသစ်များအား ကျောင်းဆောင်ဆောက်လုပ်ရာတွင်သာ ထည့်သုံးရန် လှူဒါန်းလေသည်။ ဂေါတမဘုရားရှင်နှင့် ရဟန္တာ ၅၀၀တို့သည် စန္ဒကူးနံ့သာကျောင်းတော်မှာ ခုနှစ်ရက်မျှ သီတင်းသုံး နေထိုင်ကြသည်။ ခုနှစ်ရက် ပြည့်သော် အရှင်ပုဏ္ဏမထေရ်အား ကျောင်းတော်တွင် သီတင်းသုံး နေထိုင်ခဲ့ရန် မိန့်ကြားပြီးနောက် သာဝတ္ထိသို့ ပြန်ကြွသွားသည်။

အရှင်ပုဏ္ဏသည် စန္ဒကူးနံ့သာကျောင်းတော်တွင် သီတင်းသုံးနေရင်း ပရိနိဗ္ဗာန်စံဝင်ရန် အချိန် နီးကပ်လို့ လာပေပြီ။ အဘိဥာဏ်ဖြင့် ကြည့်သော် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ဤနေရာတွင် သာသနာကွယ်မည်ဖြစ်ကြောင်း၊ လူသားတို့သည် စန္ဒကူးကျောင်းတော်ကို ဖျက်ဆီးပြီး သစ်တို့ကို ယူဆောင်သွားကြမည်ဖြစ်ကြောင်း မြင်တော်မူတယ်။ မြတ်စွာဘုရား ခုနှစ်ရက် သီတင်းသုံးခဲ့ရာ ကျောင်းတော်ဖြစ်သဖြင့် ပရိဘောဂစေတီ မြောက်သည်။ ဖျက်ဆီးသူတို့ ငရဲလားမည်ကို မြင်သဖြင့် အဓိဌာန်လေးရပ် ပြုခဲ့ပါတယ်တဲ့။

- မိမိ ပရိနိဗ္ဗာန်စံဝင်ပြီးသည်နှင့် စန္ဒကူးနံ့သာကျောင်းတော်သည် တမဟုတ်ချင်း ကွယ်ပျောက်သွားပါစေ။

- ကျောင်းတော်ရာနေရာတွင် သေလာမယကျောက်စေတီ ပေါ်ထွန်းလာပါစေ။

- ကျောင်းတော် ကွယ်ပျောက်သွားပါသော်လည်း ကျောင်းတော်ကြီး၏ အကျယ်အဝန်း အထိမ်းအမှတ်အဖြစ် တိုင်လေးရပ် ပေါ်ပေါက်လာပါစေ။

- ဤနေရာတွင် မြတ်စွာဘုရား ခုနှစ်ရက် သီတင်းသုံးခဲ့ကြောင်း၊ စန္ဒကူးနံ့သာကျောင်းတော် အမှတ်တကယ် ရှိခဲ့ကြောင်း နှောင်းလူတို့ သက်ဝင် ယုံကြည်ပါစေ။

ထိုအဓိဌာန်လေးရပ်ကို ကြေးပုရပိုက်ပေါ်တွင် မှတ်တမ်းတင်ပြီးနောက် ကျောက်ဂူအတွင်း ထည့်သွင်းခဲ့တယ်။ ထို့နောက် ပရိနိဗ္ဗာန်စံဝင်လေသည်။ ရဟန္တာအရှင်မြတ် အဓိဌာန်ပြုခဲ့သည့်အတိုင်း အကုန်အစင် ဖြစ်ပေါ်လာတော့သည်။

ပုဂံပြည့်ရှင် အလောင်းစည်သူမင်းလက်ထက်မှာ သေလာမယကျောက်စေတီနှင့် အထိမ်းအမှတ်တိုင်လေးတိုင်ဟာ ခြုံနွယ်သစ်ပင်တို့အကြားမှာ ကွယ်နေတာ။ ဖြစ်ချင်တော့ လယ်ယာမြေ ဖော်ထုတ်ရင်း ကျောက်စေတီ၊ အထိမ်းအမှတ်တိုင်လေးတိုင်၊ ကြေးပုရပိုက် စတာတွေကို ရှာတွေ့တယ်တဲ့။ ကြေးပုရပိုက်စာအရရယ်၊ ဗုဒ္ဓကျမ်းဂန်တွေအရရယ် ဆက်စပ်ပြီး စန္ဒကူးနံ့သာကျောင်းတော်ရာအကြောင်း၊ မဟာပုဏ္ဏရဟန္တာမထေရ်အကြောင်း စတာတွေကို ဂဂဃဃ သိလာတော့တာပေါ့။ ကျောင်းတော်ရာစေတီ ဘုရားပွဲကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ တပေါင်းလပြည့်ကျော် ၈ရက်နေ့ထိ စည်ကားစွာ ကျင်းပလေ့ရှိတယ်။

ဂန္ဓာရုံ ခေါ် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီ

ကျောင်းတော်ရာစေတီနှင့် သိပ်မဝေးလှတဲ့ အရပ်မှာ မုန်းချောင်းဆိုတာ ရှိတယ်။ ဝါဆိုလပြည့်နေ့ဆိုရင် ငါးထွေငါးကြီးတွေဟာ နှစ်စဉ် ဘုရားဖူးလာကြသည်။ ရေများလျင် ဝါကျွတ်သည်အထိ နေတတ်ပြီး၊ ရေနည်းလျင် စော၍ ပြန်သွားတတ်ကြသည်။ ဝါဆိုလပြည့်နေ့ ရောက်ပြီဆိုတာနဲ့ ရဟန်းသံဃာနှင့် ရပ်ရွာလူကြီများမှ မုန်းချောင်းနှင့် ဧရာဝတီမြစ် ဆုံရာအရပ်သို့ မော်တော်ယဉ်ဖြင့် သွားကာ ငါးကြီးများကို ကြိုဆိုကြသည်။ မော်တော်ပေါ်မှနေပြီး မောင်းတီးလိုက်ရင်ဖြင့် ငါးကြီးများဟာ သူတို့ကိုယ်ကို ရေပေါ်မှာ ဖော့ပြပြီး အချက်ပြကြတယ်။ ငါးကြီးများ အချက်ပြပြီဆိုရင် ကြိုဆိုရေးမော်တော်ယဉ်များဟာ ကျောင်းတော်ရာဘုရား အရှေ့ဘက် ငါးဖာလုံ အကွာမှာရှိတဲ့ အစာကျွေးဆိပ်ဆီသို့ မောင်းကြတယ်။ ငါးအုပ်ကြီးက အနောက်ကနေ လိုက်ကြသည်။

ဘုရားဖူးငါးများ၏ ထူးခြားချက် -

- နှစ်စဉ် ဝါဆိုလပြည့်နေ့၊ ဝါထပ်သောနှစ်တွင် ဒုတိယဝါဆိုလပြည့်နေ့တိုင်း ဘုရာဖူးလာကြခြင်း

- ငါးများပင် ဖြစ်လင့်ကစား ညှီနံ့လုံးဝ မထွက်ခြင်း

- ငါးစာကျွေးသူများ၏ ကိုင်တွယ်ပွေ့ပိုက်ခြင်းကို ခံယူခြင်း

- ငါးအုပ်ထဲမှ အချို့ငါးများသည် ကြွေသားကဲ့သို့ ဖွေးဖွေးဆွတ်သောအရောင် ရှိနေခြင်း

- သားသတ်လွတ်မုန့်များကို ကျွေးမှသာ စားသုံးခြင်း

ဘုရားဖူးငါးများလာချိန်နှင့် ပြန်ချိန်များတွင် တံငါသည်များသည် ငါးဖမ်းရပ်ကြသည်။ ရှေ့ဆုံးမှ ရွှေရောင်ငါးကြီးမှ ဦးဆောင်တတ်ပြီး နောက်ဆုံးမှ ငွေရောင်ငါးကြီးမှ ထိန်းကွပ်လာသည်။ အလယ်ရှိ ငါးများမှာ များပြားလွန်းသဖြင့် မည်၍မည်မျှဟု အတတ်မဆိုနိုင်ပေ။ နောက်ပိုင်း လူတွေ၏ စည်းဖောက်မှုကြောင့် ငါးအုပ်ကြီး တစ်ဝက်လျော့သွားသည်။ နောက်တစ်နှစ်မှာ ငွေရောင်ငါးကြီး မပါလာတော့ပေ။ ထိုမှ နောက်တစ်နှစ်တွင် ရွှေရောင်ငါးပါ မတွေ့ရတော့ချေ။ ဘုရားဖူးလာသောငါးများမှာ အကောင်အသေး အနည်းငယ်မျှသာ ရှိတော့သည်။ ဘုရားဖူးငါးများကို ပွေ့ပိုက်ပြီး ဓာတ်ပုံရိုက်သည်ဆိုမှာ ပုံပြင်တစ်ပုဒ်လိုသာ ကျန်ရစ်ခဲ့ပေတော့သည်။

နယ်နိမိတ်တိုင် လေးထောင့်

စန္ဒကူးနံ့သာကျောင်းတော်ရှိ အထိမ်းအမှတ်ကျောက်တိုင်လေးတိုင်ကို ငုံပြီး စေတီလေးဆူ တည်ထားပါတယ်။ ရာဟုထောင့်၊ အင်္ဂါထောင့်၊ စနေထောင့်နှင့် တနင်္ဂနွေထောင့်များတွင် ရှိသည်။

အင်္ဂါထောင့်ရှိ ကျောင်းတော်ရာ နယ်နိမိတ်တိုင် စေတီ
ရာဟုထောင့်ရှိ ကျောင်းတော်ရာ နယ်နိမိတ်တိုင် စေတီ
စနေထောင့်ရှိ ကျောင်းတော်ရာ နယ်နိမိတ်တိုင် စေတီ
တနင်္ဂနွေထောင့်ရှိ ကျောင်းတော်ရာ နယ်နိမိတ်တိုင် စေတီ

ဘုရားဖူးငါးများ သချိုင်္င်းရာ

စေတီဝန်းအတွင်း လိပ်ကန်တစ်ကန်ကို ရှာကြည့်ပါ။ လိပ်ကန်အနောက်ဘက်မှာ အုတ်တိုက်တစ်ခုကို တွေ့ပါလိမ့်မည်။ ထိုနေရာသည်ကား တစ်ချိန်က ဘုရားဖူးငါးများ ဘုရားဖူးလာကြရင်း သေသွားတဲ့အခါ မြှုပ်နှံပေးသောနေရာဖြစ်သည်။ ဘုရားဖူးငါးများကို လူများသည် မစားကောင်းဟု သိမြင်ကြသေးသော အချိန်ကာလပေတည်း။ လိပ်ကန်ထဲမှာတော့ ပလက်စတစ်အိတ်တွေ အတော်ကြီးကို များသည်။ ဒါတောင် အမှိုက်ပုံး ချပေးထားတယ်။ ထိုလိပ်များ၏ ရှေ့ရေး မတွေးဝံ့ပေ။

ဝါတွင်း ဘုရားဖူးလာသော ငါးကြီးများ သေဆုံးသည့်အခါ မြှုပ်နှံပေးသော သချိုင်္င်း

စန္ဒကူးနံ့ သင်းပျံ့နေသော အပင်တစ်ပင်

စေတီဝန်းထဲမှာ စန္ဒကူးပင်များ စိုက်ပျိုးထားပါတယ်။ သစ်သားစောင်းတန်းရှည်ကြီး ရှိတဲ့ဘက်အခြမ်းမှာရှိတဲ့ စန္ဒကူးပင်တစ်ပင်တည်းပဲ အနံ့ရှုလို့ ရပါတယ်။ သစ်ခေါက်မခွာရဆိုသည့် ဆိုင်ဘုတ်ချိတ်ထားတဲ့အပင်ပါ။ လက်ညှိုးတစ်ချောင် နှိုက်နိုင်ရုံ သစ်ခေါင်းပေါက်ကို တွေ့ပါလိမ့်မယ်။ လက်ချောင်းထည့်ပြီး ခတ္တမျှ ပွတ်တိုက်ပေးပါ။ ထို့နောက် လက်ချောင်းထိပ်ကို ရှူကြည့်လျင် သင်းပျံ့လှသည့် စန္ဒကူးနံ့ကို ရပါလိမ့်မည်။ နံ့သာဖြူနံ့နှင့် ဆင်သည်။

နေရာ။ ။ ပွင့်ဖြူမြို့၊ ကျောင်းတော်ရာကျေးရွာ၊ စန္ဒကူးနံ့သာကျောင်းတော်ရာ

ကျောင်းတော်ရာအတွင်း စိုက်ပျိုးထားသော စန္ဒကူးနံ့သာပင်များ
စန္ဒကူးနံ့သာခြံအတွင်းရှိ နံ့သာနံ့ ရှုလို့ရသော စန္ဒကူးပင်

၅) ရှင်ပင်စက္ကိန်းတဲစေတီ

ဂေါတမဘုရားရှင်သည် စန္ဒကူးနံ့သာကျောင်းတော်ရာမှ သာဝတ္ထိသို့ ပြန်ကြွရာ ကေလာသတောင်ထိပ်တွင် ခရီးတထောက် နားသေးသည်။ တောင်ထိပ်ရှိ ယာယီတဲကျောင်းတွင် သီတင်းသုံးနေစဉ် သိကြားမင်းသည် မြသပိတ်နှင့် မြသလွန်ကို လာရောက် လှူဒါန်းသည်။ ဘုရားရှင်သည် မြသလွန်ပေါ်တွင် ဖလသမာပတ် ဝင်စားကာ ယာယီ ကျိန်းစက်တော်မူသည်။ ထိုတောင်ကို စက်ကိန်းတဲတောင်ဟု ခေါ်ရာမှ နောင်သော် စက္ကိန်းတဲတောင် ဖြစ်လာသည်။ မြတ်စွာဘုရား ပြန်ကြွသွားသော် သိကြားမင်းသည် ယာယီကျောင်းဆောင်အား ငုံပြီး စေတီတစ်ဆူတည်လေသည်။ ဤကား ရှင်ပင်စက္ကိန်းတဲစေတီပင်တည်း။

မင်းဘူးရှိ ရှင်ပင်စက္ကိန်းတဲစေတီ
ရှင်ပင်စက္ကိန်းတဲစေတီမှ မြင်ရသောရှုခင်း
ရှင်ပင်စက္ကိန်းတဲစေတီနားမှ မြရောင်ခြည်စေတီ

၆) မြသလွန်စေတီ

ဂေါတမဘုရားရှင် ရှင်ပင်စက္ကိန်းတဲတောင်တွင် သီတင်းသုံးစဉ်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ တောအုပ်အတွင်း နေထိုင်သော ဘီလူးလေးကောင်လည်း လာရောက်ဖူးမျှော်သည်။ သူတို့နှင့်အတူ ကြစုဖန်ခါးသီးများကို ဆေးဝါးအဖြစ် လှူဒါန်းရန် ယူဆောင်လာခဲ့သည်။ ဘီလူးလေးကောင် အမည်များမှာ ဘောကျော်၊ ဘောဘော၊ ဘောသူရ၊ ဘောရသ တို့ဖြစ်ကြသည်။ နောက်တစ်နေ့နံနက် မိုးသောက်သော် ဘုရားရှင် ပြန်မကြွမီ ဘောကျော်နှင့် ဘောဘော ဘီလူးညီနောင်သည် မြတ်စွာဘုရားထံ လျှောက်တင်သည်။ ကိုယ်စားကိုးကွယ်ရန် တစ်စုံတရာ ချီးမြှင့်ရန် တောင်းပန်ခြင်းပင်တည်း။ ဘုရားရှင်သည် မြသလွန်အား စွန့်ကြဲလေတယ်။

ဘီလူးညီနောင်သည် မြသလွန်ကို သူတို့နေထိုင်ရာ တောအုပ်အတွင်း ဝမ်းသာအာရ ပင့်ဆောင်သွားတယ်။ တောအုပ်အတွင်းမှာ မြသလွန်ကို ဌာပနာပြီး စေတီတည်တယ်တဲ့။ သိကြားမင်းက ထိုနေရာဟာ စေတီတည်ရန် နေရာမှန် မဟုတ်သဖြင့် စေတီကို ဖြိုကာ မြသလွန်ကို ယူဆောင်သွားတယ်။ ထို့နောက် ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ ဒိဗ္ဗဃာန နာမည်ရသော ရသေ့သုံးဦးထံသို့ သွားရောက် အပ်နှံတယ်တဲ့။ ဘီလူးဘောကျော် လူပြန်ဝင်စားမှာ ကဿပဘုရားရှင် လက်ထက်တုန်းက အသုံးပြုခဲ့ဖူးတဲ့ ရွှေသားသလွန်တော် ဌာပနာရာ အရပ်မှာ မြသလွန်ကို ဌာပနာပြီး စေတီတည်ပါစေ ဆိုပြီး လျှောက်ထားသွားတယ်။

ဘီလူးဘဝကနေ စုတေပြီးနောက်မှာ ဘောကျော်ဟာ ကုန်သည်တစ်ဦး၏သားအဖြစ် ဝင်စားတယ်။ အရွယ်ရောက်တော့ သူဌေးသမီး ပုဏ္ဏဝတီနှင့် ထိမ်းမြားပါတယ်။ နောက်တော့ ရသေ့သုံးပါးနှင့် ဆုံတွေ့ပြီး မြသလွန်စေတီကို အတူတည်ခဲ့ကြပါတယ်တဲ့။ စေတီတည်တဲ့အချိန်မှာ ယခင်ဘဝမှ ဘီလူးမိတ်ဆွေများ လာရောက် ကူညီကြတယ်။

စေတီတည်ပြီးတော့ ဘောကျော်ဟာ အင်မတန် သဒ္ဒါကြည်နူးစွာဖြင့် သောတပန်တည်လေတယ်။ သူဟာ နောက်ခုနှစ်ဘဝ ကျင်လည်ပြီးရင် နိဗ္ဗာန်ကို မျက်မှောင်ပြုနိုင်တော့မည်ဆိုတာကို သိသဖြင့် ပြုံးရယ်မိတယ်။ ထိုအခါ စေတီတော် အလယ်ဖောင်းရစ်မှာ ထုလုပ်ထားသော ဘီလူးခေါင်း ၂၁ရုပ်မှ တစ်ရုပ်သည် ပြုံးရယ်သည့်ဟန် ပေါ်လာလေသည်။ ထိုအရုပ်သည် သောကြာဂြိုဟ်တိုင်နှင့် တနင်္ဂနွေဂြိုဟ်တိုင်အကြားတွင် တည်ရှိသည်။ ခေတ်အဆက်ဆက် ပန်းရံဆရာများ မည်မျှပင် ကြိုးစားစေကာမူ ပြုပြင်မရဘဲ ပြုံရယ်သည့်ဟန်သာ ပေါ်နေတတ်သည်။

ဧရာဝတီမြစ်ကမ်းနဘေးရှိ မကွေးမြသလွန် စေတီ
မကွေးမြသလွန်စေတီ ညဘက်မြင်ကွင်း

၇) ရှင်မင်းပူး

စလေငခွေးမင်းလက်ထက်တုန်းက မုန့်ပျားသလက်သည်ဖြစ်တဲ့ မမင်းပူးကို မိဖုရားမြှောက်ခဲ့ပါတယ်တဲ့။ မမင်းပူး တည်ခဲ့တဲ့ဘုရားမို့လို့ ရှင်မင်းပူးဘုရားလို့ ခေါ်ကြတာလို့ ဆိုကြတယ်။ အထဲမှာ အာသောကအထိန်းအမှတ် ကျောက်တိုင်၊ ထူးခြားတဲ့ပုံစံနှင့် ဘုံကိုးဆင့်ပါ စေတီတစ်ဆူ၊ ပိုက်လုံးပုံခေါင်းလောင်း စတာတွေကို လေ့လာသင့်ပါတယ်လို့။

ရှင်ပင်မင်းပူးစေတီ
ရှင်ပင်မင်းပူးစေတီရင်ပြင်ရှိ ပိုက်ခေါင်းလောင်း

၈) နဂါးပွက်တောင်

သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ရွှံ့ပွက်တောင်ပါ။ ရွှံ့တွေ ပွက်ကနဲ ပွက်ကနဲ တက်လာပုံကို ထိုင်ကြည့်ရတာ သဘောကျလို့ သွားကြည့်စေချင်တယ်။ တောင်မကြီးဘေးမှာ တောင်ပူစာငယ်လေးတွေ အများအပြား ရှိသေးပြီး တစ်အိုင်စာ ခပ်သေးသေး ပွက်နေတာ တွေ့ခဲ့တယ်။

နဂါးပွက်တောင်
နဂါးပွက်တောင် ဝန်းကျင်ရှိ သဘာဝအရ ဖြစ်ပေါ်နေသော ရွှံ့ပွက်တောင်ပူစာငယ်လေးများ
ကိုယ်လက်သန်စွမ်းပြီး ဥာဏ်ရည်ပြည့်မှီသော သူတောင်းစားများအား ပိုက်ဆံမပေးခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပေးကြပါ။

၉) လေယာဉ်ပျက်ကျစဉ် တိုက်မိခဲ့တဲ့ တာဝါတိုင်

၂၀၁၈ အောက်တိုဘာ ၁၆ရက်တုန်းက အဖြစ်အပျက်တစ်ခုကို ပြန်အမှတ်ရပါသေးတယ်။ မကွေးလေတပ်စခန်းမှ F-7 လေယာဉ်လေးစီးဟာ အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းမှု ပြုကြပါတယ်။ ရုတ်တရတ် ရာသီဥတု ဆိုးဝါးလာသဖြင့် လေယာဉ်နှစ်စီးဟာ မထိန်းချုပ်နိုင်တော့ဘဲ ဆားဗွက်ချောင်းတံတားအနီးတွင် တစ်စီး၊ သနပ်ပင်စုကျေးရွာအနောက်ဘက် လယ်ကွင်းအနီးတွင် တစ်စီး ပျက်ကျခဲ့ပါတယ်။ ဆားဗွက်ချောင်းတံတားအနီး မပျက်ကျခင်တုန်းက တိုက်မိခဲ့တဲ့ တာဝါတိုင်းကို အမှတ်တရ ဓာတ်ပုံရိုက်လာခဲ့ပါတယ်။

ထိုဖြစ်စဉ်မှာ ဗိုလ်ကြီးနှစ်ဦး ကျဆုံးခဲ့တယ်။ သူတို့ဟာ လေယာဉ်ပျက်ကျလို့ သွေးပျက်နေစဉ်မှာတောင် အတတ်နိုင်ဆုံး လူတွေအန္တရာယ်နည်းအောင် ကြိုးစားပေးသွားကြရှာတယ်။ နှမျှောတသဖြစ်စရာ ကောင်းတဲ့ နောက်တစ်ချက်က မတော်တဆ ဖြစ်စဉ်အတွင်း ဆဌမတန်းကျောင်းသူလေးတစ်ဦး အသက်ဆုံးရှုံးခဲ့တာပါ။ ဆားဗွက်ချောင်းတံတားအနီး ပျက်ကျခဲ့စဉ်က လေယာဉ်အစိတ်အပိုင်း ထိမှန်ခဲ့တာပါတဲ့။ နောက်ဘဝဆက်တိုင်း ထိုသို့အဖြစ်ဆိုးမျိုးမှ ကင်းဝေးနိုင်ပါစေ...

မကွေးလေတပ်စခန်းမှ F-7 လေယာဉ်ပျက်ကျမှုတွင် တိုက်မိခဲ့သော တာဝါတိုင်

၁၀) ဘိုးနန်းသူသစ္စာတိုင် ဆုတောင်းပြည့်စေတီများ

စကုမြို့ ကားလမ်းနဘေး ဘယ်ညာတလျှောက်မှာ ရှေးဟောင်းစေတီပုထိုးတွေ အများကြီး ဖူးခွင့်ရခဲ့ပါတယ်။ မြို့လေးဟာ အင်းဝနှင့် ဆင်တင်တင် ရှိတယ်။ နောင်များမှ တစ်ခေါက်တော့ သေချာလေး သွားရောက် လေ့လာချင်ပါသေးသည်။

စကုမြို့ရှိ ဘိုးနန်းသူသစ္စာတိုင် ဆုတောင်းပြည့်စေတီများ
စကုမြို့မှာ ရှေးဟောင်းစေတီပုထိုးတွေ အများကြီးပဲရယ်။

၁၁) စက်တော်ရာနှစ်ဆူ

စက်တော်ရာနှစ်ဆူအကြောင်းကိုတော့ https://www.facebook.com/TravellerChanMyanmar/posts/2266591270058722?__tn__=K-R မှာပဲ ဖတ်လိုက်ကြပါတော့နော်။

မန်းချောင်းမှာ ရေကစားနေစဉ်

Ref: မြင့်မိုရ်မေမေစာပေတိုက်မှ ထုတ်လုပ်သော ရွှေစက်တော်ဘုရားသမိုင်း ရုပ်ပြစာအုပ်, အရှင်နိမလ ရေးသားသော မြို့စဖိုလ်စေတီတော်မြတ်ကြီး သမိုင်းအကျဉ်း

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.