Local Trip

Fill your life with adventures.

ပန်းချီကားဆန်သော ပတ္တမြားမြေ

မိုးကုတ်မြို့၏ လှပပုံက တောင်တန်းတွေကို ကျောက်မျက်ရတနာများဖြင့် ရေးခြယ်ထားသော ကျောက်ပန်းချီကားတစ်ချပ်လို လှပခြင်းမျိုး။ သူက လှသည်။ လှလို့လည်း ချစ်သည်။ သို့သော် ချစ်ပုံချစ်နည်းတော့ မတူ။ အချို့က ပန်းချီကားတစ်ချပ်လုံးကို ချစ်သည်။ အချို့က ပန်းချီကားချပ်ထဲက ကျောက်မျက်ရတနာများကိုသာ ချစ်သည်။ 

မိုးကုတ်မြို့အကြောင်း 

မိုးကုတ်မြို့တည်နှစ်ကို “ကိတ်၊ နဂါး၊ ကြွက် သုံးဖော်ယှက်၊ ကျောက်မျက်ရတနာ ပေါ်ထွက်လာ၊ ဂန္ဓာလတိုင်း သမိုင်းပွင့်ဆန်း ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ် မြို့မိုးကုတ်” ဟု အစဉ်အဆက် မှတ်သားခဲ့ကြတယ်။ ကိတ်၊ နဂါး၊ ကြွက် ကို နံပါတ်ပြန်ဖွဲ့ရင် ၅၇၉ ရတယ်။ သည်တော့ မြို့တည်နှစ်ကို မြန်မာသက္ကရာဇ် ၅၇၉ ခုလို့ မှတ်ထားပေါ့နော်။

မိုးကုတ်မြို့ကို - မိန်းကွတ် (ကွေ့ကွေ့ကောက်ကောက်မြို့)၊ မိန်းကု (ခမောက်မြို့)၊ မိန်းကတ် (ချမ်းအေးသောမြို့)၊ ခေါင်ငေါက် (ခေါင်ငေါက်တောကို ရှင်းပြီး တည်ခဲ့သောမြို့) နှင့် ကံဝမ်ခမ်ဆောက်မိန်း (မိုးစောစောချုပ်သောမြို့) လို့လဲ ခေါ်သေးတယ်။ 

မိုးကုတ်မြို့က ဒယ်အိုးလို ချိုင့်ဝှမ်းပုံစံမျိုးလေး။ အရှေ့ဘက်မှာ ကြေးနီတောင်၊ အနောက်ဘက်မှာ ပင့်ကူတောင်၊ မြောက်ဘက်မှာ ထင်းရှူးတောင်၊ တောင်ဘက်မှာ တောင်မင်းတောင် တွေနဲ့ ရံထားတယ်။ မြို့ကို အရှေ့ခြမ်းနှင့် အနောက်ခြမ်း ဆိုပြီး နှစ်ပိုင်း ခွဲထားတယ်။  

ဘယ်လိုသွားမလဲ? 

ရန်ကုန် - မိုးကုတ် တိုက်ရိုက် Express ရှိပေမယ့် ချမ်းတို့သွားတုန်းက New Year ဆိုတော့ ကားလက်မှတ်က ကုန်သွားပြီ။ ဒါ့ကြောင့် မန္တလေးကနေ တဆင့် သွားလိုက်ရတယ်။ မန္တလေး ရောက်မှ မြတ်ရတနာယဉ်လိုင်းနဲ့ မိုးကုတ်ကို တက်တာ။ မိုးကုတ်ကိုတက်တဲ့ ကားလမ်းက နှစ်လမ်းရှိတယ်။ မန္တလေး - မိုးကုတ် လမ်းဟောင်းနဲ့ ပြင်ဦးလွင် - မိုးကုတ် လမ်းသစ် ဆိုပြီးတော့ပေါ့။ လမ်းဟောင်းက ၅နာရီလောက် မောင်းရပြီး လမ်းသစ်က မောင်းရချိန် ပိုနည်းတယ်တဲ့။ 

မန္တလေး - မိုးကုတ် လမ်းဟောင်းက ကိုလိုနီခေတ်တုန်းက ဖောက်ထားခဲ့တာ။ စုစုပေါင်း ၉၉၉ကွေ့ ရှိတယ်။ အင်္ဂလိပ်တွေက ကားလမ်းကို ဖောက်တဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းအောင် အတတ်နိုင်ဆုံး ပုံဖော်ထားတာ သတိထားမိတယ်။ တောင်ကမ်းပါးဘက်ကို ကပ်ပြီး တောင်ရဲ့ပုံစံအတိုင်း ပြေပြေလေး ဖောက်ထားတာ။ ဒါ့ကြောင့် ကွေ့တော့ များတယ်။ လမ်းက ပြေတယ်။  

ပြင်ဦးလွင် - မိုးကုတ် ကားလမ်းက ခုခေတ်မှာ ဖောက်ထားတာ။ လမ်းကြောင်းပိုတိုတယ်။ ကွေ့သိပ်မများဘူး။ လမ်းကြောင်းမှာ မငြိမ်သက်တဲ့ အခြေအနေမျိုးလေးတွေ အခန့်မသင့်ရင် ကြုံနိုင်တယ်။ သည်တော့ ကားလိုင်းတွေက မန္တလေးဘက်က တက်ကြတာများတယ်။ နေ့လည်စာ စားဖို့ သပိတ်ကျင်းမှာ ရပ်ကြတယ်။ ငွေနှင်းစံမြန်မာထမင်းဟင်းဆိုင်က ဆိတ်သားလုံးဟင်း အတော်လေး ကောင်းတယ်။ 

ဘယ်မှာတည်းမလဲ?

Mogok Hill Hotel – 09 777222205, 09 458888205  

စခန်းသာ Guesthouse – 09 779555771, 09 444676067

ထွက်ရှိသော ကျောက်မျက်ရတနာများ 

မိုးကုတ်မြေမှ ကျောက်မျက်တွင်းထွက်ရတနာ ၆၁မျိုး တူးဖော်ရရှိနိုင်ပြီး ပတ္တမြား၊ နီလာ၊ ကျောက်နီ၊ ဥဿဖရား၊ ပြောင်ခေါင်းစိမ်း စသည့် ကျောက်မျက်ရတနာတွေက ထင်ရှားတယ်။ မြန်မာရာဇဝင်ထဲက ပတ္တမြားငမောက် ဆိုတာလည်း မိုးကုတ်တွင်းထွက် ပတ္တမြားပေါ့။ 

ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်း 

ကားအများစုကတော့ မိုးကုတ်မြို့ မရောက်ခင် ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်းမှာ ခရီးတထောက် နားတတ်ကြတယ်။ ဒေသထွက် စားသောက်ကုန်မျိုးစုံ ရောင်းချတဲ့ ဆိုင်ခန်းတွေ အတန်းလိုက်ကြီးဆိုတော့ အပြန်မှ ဝင်ရင် ပိုကောင်းတာပေါ့နော်။ ခေါပုတ်၊ အာတာလွတ်အစပ်ကြော်နဲ့ ချဉ်စော်ခါးသီယို ကိုတော့ မဖြစ်မနေ ဝယ်မြည်းကြည့်သင့်ပါတယ်။ 

ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်းရှေ့မှာ ညောင်ပင်အကြီးကြီး နှစ်ပင်ရှိတယ်။

ကျောက်ပြသာဒ်စေတီ 

မိုးကုတ်မြို့ အနောက်ဘက်ခြမ်းမှာ ကျောက်တောင်ကြီးတစ်လုံးရှိတယ်။ တောင်ရဲ့ ပုံသဏ္ဍာန်ဟာ တန်ဆောင်းပြသာဒ်နှင့် ဆင်တူသောကြောင့် ကျောက်ပြသာဒ်လို့ ခေါ်ကြတာတဲ့။ ကျောက်ပြသာဒ်တောင်ကို အမှီပြုပြီး တောင်ခြေရှိရွာကိုလည်း ကျောက်ပြသာဒ်ရွာလို့ပဲ နာမည်ပေးလိုက်ကြတယ်။ 

တောင်ပေါ်မှာ စေတီတစ်ဆူရှိပြီး ဥာဏ်တော် ၂၇ပေမြင့်တယ်။ မူလအမြင့်ကတော့ ၁၀ပေလောက်ပဲ ရှိတာပါ။ အရင်က ကျောက်ပြသာဒ်ပေါ်တက်ဖို့ လမ်းသိပ်ကြမ်းတာ။ ၁၃၄၃ခု၊ နတ်တော်လဆန်း ၁၅ရက်နေ့မှာ ဆရာတော်ဦးလာဘ ဦးဆောင်ပြီး ရွာသူ/ရွာသားတို့ စုပေါင်းကာ လမ်းဖောက်ခဲ့ကြတယ်။ ၁၃၄၅ခု၊ တပို့တွဲလဆန်း ၁၅ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်တဲ့။ ခုချိန်သွားဖူးမယ်ဆိုရင် ကျောက်ပြသာဒ်တောင်တလျှောက် အာရုံခံတန်ဆောင်း၊ ဇရပ်၊ ရေကန်၊ စေတီပုထိုးများနှင့် သာယာနေတာကို တွေ့ရပါလိမ့်မယ်။ 

ကျောက်ပြသာဒ်တောင် တစ်ခုလုံး မြင်ကွင်း
ကျောက်ပြသာဒ်တောင်ပေါ်မှ ရှုခင်းတစ်ခု

ဒေါ်နန်းကြည်တောင် 

ဒေါ်နန်းကြည်တောင်ဆိုတာ ဒေါ်နန်း ရင်ကွဲနာကျ သေဆုံးခဲ့တဲ့တောင်လို့ သိရတယ်။ သူဘာဖြစ်လို့ ရင်ကွဲနာကျ သေဆုံးရခဲ့ပါသလဲ? ဇာတ်လမ်းက သည်လို… 

ငါးထပ်ကြီး ဒါယကာ ပင်းတလဲမင်းလက်ထက်တုန်းက ချင်းတွင်းနယ်သား ငမောက်ဆိုတာ ရှိခဲ့ဖူးတယ်။ သူဟာ ဆွေမျိုးတွေနှင့်အတူ မိုးကုတ်မြို့သို့ ပြောင်းရွှေ့ပြီး စိုက်ပျိုးရေးအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုတယ်။ တစ်ညတော့ ငမောက်ဟာ အင်းခေါင်းအရပ်မှာ ပတ္တမြားခဲကြီးတစ်လုံး ကောက်ရတယ်။ အချို့ကတော့ အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှ တွေ့ခဲ့တာလို့ ဆိုထားတယ်။  

ငမောက်ဟာ သူကောက်ရတဲ့ ပတ္တမြားကို နှစ်ပိုင်း ပိုင်းလိုက်တယ်။ တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေကို အပ်ပြီး တရုတ်ပြည်ဘက်မှာ သွားရောင်းစေတယ်။ ကျန်တစ်ပိုင်းကို သူကိုယ်တိုင် ပင်းတလဲမင်းထံ ဆက်သလိုက်တယ်။ မင်းကြီးဟာ ပတ္တမြားကြီးကို နှစ်သက်လွန်းလို့ ငမောက်ကို ဆုလာဘ်များစွာ ပေးတယ်တဲ့။ ဒါ့အပြင် ပတ္တမြားကြီးကို ရှာတွေ့ခဲ့တဲ့ ငမောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပတ္တမြားကို ပတ္တမြားငမောက် လို့ နာမည်ပေးလိုက်တယ်။ အဲ့သည့်အထိက ပျော်စရာအတိပေါ့။ 

ပြဿနာက တရုတ်ပြည် “မင်” မင်းဆက် ပျက်ဆီးရာကနေ အစပြုတော့တာပါပဲ။ တရုတ်ပြည်ဘက်မှာ နိုင်ငံရေး မတည်ငြိမ်လို့ဆိုပြီး ပတ္တမြားငမောက်ရဲ့ အခြမ်းတစ်ခြမ်းကို ပိုင်ဆိုင်ထားတဲ့ တရုတ်ကုန်သည်ဟာ မြန်မာပြည်ဘက်ကို လာရောက်ခိုလှုံတယ်။ နောက်တော့ ပင်းတလဲမင်းထံ ပတ္တမြားတစ်ခြမ်းကို ဆက်သလိုက်တယ်တဲ့။ ပင်းတလဲမင်းဟာ သူ့ဆီမှာရှိတဲ့ ပတ္တမြားနဲ့ တရုတ်ကုန်သည် ဆက်သတဲ့ ပတ္တမြားရဲ့ အရည်အသွေးက တူလွန်းတာကြောင့် ဆက်ကြည့်လိုက်တဲ့အခါ ပတ္တမြားနှစ်ပွင့်ဟာ တဆက်တည်း ဖြစ်လို့နေတယ်။  

မင်းကြီးဟာ ပတ္တမြားတစ်ပွင့်လုံး သူ့ဆီ မဆက်သရကောင်းလားဆိုပြီး အမျက်ကြီးစွာရှတယ်။ ပြီးတော့ ငမောက်နှင့် ဆွေမျိုးခုနှစ်ဆက်ကို မီးမြိုက်ကွပ်မျက်စေလို့ အမိန့်ချလိုက်ပါလေရော။ အဲ့သည့်အချိန်တုန်းက ဒေါ်နန်းက ခရီးလွန်နေလို့ လွတ်မြောက်သွားတယ်။ သတင်းကြားတော့ စိတ်နှလုံး ကြေကွဲရရှာတယ်။ ပိုဆိုးတာက သူ့ဆွေမျိုးတွေကို မီးမြိုက်ကွပ်မျက်နေတာကို တောင်တစ်လုံးပေါ်ကနေ လှမ်းမြင်လိုက်ရတာပါပဲ။ အဲ့သည့်တောင်ပေါ်မှာပဲ ရင်ကွဲနာကျ ဆုံးရရှာတယ်။ ငမောက်နှင့် မိသားစုဝင်တွေ မီးမြိုက်ခံရတဲ့ နေရာဟာ လောင်းစင်ရွာ နေရာပါ။ ရေနှင့်ဝေးရာ အရပ်ဖြစ်လို့ ရေဝေးရွာလို့လည်း ခေါ်တယ်။ ခုတော့ ရေဝေရွာဆိုပြီး နာမည်တွင်တယ်။ 

ဒေါ်နန်းလှမ်းကြည့်ခဲ့တဲ့တောင် ကိုတော့ ဒေါ်နန်းကြည့်တောင်လို့ ဒေသခံတွေက ခေါ်ကြတယ်။ အချိန်တွေ ကြာလာတော့ ဒေါ်နန်းကြည်တောင် ဆိုပြီး စကားရွေ့သွားတာပါတဲ့။ 

ပတ္တမြားငမောက်ကို ပင်းတလဲမင်းလက်ထက်ကစပြီး သီပေါမင်းလက်ထက်ထိ နန်းစဉ်ပတ္တမြား အနေနဲ့ အမြတ်တနိုး တန်ဖိုးထားခဲ့ကြတယ်။ ပတ္တမြားငမောက်ရဲ့ အလေးချိန်က ရတီကိုးဆယ်ရှိပြီး လုံးချောပတ္တမြား အမျိုးအစားဖြစ်တယ်။ ပတ္တမြားငမောက်ကို ဝါဂွမ်းစ သို့မဟုတ် နို့ရည်ထဲ နှစ်လိုက်ရင် ဝါဂွမ်းရော နို့ရည်ပါ အနီရောင် သန်းနေရောတဲ့။ သီပေါမင်း ပါတော်မူချိန်က စပြီး မြန်မာ့နန်းစဉ်ရတနာဖြစ်တဲ့ ပတ္တမြားငမောက်ဟာ ကာနယ်စလေဒင်ပဲ ယူသွားသယောင်ယောင်၊ သီပေါမင်းပဲ ဖွက်ခဲ့သယောင်ယောင်နဲ့ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဒေါ်နန်းကြည်တောင်ပေါ်က အထီးကျန်သစ်ပင်ကြီး

ပင့်ကူတောင် 

မိုးကုတ်မြို့ ကျပ်ပြင်ရပ်မှာ ရှိတယ်။ အင်္ဂလိပ်ခေတ်တုန်းက ပင့်ကူတောင်မှာ ကျောက်မျက်ရတနာတွေ ထွက်တယ်ဆိုပြီး သတင်းကြီးတယ်။ ဂျော့စထရီးတား ကုမ္ပဏီကနေပြီးတော့ တောင်အောက်မှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်ခဲ့ကြပေမယ့် အရှုံးပေါ်သွားတယ်တဲ့။ သွားဖြစ်ရင် ခဲတွင်းတွေ လူးတွင်းတွေ လေ့လာခဲ့အုံးနော်။ ကားလမ်းက တောင်တဝက်ထိ လမ်းပေါက်ပါတယ်။ လမ်းကမတ်တော့ လမ်းတဝက်ကနေ လမ်းလျှောက်တက်တာတောင် မောနေရောပဲ။ တောင်ထိပ်ကရှုခင်းကို တွေ့တဲ့အခါကျရင် မောရတာထက် ပိုတောင်တန်နေသေးတယ်လို့ တွေးမိမှာ မလွဲပါပဲ။ 

ပင့်ကူတောင်နဲ့ ဒေါ်နန်းကြည်တောင်ကို တစ်ရက်တည်း မတက်ကောင်းဘူးလို့ အချို့က ဆိုတယ်။ ချမ်းတို့ကတော့ တစ်ရက်တည်း သွားခဲ့တာပါပဲ။ ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမယ့် ဒေါ်နန်းကြည်တောင်ပေါ် ရောက်နေရင် ပင့်ကူတောင်အကြောင်း မပြောနဲ့၊ ပင့်ကူတောင်ပေါ် ရောက်နေရင် ဒေါ်နန်းကြည်တောင်အကြောင်း မပြောနဲ့ ဆိုလို့ အဲ့ဒါလေးတစ်ခုတော့ ထိန်းသိမ်းစောင့်စည်းခဲ့ပါတယ်။ 

ပင့်ကူတောင်ပေါ်မှာ မြင်ကွင်း
ပင့်ကူတောင်ထိပ်သို့ တက်ရာ စောင်းတန်း တစ်နေရာမှ မြင်ကွင်း

နွားကျလူး

ပင့်ကူတောင် တစ်ဝက်လောက်မှာ နွားကျလူးဆိုတဲ့ လိုဏ်ဂူတစ်ခု ရှိတယ်။ တစ်ခါတုန်းက နွားတစ်ကောင် ပြုတ်ကျသွားပြီး သေသွားတယ်တဲ့။ နွားပြုတ်ကျသွားတဲ့ အပေါက်မို့လို့ နွားကျလူးလို့ ခေါ်တာတဲ့။ ဆင်းနေကျ ဒေသခံနှစ်ယောက်နဲ့ တွေ့တော့ သူတို့က အထဲကို လိုက်ပြချင်တာ။ ဂူထဲဆင်းတဲ့လမ်းက မတ်ကလည်းမတ်၊ ချောကလည်းချောတော့ လိုက်မကြည့်ရဲခဲ့ဘူး။ နည်းနည်းပဲ ဆင်းပြီး ပြန်တက်ခဲ့ရတယ်။ 

နွားပြုတ်ကျသွားတဲ့တွင်းပါတဲ့။

မြို့ဦးလွင် 

စေတီရင်ပြင်ကို မတက်ခင် ရှေးဟောင်းအုတ်ရိုးကြီးကို တွေ့ပါလိမ့်မယ်။ ကားတက်လို့ရတဲ့ ဘက်အခြမ်းက မဟုတ်ဘဲ အုတ်ရိုးရှိတဲ့ဘက်က တက်နော်။ ဒါမှ ဓာတ်ပုံလှလှလေးတွေ ရမှာ။ 

ပင့်ကူတောင်ပေါ်ကနေ မြင်ရသော မြို့ဦးလွင်စေတီ
မြို့ဦးလွင်စေတီ မတက်ခင် ရှေးဟောင်းအုတ်တံတိုင်းကြီး
မြို့ဦးလွင်စေတီပေါ်တက်တဲ့ လှေကားနှင့်အတူ

ဂွေးပင်ရှေးဟောင်းဘုရားများနှင့် လိုဏ်ဂူ 

သည်နေရာနှင့် ပတ်သတ်တဲ့ သမိုင်းကြောင်းတော့ ရှာလို့ မတွေ့ခဲ့ဘူး။ ၁၂၃၃ခု၊ ဝါဆိုလဆန်း ၁၄ရက်နေ့မှာ ဘုရားတည်ခဲ့တယ် ဆိုတာရယ်၊ ၁၂၈၃ခု ကဆုန်လပြည့်နေ့မှာ တောင်ထိပ်ပေါ်မှာ ညောင်ပင်စိုက်ခဲ့တယ် ဆိုတာရယ်၊ ၁၃၅၃ခုမှာ ဂူချဲ့ခဲ့တယ် ဆိုတာရယ် ပဲ ရှာတွေ့ခဲ့တယ်။ ဂူထဲဝင်ချင်ရင် ဆရာတော်ကို လျှောက်ထားပြီး ဝင်လို့ရတယ်။ အနှောင့်အယှက်တွေ ရှိတာကြောင့် ဂူဝကို သော့ခတ်ထားရတာကြောင့်ပါ။ 

ဂွေးပင်ရှေးဟောင်းဘုရားများက ဂူထဲမှာရှိတာကို လမ်းမှားပြီး ရောက်သွားတဲ့နေရာ
ဂွေးပင်ရှေးဟောင်းဘုရားများဂူအတွင်း တစ်နေရာ

ဘော်ဗဒါန်းလိုဏ်ဂူ 

မိုးကုတ်မြို့ အနောက်ဘက်ခြမ်း ဘော်ဗဒါန်းရွာမှာ ရှိတာ။ မိုးကုတ်မြို့ကနေဆို လေးမိုင်လောက် ဝေးမယ်။  

လိုဏ်ဂူက ပေ၂၀၀ အမြင့်ရှိတဲ့ ကျောက်တောင်ထိပ်မှာရှိတယ်။ ကျောက်တုံးသုံးလုံး ထိစပ်နေပြီး အပေါ်မှာ ကျောက်တုံးတစ်လုံးနဲ့ အမိုးပုံစံပိတ်နေတဲ့ တစ်ဖွင့်ပွင့် သဘာဝဂူအမျိုးအစားပါ။ လူတစ်ယောက် နေသာရုံခပ်ကျဉ်းကျဉ်းလေးပါပဲ။ ဂူအမြင့်က ထိုင်လျက်နဲ့ လျောင်းလျက်ပဲ နေလို့ရလောက်မယ်။  

ဘော်ဗဒါန်းလိုဏ်ဂူ နာမည်ကြီးလာပုံကတော့ မိုးကုတ်ဆရာတော်ဘုရားကြီးနှင့် ဆက်စပ်လို့ နေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ မိုးကုတ်ဆရာတော်ဘုရား ဦးဝိမလမှ ဘော်ဗဒါန်းဂူသို့ ကြွလာပြီး တရားကျင့်ကြံအားထုတ်ခဲ့ပါတယ်တဲ့။ ဘော်ဗဒါန်းဂူမှာ တရားအားထုတ်ပြီး နောက်ပိုင်း ဆရာတော်ဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေဟာ အရင့်အရင်နဲ့ မတူဘဲ ထူးကဲစွာ လေးနက်ပြီး အနှစ်သာရ ပြည့်လို့နေတယ်။ ဒါ့ကြောင့် ဆရာတော်ဘုရားဟာ ဘော်ဗဒါန်းဂူမှာ တရားအားထုတ်နေစဉ်အတွင်း တရားထူးတရားမြတ်တွေ ရခဲ့တယ်လို့ ဒါယကာ၊ ဒါယိကာမတွေက ယုံကြည်ထားကြတယ်။ 

ဒုတိယကမ္ဘာစစ်အတွင်းမှာ မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့်ခဲ့ရာဂူ

ဘားနာ့ဒ်

မိုးကုတ်ကနေဆိုရင် ၁၂မိုင် ဝေးတယ်။ နံနက် လေးနာရီခွဲ စထွက်မယ်ဆိုရင်တောင် အသွားအပြန် ဟိုမှာရှိမယ့်အချိန်နဲ့ဆို နေ့တဝက်လောက် အချိန်ပေးရမယ်။ လမ်းက ကျဉ်းသလို ကြမ်းလဲကြမ်းတယ်။ ရေခဲတဲ့ရွာဆိုပြီး လာလည်တဲ့သူတွေ တအားများတာ။ ချမ်းတို့ သွားတုန်းကတော့ တိမ်ထူပြီး ရေမခဲဘူး။ အရှေ့တစ်ရက်နဲ့ အနောက်တစ်ရက်မှာ ခဲတယ်ဆိုတော့ ကံမကောင်းပုံများ ပြောပါတယ်။

ဗြိတိသျှစစ်တပ်က မိုးကုတ်မြို့ကို သိမ်းဖို့အတွက် တပ်စွဲခဲ့တဲ့ရွာလို့ သိရတယ်။ မူလနာမည်က ပြောင်ခေါင်းရွာတဲ့။ ပြောင်ခေါင်းကျောက်တွေ ထွက်တဲ့ရွာပေါ့။ စစ်တပ်ကို အရေးပိုင် ကာတာ ဆိုသူက ဦးစီးတယ်။ မိုးကုတ်ကို ချီတပ်ဖို့အတွက် ဗိုလ်ချုပ်ကြီး စတူးဝပ်က စစ်ကြောင်းတစ်ကြောင်းကို ဦးစီးရတယ်။ သူတို့ စစ်ကြောင်းမှာ အမှတ် ၅၁ ဘုရင့်ယော့ရှိုင်းယား ခြေမြန်တပ်၊ အမှတ် ၄၃ ဂေါ်ရခါးတပ်၊ တောင်တက်အမြှောက်တပ် နှင့် အင်ဂျင်နီယာတပ်တွေ ပါဝင်တယ်။ သူတို့ စစ်ချီတက်တဲ့နေ့က ၁၈၈၆ခု၊ ဒီဇင်ဘာလ၊ ၁၉ရက်နေ့။ ဒီဇင်ဘာ ၂၉ရက်နေ့မှာ မိုးကုတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။

နောက်တော့ မြန်မာနိုင်ငံဆိုင်ရာ မဟာမင်းကြီး ဘားနာ့ဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘားနာ့ဒ်ရွာလို့ နာမည်ပြောင်းလိုက်တယ်။ ရွာထဲမှာ လက်နက်တိုက်၊ ရိက္ခာတိုက်၊ စစ်သချိုင်္င်း စတာတွေ ရှိတယ်။ ဘားနာ့ဒ်မှာ ငါးရက်ဈေးရှိပြီး ဈေးနေ့ဆို အင်မတန် စည်းကားတယ်။ လက်နက်တိုက် မသွားခင်နားမှာ ရှမ်းဆိုင်တစ်ဆိုင်ရှိတယ်။ တို့ဟူးနွေး စားလို့ ကောင်းမှကောင်း။ ရေခဲတာ ကြည့်ချင်ရင်တော့ တိမ်ကင်းစင်တဲ့နေ့ နံနက် ၄နာရီခွဲလောက်ကတည်းက ထသွားရင် မှီပါတယ်။ ချမ်းကတော့ ရေခဲတာ မတွေ့ခဲ့ရပေမယ့် ဈေးနေ့နဲ့ ကြုံခဲ့တာဆိုတော့ အဆိုးထဲကအကောင်းပေါ့။ 

နံနက် ၄ခွဲကြီး ထသွားမှ ရေခဲတာကို မှီမှာတဲ့။ တောင်တက်လမ်းတလျှောက် မှောင်မဲနေတာပဲ။
ဘားနာ့ဒ်ရွာလမ်းလေး
ဘားနာ့ဒ်ရွာ ငါးရက်ဈေး
ဘားနာ့ဒ်ရွာရှိ မြက်ခင်းပြင်ကျယ်ကြီး
ဘားနာ့ဒ်ရွာရှိ စစ်သချိုင်္င်း
ဘားနာ့ဒ်ရွာရှိ လက်နက်တိုက်

ဖောင်တော်ဦးဘုရား 

ဖောင်တော်ဦးရုပ်ပွားတော်၏ မူလဒါယကာမှာ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းလို့ သိရတယ်။ မူလ ဖောင်တော်ဦးရုပ်ပွားတော်ကို သရက္ခန်အနှစ်သားဖြင့် ထုလုပ်ထားပြီး ဥာဏ်တော် လက်လေးသစ်ခန့် မြင့်တယ်။ အလောင်းစည်သူမင်း ဖောင်စင်္ကြာလှည့်လည်ရင်း နောင်ချိုမြို့အနီးရှိ သုံးဆယ်မြို့မှာ ခရီးတထောက် နားခဲ့ပါတယ်။ ထိုစဉ်အတွင်း ဖောင်တော်ဦး ရုပ်ပွားတော်ကို တည်ထားကိုးကွယ်ခဲ့တယ်။ 

မြန်မာသက္ကရာဇ် ၁၂၅၂ခုမှာ သုံးဆယ်မြို့မှ ဆရာတော်ဦးကဝိ၊ နောင်ချိုမြို့မှ ဆရာတော်ဦးမင်းနောင် တို့သည် နောက်ပါဒါယကာတွေနှင့်အတူ ဖောင်တော်ဦးရုပ်ပွားတော်ကို မိုးကုတ်မြို့သို့ ပင့်ဆောင်လာကြတယ်။ သုံးဆယ်မြို့သားတို့ သိတော့ အနောက်က လိုက်ကြတာ မန္တလေးမြို့မှာ မှီတယ်။ မန္တလေးသာသနာပိုင်ဆရာတော်နှင့် အရေးပိုင်ရုံးသို့ သွားကာ တိုင်ကြားတယ်။ ဆရာတော်ဦးကဝိတို့ဘက်မှ မိုးကုတ်မြို့မှာ သာသနာပြန့်ပွားစေရန်အတွက် ပင့်ဆောင်ရခြင်းဖြစ်ကြောင်း လျှောက်လဲတယ်။ အမှုဖြစ်နေစဉ်အတွင်း ဖောင်တော်ဦးရုပ်ပွားတော်ကို မန္တလေး ရွှေကျီးမြင့်ဘုရားဂေါပကမှ ထိန်းသိမ်းပေးထားရတယ်။ နောက်ဆုံးမှာ ဆရာတော်ဦးကဝိတို့ဘက်မှ နိုင်သဖြင့် မိုးကုတ်မြို့သို့ ပင့်ဆောင်နိုင်ခဲ့လေတယ်။

အစက ဖောင်တော်ဦးရုပ်ပွားတော်က တစ်ဆူတည်းရယ်။ ဒါယကာဦးရွှေလှိုင်းကနေပြီး ဥာဏ်တော် ၁၈လက်မ အမြင့်ရှိတဲ့ ဖော်တော်ဦးရုပ်ပွားတော်တစ်ဆူကို ထပ်မံသွန်းလုပ်ပြီး လှူဒါန်းခဲ့တာ။ ရုပ်ပွားတော် နှစ်ဆူက အကြီးအသေး မညီလို့ဆိုပြီး ဒါယကာဦးမှိုင်းမှ ဥာဏ်တော် ၁၈လက်မရှိတဲ့ ရုပ်ပွားတော်တစ်ဆူ ထပ်မံသွန်းလုပ်စေတယ်။ အထဲမှာ လက်လေးသစ်ခန့်ရှိတဲ့ သရက္ခန်ရုပ်ပွားတော်ကို ဌာပနာထားလိုက်တယ်။ ထိုအချိန်ကစပြီး ရုပ်ပွားတော် နှစ်ဆူဟာ ဥာဏ်တော်ညီမျှတော့တယ်။

၁၃၀၆ခု၊ တပေါင်းလဆန်း ၁၅ရက်နေ့မှာ ဖောင်တော်ဦးရုပ်ပွားတော်တွေ စံနေတဲ့ ပိတ်စွယ်ဘုရားငါးဆူတောင်ခြေကို မဟာမိတ်တွေ ဗုံးကြဲချတယ်။ ဂန္ဓကုဋီတိုက်မှာ မီးလောင်နေစဉ်အတွင်း မိုးကုတ်မြို့အရှေ့ရပ်နေ ဦးလေးတာ၊ ဦးမူ၊ ဦးအောင်လှကြီးနှင့် ဦးစိန်ထွန်းတို့မှ မီးဝိုင်းနေတဲ့ကြားထဲကနေ ဖောင်တော်ဦးရုပ်ပွားတော် နှစ်ဆူကို ရအောင် ပင့်ဆောင်နိုင်ခဲ့ကြတယ်။ အသက်ထက် မြတ်နိုးတဲ့ သဒ္ဒါတရားဆိုတာ ဒါမျိုးကို ပြောတာနေမယ်နော်။ ထူးဆန်းတာက ရုပ်ပွားတော် နှစ်ဆူကို မီးတွေဝိုင်းနေပေမယ့် မီးမခဘဲ ကျန်နေခဲ့တာ။ နောက်တော့ ရုပ်ပွားတော်နှစ်ဆူကို သံသေတ္တာထဲ သော့ခတ်ကာ သိမ်းထားရတယ်။ ဒုတိယကမ္ဘာစစ်ကလည်း ဖြစ်နေတာဆိုတော့ သည်တိုင်းထားလို့ မဖြစ်တော့ဘူးလေ။

မြန်မာသက္ကရာဇ် ၁၃၀၉ခုမှာ ထင်းရှူးခြံတောင်တော်ပေါ်သို့ ပြောင်းရွှေ့ကာ အပူဇော်ခံထားရှိတယ်။ ဖောင်တော်ဦးရုပ်ပွားတော် နှစ်ဆူအတွက် ရည်မှန်းပြီး မိုးကုတ်တွင်းထွက် ရတနာမျိုးစုံ ခြယ်ထားတဲ့ ရွှေပလ္လင်နှင့် ငွေပလ္လင်ရယ်၊ မကုဋ်နှစ်ခုရယ် လှူဒါန်းထားကြသေးတယ်။ ပလ္လင်နှင့် မကုဋ်ကို ကြည့်ချင်ရင် ဖောင်တော်ဦးရုပ်ပွားတော် နှစ်ဆူရဲ့ အနောက်ဘက်ခြမ်းထဲသို့ ပတ်ဝင်ပြီး ကြည့်လို့ရတယ်။

ဖောင်တော်ဦးရုပ်ပွားတော်တွေအပြင် နောက်ထပ် ကြည်ညိုဖူးမျှော်စရာ အနေနဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မျက်လုံးဓာတ်တော်နှင့် အရိုးအသွေးအသားတို့မှ ကြွင်းတဲ့ ဓာတ်တော်တွေ ထားရှိတဲ့ မင်္ဂလာတိုက်ဆိုတာ ရှိသေးတယ်။ မျက်လုံးဓာတ်တော်ကို ဖူးမျှော်လိုရင် ဆရာတော်တွေထံ လျှောက်ထားဖို့တော့ လိုမယ်။ တစ်ဆူတည်းသော မျက်လုံးဓာတ်တော်ဆိုတော့ ဘုရားခန်းမှာ သော့ခတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားရတာ မို့လို့ပါ။

ဥာဏ်တော် ၁၈လက်မရှိ ဖောင်တော်ဦး ရုပ်ပွားတော် နှစ်ဆူ
ဖောင်တော်ဦးဘုရားရောက် စာရေးသူ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ မီးမခမျက်လုံးဓာတ်တော်နှင့် အသွေး၊ အသား၊ အရိုးမှ ကြွင်းသော ဓာတ်တော်

ဆင်ခွာရွာရှိ အောင်မိသားစုကော်ဖီခြံ

မိုးကုတ်မြို့ အရှေ့ဘက်ခြမ်း ဆင်ခွာရွာမှာ ရှိတာ။ ကော်ဖီခြံနား ရောက်ခါနီးကားလမ်းက နည်းနည်းလေးတော့ ကြမ်းတယ်။ ဒါပေမယ့် ခြံထွက်ကော်ဖီ အရည်အသွေးက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ အဆင့်နံပါတ်လေး ရထားတာဆိုတော့ သွားရကျိုးနပ်တယ်။ ကော်ဖီ လုံးဝ မသောက်တတ်တဲ့ ကိုယ်တောင် ကော်ဖီတစ်ခွက် မြည်းစမ်းခဲ့တယ်။ အနံ့အရသာကတော့ လုံးဝကို သဘာဝစစ်စစ်နဲ့ အရည်အသွေးကောင်းနေတာမျိုး။

ဆင်ခွာရွာရှိ အောင်မိသားစု ကော်ဖီဆိုင်

ချမ်းသာကြီးဘုရား

ရှမ်းစုရပ်၊ မင်းဘုရားတောင်ပေါ်မှာ ရှိတာ။ သက္ကရာဇ် ၉၀၀ခုမှာ ပြည်ဘုရင်မင်းခေါင်မှ မိုးမိတ်မြို့သို့ တိုင်းခန်းလှည့်လည်လာခဲ့တယ်။ မိုးကုတ်မြို့ရောက်တော့ ခရီးတထောက် နားရင်း ချမ်းသာကြီးဘုရားကို တည်ခဲ့တာပါတဲ့။ စေတီထဲမှာ မြတ်စွာဘုရား၏ ဓာတ်တော် အဆူ ၃၀ ဌာပနာထားတယ်လို့ သိရတယ်။ 

သက္ကရာဇ် ၁၂၉၈ခုမှာ တစ်ကြိမ်၊ ၁၃၀၈ခုမှာ တစ်ကြိမ်၊ ၁၃၀၉ခုမှာ တစ်ကြိမ် ငလျင်ဒဏ်ကြောင့် စေတီတော် မြေခခဲ့ရတယ်။ မြေခတိုင်းလဲ ပြုပြင်မွမ်းမံဖို့ ဒေသခံတွေဟာ တတ်နိုင်သလောက် လှူဒါန်းခဲ့ကြတယ်။ ချမ်းသာကြီးဘုရား နှစ် ၁၀၀ပြည့်မှာ စေတီတော်နှင့် ပုံစံတူ ရွှေစေတီ၊ ငွေစေတီ ၂ဆူ ထပ်မံ သွန်းလုပ် လှူဒါန်းခဲ့ကြပါသေးတယ်။ 

ချမ်းသာကြီးဘုရား

ရွှေဂူကြီးဘုရား 

သာသနာသက္ကရာဇ် ၂၃၆ခုမှာ သီရိဓမ္မာသောကမင်းမှ မြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာပြီး တည်ထားတာလို့ ဆိုကြတယ်။ အင်းဝပထမမင်းခေါင်လက်ထက်မှာ အမတ်ကြီး ဗညားဒလမှ မူလစေတီနေရာမှာ ဥာဏ်တော် ၇တောင် အမြင့်ရှိတဲ့ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ပြန်တယ်။ နောက်ပိုင်း ချုံ၊ နွယ်တွေ လွှမ်းခြုံကာ စေတီပျက်အနေနဲ့ ရှိနေခဲ့တာ။ နှစ်ပေါင်းများစွာ ကြာပြီးမှ ဒေသခံတွေက စေတီပျက်ကို ရှာတွေ့ကြတာ။ နောက်တော့ ဥာဏ်တော် ၂၅တောင် အမြင့်ရှိတဲ့ စေတီကို ထပ်မံ တည်ထားကိုးကွယ်လိုက်ပါတယ်တဲ့။ 

ရွှေဂူကြီးဘုရား

မဟာမြတ်မုနိ 

မဟာမြတ်မုနိဆိုတော့ မန္တလေးက မဟာမုနိရုပ်ပွားတော်ကို ပြေးမြင်မိသွားတယ်။ မိုးကုတ်မဟာမြတ်မုနိ ရုပ်ပွားတော်ရဲ့ အလှူ့ရှင်တွေက မိုးကုတ်မြို့ ရှမ်းစုရပ်နေ ဒါယကာ ဦးသိန်းမောင်နှင့် ဒါယိကာမ ဒေါ်ခင်ကြည်တို့ မိသားစုလို့ သိရတယ်။ ၁၃၅၂ခု၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက်နေ့နဲ့ ၅ရက်နေ့မှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို မန္တလေးမဟာမုနိရုပ်ပွားတော်၏ ရင်ငွေ့ကို ခိုလှုံစေတယ်။ ရင်ငွေ့လှုံပြီးနောက် ကျားပျံပိဋကတိုက်ကျောင်း ရေတော်ဆရာတော်မှ မျက်နှာတော်သစ်ကာ ပူဇော်ခဲ့တယ်။ နောက်မှ မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်မှာ မဟာမြတ်မုနိဘုရားကြီး ဆိုပြီး အပူဇော်ခံ ထားရှိ ကိုးကွယ်ထားပါတယ်။

မိုးကုတ်မဟာမြတ်မုနိ

ပတ္တမြားစေတီ 

ဘီးတောင်ဘုရားများ ဟုလည်းကောင်း၊ လေးမျက်နှာဘုရား ဟုလည်းကောင်း၊ ဦးခန္ဓီစေတီတော် ဟုလည်းကောင်း ခေါ်ကြသေးတယ်။ ဘီးတောင်ဘုရားများလို့ ခေါ်တာကတော့ ဘီးနှင့်တူသော တောင်စွယ်ပေါ်မှာ တည်ထားလို့ပါတဲ့။ ၁၂၉၂ခုမှာ ရသေ့ကြီး ဦးခန္ဓီက တည်ထားခဲ့တဲ့ စေတီပုထိုးတွေလို့ ဒေသခံတွေက ဆိုကြတယ်။ တောင်ကုန်းပေါ်မှာ စေတီပုထိုးတွေ အများကြီးရှိတယ်။ တောင်လယ်မှာ ရှိတဲ့ စေတီတစ်ဆူက စစ်ကိုင်း ကောင်းမှုတော်ဘုရားနဲ့ ဆင်တူတယ်။ တောင်ခြေမှာ ရှိတဲ့ စေတီကျတော့ အသောကမင်းကြီး တည်ထားတဲ့ စူဠာမဏိဆုတောင်းပြည့်စေတီပါတဲ့။ 

ပတ္တမြားစေတီတော်
ပတ္တမြားစေတီရင်ပြင်မှ လှမ်းမြင်နေရသော မိုးကုတ်အင်း

ညောင်လေးပင်ချာစ်ကျောင်း

ပတ္တမြားစေတီသွားတဲ့လမ်းမှာ ရှိတာ။ ညောင်ပင်ကြီး လေးပင်ရှိတာကို အစွဲပြုပြီး ညောင်လေးပင်ချာစ်ကျောင်းလို့ပဲ ခေါ်ဖြစ်ကြတယ်။ ဓာတ်ပုံရိုက်လို့ သိပ်ကောင်းတာ။ ညောင်ပင်အကြီးကြီးလေးပင်၊ ချာ့စ်ကျောင်းလှလှလေး၊ ကျောင်းဘေးမှာရှိတဲ့ ချယ်ရီပင်နှစ်ပင် ဒါတွေက ဓာတ်ပုံသိပ်ရိုက်လို့ကောင်းတဲ့ နေရာတွေပေါ့။ 

ညောင်လေးပင်ချာ့စ်ကျောင်းဝင်းရှိ ညောင်ပင်ကြီးလေးပင်
ညောင်လေးပင်ချာ့စ်ကျောင်း
ချာ့စ်ကျောင်းဘေးရှိ ချယ်ရီပင်

မြို့လယ်အင်း 

မိုးကုတ်မြို့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ မြို့လယ်အင်းအကြောင်းက စိတ်ဝင်စားဖို့ကောင်းတယ်။ ကျောက်တူးရာကနေ ဖြစ်ပေါ်လာတဲ့ အင်းဆိုတော့ နည်းနည်းတော့ ဇဝေဇဝါ ဖြစ်ရသေးတယ်။ သည်လောက်ကြီးမားတဲ့အင်းဖြစ်အောင် ဘယ်လိုများ တူးခဲ့လို့များပါလိမ့်ပေါ့။ သေချာလေ့လာ ကြည့်တော့မှပဲ အဖြစ်က သည်လို…

ကိုလိုနီခေတ်တုန်းက မိုးကုတ်မြို့မှာ ဂျော့စထရီးတား ဆိုတဲ့ ကျောက်တူးဖော်ရေး ကုမ္ပဏီတစ်ခု ရှိခဲ့ဖူးတယ်။ အဲ့သည့်ကုမ္ပဏီက ချိုင့်ဝှမ်းတွေကို တူးဖော်ပြီး ကျောက်ရှာကြတာ။ မြေအောက်ကို တူးဖော်တဲ့အခါ ရေထွက်တဲ့ ပြဿနာနဲ့ ကြုံရလို့ အကြီးအကျယ် အရှုံးပေါ်တယ်။ သည်တော့ ရေထွက်ပြဿနာကို ဖြေရှင်းဖို့ မော်ဂန်ကို အင်ဂျင်နီယာချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ 

မော်ဂန်က မိုးကုတ်ချိုင့်ဝှမ်း မြေကြီးအောက် ပေတစ်ရာကနေပြီးတော့ ဥမင်လိုဏ်ခေါင်းကြီးတစ်ခု တူးစေတယ်။ လိုဏ်ခေါင်းက တစ်မိုင်ရှည်တယ်။ အမြင့် ၇ပေ၊ အကျယ် ၇ပေ ရှိတယ်။ လိုဏ်ခေါင်းစီမံကိန်းပြီးတော့ ကျောက်တွင်းတွေ ရေထွက်တဲ့ ပြဿနာ အပြီးတိုင် ပြေလည်သွားတယ်တဲ့။ သည့်နောက်ပိုင်း ကုမ္ပဏီက အမြတ်အစွန်း များစွာရလိုက်သေးတယ်။  

၁၉၂၅ခုမှာ ကမ္ဘာ့စီးပွားရေးဆုတ်ကပ် ဆိုက်ပြီး ကျောက်အရောင်းအဝယ်တွေ ထိခိုက်လာတယ်တဲ့။ ဖြစ်ချင်တော့ မော်ဂန်ရဲ့ ဥမင်လိုဏ်ခေါင်းကြီးလဲ ပြိုကျသွားပြီး ကြီးမားလှတဲ့ မြို့လယ်အင်းကြီး ဖြစ်သွားလေရော။ ကုမ္ပဏီလည်း ပျက်သွားလေသတည်းပေါ့။

မိုးကုတ်မြို့လယ်မှ မြို့လယ်အင်း

မဏိမင်္ဂလာထာပွဲ 

မိုးကုတ်အင်းရှေ့မှာ ထာပွဲလုပ်တဲ့ ဈေးကြီးတစ်ခုရှိတယ်။ နံနက် ၆နာရီကနေ ညနေ ၃နာရီခွဲထိ ဖွင့်တယ်။ အမိုးလုံ အဆောက်အအုံကြီးထဲမှာ ခုံတန်းရှည်တွေ တန်းစီပြီး ချထားတာ။ ခုံတန်းပေါ်မှာ ကျောက်ရိုင်း၊ သွေးပြီးသားကျောက်၊ ခတ်ပြီးသားအသင့်ဝတ်လက်ဝတ်ရတနာတွေ အစုံရောင်းတယ်။ ဝယ်မယ့်သူတွေက ကျောက်ကြည့်တဲ့ဓာတ်မီးနဲ့ ထိုးကြည့်ပြီး ရွေးနေကြတာ။ ကျောက်အကြောင်း နားမလည်လို့ ဘာမှ မဝယ်ဖြစ်ခဲ့ပါဘူးလေ။ ဓာတ်ပုံတွေပဲ ရိုက်ခဲ့တယ်။

မဏိမင်္ဂလာထာပွဲကို နံနက်၆နာရီကနေ ညနေ၃နာရီခွဲထိ ဖွင့်တယ်။

အာဇာနည်ကျောက်တိုင်

ဘယ်နှစ်ခုနှစ်မှာ ထောင်ထားခဲ့သလဲ မသိပေမယ့် ပျက်စီးသွားတဲ့ ခုနှစ်တော့ သိလိုက်ရသေးတယ်။ အရင်တုန်းက အာဇာနည်နေ့ရောက်တိုင်း ဒေသခံတွေ လွမ်းသူ့ပန်းခွေ လာချကြတယ်တဲ့။ ၁၉၈၈ခု ရှစ်လေးလုံးအရေးတော်ပုံတုန်းက အာဇာနည်ကျောက်တိုင်ကွင်းမှာ လူထုစည်းဝေးပွဲကြီး လုပ်ခဲ့ဖူးတယ်။ ၁၉၈၉ခု အာဇာနည်နေ့မှာ ကျောက်တိုင်ကို ထိုခေတ်အာဏာပိုင်တွေက ဖျက်ဆီးပစ်လိုက်ကြပါတယ်တဲ့။ သွားကြည့်ချင်ရင်တော့ မိုးကုတ်မြို့ အရှေ့ရပ် မူကြိုကျောင်းဝန်းထဲမှာ ရှိပါတယ်။

ဘုရားတစ်ထောင်

တရုတ်မယ်သီလရှင်ကျောင်းဝန်းကြီးပါ။ အထဲမှာ ကျောက်ဂူကြီးတစ်လုံးရှိတယ်။ သိပ်မကြီးဘူးရယ်။ ဂူရှေ့ကျောက်နံရံမှာ ဗုဒ္ဓဆင်းတုတော်လေးတွေ အများကြီး ထုထားတယ်။ ဂူထဲမှာ ကွယ်ရင်မယ်တော်ရုပ်ပွားတော်တစ်ဆူ ရှိတယ်။ ကျောင်းဝန်းထဲမှာ ပန်းတွေ အများကြီး စိုက်ထားတယ်။ ပန်းတွေက ထူးထူးခြားခြားလေးတွေမို့ ဓာတ်ပုံတွေ ရိုက်ခဲ့သေးတယ်။ 

ကျောက်ဂူနံရံမှာ ဗုဒ္ဓရုပ်ပွားတော်တစ်ထောင် ထွင်းထုထားလို့ ဘုရားတစ်ထောင်လို့ ခေါ်တာတဲ့။
ဘုရားတစ်ထောင်မယ်သီလရှင်ကျောင်းဝန်း အတွင်းမှာ စိုက်ထားတဲ့ ပန်းလေးတွေ

မိုးကုတ်ထောင်

ဘယ်လိုဖြစ်လို့ အချုပ်ထောင်ကို သွားကြည့်ရသလဲဆိုတော့ အကြောင်းရှိပါတယ်။ ဒေါက်တာဘမော်လို့ ပြောလိုက်ရင်တော့ ကြားဖူးနားဝ ရှိကြမှာပါ။ ကိုလိုနီခေတ်တုန်းက ဒေါက်တာဘမော် အကျဉ်းကျခဲ့တဲ့ ထောင်ဖြစ်လို့ တကူးတက သွားကြည့်ဖြစ်တယ်။ 

ဒေါက်တာဘမော်ဆိုတာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဇာတိ၊ မအူပင်သား။ မွေးနေ့က ၁၈၉၃ခု၊ ဖေဖော်ဝါရီလ ၈ရက်နေ့ပါတဲ့။ မိဘတွေကတော့ ဦးကျေးနှင့် ဒေါ်သိန်းတင်လို့ သိရတယ်။ ဒေါက်တာဘမော်လို့ ခေါ်ရတာက ပြင်သစ်နိုင်ငံ ဘောဒိုးတက္ကသိုလ်ကနေပြီး PHD ပါရဂူဘွဲ့ ရခဲ့လို့ပါ။ ရန်ကုန်တက္ကသိုလ်မှ B.A၊ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်မှ M.A၊ အင်္ဂလန်နိုင်ငံ ဂရေးအင်တက္ကသိုလ်မှ ဝတ်လုံတော်ဘွဲ့တွေ အသီးသီးရခဲ့တာ။ ကိုလိုနီခေတ်တုန်းက ရန်ကုန်တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာနမှူးအဖြစ် အလုပ်ခန့်အပ်ခံရတဲ့ ပထမဦးဆုံး မြန်မာလူမျိုးဖြစ်တယ်။ တောင်သူလယ်သမား အရေးတော်ပုံမှာ ပုန်ကန်မှုဖြင့် အဖမ်းခံရတဲ့ ဆရာစံရဲ့ ဝတ်လုံတော်အဖြစ် အမှုလိုက်ခဲ့ပေးဖူးတယ်။ သည့်နောက်ပိုင်း ဗြိတိသျှတွေရဲ့ ငြိုငြင်မှုကို ခံလာရတော့တယ်။

၁၉၃၂ခုကစပြီး နိုင်ငံရေးတွေ တောက်လျှောက်လုပ်လာလိုက်တာ ၁၉၄၀ခု၊ သြဂုတ်လမှာ အင်္ဂလိပ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ အစက မန္တလေးထောင်၊ နောက်တော့ ဝေးဝေးလံလံ မိုးကုတ်ထောင်မှာ ဘီကလပ်ဖြင့် ထောင်ချခံရတယ်။ ကိုလိုနီခေတ်တုန်းက အကျဉ်းသားတွေကို အေကလပ်၊ ဘီကလပ်ဆိုပြီး ခွဲထားတယ်။ နိုင်ငံရေးအကျဉ်းသားတွေကတော့ ဘီကလပ်နဲ့ နေရတာများတယ်။ ၁၉၄၂ခု၊ ဧပြီလမှာ ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ ဒေါက်တာဘမော်အကြောင်း ပြောရမယ်ဆိုရင် အရမ်းတွေ ရှည်နေမှာဆိုးလို့ သည်လောက်နဲ့ပဲ ရပ်လိုက်ပါပြီလို့။

မိုးကုတ်အကျဉ်းထောင်ကို အပြင်ကနေ ဓာတ်ပုံလှမ်းရိုက်ထားတာ။

ရေပူကန်

ရေပူကန်လို့သာ ဆိုကြတယ်။ တကယ်က အေးစိမ့်နေရော။ ရှားပါးလာပြီဖြစ်တဲ့ ကျောက်ငါးတွေ ကန်ထဲမှာ မြူးတူးပျော်ပါးနေကြတာ သိပ်ကြည့်လို့ကောင်းတယ်။ ကျောက်ငါးတွေနဲ့အတူ ကန်ထဲမှာ ရေကူးဆော့ကစားမယ်ဆိုရင်တော့ ပျော်စရာကြီး နေမှာ။ အခြားတော့ ဘာမှ ကြည့်စရာ သိပ်မရှိပါဘူး။

ဝင်ကြေး - ၅၀၀ကျပ်

ရေပူကန်ဆိုပေမယ့် အေးစိမ့်နေတာပဲ။ ကန်ထဲမှာ ကျောက်ငါးတွေ ကျက်စားကြတယ်။

မိုးကုတ်ရှုခင်းသာ

“ပတ္တမြားမြေမှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ရိုက်ချင်တာနဲ့ သွားဖြစ်ခဲ့တယ်။ မိုးကုတ်မြို့နဲ့ ကျောက်ကွက်တွေကို သည်နေရာကနေ လှမ်းကြည့်နိုင်တယ်။ အခြားတဖက်မှာတော့ အုပ်ဆောင်းတောင်ကို လှမ်းမြင်နေရတယ်။ ရှုခင်းသာရဲ့ ထိပ်ထိ တက်ကြည့်တာ လေတအားတိုက်လို့ ကြာကြာ မနေနိုင်ခဲ့ဘူး။

မိုးကုတ်ရှုခင်းသာ ဆိုင်းဘုတ်နဲ့ စာရေးသူ

လွယ်ဦးသဘာဝလှိုဏ်ဂူ

ရှုခင်းသာ အပေါက်ဝရဲ့ ဘယ်ဘက်ကို သွားကြည့်ရင် သဘာဝလှိုဏ်ဂူ ဆိုတဲ့ ကျောက်တိုင်တစ်ခု ထောင်ထားတာ တွေ့ပါလိမ့်မယ်။ လှေကားအတိုင်း ဆင်းသွားလိုက်ပါ။ လှေကားအဆုံးမှာ လွယ်ဦးလှိုဏ်ဂူလေးနဲ့ လှိုဏ်ဂူကြီး ဆိုပြီး ဂူနှစ်ဂူရှိတယ်။ ဂူပေါက်ဝနှစ်ခုလုံး သံတံခါးတပ်ပြီး ပိတ်ထားတယ်။ မပိတ်ထားခင်တုန်းက ဂူထဲက ဘုရားတွေကို လာရိုက်ခွဲတဲ့လူတွေ ရှိခဲ့လို့တဲ့။ နောက်ပြီးတော့ အတွဲတွေ အန္တရာယ်ရောပေါ့။ ဂူကြီးထဲ ဆင်းမယ်ဆိုရင် တော့စလိုက်လေးတော့ ဆောင်သွား။ ဖုန်းမီးအလင်းက ထင်သလောက် မပေါက်ဘူးရယ်။ ဂူလေးက သိပ်မရှည်ပေမယ့် ဂူကြီးက အဆုံးမရှိဘူးလို့တော့ ပြောကြတယ်။ ချမ်းတို့ကတော့ စေတီထိပဲ သွားပြီး ပြန်ထွက်လာခဲ့တယ်။

လွယ်ဦးဂူအကြီးထဲ ဝင်ကြည့်ခဲ့တာ။

အုပ်ဆောင်းတောင်

Sunrise ပဲ ကြည့်ကြည့်၊ Sunset ပဲ ကြည့်ကြည့် သိပ်လှတဲ့ တောင်ပါ။ ကားလမ်းက တောင်ထိပ်ထိ မပေါက်ဘူး။ လမ်းလျှောက်တက်ရမှာ။ လမ်းကြောင်းပြေပြီး မိနစ်၅၀လောက်ပဲ ကြာတယ်တဲ့။

မိုးကုတ်ရှုခင်းသာကနေ လှမ်းရိုက်ထားတဲ့ အုပ်ဆောင်းတောင်

တောင်ရွာကျောင်းတိုက်

ရှေးလက်ရာ ရွှေသင်္ဃန်းကပ်စေတီတစ်ဆူ၊ ထုံးသင်္ဃန်းကပ်စေတီတစ်ဆူ တွေ့လို့ ဓာတ်ပုံ ရိုက်ထားလိုက်တယ်။ စေတီသမိုင်းကြောင်းကိုတော့ နောက်မှ စုံစမ်းတော့မယ့်ဆိုပြီးတော့ပေါ့။ သိတဲ့သူရှိရင် မျှဝေပေးသွားပါနော်။

ရွှေစေတီတစ်ဆူ၊ ထုံးစေတီတစ်ဆူရှိသည့် တောင်ရွာကျောင်းတိုက်

ညဈေး

မိုးကုတ်ရောက်လို့မှ ညဈေး မသွားဖြစ်ရင် မိုးကုတ်ရောက်တယ် မမြည်ဘူး။ မိုးကုတ်တစ်မြို့လုံးမှာ အနှစ်သက်ဆုံးနဲ့ အပျော်ရွှင်ရဆုံး နေရာပါ။ အစားကောင်းကြိုက်သူဆိုတော့လေ။ ညဈေးမှာ နေ့တိုင်း ဝင်စားဖြစ်တာက OK နော် OK ဝက်သားတုတ်ထိုးဆိုင်၊ ဝက်သားအစုံကို အရည်ချဉ်စပ်နဲ့ တစ်ပွဲမှ တစ်ထောင်ပဲ ပေးရတယ်။ နောက်တစ်ဆိုင်က ဒေါ်ပေါင်းဆိုင်က မှိုပေါင်းနဲ့ ဟင်းပေါင်း၊ ကိုကိုညီညီဆိုင်က ဝက်စတူးလဲ ကောင်းတာပဲ။ ချမ်းတို့အဖွဲ့က လူတွေအများကြီးမို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လျှောက်စားကြတာ။ အစုံစားချင်တော့ အဖွဲ့လိုက်ကို နည်းနည်းစီမှာ ဝိုင်းပြီး တစ်ယောက်တစ်ဇွန်းစား၊ ပြီးရင် နောက်တစ်ဆိုင်ကူး အဲ့လို စားခဲ့ကြတာ။ စကားမစပ် ကြက်ဥကစော်လည်း လွှတ်စားကောင်းတာ။ သတိထားရမှာက ည၈နာရီဆို ဆိုင်တွေ သိမ်းကုန်ကြပြီ။

ညဈေးမှာ အစားမက်ပြီး ဓာတ်ပုံသိပ်မရိုက်ဖြစ်လို့ သည်ပုံလေးပဲ ရှိခဲ့တယ်။

ညဈေးမှာ မဟုတ်ဘဲ မိုးကုတ်မြို့ရဲ့ အခြားစားလို့ကောင်းတဲ့ဆိုင်တွေကတော့ နော်လုလူးက ရေခဲမုန့်ကြော်၊ နီကိုဟော့ပေါ့နှင့်အကင်ဘူဖေး ၆၀၀၀ကျပ်၊ ပွင့်သစ်စက မလိုက်လက်ဖက်ရည်၊ ထောပတ်ချာပါတီနှင့် ဆိတ်စွပ်၊ ဦးဘချစ်ဆိုင်က ဖက်ထုပ်ဆီချက်နှင့် မိုးကုတ်ဝက်သားချဉ်၊ မိုးကုတ်ဒေါ်ရှန်က ဝက်သားမျှစ်ချဉ်ခေါက်ဆွဲနှင့် ဖက်ထုပ်ပျော့ကြော်… ဗြဲ ရေးရင်းနဲ့ လွမ်းလာပြီ။

ရွှေလိပ်ပြာဟော်တယ်

ကားတစ်စီးလုံးဝင်တာ ဝင်ကြေး ၁၀၀၀ ပဲ ပေးရတယ်ဆိုတော့ တန်တယ်လို့။ ဟော်တယ်သာဆိုတယ် ခြံဝန်းကြီးက အကျယ်ကြီးပဲ။ ဓာတ်ပုံရိုက်ဖို့ ဝင်လည်ကြတာများတယ်။ အေးအေးဆေးဆေး အပန်းဖြေဖို့အတွက် သိပ်ကောင်းတဲ့ ပတ်ဝန်းကျင်ပေါ့။ သွားသွားလာလာ စားစားသောက်သောက်ဆိုရင်တော့ မြို့ထဲနဲ့ လှမ်းနေတယ်။

ရွှေလိပ်ပြာဟော်ဟော်တယ်နှင့် စာရေးသူ

Ref: မိုးကုတ်ဓာတ်ပုံများကပြောသောသမိုင်း - ထက်နိုင် (တလုပ်မြို့)

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.