Local Trip

Fill your life with adventures.

တိမ်ဝဲတွေကြားထဲမှာ ပုန်းခိုနေသော တောင်ပေါ်မြို့လေး “ချင်းပြည်နယ်တောင်ပိုင်း ဘက်ဂျက်ခရီး”

ဆရာမကြီးဂျူးရဲ့ “တိမ်နဲ့ချည်တဲ့ကြိုး” ဝတ္ထုကို ဒုတိယအကြိမ်မြောက် ဖတ်ပြီးနောက်မှာ ချင်းပြည်နယ်တောင်ပိုင်းကို ထပ်သွားဖြစ်ခဲ့ပါတယ်။

ခရီးစဉ်အစ

သည်တစ်ခေါက် ချင်းတောင်ပိုင်းခရီးကိုတော့ Zurprise ကဖိတ်လို့ ဘက်ဂျက်ပုံစံမျိုး ကျစ်ကျစ်လစ်လစ်လေး သွားဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကနေ ချင်းပြည်နယ်ကို တိုက်ရိုက်ကား မရှိလေတော့ အစပိုင်းမှာတင် အနည်းငယ်တော့ ပင်ပန်းသား။ ရန်ကုန် - ချောက်၊ ချောက် - ကန်ပက်လက် သည်လိုမျိုး သွားရတာ။ ရန်ကုန် - ချောက် ခရီးအတွက် မြသရဖူ Express (၉၀၀၀ ~ ၁၀၀၀၀ ကျပ်) နဲ့ သွားခဲ့ကြပါတယ်။

ရန်ကုန်ကနေ ည ၇နာရီခွဲစထွက်ပြီး နောက်တစ်နေ့ နံနက်စောစောမှာ ချောက်မြို့ကို ရောက်တယ်။ ကားဂိတ်ရောက်တော့ ကြိုတင်ချိတ်ထားတဲ့ တော်ဝင်သဇင်ကား (၈၀၀၀ ကျပ်) က ဂိတ်မှာ လာကြိုပေးတယ်။ အဖွဲ့က လူဦးရေများတော့ အခြားအတူစီးမယ့် ခရီးသည်တွေ စောင့်စရာ မလိုတော့ဘူး။ နံနက်စာ စားပြီးတာနဲ့ ကန်ပက်လက်ကို တန်းထွက်ရုံပဲပေါ့။

ကန်ပက်လက်ကို မရောက်ခင် ကြားထဲမှာ ဆောမြို့ကို ဖြတ်သွားရသေးတယ်။ ဆောမြို့ကို ရောက်တော့ နံနက် ၁၀နာရီတောင် ထိုးနေပြီ။ ကန်ပက်လက်ကို ရောက်ဖို့ နောက်ထပ် ၂နာရီခွဲလောက် ထပ်မောင်းရအုံးမှာလေ။

ဆောမြို့က တော်ဝင်သဇင်ကားဂိတ်မှာ ခရီးတထောက်နားချိန်

ကန်ပက်လက်ဆီသို့

အရှေ့တစ်ခေါက် ဇန်နဝါရီလမှာ သွားတုန်းက မြေသားလမ်းတွေပဲ ရှိသေးတာ။ အခုတော့ ကတ္တရာလမ်းတွေ ဖြစ်နေပါရော့လား။ အရင်လို သည်းထိုရင်ဖိုတွေ မဆန်တော့ဘူးပေါ့။ ဒါပေမယ့်လည်း တောင်တက်လမ်း အကွေ့အကောက်က ထူပြောပါသေးတယ်။ တရိပ်ရိပ်ပြေးနေတဲ့ ကားလေးက တစ်ခါတလေ တောင်ကမ်းပါးနဲ့ပဲ တိုက်တော့မလို၊ တစ်ခါတရံ ချောက်ထဲပဲ ထိုးကျတော့မယောင် ရင်ဖိုဖွယ် ကောင်းလှတယ်။

မကွေးတိုင်း နယ်နိမိတ်အဆုံးဖြစ်တဲ့ ဆွာမြို့ကို ကျော်ပြီး၊ ချင်းပြည်နယ် နယ်နိမိတ်အစဖြစ်တဲ့ ကန်ပက်လက်မြို့ နယ်နိမိတ်ထဲ ဝင်လာတော့ ကားလမ်းမှာ မြူတွေ သိသိသာသာသိပ်သည်းလာတယ်။ လင်းအားအကောင်းဆုံး နေ့ခင်းအချိန်မှာတောင် ညနေစောင်းအလား ထင်မှတ်မှားရတယ်။

Local House

၁၂နာရီခွဲမှာ တည်းခိုရမယ့် အိမ်လေးရှေ့ကို ကားဆိုက်ပါပြီ။ အိမ်လေးက သွပ်မိုး၊ ပျဉ်ကာ သပ်သပ်ရပ်ရပ် ခြေတံရှည်အိမ်လေး။ အိမ်ရဲ့ ခြေတံက လေးဖက်လေးတန်လုံး ညီတူညီမျှ ရှည်နေတာမျိုး မဟုတ်ဘူး။ ဒေသခံအိမ်ပုံစံမျိုး။ ကုန်းမြင့်ပိုင်းက ခြေတံ၂ချောင်းကတိုပြီး ကုန်းနိမ့်ပိုင်းက ခြေတံ၂ချောင်းကရှည်နေတာ။ အိမ်ရဲ့ အနောက်ဘက်မှာ ဝရံတာ ထုတ်ထားတယ်။ အဲ့သည့်ကနေ နံနက်စောစောထွက်လာမယ့် အာရုံဦးနေမင်းကို မျှော်ကြည့်နိုင်တယ်။ ဘေးပတ်ဝန်းကျင်မှာ ထင်းရှူးပင်တွေရှိပြီး ရံဖန်ရံခါ မြူတွေက အိမ်လေးကို ပွေ့ဖက်သွားတယ်။ ကိုယ်တည်းရမယ့်နေရာကို ခဏတဖြုတ် လှည့်ပတ်ကြည့်ပြီးနောက် အထုပ်တွေ သည်အတိုင်း ပစ်ချခဲ့ပြီး နေ့လည်စာစားဖို့ ထွက်ခဲ့ကြတယ်။

ကန်ပက်လက်မြို့က Local House

တောင်ပေါ်သားထမင်းဆိုင်

ချမ်းတို့ နေ့လည်စာ သွားစားမယ့်ဆိုင်က တောင်ပေါ်သားထမင်းဆိုင်ပါ။ သည်ဆိုင်လေးကို ကိုယ်မရောက်ဘူးပေမယ့် စိတ်ဝင်စားနေတာ ကြာပြီ။ ယောကျာ်းလေးသူငယ်ချင်းတွေ ပါးစပ်ဖျားမှာ သည်ထမင်းဆိုင်လေးက ရေပန်းစားနေခဲ့တာ။ မေးကြည့်တော့လဲ ပြုံးစိစိ။ ကဲ… ခုတော့ ကိုယ် အကျိုးအကြောင်း သိပြီ။ ထမင်း၊ ဟင်းတွေက ယဉ်စစနဲ့ ချောလိုက်တာ။ အဲ... မှားလို့။ အရသာရှိလိုက်တာ။

ကန်ပက်လက်မြို့က တောင်ပေါ်သားထမင်းဆိုင်က အရသာ အဆင်ပြေဆုံးပါပဲ။

ကယွန်းတောင်ဆုတောင်းပြည့်ဘုရား

နေ့လည်စာ သုံးဆောင်ပြီးတော့ ကန်ပက်လက်မြို့ရဲ့ တစ်ဆူတည်းသော ဗုဒ္ဓဘာသာစေတီဆီသို့ သွားရောက် ဖူးမျှော်ကြတယ်။ ၂၀၀၆ခုနှစ်မှာ တည်ထားတာတဲ့။ ကယွန်းတောင်ခြေကနေ စေတီရင်ပြင်ထိ ဆောင်းတန်းရှည် ဆောက်ပေးထားတယ်။ တောင်က သိပ်မမြင့်မားလို့ သာသာယာယာ တက်နိုင်ပါတယ်။ တောင်ထိပ်ပေါ်မှာ ရွှေစေတီတစ်ဆူရှိပြီး သပ္ပါယ်လှတယ်။ ချမ်းတို့ရောက်နေတဲ့အချိန်က မြူတွေ ထူလှတာကြောင့် ပတ်ဝန်ကျင်ရှုခင်းကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။

ကယွန်းတောင်ဆုတောင်းပြည့်စေတီကို တက်ရမည့်ဆောင်းတန်း
ကယွန်းတောင်ဆုတောင်းပြည့်စေတီနားမှ မြင်ရသောရှုခင်း

နှာခေါင်းပုလွေမှုတ်သော ချင်းဘွားဘွားအိမ်

မျက်နှာပြင်မှာ ပါးရဲထိုးထားပြီး နှာခေါင်းနဲ့ ပုလွေ မှုတ်တတ်သူဆိုလို့ ကန်ပက်လက်မှာ အဘွားတစ်ယောက်တည်း ကျန်တော့တယ်။ အဘွားက ရိုင်ရ်ချင်းလူမျိုး ဖြစ်ပြီး အသက်က ၇၃နှစ် ပါတဲ့။ အပြုံးချိုချိုနဲ့ သဘောကောင်းမည့်ဟန် ထင်ရှားတယ်။

ချင်းဘွားဘွားရဲ့အိမ်လေးက ခြေတံရှည် သစ်သားအိမ်မျိုး။ အိမ်ဘေးမှာ သဇင်ပန်းတွေ စိုက်ထားတဲ့သစ်ပင် ၂ပင်ရှိတယ်။ သဇင်ဥတွေက သစ်ပင်မှာ အမြစ်တွယ်ပြီး ဥတိုင်းနီးနီး ပန်းတွေပွင့်နေတယ်။ အိမ်ရဲ့မျက်နှာချင်းဆိုင်မှာ တောင်ဇလပ်ပင်တစ်ပင်ကို ရှားရှားပါးပါး တွေ့ခဲ့ရတယ်။ အိမ်အနောက်ဘက်မှာ ဖန်ခါးသီးပင်နဲ့ မာလကာသီးပင်တွေရှိပြီး လှိုင်လှိုင်သီးနေတော့တာပဲ။

အိမ်မကြီးရဲ့ဘေးက ချင်းရိုးရာပစ္စည်းအရောင်းဆိုင်ရဲ့ အနောက်ဘက် ကွပ်ပျစ်ပေါ်မှာ အဘွားက ပုလွေမှုတ်ပြ၊ ကပြတယ်။ ဘွားဘွားရဲ့ အနုပညာကို အားပေးပြီးရင် ကိုယ်စေတနာရှိသလောက် ကန်တော့ဖို့လဲ မမေ့နဲ့နော်။ ဘွားဘွားအိမ်က မပြန်ခင်မှာ ချင်းရိုးရာဝတ်စုံတွေငှားပြီး အလှဓာတ်ပုံရိုက်လို့လဲရသေးတယ်။

ခင်ခေါင်းတူရိယာ မှုတ်ပြနေသော ဒိုင်းလူမျိုးစု ချင်းဘွားဘွား
ချင်းဘွားဘွားနှင့် ချမ်းတို့အဖွဲ့

ကန်ပက်လက်မြို့လေးက အကျယ်ကြီး မဟုတ်လှဘူး။ တစ်နေရာနဲ့ တစ်နေရာ သိပ်မလှမ်းလှတာမို့ လမ်းလျှောက်ပြီး လည်ပတ်ဖို့ အဆင်ပြေတယ်။ အလေ့ကျပေါက်နေတဲ့ ပန်းပင်၊ သီးပင်စားပင်၊ ဆော့ကစားနေတဲ့ ချင်းကလေးတွေ၊ ဒေသခံတွေရဲ့ လူနေမှုပုံစံ အဖုံဖုံကို လေ့လာနိုင်ခဲ့ပါတယ်။ ရိုးရာဝတ်စုံ ဆင်မြန်းမှုကတော့ မရှိသလောက် ရှားသွားပါပြီ။ ပါးရဲထိုးထားတဲ့ မိန်းမပျိုလေးတွေကိုလည်း မတွေ့ရတော့ပါဘူး။

ကန်ပက်လက်မြို့တွင်း လမ်းတစ်နေရာ
သီးပင်စားပင် အစုံနှင့် ကန်ပက်လက်မြို့လေး
အိမ်ရှေ့မှာ ထမင်းဟင်း ချက်နေကြသော ဒေသခံများ
ဆော့ကစားနေသော ကလေးငယ်နှစ်ဦး
ချစ်စရာ ချင်းခွေးလေး

ချယ်ရီပင်များနှင့် ဘိုတဲ

ကန်ပက်လက်မြို့ပြင် ဟိုတယ်ဇုံဘက်မှာရှိတာ။ မြို့ဟောင်းလို့လဲ ခေါ်ကြတယ်။ လက်ရှိမြင်နေရတဲ့ ဘိုတဲကတော့ ကိုလိုနီခေတ်တုန်းက ဧည့်ရိပ်သာတစ်ခု ဖြစ်ခဲ့ဟန်တူတယ်။ ဘိုတဲခေါင်းမိုးပေါ်က မီးခိုးခေါင်းတိုင်ကို ကြည့်လိုက်တာနဲ့ ကိုလိုနီခေတ်လက်ရာမှန်း မှန်းဆလို့ရနေပါပြီ။ အိမ်ပတ်ပတ်လည်နံရံကိုတော့ သွပ်တွေနဲ့ ကာထားတာ တွေ့ရတယ်။ မေးမြန်းကြည့်တော့ ၂၀၀၂ခုမှာ ပြန်လည်ပြုပြင်မွမ်းမံထားတာတဲ့။ ဘိုတဲကို နာမည်ကြီးစေတာကတော့ ချယ်ရီပင်တွေပါပဲ။

ချယ်ရီပင်များကြောင့် နာမည်ကြီးလာသော ဘိုတဲ

မီးပုံပွဲ

ချင်းပြည်နယ်ရောက်ပြီး မီးပုံပွဲမှ မဆင်နွှဲဖြစ်ရင် ချင်းပြည်ရောက်ခဲ့တယ် မဆိုသာဘူး။ Local House မှာ တည်းရတဲ့ အားသာချက်ထဲက တစ်ခုက မီးပုံပွဲကို ကိုယ်စိတ်ရှိတဲ့အချိန်ထိ လွတ်လွတ်လပ်လပ် ကျင်းပနိုင်တာပဲ။

မီးပုံပွဲမှာ ပါဆယ်ဂိမ်းကစားခဲ့ရတာကို ဘယ်တော့မှ မေ့ပျောက်တော့မယ် မထင်။ True or Dare ဖြေမလား၊ ခိုင်းတာလုပ်မလား ဆိုရင် ပထမအပစ်ဒဏ်ကိုပဲ ရွေးကြတယ်။ ဒါပေမယ့် အဖြေက လုံးဝဥသုံ ရိုးသားဖို့တော့ လိုမယ်နော်။ ဒါမှပဲ ပျော်စရာကောင်းမှာ။ ဒုတိယ အပစ်ဒဏ်က သိပ်မခက်ခဲပါဘူး။ ခိုက်ခိုက်တုန်အောင် အေးနေတဲ့အချိန်ကြီးမှာ ခြေထောက်ကို ရေဆေးခိုင်းတာပါပဲ။ ဟားဟားဟား...

ခေါက်ဆွဲပြုတ်ပူပူ၊ ဆိတ်သားမွကြော်၊ အာလူးကြော်၊ ကြက်သားသုတ်၊ အသားချောင်းကင်၊ ငါးကင်၊ ငုံးဥနှင့်ငါးဖယ်ကင် တွေလည်း လုပ်စားကြတယ်။ Highlights ဖြစ်တဲ့ ခေါင်ရည်က မပါမဖြစ်ပေါ့။ ဂီတာတီးပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ညည်းကြတယ်။ ဆိုချင်ပြီး သံစဉ်မရရင် အင်တာနက်ဖွင့်ပြီး ကော့ဒ်တွေ ဝိုင်းရှာကြတယ်။ တဖိတ်ဖိတ်လက်နေတဲ့ကြယ်တွေကို ရေတွက်ခဲ့ကြတယ်။ တစ်ခါတလေ ကြယ်ကြွေတာတွေ့ရင် ဆုတောင်းမိတယ်။ ကိုယ့်ရဲ့အပျော်တွေ ကူးစက်ကြပါစေသား...

ညဘက် Local House ရှေ့မှာ ကျင်းပခဲ့တဲ့ မီးပုံပွဲ

ခေါ်နူးစုမ်တောင်

ခေါ်နူးစုမ်တောင်၊ ဝိတိုရိယတောင်၊ နတ်မတောင် လို့ အမည်ရတဲ့ ခေါ်နူးစုမ်တောင်ဟာ အာဆီယံအမွေအနှစ်အဖြစ် ထိမ်းသိမ်းစောင့်ရှောက်ခံနေရတဲ့ တောင်တစ်တောင်ပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၀၁၆ ပေ အမြင့် ရှိတယ်တဲ့။ အလွန်အေးတဲ့နေရာမှာသာ ရှင်သန်နိုင်တဲ့ တောင်ဇလပ်ပင်တွေ ပျော်မြူးတဲ့နေရာပေါ့။ ရှားပါးငှက်မျိုးစိတ်ဖြစ်တဲ့ မျက်ခုံးဖြူငှက်တွေ ကျက်စားတဲ့တောင်လို့လည်း သိရတယ်။

ခေါ်နူးစုမ်တောင်ကနေ အာရုဏ်တက်ချိန်ကို စောင့်ကြည့်ရင် သိပ်လှတာပဲတဲ့။ နံနက် ၄နာရီခွဲလောက် သွားရင် အလှဆုံးရှုခင်းတွေကို မှီနိုင်တယ်လို့ ဆိုကြတယ်။ ချမ်းတို့ မနေ့ညက မီးပုံပွဲကျင်းပတာ ညအချိန်ထက်တောင် ကျော်လွန်သွားတာမို့ နံနက်ခင်း သတ်မှတ်ချိန်ကို မထနိုင်ခဲ့ဘူး။ ဒါ့ကြောင့် ၅နာရီခွဲမှပဲ အိမ်က ထွက်နိုင်ခဲ့တယ်။

ကန်ပက်လက်ကနေ ခေါ်နူးစုမ်တောင်ခြေစခန်းဖြစ်တဲ့ ၁၀မိုင်စခန်းကို ကားစီးရသေးတယ်။ တောင်တက်လမ်းက အနည်းငယ် ထူးဆန်းတယ်။ တောင်ပေါ်တက်နေတယ်လို့သာ ဆိုတယ်။ အချို့နေရာတွေမှာ တောင်အောက်ဆင်းနေတာလို့ ထင်ရလောက်အောင် အမြင်အာရုံကို လှည့်စားတယ်။ ကားလမ်းမ တဘက်ကတောင်နံရံ၊ တစ်ဘက်က ချောက်နက်ကြီး၊ လမ်းမပေါ်မှာက မြူပါးပါးသိုင်းခြုံထားတာမို့ ရင်ဖိုစဖွယ်ပင်။ အချို့ချောက်နက်ကြီးတွေမှာ ညှို့ငင်လွန်းလှသော တိမ်ဝဲတွေနဲ့ ထောင်ချောက်တွေ ဆင်မြန်းထားတယ်။ ကားလေးဟာ အိမ်မက်ဆန်ဆန် မြူတွေကြားမှာပျံဝဲပြီး တိမ်ပင်လယ်ထဲ ထိုးကျတော့မယောင် စိတ်လှုပ်ရှားခဲ့ရ။

၁၀မိုင်တောင်ခြေစခန်းကို ရောက်တော့ sunrise ကို ခဏပဲ မှီလိုက်တယ်။ ထိုခဏလေးကိုတောင် အအေးဒဏ်ကြောင့် ကြည်နူးမှုအပြည့်နဲ့ မရှုစားနိုင်ခဲ့ဘူး။ နေရိပ်ထဲမှာ မနေနိုင်လို့ နေရောင်ကျတဲ့နေရာမှာ လက်နှစ်ဖက်ကို ခင်တင်းတင်းပိုက်၊ ကိုယ်ကိုခပ်ကိုင်းကိုင်းကျုံ့ပြီး sunrise ကို ကြည့်ခဲ့ရတာ။

၁၀မိုင်စခန်းမှာ ခဏပဲ ကြည့်လိုက်ရသော Sunrise

၁၀မိနစ်လောက်နေတော့ ဆိုင်ကယ်ကယ်ရီနဲ့ တောင်ပေါ်ကို တက်ခဲ့ကြပါတယ်။ အသွားဖြစ်ဖြစ်၊ အပြန်ဖြစ်ဖြစ် တစ်ကြောင်းကို လူတစ်ယောက် ၅၀၀၀ကျပ် ပေးရတယ်။ ချမ်းတို့အဖွဲ့က အသွားကို ဆိုင်ကယ်နဲ့တက်ပြီး အပြန်ကို ခြေလျင်ဆင်းကြမှာပါ။ ဆိုင်ကယ်စီးတဲ့အခါ ဆိုင်ကယ်စီးဦးထုပ်ကို မဖြစ်မနေဝတ်ဖို့ လိုအပ်ပါတယ်။ တစ်ကိုယ်ရည်လုံခြုံရေးအပြင် ကြမ်းတမ်းအေးခဲလှတဲ့ တောင်ပေါ်လေကိုပါ ကာကွယ်နိုင်ဖို့ပါ။

တောင်ပေါ်ရောက်လို့ ဆိုင်ကယ်စီးဦးထုပ်ချွတ်လိုက်တဲ့အခါ မျက်နှာက အတော်လေးထုံကျဉ်အေးခဲလို့နေပြီ။ လက်ချောင်းလေးတွေနဲ့ ထိကြည့်တာ ထိလို့ထိမှန်း သိပ်မခံစားရတော့ဘူး။ ကြမ်းတမ်းအေးခဲလှသည့် တောင်ပေါ်လေက အရိုးထဲစိမ့်ဝင်လုမတတ် မညှာမတာ တဝေါဝေါ တိုက်ခတ်တယ်။

ခေါ်နူးစုမ်တောင်ထိပ်ရှိ ဆိုင်ကယ်လမ်းဆုံးသော နေရာ

ခန္ဓာကိုယ်အနွေးဓာတ်ပြန်ရအောင် နေပူထဲသွားပြီး ခုန်ဆွခုန်ဆွလုပ်လိုက်မှ အနည်းငယ်သက်သာရာရတယ်။ တအောင့်နေတော့ အခြားသူငယ်ချင်းတွေရဲ့ ဆိုင်ကယ်တွေ ရောက်လာကြပါပြီ။ လူစုံတော့ တောင်ထိပ်ရောက်ဖို့ ကျန်နေသေးတဲ့ခရီးတိုကို လမ်းလျှောက်တက်ခဲ့ကြပါတယ်။ လမ်းတလျှောက် အလေ့ကျပေါက်နေတဲ့ တောရိုင်းပန်းခင်းတွေကို ဖြတ်သန်းသွားရတယ်။ အဲ့သည့်ကစပြီး နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ အဖွဲ့ခွဲသွားကာ ဓာတ်ပုံရိုက်ကြတယ်။ နောက်ဆုံးစုရပ်က တောင်ထိပ်ပေါ်က ဇရပ်လေးမှာတဲ့။

တောင်ထိပ်ရောက်တော့ အသင့်ယူလာတဲ့ ထမင်းဗူးကို နံနက်စာအနေနဲ့ ဖွင့်စားကြတယ်။ အေးစက်စက်နံနက်စာက အရသာမရှိပေမယ့် ဝင်သလောက်တော့ စားရအုံးမှာပေါ့။ ကိုယ်စားပြီးသားအမှိုက်စတွေကို သေချာသိမ်းဆည်းပြီး အမှိုက်ပုံးထဲအရောက် ထည့်ဖို့က တစ်ယောက်ချင်းစီမှာ အသိရှိဖို့ လိုတယ်နော်။ တောင်ထိပ်မှာ အကြာကြီး မနေနိုင်လို့ ဘုရားရှိတဲ့တောင်ဘက်ကို ခပ်သွက်သွက်လေး ကူးခဲ့ကြတယ်။ ရတနာသုံးပါးကို မှန်းမျှော်ကန်တော့ပြီးနောက် တောင်အောက်ကို ခြေလျင်ဆင်းပါပြီ။

ခြေလျင်ဆင်းတော့မှ ခေါ်နူးစုမ်ရဲ့ အလှအပတွေကို အသေးစိတ်မြင်ခွင့်ရတော့တယ်။ ရှားပါးလှတဲ့ တောင်ဇရပ်နီ၊ ကြည်ပြာရောင်၊ ခရမ်းရောင်၊ အဖြူရောင် တောပန်းနုပ်နုပ်လေးတွေ၊ ကပ်ပါးပင်မွှားတွေ တွဲလွဲခိုနေတဲ့ သစ်ပင်ကြီးတွေ၊ ညိုမောင်းမောင်း တောင်စဉ်တောင်တန်းအသွယ်သွယ်၊ ဖြူလွှလွှတိမ်ပင်လယ်၊ ဝါကျင်ကျင်မြေပြန့်လမ်းတွေကို ကြည်လဲ့လဲ့ကောင်းကင်ပြာနဲ့ ယှဉ်တွဲမြင်ရတာ လှပကြည်နူးဖွယ်ကောင်းလွန်းပါတယ်။ တောင်ဆင်းချိန်က နှစ်နာရီလောက်ပဲ ကြာတတ်ပေမယ့် လမ်းမှာ ဓာတ်ပုံရိုက်တာ၊ မောလို့နားတာတွေ ပေါင်းပြီး ၂နာရီခွဲလောက် ကြာသွားတယ်။

ခေါ်နူးစုမ်တောင်ပေါ်ရှုခင်း
အလေ့ကျတောင်ပေါ်ပန်းခင်းနှင့် ပျော်နေစဉ်
တောင်ဆင်းလမ်းမှာ သူများတွေ ဓာတ်ပုံရိုက်နေတာ တွေ့လို့ ဝင်ရိုက်ခဲ့တာ။
သက်တမ်းနုကျောက်တောင်တွေနှင့် ဓာတ်ဖမ်း
တစ်ခါတလေ မျက်နှာကို ဖုံးပြီး ရိုက်တာက ပိုကောင်းသလားလို့
သစ်ရွက်လေးတွေက နီနီရဲရဲနှင့် ချစ်စရာလေး
သည်လို သစ်ပင်တန်းတွေနဲ့ ကျောပေးပြီး ရိုက်လို့ကောင်း
တောင်ဇလပ်နီတွေက ဇန်နဝါရီလဆို လှိုင်လှိုင်ပွင့်ပါပြီ။
ခရမ်းရောင် အလေ့ကျပန်းလေးတွေ
ကြည်ပြာရောင်ပန်းသေးသေးလေးတွေကလည်း လှမှလှ
အမှန်ကပန်းက သေးသေးလေး... အနီးကပ် ရိုက်ထားတာ
သူလေးက နွားနောက်ပါ

ကဲ… ခေါ်နူးစုမ်ရေ နှုတ်ဆက်ခဲ့ပါပြီနော်။ အခုသွားခဲ့တဲ့ပုံစံအတိုင်း သွားချင်ရင်တော့ https://www.facebook.com/SurpriseFromZ/ မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်လို့ ဆိုရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.