Local Trip

Fill your life with adventures.

ပြင်ဦးလွင်ရှိ သမိုင်းဝင် နေရာများ

များလှစွာသော တောင်ပေါ်မြို့တွေကြားမှာ ပြင်ဦးလွင်မြို့လေးဟာ တမူထူးကဲတဲ့ဟန် ရှိတယ်။ တစ်ချိန်တုန်းက တောရွာငယ်လေးကနေ အပန်းဖြေတောင်ပေါ်စခန်းမြို့အဖြစ် တဖြည်းဖြည်း ဆင့်ကဲတိုးတက်လာခဲ့တာ။ သည်တစ်ခေါက် ပြင်ဦးလွင်ခရီးမှာတော့ ပဟေဠိတွေကို သိပ္ပံနည်းကျ အဖြေမညှိနိုင်သေးတဲ့ ဇာတ်လမ်းတွေ ထုံးမွှမ်းရာ နေရာတွေဆီ စိတ်ညွှတ်ခဲ့ပါတယ်။

Download PDF

၁) ပသျှူးခေါင်းပြတ်တိုက်

ကိုလိုနီခေတ် ၁၉၂၅ခုမှာ ဆောက်လုပ်ခဲ့တာလို့ သိရတယ်။ ပသျှူးခေါင်းပြတ်တိုက်လို့ ခေါ်မယ့်အစား ဖရီးမေဆင်ဂိုဏ်း၏ လျှို့ဝှက်အသင်းတိုက်လို့ ခေါ်ရင် ပိုပြီး သင့်လျော်သလားလို့...

ဖရီးမေဆင်ဂိုဏ်းဆိုတာ ၁၃ရာစုလောက်တုန်းက အင်္ဂလန်နိုင်ငံမှာ ခြေကုပ်ယူ ပေါ်ပေါက်ခဲ့သော လျှို့ဝှက်ဂိုဏ်းလို့ ဖတ်ရဖူးတယ်။ လူအများက မှော်ဂိုဏ်းလို့ ထင်မြင်ကြတာပေါ့။ အချို့ကတော့ သင်္ချာပညာရပ်တွေ၊ သိပ်သည်းလျှို့ဝှက်တဲ့ သိပ္ပံပညာရပ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းတဲ့ဂိုဏ်းလို့ ဖြေရှင်းထားပြန်တယ်။ အသင်းသားတွေ လျှို့ဝှက် တွေ့ဆုံကြတဲ့အခါ အနက်ရောင်ဝတ်ရုံကြီးတွေ၊ သေဆုံးသွားတဲ့ အကြီးအကဲရဲ့ ဦးခေါင်းခွံတွေ ပါနေပြန်တော့ မှော်ဂိုဏ်းလို့ ထင်ကြတာကို အပစ်မဆိုသာရယ်ဘူး။

ကမ္ဘာအနှံ့မှာ ဗြိတိသျှနေမဝင်အင်ပါယာ တန်ခိုးထွှားလာပြီးနောက် ဖရီးမေဆင်ဂိုဏ်းခွဲတွေဟာ နိုင်ငံအနှံ့ ပွားများလာတယ်။ ဂိုဏ်းရဲ့ မူလပညာရပ်ဖြစ်တဲ့ သင်္ချာပညာရပ်အပြင် အခြားနိုင်ငံတွေက ဗိသုကာပညာ၊ လောကီပညာ၊ အတွေးအခေါ်ဒဿန စသည့် ပညာအမျိုးမျိုး ရောထွေးလာခဲ့တယ်။

အဖွဲ့ဝင်တွေဟာ စည်းရုံးကြပြီး စီးပွားရေး၊ လူမှုရေး စသည်ဖြင့် အချင်းချင်း ရိုင်းပင်းကြပါတယ်တဲ့။ ဂိုဏ်း၏အင်အား ဘယ်လောက်တောင် ကြီးမားလာသလဲဆိုရင် အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်တဲ့ ဂျော့ဝါရှင်တန်တောင် ဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့သေးတယ်။ သည်လိုဆိုတော့ ဖရီးမေဆင်ဂိုဏ်းဟာ နိုင်ငံရေးတွေမှာပါ ချယ်လှယ်လာနိုင်ခဲ့ဟန် တူပါတယ်။

၁၈၅၃ခုနှစ် နှောင်းပိုင်းမှာ ဖရီးမေဆင်ဂိုဏ်းဟာ မြန်မာနိုင်ငံထဲ စိမ့်ဝင်လာခဲ့တယ်။ ရန်ကုန်မှ အစပြုကာ မန္တလေး၊ မေမြို့၊ တောင်ကြီး၊ လားရှိုး၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ ရေနံချောင်း၊ ပဲခူးမြို့အထိ အသင်းခွဲများ ဖွဲ့စည်းလာနိုင်ခဲ့တယ်။ အခု ချမ်းရောက်နေတာက မေမြို့က ဖရီးမေဆင်ဂိုဏ်းရဲ့ လျှို့ဝှက်အသင်းတိုက်ပါ။ အဖွဲ့ဝင်တွေ လျှို့ဝှက်စုဝေးရာ စံအိမ်မို့လို့ လူတွေ အနားမလာရဲအောင် သရဲခြောက်တဲ့ ပသျှူးခေါင်းပြတ်တိုက်ဆိုပြီး သတင်းလွှင့်ခဲ့ပုံရတယ်။

အသင်းတိုက်စံအိမ်တိုင်းကို ဖရီးမေဆင်ဂိုဏ်းရဲ့ စံနှုန်းအတိုင်း ဆောက်ရတာတဲ့။ တိုက်ဟာ နှစ်ထပ်တိုက် အမျိုးအစားဖြစ်တယ်။ တိုက်ရဲ့မျက်နှာစာမှာ ပေါ်တီကိုတစ်ခု ပါကိုပါရမယ်။ ပေါ်တီကိုကို ထောက်ထားတဲ့ တိုင်တစ်ဖက်မှာ ခေါမကနုတ်ဒီဇိုင်းကို ထွင်းစေတယ်။ ဒါဟာ ဂရိသင်္ချာပညာရပ်ကို ကိုယ်စားပြုတယ်။ အခြားတိုင်တစ်ဖက်ကို ရောမကနုတ်ဒီဇိုင်း ထွင်းစေတယ်။ သူကတော့ ရောမသင်္ချာပညာရပ်ကို ကိုယ်စားပြုတာပါတဲ့။ မြေညီထပ်မှာ ပါတီပေးနိုင်လောက်သော ခန်းမကို ဆောက်ကြတယ်။ ခန်းမအနောက်မှာ ဘားခန်းပေါ့။ ဘားခန်းအနောက်မှာတော့ စားဖိုဆောင် ရှိတယ်။ ဘားခန်းနဲ့ စားဖိုဆောင်ကြားမှာ လျှို့ဝှက်တံခါး တပ်ထားသေးတာ။ အရေးအကြောင်းဆို စားဖိုဆောင်ကနေ ထွက်ပြေးနိုင်အောင်လို့ပေါ့။ အပေါ်ထပ်မှာတော့ အစည်းအဝေးခန်းမကျယ်ကြီး လုပ်ထားတယ်။ ခန်းမကျယ်ရဲ့ ဝင်ပေါက်တံခါးမှာ ချောင်းကြည့်ပေါက် ဖောက်ထားသေးတယ်။ ဂိုဏ်းရဲ့ အမှတ်အသားဖြစ်တဲ့ တြိဂံပုံကြေးတံဆိပ်လည်း တပ်ဆင်ထားပါတယ်။

ဗိုလ်ချုပ်ဦးနေဝင်းလက်ထက်မှာ ဂိုဏ်းရဲ့အင်အားဟာ လျော့နည်းပါးလာတယ်။ ၁၉၇၅ခုနောက်ပိုင်းမှာတော့ ဖရီးမေဆင်ဂိုဏ်းဟာ မြန်မာနိုင်ငံမှာ မရပ်တည်နိုင်တော့ဘဲ ပြိုပျက်သွားလေသတဲ့။

ပသျှူးခေါင်းပြတ်အသင်းတိုက် ပေါ်တီကိုရဲ့ တိုင်နှစ်ဖက်ထိပ်က ကနုတ်ကို သတိထားကြည့်လိုက်ရင် တစ်ဖက်နဲ့တစ်ဖက် မတူတာကို တွေ့ရပါလိမ့်မယ်။ တစ်ဖက်က ဂရိသင်္ချာပညာကို ကိုယ်စားပြတဲ့ ခေါမကနုတ်လက်ရာဖြင့် ပုံဖော်ထားပြီး အခြားတစ်ဖက်က ရောမသင်္ချာပညာကို ကိုယ်စားပြုတဲ့ ရောမကနုတ်လက်ရာကို ပုံဖော်ထားတယ်။
ပသျှူးခေါင်းပြတ်အသင်းတိုက် မျက်နှာစာ တံခါးပေါက်

၂) မြစိမ်းရောင်စံအိမ် နှင့် ဝိဉာဉ်လွှတ်ယူကလစ်ပင်

မြို့နယ်ရုံးပေါင်းစုံလမ်း၊ ၆ရပ်ကွက်၊ စုပေါင်းရုံးဝန်း အတွင်းမှာ ရှိပါတယ်။ ခမ်းနားလှပတဲ့ အသစ်စက်စက် ၄ထပ်တိုက် စုပေါင်းရုံးနဲ့ ပြိုကျလုစဲစဲ မြစိမ်းရောင်စံအိမ်ကြီးဟာ ဘေးချင်းကပ် အနေအထားမို့ မြင်ရတာ မလျော်ကန်ပေဘူး။ သို့ပေမယ့်လဲ စံအိမ်အိုကြီးကိုတော့ မထိဝံ့ကြချေ။ ထိုစံအိမ်ကြီးတင်မကဘဲ မလှမ်းမကမ်းမှာရှိတဲ့ ယူကလစ်ပင်ကြီးကိုလဲ ရွံ့ကြပြန်တယ်။

အရင်တုန်းကတော့ မြစိမ်းရောင်စံအိမ်မှာ ကုန်သွယ်ရေးဝန်ထမ်းတွေ အခန်းကန့်ကာ စုပေါင်းနေထိုင်ကြတယ်။ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ စံအိမ်ကြီးမှာ အဲ့သည့်ကတည်းက ခြောက်လှန့်မှုတွေ ရှိခဲ့ပေမယ့် နေမရလောက်အောင်ထိ မပြင်းထန်ခဲ့ဖူးဘူး။ အဆိုးရွားဆုံးဖြစ်စေတာကတော့ ကုန်သွယ်ရေးဝန်ထမ်းတစ်ဦးရဲ့ ဇနီးဖြစ်သူ သေဆုံးချိန်ကစခဲ့တာပါပဲ။

သူမဟာ သရဲတစ္ဆေတွေကို အယုံအကြည်မရှိဘူး။ တစ်ခါတလေဆို စိမ်ခေါ်တဲ့ပုံစံမျိုးနဲ့တောင် ကြွေးကြော်တတ်သေးတယ်။ တစ်ရက်တော့ ခွေးနက်ကြီးတစ်ကောင် ရောက်လာပြီး သူမနေထိုင်တဲ့ အခန်းပေါက်ဝကနေပြီး ကြည့်နေတယ်။ သူမက မောင်းထုတ်ပေမယ့် မသွားဘူး။ စိတ်ကြမ်းတဲ့ သူမဟာ ခွေးနက်ကြီးကို ရေနွေးပူနဲ့ ပက်ပါလေရော။ ခွေးနက်ကြီးဟာ ရုတ်တရတ် ကွယ်ပျောက်သွားတယ်။ သူမသည်လည်း ကောက်ခါငင်ခါ အသက်ရှုကြပ်ပြီး မြေပေါ်မှာ လှိမ့်နေရတယ်တဲ့။ သူမကို ပြင်ဦးလွင်ဆေးရုံးကို ပို့တာ အခြေအနေ မကောင်းလို့ မန္တလေးဆေးရုံကြီးဆီ ဆက်ခေါ်သွားကြတယ်။ ဆေးရုံကားပေါ်မှာ သူမဟာ ခွေးနက်ကြီးက သရဲမကြီး ဖြစ်နေကြောင်း ဝူးဝူးဝါးဝါး ပြောပြီး ၂၁မိုင်အရောက်မှာ ဇီဝိန်ချုပ်သွားပါလေရော။

သူမသေဆုံးပြီးတော့ မြစိမ်းရောင်စံအိမ်မှာ အသံအမျိုးမျိုး၊ အနံ့ဆိုးတွေနဲ့ ခြောက်လှန့်လာတော့တယ်။ ရက်လည်ပြီးတော့လဲ ဆက်လက် ခြောက်လှန့်နေဆဲပဲ။ ပိုဆိုးလာတာက သူမဟာ ကြောက်စရာ အမြင်အာရုံတွေအပြင် အနောက်ကနေ ကိုယ်ထိလက်ရောက် တွန်းတာတွေပါ လုပ်လာတော့တယ်။ ဝန်ထမ်းတွေ မနေနိုင်တဲ့အဆုံး သူမကို မြစိမ်းရောင်စံအိမ်နှင့် မလှမ်းမကမ်းမှာ ရှိတဲ့ ယူကလစ်ပင်မှာ နေပါဆိုပြီး ဝိဉာဉ်လွှတ်ပွဲ လုပ်ပေးရတော့တယ်တဲ့။ သည့်နောက်ပိုင်း ယူကလစ်ပင်နားက ဖြတ်သွားသူအချို့က သရဲခြောက်ခံရပါတယ်ဆိုပြီး ပြောလာကြပြန်တယ်။ စံအိမ်ကြီးမှာလဲ ငြိမ်မသွားခဲ့ပါဘူး။ နေထိုင်သူတွေထဲက အချို့ဟာ အကြောင်းအမျိုးမျိုးနဲ့ အသေအပျောက်တွေ ရှိလာခဲ့တယ်။ နောက်ဆုံးမှာ မြစိမ်းရောင်စံအိမ်မှာ မည်သူမျှ မနေဝံ့တော့ချေ။

လူမနေနိုင်လောက်အောင် ခြောက်လှန့်တဲ့ မြစိမ်းရောင်တိုက်
မြစိမ်းရောင်စံအိမ် ဘေးကပ်လျက်ရှိ ၄ထပ်တိုက် စုပေါင်းရုံး

၃) သူရမချစ်ပို၏ ဂူသချိုင်္င်း

မချစ်ပိုဆိုသည်မှာ အရပ်က ၅ပေ၃လက်မ၊ အသားက မဖြူမညိုနှင့် ကြည့်ကောင်းသည့်အထဲမှာပါတယ်။ သူမရဲ့ မွေးခုနှစ်က ၁၉၀၇ခု။ မွေးရပ်ဇာတိက ထားဝယ်မြို့ဖြစ်ပြီး မေမြို့မှာ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်ဖက်က တပ်ထဲမှာ ထမင်းချက်တာဝန်ယူရတဲ့ တပ်ကြပ်ကိုလှမောင်ဖြစ်တယ်။

၁၉၄၉ခု၊ ဖေဖော်ဝါရီလ ၂၁ရက်မှာ မေမြို့ကို K.N.D.O အဖွဲ့က ဝင်သိမ်းတယ်။ တပ်မတော်နဲ့ K.N.D.O အဖွဲ့ကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေတာ။ ထမင်းချက်ကိုလှမောင်လဲ မနေသာတော့ဘူး။ ရှေ့တန်းထွက်တိုက်ရတယ်။ တစ်ကြိမ်မှာ ကိုလှမောင် သေနတ်ဒဏ်ရာနဲ့ ပြန်ရောက်လာတယ်။ မချစ်ပိုဟာ လင်ယောကျာ်းအတွက် မခံမရပ်နိုင်ဖြစ်ကာ သူကိုယ်တိုင် တိုက်ပွဲတွေထဲ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

အထက်လူကြီးတွေက မချစ်ပိုကို ရန်သူ့တပ်ကို ထောက်လှမ်းဖို့ တာဝန်ပေးတယ်။ အဲ့သည့်အချိန်တုန်းက B.E တပ်ကုန်းဘက်ကို ထွက်လာတဲ့ ယောကျာ်းမှန်သမျှကို K.N.D.O အဖွဲ့က ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေ လုပ်တယ်။ အမျိုးသမီးတွေကတော့ ဟိုဘက်သည်ဘက်ကူးပြီး ဈေးရောင်းကြတာမို့ ခွင့်ပြုထားတယ်။ မချစ်ပိုဟာ နွားတစ်အုပ်ကို ကျောင်းရင်း နွားကျောင်းသူ ယောင်ဆောင်ကာ ရန်သူ့စခန်းအခြေအနေကို ထောက်လှမ်းတော့တာပဲ။ ဓားမြောင်တစ်လက်ကို ကိုယ်နှင့်မကွာ ဆောင်ထားတတ်တယ်။ ခင်ပွန်းဖြစ်သူက လက်ပစ်ဗုံးပစ်နည်း သင်ပေးထားတော့ လက်ပစ်ဗုံးတွေလည်း ဆောင်သွားတတ်တယ်။ ရန်သူ့လက်နက်ကြီးနေရာတွေ၊ စက်သေနတ်ချတဲ့နေရာတွေကို မှတ်သားခဲ့တယ်။ တစ်ခါတလေ ရန်သူ သုံး၊ လေးဦးတည်း ရှိနေတာမျိုးနဲ့ကြုံရင် လက်ပစ်ဗုံးနဲ့ ထုထည့်လိုက်တော့တာပါပဲ။ လက်ပစ်ဗုံးကို နေရာတိုင်းမှာ သုံးရတာ အဆင်မပြေတဲ့အတွက် နောက်ပိုင်းမှာ သေနတ်ကိုင်ခွင့် တောင်းခဲ့ပါတယ်တဲ့။

မချစ်ပိုရဲ့ ထောက်လှမ်းရေးသတင်းတွေကြောင့် အောင်ပွဲတွေ ဆက်လာခဲ့တယ်။ ထောက်ပံ့ရေးကုန်းကို ဝင်စီးတဲ့ညတိုက်ပွဲမှာ မချစ်ပိုလဲ လိုက်ပါလာတယ်။ ထိုတိုက်ပွဲမှာ မချစ်ပိုဟာ ရန်သူ့အဖွဲ့ထဲ လက်ပစ်ဗုံးဝင်ပစ်ပြီး အပြန်မှာ ဝမ်းဗိုက်ကို ကျည်မှန်သွားတယ်။

မချစ်ပိုကို မြို့ထဲသို့ ပြန်သယ်ချလာပြီး နယူးဆေးတိုက်မှ ဆရာဝန် ဒေါက်တာဘရှင်နဲ့ တိတ်တဆိတ် ခွဲစိတ်ကုသခဲ့ရတယ်။ ဒဏ်ရာက ၁၅ချက်တောင် ချုပ်ရတယ်တဲ့။ ဒဏ်ရာကောင်းကောင်း မပျောက်ခင်မှာဘဲ မချစ်ပိုဟာ ဆေးရုံးကဆင်းပြီး ဦးကြွယ်အိမ်မှာ ပုန်းခိုနေတယ်။

ထုံးဘိုရပ်ထဲမှာ မချစ်ပုဆိုတဲ့ အမျိုးသမီးတစ်ဦးလည်း နေထိုင်တယ်။ မချစ်ပုရဲ့ ယောကျာ်းက K.N.D.O အဖွဲ့ဝင် စောဘစံတဲ့။ မချစ်ပုဟာ တပ်မတော်ဘက်က ထောက်လှမ်းရေးအမျိုးသမီးသတင်းကို စုံစမ်းနေခဲ့တာ။ မချစ်ပိုရဲ့ သရုပ်မှန်ကို သိသွားတော့တယ်။ မချစ်ပုရဲ့ ကင်းထောက်ချမှုကြောင့် K.N.D.O အဖွဲ့ဝင်တွေ ဦးကြွယ်အိမ်ကို လိုက်လာပြီး မချစ်ပိုကို ဖမ်းသွားကြတယ်။ မချစ်ပိုဟာ ဓားမြောင်တစ်ချောင်းကို ဝှက်ယူသွားခဲ့သေးတယ်။ မချစ်ပို အဖမ်းခံနေရချိန်မှာ အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေ မေမြို့မှာ မရှိကြတော့ဘူး။ အမိန့်အရ မန္တလေးကို တပ်ဆုတ်သွားကြပြီ။ ကတိုက်ကရိုက်အခြေအနေမို့ တပ်သားတွေရဲ့ မိသားစုဝင်တွေကတော့ မေမြို့မှာ ပုန်းခိုပြီး ကျန်ခဲ့ကြရတယ်။

မချစ်ပိုကို စောဘစံက သူ့မယာ မချစ်ပုအိမ်ကို ဖမ်းခေါ်လာခဲ့တာ။ စောဘစံဟာ မချစ်ပိုကို ဖမ်းချုပ်ပြီး အံသွားတွေကို ဓားဖြင့် ကန့်လန့်ထုတ်ပစ်တယ်။ မချစ်ပိုမှာ အံပွားတစ်ချောင်း အပိုပါလာတယ်။ အံပွားအစွမ်းနဲ့ ခုလို အစွမ်းထက်နေတာလို့ စောဘစံက ယုံကြည်တယ်။ ဒါ့ကြောင့် အံပွားကိုပါ မရမက ဓားနဲ့ခွဲထုတ်ပစ်တယ်။ မချစ်ပိုဟာ သူ့အံသွားကို ဓားနဲ့ခွဲထုတ်တဲ့သူတွေကို သူ့ရဲ့ဓားမြောင်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်မှာတောင် ရန်သူကို အဖော်ခေါ်သွားဝံ့တယ်။ တကယ့်အာဂ အမျိုးသမီးပါပဲ။

စောဘစံဟာ သူ့လူတွေ ထိကုန်တော့ ဒေါသထွက်ကာ မချစ်ပိုကို သေနတ်နဲ့ ပစ်သတ်တယ်။ မချစ်ပိုတစ်ယောက် ဘယ်လောက်တောင် အသက်ပြင်းသလဲဆိုရင် သည်လောက်ဒဏ်ရာကြီးမားနေတာတောင် တော်တော်နဲ့ မသေနိုင်ဘူးတဲ့။ အသက်ထွက်သွားမှ စောဘစံဟာ မချစ်ပိုအလောင်းကို ရေတွင်းထဲ ပစ်ချစေတယ်။ ပိုသေချာအောင် အပေါ်ကနေ အုတ်ခဲကျိုးတွေ၊ ပန်းအိုးကွဲတွေနဲ့ပါ ဖို့လိုက်သေးတယ်။

သူမ ကျဆုံးတဲ့နေ့က ၁၉၄၉ခု၊ ဧပြီလ ၈ရက်နေ့။ မှတ်မှတ်ရရ အဲ့သည့်နေ့မှာပဲ မြောက်ပိုင်းစစ်ဌာနချုပ်ဟာ မန္တလေးကို ရန်သူ့လက်ကနေ ပြန်သိမ်းနိုင်ခဲ့တဲ့အတွက် မြို့သိမ်းအောင်ပွဲ အခမ်းအနား လုပ်နေတဲ့နေ့ပေါ့။ ဧပြီ ၂ရက်နေ့မှာ မန္တလေးတောင်ကို ပြန်ရပြီး ဧပြီ ၆ရက်နေ့မှာ နန်းတော်ကို သိမ်းနိုင်ခဲ့တယ်။ ဒါတွေကို မချစ်ပိုတစ်ယောက် မသိသွားခဲ့ရှာဘူး။ မချစ်ပိုရဲ့အလောင်းကို သေဆုံးပြီး တစ်ပတ်အတွင်း ပြန်ဖော်ခဲ့တယ်။ ထိုနှစ် စက်တင်ဘာလ ၁၆ရက်နေ့မှာ စစ်ရေးအခမ်းအနားဖြင့် သဂြိုင်္ဟ်ပေးခဲ့ပါတယ်။

မချစ်ပိုဟာ မြန်မာနိုင်ငံမှာ နိုင်ငံတော်ကချီးမြင့်သော သူရဘွဲ့ကို ရထားတဲ့ တစ်ဦးတည်းသော အမျိုးသမီး ဖြစ်တယ်။ သမိုင်းလက်ဆင့်ကမ်းမှုတွေ နည်းပါးလာသည်နှင့်အမျှ သူရမချစ်ပိုအုတ်ဂူအကြောင်း မသိသေးတဲ့လူတွေ များလာတော့တယ်။ အခြေအနေ ဘယ်လောက်တောင် ဆိုးလာသလဲဆိုရင် သူရမချစ်ပိုရဲ့ အုတ်ဂူကို မြို့ထဲမှာရှိနေလို့ဆိုပြီး မြို့ပြင် ရွှေ့ပစ်ဖို့အထိတောင် ကြံစည်နေသူတွေ ရှိလာခဲ့တယ်လေ။

ပြင်ဦးလွင်မြို့၊ ထိုးဘိုအရပ်ရှိ သူရမချစ်ပို အုတ်ဂူ

၎) ရတနာနတ်မယ်စံအိမ် ( ခေါ် ) Rase View

လင်းပင်ထိပ်တင်မလတ်နှင့် သြစတျေးလျနိုင်ငံသား Mr. Herbert Bellamy တို့၏သမီး ရတနာနတ်မယ် နေထိုင်ရာ စံအိမ်ဖြစ်ပါတယ်။

လင်းပင်ထိပ်တင်မလတ်ဟာ ၁၉၃၂ခုမှာ သမီးလေးတစ်ဦး မွေးဖွားခဲ့တယ်။ ထိုကလေးကို အဘိုးဖြစ်သူ လင်းပင်မင်းသားနှင့် အဘွားဖြစ်သူ ရေနံသာခင်ခင်ကြီးတို့မှ ရတနာနတ်မယ်လို့ ခေါ်စေတယ်။ နတ်မယ်၏ အင်္ဂလိပ်နာမည်မှာ John Rose Bellamy ပါတဲ့။

ရတနာနတ်မယ် အသက် ၂၂နှစ်မှာ အီတာလျံလူမျိုးဆရာဝန် Mario Postiglione နှင့် အိမ်ထောင်ကျပြီး သားနှစ်ယောက် ထွန်းကားခဲ့တယ်။ သူတို့အိမ်ထောင်ရေးဟာ နောက်ပိုင်းမှာ မဖြောင့်ဖြူးတော့ဘဲ ၁၉၆၃ခုမှာ လမ်းခွဲခဲ့ကြပါတယ်။ အသက် ၄၅နှစ်မှာ ဗိုလ်ချုပ်ဦးနေဝင်းနဲ့ ဒုတိယအိမ်ထောင်ကို ထူထောင်ခဲ့ပေမယ့် ငါးလသာ ပေါင်းသင်းဖြစ်ခဲ့တယ်။ ထို့နောက်မှာ အီတလီနိုင်ငံသို့ ပြောင်းရွှေ့သွားပြီး အချက်အပြုတ်သင်တန်းဖွင့်ကာ ရပ်တည်နေပါတယ်တဲ့။

ကုန်းဘောင်ခေတ် အိမ်ရှေ့စံကနောင်မင်းသားကြီး၏ မြစ်မတော်လေး ဖြစ်သည်ကတစ်ကြောင်း၊ မင်းမျိုးမင်းနွယ်မှာမှ သြစတြေးလျသွေး နှောထားလို့ အများနှင့်မတူ ကွဲပြားလှပသည်ကတစ်ကြောင်း၊ ဗိုလ်ချုပ်ဦးနေဝင်း၏ ငါးယောက်မြောက်ဇနီး တော်စပ်ခဲ့သည်ကတစ်ကြောင်း… ထိုထိုအကြောင်းတွေကြောင့် သူမဟာ တစ်ခေတ်တစ်ခါတုန်းက အင်မတန် ကျော်ကြားခဲ့ဖူးတယ်။ 

အိမ်ရှေ့စံကနောင်မင်းသားကြီး၏ မြစ်မတော်လေး ရတနာနတ်မယ် နေထိုင်ခဲ့ရာစံအိမ်

၅) ချယ်ရီမြိုင် (Lincrudin)

ကိုလိုနီခေတ်တုန်းက နန်းရင်းဝန်များ တည်းခိုရန် ဧည့်ဂေဟာအဖြစ် တည်ဆောက်ခဲ့တာပါတဲ့။ လက်ရှိမှာတော့ တပ်ပိုင်မြေဖြစ်လို့ ဝင်ကြည့်ခွင့် မရှိပါ။

ကိုလိုနီခေတ်တုန်းက မြန်မာနန်းရင်းဝန်များ တည်းခိုခဲ့ရာ ချယ်ရီမြိုင်

၆) သီရိမြိုင် (Candacraig)

Google Map မှာ Candacraig Hotel ဆိုပြီး ရှာလိုက်ရင် အလွယ်တကူ တွေ့ပါလိမ့်မယ်။ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီးလာတဲ့အိမ် ဆိုရင်လဲ မမှားဘူး။

ဘုံဘေဘားမားကော်ပိုရေးရှင်း၏ ဥက္ကဌဖြစ်သူ Lwis Alexander Wallace မှ ၁၉၀၄ခုမှာ ဆောက်လုပ်စေခဲ့ပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေထဲက အိမ်ထောင် မကျသေးတဲ့ ဥရောပတိုက်သားဝန်ထမ်းတွေ နေဖို့အတွက်ပါတဲ့။ ကျွန်းသားများဖြင့် တည်ဆောက်ထားပြီး ထိုခေတ်က ရူပီငါးသောင်း ကုန်ကျခဲ့တယ်။ ဒါ့ကြောင့် ငါးသောင်းတိုက်လို့လဲ ခေါ်ကြသေးတယ်။

Candacraing လို့ ခေါ်တာကတော့ Wallace ရဲ့ ဇာတိမြေဖြစ်တဲ့ စကော့တလန်မှ Candacraing မြို့ကို အမှတ်တရဖြစ်စေဖို့ ပေးထားတာပါတဲ့။ ယခုအခါမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိနေပါတယ်။

ကျွန်မနှင်းဆီပါမောင်ရုပ်ရှင်ဇာတ်လမ်းနဲ့ နာမည်ကြီးလာတဲ့ သီရိမြိုင်

၇) ဘုရင်ခံအိမ် ( ခေါ် ) Governor’s House

Aureum Palace Hotel ဝန်းထဲမှာရှိပြီး ဝင်ကြေး ၁၀၀၀ကျပ် ပေးရတယ်။ အိမ်တော်ထဲထိ ဝင်မယ်ဆိုရင် ဝင်ကြေးက ၄၀၀၀ကျပ်ပါတဲ့။

၁၉၀၃ခုမှာ စဆောက်ပြီး ၁၉၀၅ခုမှာ ပြီးစီးခဲ့ပါတယ်။ ပထမဆုံးနေခဲ့သော ဘုရင်ခံမှာ Sir.A.H.Barnes ဖြစ်ပြီး နောက်ဆုံးနေထိုင်ခဲ့သော ဘုရင်ခံမှာ Sir.Dorman Smith (၁၉၄၁-၁၉၄၂) ပါတဲ့။ Dorman Smith ဟာ ဧပြီလမှာ အိမ်တော်ကနေ ထွက်ခွာသွားခဲ့တယ်။ သူသွားပြီးနောက်မှာ အိမ်တော်ဟာ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ယခုတွေ့နေရတဲ့ အိမ်တော်ကတော့ ၂၀၀၅ခုနှစ်မှာ ပုံစံတူ ပြန်လည်တည်ဆောက်ထားတာပါ။

မူလဘုရင်ခံအိမ်က ၁၉၄၂ခု ဧပြီလလောက်မှာ မီးလောင်ပျက်ဆီးသွားခဲ့ပြီး လက်ရှိစံအိမ်မှာ ၂၀၀၅ခုမှာ မူလလက်ရာအတိုင်း အသစ်ပြန်တည်ဆောက်ထားခြင်းဖြစ်သည်။

၈) ဘုရင်ခံဘုရားရှိခိုးကျောင်း ( ခေါ် ) All Saints Church

ဘုရင်ခံအိမ်နှင့် ပြင်ဦးလွင်ဆေးရုံကြီး အကြား ဇီဝကလမ်းပေါ်မှာ ရှိပါတယ်။

တတိယ အင်္ဂလိပ်-မြန်မာစစ်အပြီး ၁၈၈၅ခုမှာ မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ထဲ ကျရောက်ခဲ့ပါတယ်။ အင်္ဂလိပ်တွေဟာ သူတို့ရဲ့ ကျဆုံးသွားတဲ့ စစ်သားတွေအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ် ဘုရားရှိခိုးကျောင်း ဆောက်လုပ်ဖို့ စီစဉ်ကြတယ်။ အစကတော့ မန္တလေးနန်းတော်တွင်းမှာ ဆောက်ဖို့ပါပဲ။ နောက်တော့ မေမြို့မှာနေမယ့် ဘုရင်ခံအတွက် ဘုရားရှိခိုးကျောင်း ဆောက်ဖို့ လိုအပ်နေတာနဲ့ မေမြို့မှာပဲ ဆောက်လိုက်ကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်တဲ့။

၁၉၁၂ခု၊ စက်တင်ဘာလ ၃ရက်မှာ မြန်မာပြည်လက်ထောက်ဘုရင်ခံ Sir.Harvey Adamson မှ အုတ်မြစ်ချပေးခဲ့တယ်။ Church ကျောင်းဝန်းထဲမှာ ကမ္ဗည်းတိုင်တစ်တိုင် စိုက်ထူထားပြီး “မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်က ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည်။” လို့ အဓိပ္ပာယ်ရတဲ့ စာကို ရေးထွင်းထားပါတယ်။

တတိယအင်္ဂလိပ်-မြန်မာစစ်အတွင်း ကျဆုံးသွားသော ဗြိတိသျှစစ်သားများအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သော All Saints Church

၉) ရွှေနှလုံးတော် ဘုရားရှိခိုးကျောင်း

၁၀) ယုဇနမြိုင် (Knowle)

၁၁) သဇင်မြိုင်

၁၂) မြိုင်ဟေမာ (Pine Lodge)

ပြင်ဦးလွင်အကြောင်း သိမှတ်ဖွယ်ရာ

- ဘိုးတော်ဘုရားရဲ့ အမိန့်တော်ပြန်တမ်းအရ ခရစ်နှစ် ၁၇၈၇ခု မတိုင်မီလောက်ကတည်းက ပြင်ဦး ဆိုတဲ့နာမည်နဲ့ ရွာလေးတစ်ရွာ ရှိခဲ့ဖူးတယ်တဲ့။

- အောင်မြေဘုံသာကျောက်စာထဲမှာလည်း ပြင်ဦးလွင်ကို ၁၈၅၀ခုမှာ တည်ခဲ့ကြောင်း အခိုင်အမာ ဆိုထားပြန်တယ်။

- ၁၈၉၇ခု ကိုလိုနီခေတ်မှာ Colonel H.O May ကို အစွဲပြုပြီး မေမြို့လို့ ပြောင်းခေါ်စေခဲ့ပါတယ်။

- ဂျပန်ခေတ် ၁၉၄၄ခုမှာ ဒေါက်တာဘမော်အစိုးရက မေမြို့ကို ပြင်ဦးလွင်မြို့လို့ ပြောင်းလိုက်ကြောင်း အမိန့်စာထုတ်ပြန်ခဲ့တယ်။

- ဗြိတိသျှတွေ ပြန်ဝင်လာတော့ မေမြို့လို့ ပြင်ဆင်ပြန်တယ်။

- စစ်အစိုးရလက်ထက်ရောက်တော့ ပြင်ဦးလွင်လို့ ပြန်ပြောင်းခေါ်စေခဲ့တာ ခုချိန်ထိပဲ ဆိုပါတော့။

နာမည်ပေးကင်ပွန်းတပ်တိုင်း ထမင်းရည်ချောင်းစီး အလှူပေးရင်လဲ အကောင်းသား…

ရန်ကုန်နဲ့ ပြင်ဦးလွင်ဆိုတော့ ကိုးနာရီလောက် ညအိပ်ကားစီးသွားရင် ရောက်နေပြီမို့ သိပ်တော့လည်း မပင်ပန်းလှပါဘူး။

Elite Express - ရိုးရိုး ၁၂,၈၀၀ / VIP ၂၂,၆၀၀

ဘယ်လိုလည်ပတ်မလဲ

Cherry Hill May Myo Tours

ဖုန်းနံပါတ် - ၀၉ ၆၉၅ ၅၀၃ ၃၄၂ / ၃

https://www.facebook.com/Cherry-Hill-May-Myo-Tours-467788727044491

https://www.facebook.com/permalink.php?story_fbid=474054516417912&id=467788727044491&__tn__=K-R

သူ့ရဲ့ package ထဲမှာတော့ အခုရေးထားတာတွေထက် နေရာပိုစုံတယ်။

ဘယ်မှာတည်းမလဲ

Hotel Akimomi

လိပ်စာ - 126, Khaymar Street, Block No.6

ဖုန်းနံပါတ် - 085-21185, 09 777583774, 09 961674204

Price - ၅၀,၀၀၀ ~ ၁၀၀,၀၀၀

သီဟဗလဟော်တယ်

လိပ်စာ - အမှတ် (၁၃)၊ ဝိုင်အမ်ဘီအေ အရှေ့၊ ရပ်ကွက်ကြီး (၄)၊ (၇) ကွက်၊ ပြင်ဦးလွင်မြို့။

ဖုန်းနံပါတ် - 085-23120, 085-21312, 09 774488238, 09 774488239

Price - ၂၅,၀၀၀ ~ ၅၀,၀၀၀

Ref: သမိုင်းဝင်ဖြစ်စဉ်ပြင်ဦးလွင် (မေမြို့ချစ်ဆွေ)၊ ပသျှူးခေါင်းပြတ် (သို့) ဖရီးမေဆင် (သို့) ဥာဏ်အလင်းတောင်ဂိုဏ်းအကြောင်း (ဒီနေရိုင်းသစ်)၊ Free Mason ရှာပုံတော် (ခက်ဇော် @ ဗြိတိသျှကိုကိုမောင်, The Real Lives Real Stories)၊ Lu Myanmar

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.