International Trip

Fill your life with adventures.

ပျော်ရွှင်ဖွယ်ရာအပြည့်နှင့် ပီနန်းကျွန်းဆီသို့ သွားလည်ရအောင်

ရှေးဟောင်းအငွေ့အသက်တွေ သင်းပျံ့နေသေးတဲ့ အေးချမ်းသောမြို့လေးကို ဆားခတ်ထားတဲ့ ပင်လယ်ရေများဖြင့် ထွေးပိုက်ရစ်သိုင်းထားသည်။ ကျွန်းမြို့လေးပေါ်မှာ ခြေစုံရပ်ပြီး အဝေးကို မျှော်ကြည့်လိုက်ရင် တိမ်ညိုကင်းစင်တဲ့ ကောင်းကင်ပြာနှင့် ကြည်လဲ့နေတဲ့ ပင်လယ်ပြာက အထက်အောက်မျဉ်းပြိုင် နှစ်ကြောင်းလို ဝေးနေရာကနေ မျက်စိတဆုံးမှာ စုံဖက်သွားကြလိမ့်မည်။ ထိုကျွန်းမြို့လေးကို George Town ဟု ခေါ်သည်။

ကိုလိုနီလက်အောက်ခံ မြို့လေးဖြစ်ခဲ့ဖူးသော ကျွန်းမြို့လေးပေါ်မှာ ထုထည်ခိုင်ခံ့ပြီး သဘာဝနှင့်သဟာဇာတဖြစ်အောင် ဆောက်လုပ်ခဲ့တဲ့ နှစ်၁၀၀ကျော် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံတွေက လက်ညှိုးထိုးလို့မှ မလွဲပေ။ ဗြိတိသျှရေတပ်၏ ကပ္ပတိန်တစ်ဦးဖြစ်တဲ့ Francis Light ဆိုသူ တည်ထောင်ခဲ့သောမြို့ဖြစ်ကြောင်း၊ အင်္ဂလန်ပြည့်ရှင် George III ကို ဂုဏ်ပြုသောအားဖြင့် George Town ဟု ခေါ်ကြောင်း ဒါတွေကို အိမ်ပြန်ရောက်ရင် အမေ့ကို ဓာတ်ပုံတွေပြရင်း အာပေါင်အာရင်းသန်သန် ပြောပြဖို့ မှတ်သားရသေးသည်။

၂၀၁၈ခု ဇူလိုင်လ ၇ရက်မှာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ပြီးတဲ့ ကျွန်းမြို့လေးဟာ Tourism အခန်းကဏ္ဍမှာလည်း ဖွံ့ဖြိုးတိုးတက်ပါသေးသည်။ အထူးသဖြင့် ခေတ်ပေါ်အထပ်မြင့်အဆောက်အဦးတွေ ခွင့်မပြုထားတဲ့ အာမေးနီးယမ်းလမ်းမတလျှောက်က သိသိသာသာ ထင်ရှားသည်။ ကိုလိုနီခေတ်အဆောက်အဦးနံရံတွေပေါ်မှာ မြို့သရုပ်ကို ခြယ်မှုန်းထားတဲ့ ပန်းချီလက်ရာတွေက အခြားနေရာများထက် သာ၍စိတ်လှုပ်ရှားဖွယ် ကောင်းသည်။ အမှတ်တမဲ့ သာဆိုလျင် ထူးမခြားနားဟု ထင်စရာရှိသည်။ အလေးအနက်ထားကြည့်ပါမှ ပန်းချီလက်ရာတွေမှတဆင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း၊ နေထိုင်စားသောက်ပုံ၊ ကျွန်းမြို့ဓလေ့ စသည်ဖြင့် ထွင်းဖောက်မြင်ရနိုင်သည်။ ၂၀၁၂ခုလောက်က လူငယ်ပန်းချီဆရာ Ernest Zacharevic မှ စတင် ရေးဆွဲခဲ့တဲ့ နံရံထက်မှ ပန်းချီလက်ရာများမှာ လက်ဆယ်ချောင်းပဲ မပြည့်တတ်သေး။ ခုများဖြင့် ဟိုလမ်းသည်လမ်းမှာ ဝေဝေဆာလို့ နေချေပြီ။

ကိုယ့်ငါးချဉ်ကိုယ်ပြန်ချဉ်ရရင် ရန်ကုန်မြို့လယ်က ကိုလိုနီခေတ်အဆောက်အဦးတွေက George Town က အဆောက်အဦးတွေထက် သာလို့သာ ခန့်ငြားသေးတော့သည်။ သို့သော် မျက်တောင်မွေး တဆုံးနှင့်သာ အသက်ရှုခွင့်ရှိသော မိမိ၏ မွေးရပ်မြေမှ ရှေးဟောင်းအဆောက်အအုံများမှာ အထပ်မြင့်အဆောက်အအုံတွေအကြား မွန်းကြပ်လို့နေသည်။

အမှိုက်ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်လှသော Penang ကျွန်း
ဓာတ်ပုံရိုက်လိုက်ရမှ ကျေနပ်နေသူကြီး
ပန်းချီပညာရှင် Zacharevic ရဲ့ လက်ရာတွေထဲမှ ဆိုင်ကယ်စီးနေတဲ့ကောင်လေး လက်ရာ
ပီနန်ကျွန်း ဒေသခံတွေရဲ့ နေထိုင်မှုပြကွက်လက်ရာတစ်ခု

…………………………………………………………..

သွားရင်းလာရင်း ရောင်စုံအချိုရည်များ ရွှဲရွှဲစိုအောင် လိမ်းကျံထားသော တုတ်ထိုးရေခဲခြစ်ကို မြင်တော့ လမ်းထဲမှာ လာရောင်းနေကျ ရေခဲခြစ်တွန်းလှည်းသည်ကြီးကို သတိရမိသား။ ငယ်စဉ်ကလေးဘဝတုန်းကများဆိုလျင် နွေဦးရောက်ပြီဆိုသည်နှင့် ရေခဲခြစ်သည်ကြီးကို မျှော်ရတာအမော။

ပျံ့လွင့်လွယ်သည့် စိတ်အစဉ်ကို ပြန်ဖမ်းဆုပ်ရင်း ရေခဲခြစ်ရောင်းတဲ့ဆိုင်ထဲဝင်ကာ လိုင်ချီးသီးအရသာ အချိုရည်စမ်း ရေခဲခြစ်တစ်ချောင်း မှာလိုက်သည်။ ဆေးရောင်စုံများ ရဲရဲတောက် မနေသော၊ ချိုအီမနေသော ရေခဲခြစ်ကို မြည်းစမ်းရင်း ချောင်းဆိုးတော့မည် မဟုတ်ဟု တွေးမိပြန်တယ်။ ရင်းဂစ်ဘယ်လောက်လဲ တိတိပပ မမှတ်မိတော့ပေမယ့် မြန်မာငွေဖြင့် တွက်လျင် ၁၀၀၀ကျပ်လောက် ကျသည်ကိုတော့ သတိရပါသေးသည်။

ပီနန်းကျွန်း၏ ရာသီဥတုမှာ ရေခဲခြစ်လေး စားလိုက်ကာမှ နေသာထိုင်သာ ရှိတော့သည်။ နေ့ခင်းအပူချိန်ကို ဆားငွေ့ရိုက်ထားသော လေထုက ပေါင်းစပ်လိုက်သောအခါ ပူစပ်စပ်နိုင်သည်။ ယနေ့အဖို့ Walking tour နေ့ လို့ပဲ ပြောရပေမည်။

“သည်လမ်းတွေကို The Street of Harmony လို့ တင်စားထားတယ်။” Tour Guide က ဆိုလာသည်။ စိတ်ဝင်စားဟန်ပြတော့ သူကဆက်ရှင်းပြတယ်။

“မတူညီတဲ့ ဘာသာကြီးလေးခု၊ မတူညီတဲ့ လူမျိုးစုတွေ အတူတကွ ငြိမ်းချမ်းစွာ နေကြတာလေ။ ဟော ဟိုမှာ ဗလီ၊ သူ့နားမှာ ဟိန္ဒူဘုရားကျောင်း၊ သည်ဘက်မှာက ဗုဒ္ဓဘာသာတရုတ်ဘုံကျောင်း၊ ဟိုးအစွန်မှာက ချာ့ခ်ျကျောင်း…” ပါးစပ်ကော၊ လက်ရော၊ ခြေပါ အနားမပေး တရစပ် ရှင်းပြနေသော သူ့ကို ကြည့်ပြီး ကိုယ်ပါ တက်တက်ကြွကြွ ဖြစ်မိတာပေါ့။

တရုတ်၊ မလေး၊ အိန္ဒိယ၊ ပါရကန်လူမျိုးစုတွေ အများစု နေထိုင်ကြပြီး အင်္ဂလိပ်နှင့် အမေရိကန်လူမျိုး အနည်းစုလည်း အခြေချကြသည်။ St. George ချာ့ခ်ျကျောင်းကနေ စတင်ပြီး Kapitan Kelling ဗလီမှာ အဆုံးသတ်သွားတဲ့ ထိုနယ်နိမိတ်လေးမှာ မတူညီတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ မတူညီတဲ့ လူမျိုးစုတွေ ဟာမိုနီကျကျ အေးချမ်းစွာ တည်ရှိနေသည့်အတွက် The Street of Harmony လို့ တင်စားတာ မလွန်လှပေ။ နောင်နှစ်ပေါင်းများစွာ ခုလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်သွားနိုင်ကြပါစေဟု တိုးတိုးလေး မေတ္တာပို့မိခဲ့။

Tour Guide ရှင်းပြသွားတဲ့ လူမျိုးစုတွေထဲမှာမှ ပါရကန်လူမျိုးစုအကြောင်းကို မိမိစိတ်ဝင်စားလှသည်။ ကြွယ်ဝလှသော ထိုလူမျိုးစုများ နေထိုင်ခဲ့ရာ Baba & Nyonya အိမ်တော်ကို ရောက်မှ ထပ်မေးကြည့်ရပါအုံးမည်။

လိုင်ချီးသီးအရသာ ရေခဲခြစ်ဆိုင်ရှေ့မှာ ရိုက်ထားတာ။
St. George ချာ့ခ်ျကျောင်း
The Street of Harmony ဧရိယာထဲက လမ်းတစ်လမ်း

…………………………………………………………..

တစ်ခေတ်တစ်ခါက ကြေးရတက် သူဌေးကြီးမိသားစုရဲ့ အိမ်တော်ဆိုတော့ ခြံကျယ်ကြီးထဲမှာ တိုက်ကြီးက ဟီးနေမှာပဲလို့ တွေးပြီး စိတ်ကူးနဲ့ ပုံဖော်နေလိုက်တာများ ရောက်ပြီဆိုတော့မှ ကားပေါ်က ဆင်းဖို့ သတိရတော့တယ်။ တကယ်တမ်း မြင်လိုက်ရတော့ အစိမ်းရောင် သင်္ဘောဆေးသုတ်ထားသည့် သူသူငါငါ အုတ်တိုက်မျိုး။

မှန်းသလောက် မဟုတ်လို့ တစ်အားလျော့သွားပေမယ့် အိမ်ဝန်းထဲ ရောက်မှ ရှေးခေတ်က လူချမ်းသာတွေက သည်လိုအဆောင်ဆောင်အခန်းခန်းနဲ့ တခမ်းတနား နေခဲ့ကြတာကိုး လို့ ရေရွတ်မိတော့သည်။ မျက်နှာစာအခန်းမှာ ခင်းထားတဲ့ အင်္ဂလန်ထုတ်ကြွေပြားတွေက ခုချိန်ထိ ပြောင်ပြောင်လက်လက် ရှိနေတုန်း။ စကော့တလန်နိုင်ငံကနေ အထူးတလည် မှာပြီး တပ်ဆင်ထားတဲ့ ဝရံတာလက်ရန်းတွေက အိမ်ကြီးရှင်တို့၏ ကြွယ်ဝမှုကို မီးမောင်းထိုးပြနေစဲ။

အတွင်းမှာ ကျွန်းသစ်ကို လှိုင်လှိုင်သုံးထားပြီး သစ်သားကနုတ်ပန်းလက်ရာတွေက တအံ့တသြ သြချလောက်သည်။ ထိုင်ခုံမှအစ၊ ခန်းစီးနံရံတွေအလယ်၊ တိုင်ဖုံးတွေအဆုံး နေရာတိုင်းမှာ ပန်းလက်ရာတွေ ကြွားကြွားဝံ့ဝံ့ နိုင်လှသည်။ ဘိုးဘေးကမ္ဗည်းမှတ်တိုင်တွေ ထားတဲ့အခန်းသည်လည်း ကိန်းကြီးခမ်းကြီး နိုင်လှသည်။ အိမ်ကြီးအနှံ့ အထွေထွေသော ပန်းချီ၊ ပန်းပုလက်ရာတွေအပြင် ပြောမဆုံးနိုင်သော အနုအရွအလှအပ လက်ရာအစုံကို နှဖူးတွေ့ဒူးတွေ့ မြင်ရလေပြီ။

အပြင်ပန်းမှကြည့်ရင် ကျဉ်းသယောင် ထင်ရပေမယ့် အတွင်းမှာ အတော့်ကို ကျယ်ဝန်းသည်။ အိမ်တစ်ဆောင်တည်း ထီးထီးမဟုတ်။ အခြားသော အဆောင်တွေ ဆောက်လုပ်ထားပြီး တစ်အိမ်နှင့်တစ်အိမ် ကူးလို့ရအောင် ဖန်တီးထားသည်။

အိမ်ကြီးသခင် မူလသူဌေးကြီးကို သိရဲ့လားလို့ မေးလာခဲ့ရင် ၁၉ရာစုလောက်က ကျိကျိတက် ချမ်းသာသည့် ပါရကန်လူမျိုး သူဌေးကြီး Hai Kee Chan လေလို့ ခပ်ပြုံးပြုံးလေး ပြောပြလိုက်မည်။ အလေးပိုစွာဖြင့် ပါရကန်လူမျိုးတွေက ပီနန်း၊ မလကာ၊ စင်္ကကူရေလက်ကြားတွေမှာ အခြေချနေထိုင်ကြသူတွေပေါ့လို့ ထပ်ဆောင်းပြောပြလိုက်ပါအုံးမည်။

အိမ်ကြီးအနှံ့ လှည့်လည်ကြည့်နေရင်း မြင်ဖူးသယောင် ရင်းနှီးမှုမျိုးကို ခံစားနေရတယ်။ အရင်က ရောက်ဖူးလို့လား ဆိုတော့လဲ မဟုတ်ပြန်။ ဒါဆိုရင် ဖြစ်နိုင်ချေက နှစ်မျိုးတည်း ရှိတော့သည်။ ရုပ်ရှင်ထဲမှာ ဒါမှမဟုတ် အင်တာနက်ပေါ်မှာ။ သိချင်တာရှိရင် အချိန်မဆိုင်းတတ်တဲ့ မိမိ အိမ်ကြီးထဲမှာ လူကွဲသွားသော Tour Guide ကို လိုက်ရှာမနေတော့။ Google သာ ခေါက်လိုက်တော့သည်။

ကဲ… ခုတော့ ရှင်းရှင်းလင်းလင်း သိပါပြီ။ ရုပ်ရှင်ထဲမှာ မြင်ဖူးခဲ့သည်ပဲ။ မြန်မာ့အသံမှာ “မိုးမြေချစ်သူ” ဇာတ်လမ်းတွဲအဖြစ် ပြသခဲ့ဖူးသည်။ ထိုစဉ်က စင်္ကပူရုပ်သံစီးရီးလို့ မသိခဲ့။ တရုတ်ရုပ်ရှင်ဇာတ်လမ်းတွဲလို့ပဲ သိထားခဲ့သည်ကိုး။

The Little Nyonya ဆိုပြီး ရှာကြည့်ရင် ကြည့်ဖူးသူတွေကတော့ မှတ်မိပါလိမ့်မည်။ ဆွံ့အနေသော တရားမဝင် အနှိမ်ခံသူဌေးသမီးလေးနှင့် ဂျပန်ဓာတ်ပုံဆရာတို့မှ စတင်ခဲ့သော အချစ်ဇာတ်လမ်းလေး။ မျက်ရည်ဖြိုင်ဖြိုင် ရွာသွန်းခဲ့ရပါသော ဇာတ်အိမ်နာနာနှင့် ဇာတ်လမ်းဇာတ်ကွက်တွေက စိတ်ကူးအမြင်ထဲမှာ တစ်ခန်းပြီးတစ်ခန်း တရိပ်ရိပ် ပြန်ပေါ်လာသည်။ ဇာတ်နာသည့် ပုံရိပ်တွေ ဖြစ်စေကာမူ အိမ်ကြီးနှင့် ပတ်သတ်သည့် အကြောင်းအရာတစ်ခုကို အိမ်ဝန်းထဲမှ မထွက်ခွာခင်မှာပဲ သိလိုက်ရသဖြင့် အကျေနပ်ကြီး ကျေနပ်လို့ နေပါပြီ။

Baba & Nyonya ပြတိုက် မျက်နှာစာ
အင်္ဂလန်နိုင်ငံထုတ် ကြွေပြားတွေ ခင်းထားပြီး စကော့တလန်ကနေ မှာယူထားတဲ့ လက်ရန်းတွေကို သုံးထားတာ။
ဘိုးဘွားကမ္ဗည်းတိုင်တွေ ထားတဲ့ အခန်းအဝင်ဝမှာ ရိုက်ထားတာ
သစ်သားပန်းပုလက်ရာတွေကို အိမ်တော်ရဲ့နေရာတိုင်းမှာ တွေ့နေခဲ့တယ်။

…………………………………………………………..

Antique နေရာတွေချည်း သုံးနေရာလောက် ဆက်တိုက်ဖြစ်လာတော့ ငြီးငွေ့စ ပြုနေပါပြီ။ သစ်ရိပ်အောက်မှာ မြေဆီလွှာပေါ် ဖြတ်လျှောက်ရင်း သစ်ခေါက်နံ့တွေ ရှုလိုက်ရမှ လန်းဆန်းသွားမှာပါလေ။ တောင့်တမိတုန်းရှိသေး … ကားလေးက မြို့ပြင်က တောင်တက်လမ်းလေး အတိုင်းတောင် တက်လို့နေပြီပဲ။ စိမ်းညှို့ညှို့သစ်ပင်အုပ်ကြီးရဲ့ တစ်နေရာ အရောက်မှာ ကားကိုရပ်လိုက်တယ်။ အသွေးစုံ သစ်သီးမျိုးစုံ ခြယ်မှုန်းထားတဲ့ ဆိုင်းဘုတ်လေးက ဆီးလို့ကြိုနေသည်။

“Penang Tropical Fruit Farms “ - ၂၅ဧက ကျယ်ဝန်းတဲ့ သည်ခြံကြီးထဲမှာ အပူပိုင်းဒေသထွက် သစ်သီးမျိုးစိတ်ပေါင်း ၃၇၀၀ တောင် စိုက်ပျိုးထားတာတဲ့။ မျိုးစိတ်ကွဲ သီးပင်မျိုးစုံကို တစ်နေရာတည်းမှာ သူ့အကွက်နှင့်သူ စနစ်တကျ ရှင်သန်စေသည်။

ကိုယ်တိုင်ကိုယ်ကျ စွတ်ခူးခွင့် မရှိပေမယ့် ကန်တင်းမှာ သစ်သီးစုံဘူဖေး ဝယ်စားလို့ရသည်။ ရင်းဂစ် ၄၀လောက် ဆိုရင် ရာသီစာ အသီးစုံဘူးဖေးအပြင် လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တစ်ခွက်ပါ မှာလို့ရသေးသည်။ ထို့အပြင် စိုက်ခင်းအနှံ့ နှံ့နှံ့စပ်စပ် လိုက်လံရှင်းပြပေးမည့် တောင်သူဦးကြီးတစ်ယောက်လည်း ထည့်ပေးပါသေးသည်။ ဂရုတစိုက် စိုက်ပျိုးထားလို့ အသီးတွေဆိုသည်မှာလည်း ဖြစ်ထွန်းလှချည်ရဲ့။ ခူးချင်စွတ်ချင်စိတ် ဆိုသည်မှာလည်း မရိုးမရွရယ်ပေါ့။ စိတ်ကိုလည်း ထိန်းရ၏။

မြန်မာပြည်မှာလည်း သစ်သီးခြံတွေဆီ သွားလည်ကြတာ ခေတ်စားလို့နေပါပြီ။ သို့ပေသိ စပျစ်ခြံဆိုလည်း သီးသန့်၊ လိမ္မော်ခြံဆိုလည်း သီးသန့်၊ စတော်ဘယ်ရီခင်းဆိုလည်း သီးသန့် ဖြစ်နေလေတော့ ခရီးထောက်ပြီး နေရာမစုံသဖြင့် နိပ်သဟဟု မဆိုသာပေ။ မြေဆီမြေလွှာက အားရစရာ ရှိပေမယ့် မြေဧကပေါင်းများစွာ ပိုင်ဆိုင်သော၊ ဝန်ထမ်းများစွာ ခန့်ထားနိုင်သော၊ စိတ်ရှည်လက်ရှည် ပျိုးထောင်စောင့်စားနိုင်သော ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး သို့မဟုတ် အစုအဖွဲ့တစ်ခု ပေါ်ပေါက်လာစေရန် ဆုတောင်းနေမိသေးသည်။

အပူပိုင်းဒေသထွက် အသီးမျိုးစိတ်ပေါင်း ၃၇၀၀လောက် စိုက်ထားတယ်ဆိုတဲ့ Tropical Fruit Farm
နှင်းသီးတွေ စားချင်စရာ
အပင်တွေအကြောင်း လိုက်ရှာပြနေတဲ့ Tropical Fruit Farm ထဲက Guide

…………………………………………………………..

အခြား စိတ်ဝင်စားဖွယ်ဖြစ်မယ့် နေရာတွေဆီလည်း သွားလည်ဖြစ်ပါသေးသည်။

- စွန့်စွန့်စားစား မျောက်တစ်ကောင်လို ဆော့ကစားချင်ရင်တော့ Escape Team Park ကို လက်လွှတ်မခံသင့်ပေ။

- ရောက်လေရာဒေသမှာ ရိုးရာအစားအစာတွေ မြည်းစမ်းလိုက်ရမှ ဆိုရင်တော့ Jalan Penang နှင့် George Town တဝိုက်မှာရှိတဲ့ Street Food ဈေးတန်းကြီးတွေထဲ ဝင်တိုးလိုက်ပေတော့။

- Penang ကျွန်းတစ်ခုလုံးအပြင် ပင်လယ်ပြင်ကျယ်ကြီးကိုပါ ရှုစားချင်သပဆိုရင် ကျွန်းရဲ့ Highlight တစ်နေရာဖြစ်တဲ့ Penang Hill သို့ ဆက်ဆက်တက်သွားပါ။

- အေးအေးဆေးဆေး သက်တောင့်သက်သာ နားရင်း ဓာတ်ပုံလှလှရိုက်ဖို့အတွက် Wonder Food Museum နှင့် Penang Interactive Museum ကိုလည်း ချန်ထားဖို့ရာ မဖြစ်နိုင်ပါ။

- ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ သာသနာပြုအတွက် အလှူအတန်းလုပ်ရင်း မြန်မာပြည်က ဆရာတော်တွေလည်း ဖူးဖို့ Burmese Buddhist Temple သို့သွားပါ။

- မလေးရောက်တုန်း အိမ်ပြန်လက်ဆောင် ပါတိတ်ထည်တွေ ဝယ်ချင်သပဆိုရင် Hand-made ပါတိတ်စက်ရုံတွေလည်း ရှိပါသေးတယ်။ ဈေးကြီးတော့ မဝယ်ခဲ့ဘူးရယ်။

- ကဲ မပြန်ခင် ကမ်းနားမှာ ဘီယာသောက်ရင်း လေညှင်းခံဖို့ Chew Jetty မှာ သွားထိုင်ပါလေ။

Escape Team Park မှာရှိတဲ့ ကစားနည်းတွေထဲက Monkey Business Game။ သည်ကစားနည်းမှာ level သုံးခုရှိတယ်။ Level 2 အထိပဲ အောင်ခဲ့တယ်။
Penang ကျွန်းရဲ့ Street Food တွေက နာမည်ကြီးလို့ ဆက်ဆက်မြည်းစမ်းစေချင်မိတယ်။
တောင်ပေါ်ကို Cable car နဲ့ တက်သွားရတာ။ မြင့်လွန်းတော့ တက်နေရင်း နားထဲက လေပါထွက်တယ်။ ရာသီဥတုက မြူစိုင်းနေချိန်နဲ့ တိုးတော့ ရှုခင်းတွေ မမြင်ခဲ့ပါဘူး။
Wonder Food Museum
Penang Interactive Museum
မြန်မာနိုင်ငံက ဆရာတော်တွေ သီတင်းသုံးတဲ့ ဗုဒ္ဓဘုန်းတော်ကြီးကျောင်း
ပါတိတ်စက်ရုံမှာ ဟိုကြည့်သည်ကြည့်
လေတဟူးဟူးတိုက်နေတဲ့ အချိန်မှာ တံတားပေါ်မှာထိုင်ပြီး ပင်လယ်ကြီးကို ငေးရတာ သိပ်ဖီးလ်လို့ကောင်းတယ်။

လည်ခဲ့တဲ့နေရာတွေလည်း ညွှန်းပြီးသွားပြီဆိုတော့ ဘယ်လိုသွားမလဲပဲ ကျန်တော့တယ်။ ရန်ကုန်ကနေ ပီနန်းကို အရင်က တိုက်ရိုက်ရောက်ပေမယ့် ခုမရောက်တော့ဘူးရယ်။ ဘန်ကောက်ကနေ တဆင့် Fly-thru service နဲ့ သွားရမှာ။ AirAsia နဲ့ သွားမယ်ဆိုရင် baggage အပါ အသွားအပြန် USD 180 – 200 ကြားမှာရှိမယ်။

ရာသီဥတုကတော့ ပူတဲ့ဘက်ကို နွယ်တယ်လို့ သိထားသလောက် အနည်းအကျဉ်းကို မျှဝေရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံအားလည်းကောင်၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan
#AirAsiaMyanmar #MalaysiaTourism

Copyright © 2019 Traveller Chan. All Rights Reserved.