International Trip

Fill your life with adventures.

ဘန်ကောက်ရောက် ၄၈နာရီ

နိုင်ငံရပ်ခြားသို့ ပထမဦးဆုံးအကြိမ် စွန့်စားပြီး ခရီးထွက်ချင်တယ် ဆိုရင်တော့ ဘန်ကောက်ကနေ စတင်လိုက်ပါ။

တော်ဝင်အဆောက်အဦးတွေ၊ ရှေးဟောင်းဘုရားကျောင်းတွေ၊ wow ကနဲ ဖြစ်သွားစေမယ့် စားသောက်ဖွယ်ရာတွေ ဒါတွေက သင့်ရဲ့စိတ်ကို လှုပ်ရှားစေမှာ အမှန်ပဲ။ ဒါတင်မကသေးဘူး။ ဈေးအသက်သာဆုံး ဖြစ်နေခြင်းက ကိုယ့်အကြိုက်ဆုံး အချက်ဆိုပါတော့။

ဘယ်လိုသွားမလဲ?

Airlines အများကြီးထဲကမှ Budget trip အနေနဲ့ သွားဖို့ ကြံထားတယ်ဆိုရင်တော့ AirAsia ရှိပါတယ်။ လေယာဉ်ချိန်က မနက် ၈:၄၅ နှင့် မွန်းလွဲ ၁၂:၅၅ ဆိုပြီး နှစ်ကြိမ်ထွက်တယ်။ စီးရချိန်က ၁နာရီမိနစ်၂၀ ရှိတယ်။ ဘန်ကောက်က Don Mueang လေဆိပ်ကို ရောက်ပြီဆိုတာနဲ့ SIM card ဝယ်ဖို့ မမေ့ပါနဲ့။ 4G data ပါ ၇ရက်သုံး card ဆိုရင် ၂၉၉ဘတ် ပေးရတယ်။ ငွေလဲမယ်ဆိုရင်တော့ လေဆိပ်မှာ မလဲစေချင်ဘူး။ တအား ဈေးနှိမ်တာ။ မဖြစ်မနေ လိုအပ်ရင် နည်းနည်းပဲ လဲထားနှင့်ပေါ့။ ကိုယ့်နိုင်ငံထဲမှာပဲ ဘတ်ငွေကြိုဝယ်သွားတာက ခပ်ကောင်းကောင်းရယ်။ သည်လိုမှမဟုတ်ရင် USD သာ သယ်သွားပါ။ ဈေးမှန်နဲ့ ရချင်ရင်တော့ SuperRich Money Exchange ကို ရှာပြီးလဲပေတော့။ Pratunam မှာဆိုရင် Big C Super Center နဲ့ နီးတယ်။ နောက်အရေးကြီးတဲ့ အချက်က အချိန်ပါ။ ဘန်ကောက်အချိန်က ရန်ကုန်ထက် မိနစ်၃၀ စောတယ်။ ရန်ကုန်မှာ ၉နာရီဆို ဘန်ကောက်မှာ ၉:၃၀ ရယ်။

ဘယ်မှာတည်းမလဲ?

Shopping အတွက်ပဲဖြစ်ဖြစ်၊ သွားလာရေး အတွက်ပဲဖြစ်ဖြစ် Pratunam ဝန်းကျင်က Hotel/Hostel တွေကို ရွေးချယ်ပြီး ကြိုတင် Booking တင်သွားပါ။ ၂၀၁၇ Budget trip အတွက် အကောင်းဆုံး Hostels ၁၀ခု စာရင်းကို သိချင်ရင် https://www.tripadvisor.com/HotelsList-Bangkok-Backpacker-H… မှာ ကြည့်ပါ။ ဈေးက ကျပ်ငွေ ၂သောင်းတန်တောင် ရှိတယ်။

ရောက်တုန်းရောက်ခိုက် ငွေသုံးချင်ပါ့ ဆိုရင်တော့ ၃၄ထပ်မြင့်တဲ့ Amari Watergate Hotel ကို ညွှန်းချင်တယ်။ Deluxe အခန်းကို THB3,100 ဆိုတော့ တစ်သိန်းသုံးသောင်းကျပ်လောက် သွားကျမယ်။ Pratunam မြို့လယ်ခေါင်မှာရှိပြီး Platinum Shopping Mall, Pratunam Market, Central World, Siam Paragon, Erawan Shrine ဒါတွေနဲ့ အနီးလေးရယ်။ Hotel မှာ အေးဆေး အနားယူလိုက်၊ Shopping ထွက်လိုက် လုပ်ချင်သူတွေအတွက် အသင့်လျော်ဆုံးပဲ။

ဘယ်လိုလည်မလဲ?

လူအသက်သာဆုံးကတော့ Car Rental ပါ။ နေ့တစ်ဝက် ဒါမှမဟုတ် တစ်နေကုန် ကားစီးလုံးငှားပြီး သွားချင်တာသွားရုံပဲ။ အနည်းဆုံးတော့ လူငါးယောက်လောက်မှ ကိုက်မှာ။ Van တစ်စီးကို THB3,000 ဝန်းကျင်ရှိတတ်ပါတယ်။ Driver ပါတဲ့ဈေးနဲ့ မပါတဲ့ဈေး ကွာသေးတယ်။

နောက်တစ်မျိုးက UBER/GRAB taxi ငှားစီးတာမျိုးပေါ့။ ဈေးမှန်ပြီး စိတ်ချလက်ချ ဖြစ်စေပါလိမ့်မယ်။ အခြား Taxi တွေက Meter Taxi သာဆိုတယ်။ Meter ပိတ်မောင်းပြီး ဈေးကို ၃ဆလောက် တောင်းတတ်တယ်။ Meter နဲ့ မမောင်းဘူးဆိုရင် လုံးဝ မစီးသွားပါနဲ့တော့။ UBER/GRAB taxi ငှားဖို့အတွက် phone application download လုပ်ထားဖို့ အရင်လိုပါလိမ့်မယ်။ Taxi ငှားချင်တဲ့ အခါမှ အင်တာနက်ဖွင့်၊ application ထဲမှာ ကိုယ်နဲ့ အနီးဆုံး Taxi ကို booking လိုက်ပေါ့။ သွားလာရေးအတွက် safe ဖြစ်ပြီး တကယ် အဆင်ပြေတယ်။

နောက်တစ်မျိုးက Tuk Tuk။ ပုံမှန်ဆို Taxi ထက် ဈေးသက်သာပေမယ့် foreigner ဆိုရင် Taxi ထက်တောင် ဈေးတင်တောင်းတယ်။ THB50 ပဲရှိတဲ့ခရီးကို THB200 နဲ့ ဂျင်းကြီးကြီး မိခဲ့တဲ့ ကိုယ့်ကိုယ်ကို မုန်းထွှာ။

အသက်သာဆုံးလမ်းကြောင်းကတော့ BTS Skytrain/MRT မီးရထား စီးပြီးသွားတာပါ။ လက်မှတ်ကို single-trip token နဲ့ pre-paid smart pass ဆိုပြီး ၂မျိုး ဝယ်လို့ရတယ်။ single-trip token က THB15 ~ THB52 ကျသင့်တယ်။ ဖြတ်သန်းရမယ့် ရထားဂိတ် အရေအတွက် ပေါ် မူတည်ပြီး ဈေးကွာသွားတယ်။ ကြိုက်သလောက် တစ်နေကုန်စီး လက်မှတ်ကျတော့ THB130 ပေးရတယ်။ လက်မှတ်ဝယ်ပြီးရင် ဖြတ်ပိုင်းလေးတောင်းထားနော်။ လိုတတ်လို့။

ဘက်စ်ကတော့ အားမပေးဘူးရယ်။ ဈေးအသက်သာဆုံး ဆိုပေမယ့် လူခံမပါရင် လမ်းပျောက်တတ်တယ်။ MRT မီးရထားဂိတ်တွေ၊ Bus ဂိတ်တွေမှာ ဆိုင်ကယ် taxi တွေလဲ ရှိတယ်။ သူကျတော့ လမ်းကြောင်းတိုအတွက် သင့်လျော်တယ်။

နောက်ဆုံး ရွေးချယ်စရာလမ်းကြောင်းက စက်လှေစီးတာမျိုး။ Chao Phraya Express Boat နဲ့ Saen Saep Express Boat ဆိုပြီး ရေလမ်းခရီး service ပေးတဲ့ Express ၂မျိုးရှိတယ်။ Foreigners တွေကတော့ ကျောက်ဖရားမြစ်တကြော လှေစီးပြီး လျှောက်လည်လို့ရတဲ့ Chao Phraya Express Boat ကို ရွေးချယ်ကြတယ်။ ဒေသခံတွေကတော့ သွားလာရေးအတွက် Saen Saep Express Boat ကို သုံးကြတယ်။ Chao Phraya Express Boat က တစ်ယောက်ကို THB14 ကနေ THB20 ထိ အစားစားရှိတယ်။ Tourist attractions ဖြစ်တဲ့နေရာတွေ ပို့ပေးတယ်။

ဘန်ကောက်မြို့ဆိုတာ...

ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အချက်အခြာ ကျသည်။ ၁၇၆၇ခုမှာ ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သည့် အယုဒ္ဓယမြို့ ပျက်စီးပြီးနောက် ၁၇၈၂ခုမှာ ပထမရာမဘုရင် ကနေပြီး ဘန်ကောက်မြို့တော်ကို တည်ထောင်ခဲ့တယ်။ ကျောက်ဖရားမြစ်ရံထားတာဆိုတော့ ရန်သူတွေ အလွယ်တကူ မတိုက်နိုင်တော့ဘူးပေါ့။ ဘန်ကောက်မြို့တော်မှာ ပထမရာမဘုရင် လက်ထက်က တည်ဆောက်ခဲ့တဲ့ နန်းတော်၊ ရှေးဟောင်း ဘုရားကျောင်းကန်တွေ အများကြီး ခုချိန်ထိ ကျန်သေးသည်။

ဘယ်တွေသွားမလဲ?

အချက်အလက်တွေ စုံပြီဆိုတော့ နေရာစုံ လျှောက်သွားကြည့်ရအောင်။ ဒန်တန့်တန်..

ကျောက်ဖရားမြစ်နဘေးရှိ Asiatique ညဈေး

ညနေ၅နာရီ စဖွင့်ပြီး ညနေစောင်းလောက် ကတည်းက စည်းကားစပြုနေပြီ။ Pratunam ဈေးကနေ ဆိုရင် ကားမပိတ်ရင် နာရီဝက်လောက် စီးရမယ်။ ကားပိတ်တာကို ရှောင်ပြီး သွားချင်ရင် - BTS/MRT သုံးပြီး Saphan Taksin Station မှာ ဆင်းပါ။ Saphan Taksin Station ကနေ လှေဆိပ်ကို ပို့ပေးတဲ့ အခမဲ့ Shuttle တွေရှိတယ်။ စက်လှေစီးပြီး Asiatique Night Market လှေဆိပ်မှာ ဆင်းရင် ရောက်ပါပြီ။ အဲ့သည့်စက်လှေကလည်း အခမဲ့ပဲဆိုတော့ ပျော်ပြီလေ။

ကျောက်ဖရားမြစ်ကမ်းနဖူးမှာ စားသောက်ဆိုင်တွေ အများကြီးပဲရယ်။ အပြိုင်အဆိုင် ဆိုင်တွေများတော့ အရသာမကောင်းမှာ မပူနဲ့။

ထိုင်းရိုးရာ ရုပ်သေးအက ကြည့်ရင်း Dinner စားချင်ရင် Joe Louis Theater ကိုသာ ရွေးချယ်လိုက်ပါ။

မြည်းစမ်းကြည့်ဖူးတဲ့ နောက်တစ်ဆိုင်က Baan Kanitha။ ၂ဆိုင်လုံး အရသာ ရှိမှရှိ။ Shopping ထွက်လို့လည်း ကောင်းတယ်။ ဈေးတော့ အပြင်ထက် ပိုတာပေါ့နော်။ Lady show၊ မွေ့ထိုင်းရိုးရာလက်ဝှေ့ show တွေလည်း ရှိသေးတယ်။

ကိုယ်တွေအဖွဲ့က မိန်းကလေးများတာရယ်၊ ထိုးတာကြိတ်တာ မကြည့်ရဲတာရယ် ဆိုတော့ Calypso Cabaret ရဲ့ lady show ပဲ ကြည့်ခဲ့တယ်။ Las Vegas စတိုင်မျိုး ရှိုးပွဲဆိုတော့ ပျော်စရာ အတော်ကောင်းတယ်။ Theater ထဲကို ရေဗူးတွေ၊ မုန့်တွေ "ပေါ်တင်" သယ်သွားလို့တော့ မရဘူး။ လက်မှတ်မှာ အအေး၊ ရေသန့်၊ ဘီယာ အဲ့သုံးမျိုးထဲက တစ်မျိုးဖိုး ပါပြီးသားဆိုတော့ မသယ်သွားလဲ ရနေပြီပဲလေ။ ရဟတ်စီးပြီး တစ်မြို့လုံး Viewpoint ကြည့်ချင်လည်း ရတယ်။ ၃ကြိမ်လည်ပြီးတော့ ၁၅မိနစ်ကြာမယ်။ ဈေးက များသလားလို့။ THB400 တောင်ပေးရတယ်။ ဘန်ကောက်ရောက်လို့မှ Asiatique Night Market မရောက်ဘူးဆိုရင် ဘန်ကောက်ရောက်တယ် မမြည်ဘူးရယ်။

Wat Suthat And The Giant Swing

ဟိုတယ်ကနေ UBER/GRAB တစ်မျိုးမျိုး ငှားပြီး Giant Swing ကို ပို့ခိုင်းလိုက်ပါ။ Wat Suthat ဘုရားကျောင်းက old city မှာ ရှိတယ်။ ဘုရားကျောင်း အပေါက်ဝမှာရှိတဲ့ Giant Swing ကို ပိုပြီး လူသိများတယ်။ Giant Swing ဆိုပေမယ့် လွှဲစီးလို့တော့ မရဘူးပေါ့နော်။ Wat Suthat ဘုရားကျောင်းက ဥပုပ်နေ့တွေဆို တရားလာနာသူတွေနဲ့ စည်ကားတယ်။ Wat Suthat ကိုသွားရင်းနဲ့ ကျောက်စိမ်းဘုရား၊ နန်းတော်၊ Wat Pho၊ Wat Arun ဒါတွေကို တစ်ဆက်တည်း သွားဖို့လွယ်ကူတယ်။

ဘန်ကောက်မြို့ကို တည်ခဲ့တဲ့ ပထမရာမဘုရင် လက်ထက်မှာ စတင်တည်ဆောက်ခဲ့ပြီး တတိယရာမဘုရင်လက်ထက်မှာ ပြီးစီးခဲ့တယ်။ အချွန်အတက်ခေါင်းမိုးပုံစံ၊ နံရံဆေးရေးပန်းချီ၊ အနုစိတ်ထွင်းထားတဲ့ ကျွန်းသစ်တံခါးရွက် ဒါတွေက ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဘုရားကျောင်းဆောင် အလယ်မှာ ရွှေသင်္ကန်းကပ် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ စံပယ်သည်။

Giant Swing နဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင်တော့ မူလလက်ဟောင်းကို ၁၇၈၄ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ ဟိုးတစ်ချိန်က ကောက်ရိတ်သိမ်းပွဲအပြီး ဒီဇင်ဘာလလယ်လောက်ဆိုရင် သည်နေရာမှာ ပွဲတော်ကျင်းပခဲ့ကြတယ်။ လူငယ်လူရွယ်များက ၂၄မီတာမြင့်တဲ့ Giant Swing မှာ လွှဲစီးပြီး လေထဲမှာ တန်းလန်းချိတ်ထားတဲ့ ပိုက်ဆံအိတ်ကို ပါးစပ်နဲ့ကိုက်ပြီး ယူကြရတာ။ အန္တရာယ်များကများနဲ့။ ဆိုတော့ကာ အများစုက ဒဏ်ရာရကြပြီး အချို့က သေသွားသည်အထိ ထိခိုက်ကြတယ်။ နောက်ပိုင်း အဲ့သည့်ပျော်ပွဲရွှင်ပွဲကို ပိတ်လိုက်ရတယ်။ အခုချမ်းတို့ မြင်ခဲ့တာက ၂၀၀၄ခုမှာ အသစ်ပြန်လုပ်ထားတဲ့ Giant Swing ပါ။ အဲ့သည့်ပွဲတော်ကို ပိတ်လိုက်ပေမယ့် နိုင်ငံခြားသာတွေကြားမှာတော့ သည်နေရာက ရေပန်းစားနေဆဲပါပဲ။

Add: Location: Bamrung Muang Road, Old City (Rattanakosin), opposite Bangkok City Hall

Entrance Fee: THB20

မြဘုရား / Wat Phra Kaew

Giant Swing နဲ့ နန်းတော်က နာရီဝက် လမ်းလျှောက်ရင် ရောက်ပြီ။ လမ်းမသိရင် အင်တာနက်ကိုဖွင့် Google Map မှာ The Grand Palace, Na Phra Lan Rd ဆိုပြီး ရိုက်ထည့်ပြီး map အတိုင်း လမ်းလျှောက်သွားလိုက်ပါ။ ဘန်ကောက်ရဲ့ နာမည်ကျော် မြဘုရားက နန်းတော်ထဲမှာ ရှိပါတယ်။ နန်းတော်ကို ၁၇၈၂ခုမှာ တည်ဆောက်ခဲ့သည်။ သည်နန်းတော်မှာဆိုရင် ပထမရာမဘုရင်လက်ထက်ကနေ ပဉ္စမရာမဘုရင်လက်ထက်ထိ မင်းငါးဆက် နန်းစံခဲ့တယ်ပေါ့နော်။ နှစ်ပေါင်း ၁၅၀လောက် ဘုရင့်နန်းတော်အဖြစ် အသုံးပြုခဲ့တယ်။ ဘုရင့်နန်းတော်ဝင်းထဲက Wat Phra Kaew ဘုရားကျောင်းအတွင်းမှာ စံပယ်တဲ့ မြဘုရားအတွက် သင်္ဃန်းကို တစ်နှစ်သုံးကြိမ် လဲပေးလေ့ရှိတယ်။ နွေရာသီ၊ မိုးရာသီနှင့် ဆောင်းရာသီ ရာသီသုံးမျိုးပေါ့။ သင်္ဃန်းလဲလှယ်တဲ့အခါမှာ ထိုင်းဘုရင်မှတစ်ပါး အခြားသူ မလဲရဘူးရယ်။ သည်လို သင်္ဃန်းလဲလှယ် ကပ်ပေးခြင်းအားဖြင့် ဘုရင်အတွက် ကောင်းမွန်တဲ့ကံကောင်းခြင်းတွေ ရရှိလာမယ်လို့ ယုံကြည်ကြတယ်။

Add: Na Phra Lan Road, Phra Borom Maha Ratchawang, Phra Nakhon

Entance Fee: THB500

Wat Pho / လျောင်းတော်မူဗုဒ္ဓဘုရားကျောင်း

Wat Pho နဲ့ နန်းတော်က ၁၀မိနစ် လမ်းလျှောက်ရုံနဲ့ ရောက်ပါတယ်။ ဘုရားကျောင်းဝင်းထဲမှာ စေတီလေးဆူ ဖူးရပါလိမ့်မယ်။ တစ်ဆူကို Phetracha မင်းကြီးလက်ထက် (၁၆၈၈-၁၇၀၃) လောက်မှာ တည်ခဲ့တာ သို့မဟုတ် သည့်ထက်ရှေးကျလိမ့်မယ်လို့ ဆိုထားတယ်။ အဲ့အချိန်ဆိုရင် ဘန်ကောက်မြို့တော်တောင် မတည်ရသေးဘူး။ အယုဒ္ဓယခေတ်ပဲ ရှိသေးတယ်။ ဒုတိယတစ်ဆူကို ပထမရာမဘုရင်လက်ထက်၊ တတိယတစ်ဆူကို တတိယရာမဘုရင်လက်ထက်၊ စတုတ္ထတစ်ဆူကို စတုတ္ထရာမဘုရင်လက်ထက်မှာ အသီးသီး တည်ခဲ့ကြတယ်။ မူလစေတီတွေကိုလည်း ပြုပြင်မွမ်းမံမှု လုပ်ကြတယ်။ Reclining Buddha Temple လို့ ခေါ်ရတာက ဘုရားကျောင်းဆောင်ထဲမှာ ၄၆မီတာရှည်တဲ့ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ ရှိနေလို့ပါ။

Add: 2 Sanamchai Road, Grand Palace Subdistrict, Pranakorn District

Entrance Fee: THB100

Wat Arun / Temple of Dawn

Wat Pho ဘုရားနဲ့ Wat Arun က ကျောက်ဖရားမြစ်ခြားပြီး ဟိုဘက်ကမ်း သည်ဘက်ကမ်း ရှိနေတာ။ ဒါ့ကြောင့် Wat Pho ကို ဖူးပြီးတာနဲ့ လှေဆိပ်ကိုဆင်း လှေစီးပြီး လှေဆိပ်အမှတ်၈မှာ ဆင်းပါ။ အဲ့လိုဆိုတော့ အလွယ်လေးပေါ့နော်။ ဒေသခံတွေကတော့ Wat Arun ကို Wat Chaeng လို့ ခေါ်ကြတယ်။ ဘယ်နှခုနှစ်ကတည်းက ရှိခဲ့တာလဲတော့ အတိအကျ မသိကြဘူး။ မင်းကြီးသက်ဆင်လက်ထက်တုန်းက အယုဒ္ဓယမြို့က မြန်မာနိုင်ငံလက်အောက်မှာ ရှိနေခဲ့တာ။ အယုဒ္ဓယမြို့ကို ပြန်လည်သိမ်းယူဖို့ သွားတိုက်ရင်း အပြန်လမ်းမှာ သည်ဘုရားကျောင်းကို အရုဏ်တက်ချိန်တွင် ရောက်လာခဲ့သည်။ နောက်ပိုင်း မင်းကြီးသက်ဆင်က ၁၇၆၈ခုမှာ သည်ဘုရားကျောင်းကို ပြုပြင်မွမ်းမံပြီး Wat Chaeng ဟု နာမည်ပေးခဲ့သည်။ အရင်ကတော့ သည်ဘုရားကျောင်းမှာ မြဘုရား သီတင်းသုံးခဲ့တာပေါ့။ ပထမရာမဘုရင်လက်ထက်ကျမှ ကျောက်ဖရားမြစ် တစ်ဘက်ကမ်းက နန်းတော်ကို ပင့်သွားတာ။ တတိယရာမဘုရင်လက်ထက် (၁၈၂၄-၁၈၅၁) မှာ ပြုပြင်မွမ်းမံခဲ့သေးတယ်။ စေတီက ကြွေပြားတွေက အဲ့သည့်တော့မှ ပါဝင်လာတာ။

နေဝင်နေထွက် တော်တော်လှတယ်။ ညဖက်ဆို သပ္ပါယ်တယ်။ ညဖက် view point ကြည့်လို့ကောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ Eagle Nest Bar တဲ့။ Mid night tour ထွက်ရင်း ရောက်ခဲ့တာ အရမ်းမိုက်တယ်။ စာရှည်လည်း ဆက်လက်ဖတ်သွားပါအုံးလို့။

Shuttle Boat Fee: THB3

Entrance Fee: THB100

အချို့စေတီတွေမှာ ကြွေပြားကပ်ထားတာ တွေ့ပါလိမ့်မယ်။ တတိယရာမဘုရင်လက်ထက်မှာ တရုတ်ပြည်နဲ့ ကုန်ကူးကြတယ်ပေါ့နော်။ အရင်ခေတ်ကတော့ ကုန်ကူးတဲ့အခါ ရေလမ်းကိုပဲ အဓိက သုံးကြတယ်။ တရုတ်ကုန်သည်တွေက သင်္ဘောကြီးတွေနဲ့ လာတဲ့အခါ သဘောင်္ဝမ်းမှာ ကြွေပြားတွေ ဖြည့်လာခဲ့ကြတယ်တဲ့။ ယိုးဒယားမှာ ကုန်ဝယ်ပြီးတဲ့အခါ အဲ့သည့်ကြွေပြားတွေကို လက်ဆောင်အနေနဲ့ မင်းကြီးကို ဆက်သခဲ့ကြတယ်။ အဲ့သည့်ကြွေပြားတွေကို စေတီတွေ ပြုပြင်မွမ်းမံတဲ့အခါ ထည့်သုံးလိုက်တယ်။ ဇာတ်လမ်းတွေက အဲ့လိုတွေ ရှိတယ်။

Siam Paragon

Luxury items တွေ၊ brands တွေမှ ကြိုက်တယ်ဆိုတဲ့ ကိုကို မမ တို့ သဘောကျမှာပါ။ ချမ်းကတော့ Ocean World ဝင်ကြည့်ဖို့ရယ်၊ lunch စားဖို့ရယ်အတွက် ရောက်ခဲ့တာပါ။ ကိုယ်တွေ ကံဆိုးချင်တော့ Ocean World မှာ ဗုစုခရုလေးတွေ လေ့လာရေးလာချိန်နဲ့ တည့်တည့်ကြီး တိုးတော့တာပဲ။ မရှိဆို အနည်းဆုံး အယောက်၅၀လောက် ရှိမယ်။ ဆူညံနေရော။ အမျိုးအစားစုံလင်လှတဲ့ ပင်လယ်သမုဒ္ဒရာပျော် ရေအောက်သတ္တဝါအစုံ ရှိတယ်။ စိတ်ဝင်စားစရာ activities အနေနဲ့ကတော့ မှန်ကြမ်းခင်းနဲ့လှေ စီးပြီး ရေအောက်ငါးမျိုးစုံကြည့်တာမျိုး၊ ငါးကန်ကြီးထဲ ရေငုပ်ပြီး ငါးမန်းတွေ၊ ငါးလိပ်ကျောက်တွေနဲ့ ရေကူးတာမျိုး လုပ်လို့ရတယ်။ ဈေးကြီးလို့ တစ်ခုမှ မလုပ်ခဲ့မိဘူး။ သွားမယ်ဆိုရင် Siam BTS station ရှေ့မှာတင်ရှိတယ်။ Central World Shopping Mall ကနေဆို ၁၅မိနစ်လောက် လမ်းလျှောက်ရမယ်။

Add: 991 Rama 1 Road, Puthumwan Bangkok

ဘယ်ဆိုင်တွေ နာမည်ကြီးသလဲ?

သွားစားခဲ့တဲ့ ဆိုင်တိုင်း မညွှန်းတော့ဘူးရယ်။ တကယ်စားခဲ့ပြီး တကယ်ကောင်းတဲ့ဆိုင်တွေချည်းပဲ ရေးပေးလိုက်တော့မယ်။ ရင်မှာဆန္ဒအာသီသ တရွရွစားချင်လာအောင် ပုံတွေကိုသာ Show လိုက်ပေတော့။

Supanniga Eating Room

Add: 160/11 Soi Sukhumvit 55 (Thonglor), Klongton Nuea, Watthana

Eagle Nest Bar

စားဖို့ထက် Roof-top bar မှာ ထိုင်ပြီး Soft drink တစ်မျိုးမျိုးသောက်ပြီး ရှုခင်းခံစားဖို့ဆိုရင် ဆက်ဆက်သွားလိုက်ပါ။

Add: Tha Tian Alley, Khwaeng Phra Borom Maha Ratchawang, Khet Phra Nakhon (ကျောက်ဖရားမြစ်ကမ်းစပ်ပေါ်မှာ)

Ann Guay Tiew Kua Gai

နှစ်၂၀စွန်းစွန်း သက်တမ်းရှိနေပြီဆိုတော့ မူလလက်ဟောင်း ဆိုပါတော့။ အစောတုန်းက လက်တွန်းလှည်းလေးနဲ့ စခဲ့တာ။ ခုတော့ ကြိတ်ကြိတ်တိုး စည်ကားနေပြီ။ ဆန်ခေါက်ဆွဲဖတ်အပြားကြီး၊ အသား၊ ကြက်ဥနဲ့ မွှေကြော်ထားတာ။ အဲ့ပေါ်မှာမှ ကြက်ဥတစ်လုံးထပ်တင်ပေးထားတယ်။ ချမ်းက အကာကျက်နဲ့ ပိုကြိုက်တယ်။

Add: 419 ถนนหลวง แขวงวัดเทพสิรินทร์ Khwaeng Wat Thepsirin, Khet Pom Prap Sattru Phai

Thip Samai Pad Thai

ကက်ကြီးကိုက်လိုမျိုး ခေါက်ဆွဲကြော်ကို ကြက်ဥလွှာပါးပါးလေးနဲ့ ပြန်ထုပ်ထားတာ။ အပေါ်မှာ အနေတော် ပုစွန်၂ကောင်တောင် တင်ထားသေး။ တန်းစီပြီးတောင် စောင့်ဝယ်ခဲ့ရတယ်။

Add: 313-315 Maha Chai Rd, Khwaeng Samran Rat, Khet Phra Nakhon

Phenon Petchaburi တဝိုက်

ဝက်ဂုတ်ထိပ်သားကင်၊ အရသာဆန်းသစ်ထားတဲ့ တုန်ယမ်းဟင်းချို တော်တော်ကောင်းတဲ့ ဆိုင်ရှိတယ်။ ဆိုင်နာမည်မေးတော့ ဂိုက်က ပြောပြပေမယ့် အသံထွက်ကို ဘယ်လိုမှ စာနဲ့ရေးမမှတ်တတ်သလို၊ ပြန်လဲမရွတ်တတ်တာနဲ့ မပြောတတ်တော့ဘူး။ Phenon Petchaburi တဝိုက်မှာ ရှိတယ်ကလွဲလို့ မသိတော့ဘူးရယ်။

Flower Market

ဘန်ကောက်တစ်မြို့လုံးက ဆိုင်တွေ၊ ဟော်တယ်တွေ သည်ဈေးမှာ ပန်းတွေ လက်ကား လာဝယ်တတ်ကြတယ်။ ဗိုက်အင့်အောင် စားထားတော့ ရင်ချောင်အောင် လမ်းလေးဘာလေးလျှောက်ကြည့်တာပေါ့။ ပန်းဈေးဆိုတော့ မျက်စိလည်းအေးသလို စိတ်လည်းအေးချမ်းတယ်။

ပန်းဈေးအထွက်မှာ ပြည်ကြီးငါးမီးကင် လှည်းလေးရယ်၊ အင်းဆက်တွေ ရောင်းတဲ့ဆိုင်ရယ် တွေ့ခဲ့သေးတယ်။ ပြည်ကြီးငါးကင်က ချိုပေမယ့် သွားမကောင်းရင် စားရခက်ပါပေ့။ ငန်လည်းငန်တယ်။ သူတို့စပ်ထားတဲ့ အချဉ်ရည်လေးနဲ့ တို့စားမှ အရသာ ကောင်းသွားတယ်။ တစ်လမ်းလုံး မြုံ့မြုံ့ပြီး ဝါးသွားတောင် ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး။ အင်းဆက်ကတော့ မစားရဲတော့ မမြည်းခဲ့တော့ဘူး။

Add: 116 Chakphet Rd, Khwaeng Wang Burapha Phirom, Khet Phra Nakhon

အစောကပြောခဲ့တဲ့ စားသောက်ဆိုင်တွေအားလုံးကို Tuk Tuk စီးပြီး သွားခဲ့တာ။ ပိုတဲ့အခြားအချိန်တွေကတော့ Shopping time ဆိုပါတော့။ သည်အချိန်ဆို သူ့ထက်ငါအပြိုင် Discount တွေ ရှယ်ချနေကြပြီ။ ဒါတွေကတော့ ချမ်းရဲ့ ဘန်ကောက်ရောက် ၄၈နာရီ အတွေ့အကြုံပဲပေါ့။ သွားဖို့ စီစဉ်နေသူတွေအတွက် သည်ခရီးသွားဆောင်းပါးလေးက အသုံးတည့်မယ်ဆိုရင် ကျေနပ်ပြီလေ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan #AirAsiaMyanmar

Copyright © 2019 Traveller Chan. All Rights Reserved.