International Trip

Fill your life with adventures.

သဘာဝမိခင်၏ ရင်ငွေ့ဟု တင်စားနိုင်လောက်သော ဟလောင်းဘေး

ခရီးထွက်ချင်စိတ် ပေါ်လာတာနဲ့ ပြက္ခဒိန်ကြည့်လိုက်တော့ နိုင်ဝင်ဘာလမှာ ၃ရက်ဆက်တိုက်ပိတ်တဲ့ အပတ်က ၂ပတ်တောင် ရှိတယ်။

ပွင့်လင်းရာသီကလည်း ဖြစ်ပြန်ဆိုတော့ ကားဂိတ်၊ လေဆိပ်တွေမှာ ခရီးထွက်သူတွေနဲ့ ခြေချင်းလိမ်နေမှာ အမှန်။ သည်တစ်ခေါက် ရုံးပိတ်ရက်တွေမှာ ပြည်ပခရီး ထွက်ချင်သူတွေအတွက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဟလောင်းဘေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အခုခရီးက ဟနွိုင်း - နင့်ဘင်း - ဟလောင်းဘေး ဖြစ်ပြီး Vietname Airlines နဲ့ သွားခဲ့တာပါ။ ရန်ကုန်ကနေ ဟနွိုင်း Noi Bai လေဆိပ်ကို ၂နာရီ ပတ်လည်စီးရတယ်။ လေဆိပ်နားမှာ ကားဂိတ်ရှိပြီး မြို့ထဲထိ တစ်ယောက်ကို 5,000VND ကျတယ်။ USD နဲ့တွက်ရင် 0.5$ထက် မပိုပါဘူး။ မီတာတက်စီတွေ ဆိုပေမယ့် နိုင်ငံခြားသားဆိုရင် စိတ်ကြိုက်ဈေးခေါ်ပြီး ဂျင်းထည့်တတ်လို့ အားမနာဘဲ ဈေးစစ်ချပါ။ ဈေးကြီးတဲ့ ဟော်တယ်ထက်ဆိုင်ရင် သန့်ရှင်းသပ်ရပ်တဲ့ Hostel လေးတွေ ရွေးတည်းကြည့်စေချင်တယ်။ Hostel က မြန်မာငွေနဲ့တွက်ရင် ၁သောင်းခွဲကနေ ၈သောင်းထိ ရှိသည်။ ဆိုင်ကယ် ကျွမ်းကျွမ်းကျင်ကျင် စီးတတ်တယ်ဆိုရင်တော့ အထုပ်အပိုး ချပြီးတာနဲ့ ဆိုင်ကယ်အငှားဆိုင်တွေနဲ့ ချိတ်လိုက်ပေတော့။ ဆိုင်ကယ် အမျိုးအစားပေါ် မူတည်ပြီး တစ်ရက်ကို အနည်းဆုံး 8USD ကနေ 60USD ထိ ရှိသည်။ ဗီယက်နမ်မှာ ကားနည်းပြီး ဆိုင်ကယ် ပိုများတဲ့အတွက် ကားငှားခက ဈေးကိုများတယ်။ သည်တော့ ဆိုင်ကယ်မစီးတတ်ရင် တုတ်တုတ်ငှားပြီး လည်ပါလေ။

သွားရမည့်နေရာများ -

ဟနွိုင်း

၁) ဟိုချီမင်ဂူဗိမ္မာန်

ဟိုချီမင်ဆိုတာ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်ပြီး တိုင်းသူပြည်သားတွေရဲ့ ချစ်ခင်မှုကို ရရှိထားသူကြီးပေါ့။ သူ့လက်ထက်မှာ ဗီယက်နမ်နိုင်ငံဟာ လွတ်လပ်ရေးရခဲ့သလို၊ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ကို တိုးတက်ဖူလုံလာအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ပြည်သူများကတော့ ချစ်စနိုးနဲ့ အန်ကယ်ဟို လို့ ခေါ်ကြသည်။ သမ္မတဟိုချီမင် ကွယ်လွန်တော့ ဟနွိုင်းမြို့မှာ ဂူဗိမ္မာန်ကို တခမ်းတနား ဆောက်လုပ်ပြီး ဂူသွင်းခဲ့သည်။ ဂူဗိမ္မာန်နှင့် ရင်ပြင်ကို အမြဲတစေ သန့်ရှင်းလှပအောင် ထိန်းသိမ်းထားတဲ့အတွက် လာရောက်လည်ပတ်သူတွေနှင့် စည်ကားလှသည်။ ကျောင်းသားလေ့လာရေးအဖွဲ့တွေလည်း မကြာခဏဆိုသလို လာတတ်သည်။

၂) ဟိုချီမင်အိမ်တော်

၁၉၀၀-၁၉၀၆ အထိ Indochina's General Governor Palace အဖြစ် အသုံးပြုခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း သမ္မတအိမ်တော်အဖြစ် ၁၉၅၄ ခုကနေ ၁၉၆၉ခု အထိ ၁၅နှစ်တိုင်တိုင် အသုံးပြုခဲ့သည်။ ဟိုချီမင်အိမ်တော် လို့သာ ခေါ်ခဲ့ပေမယ့် အန်ကယ်ဟိုကတော့ ပင်မအိမ်ကြီးကို နိုင်ငံရေးနှင့် ပတ်သတ်သည့် ပုဂ္ဂိုလ်တွေကို တွေ့ဆုံချိန်လောက်ပဲ အသုံးပြုခဲ့တာပါ။ ပုံမှန်အားဖြင့်တော့ ဝင်းထဲက သာမန်အိမ်လေးထဲမှာပဲ နေပါတယ်။

၃) One Pillar Pagoda

ရေကန်လေးထဲက ကျောက်တိုင်တစ်လုံးပေါ်မှာ သစ်သားနဲ့ ကြာပန်းပုံ တည်ဆောက်ထားတဲ့ ဘုရားကျောင်းပါ။ ဘုရားကျောင်းကို ၁၀၄၉ခု Lý Thái Tông အင်ပါယာလက်ထက်မှာ တည်ဆောက်ခဲ့တယ်လို့ သိရတယ်။ သည်ဘုရားကျောင်းမှာ ကပ်ထားတဲ့ သစ်သီးတစ်မျိုးက ခပ်ဆန်းဆန်းရယ်။ အသီးက လက်ချောင်းတွေ အများကြီးလိုမျိုး ဖြစ်နေတာ။ စားလို့တော့ မရဘူးပေါ့။

၎) Temple of Literature

ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး တက္ကသိုလ်ဖြစ်ပြီး ကွန်ဖြူးရှပ်၏ အတွေးအခေါ်၊ ပညာရပ် တွေကို သင်ကြားပို့ချပေးသည်။ ကျောင်းတော်က တရုတ်ဘုံကျောင်းနဲ့ ဆင်ပြီး ကျောက်စာချပ်တွေ အများကြီး တွေ့ရတယ်။ စစ်အတွင်းက ပျက်စီးခဲ့ပြီး ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရသည်။

၅) Old Quarter

သည်နေရာက ရန်ကုန် တရုတ်တန်းနဲ့ သွားဆင်တယ်။ မျက်နှာစာကျယ်ရင် အခွန်များတဲ့အတွက် တိုက်တွေကို မျက်နှာစာကျဉ်းပြီး အနောက်ကို ရှည်သွားတဲ့ ပုံစံမျိုး ဆောက်ထားတတ်သည်။ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်၊ message၊ spa တော်တော်များများ တစ်နေရာတည်းမှာ ရှိသည့်နေရာ ဆိုပါတော့။

အပန်းဖြေဖို့အတွက် Hoan Kiem Lake ရေကန်ကြီးရှိတယ်။ ရေကန်အလယ်မှာ ဟနွိုင်းရဲ့ Zero မိုင်တိုင် ရှိသည်။ အဲ့လိုဆိုတော့ ရန်ကုန်ရဲ့ Zero မိုင်တိုင်ကို သိချင်စိတ်တောင် ဖြစ်လာတယ်။ ပြီးတော့ Thang Long ရေပေါ်ရုပ်သေးပြဇာတ်ကလည်း မဖြစ်မနေ သွားကြည့်သင့်သည်။

နင့်ဘင်း

၆) Bai Dinh တောင်ပေါ်ဘုရားကျောင်း

ဟနွိုင်းကနေ နင့်ဘင်းကို ၉၄.၂ကီလိုမီတာ ဝေးတဲ့အတွက် ၁နာရီခွဲလောက်တော့ ကားစီးရပါလိမ့်မယ်။ တောင်ပေါ်ကို လှေကားထစ်ပေါင်း ၃၀၀ကျော် တက်ရန်လိုအပ်သည့်အတွက် ရေဘူးတော့ ဆောင်သွားသင့်သည်။ တောင်တန်းလမ်းတစ်လျှောက်ရှိ စောင်းတန်းထဲတွင် ဗုဒ္ဓဆင်းတုတော်တွေ နှင့် ရဟန်းဆင်းတုပေါင်း ၅၀၀ လောက် စံပယ်နေသည်။ တောင်ပေါ်ဘုရားကျောင်း ပုရဝုဏ်က ၅၃၉ဧကကျယ်ဝန်းပြီး နိုင်ငံ၏ အကြီးဆုံး ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်သည်။ တောင်ပေါ်မှ ကြည့်လျှင် ဒယ်တာမြစ်ပြင်ကျယ်၊ ဟိုတစ်စသည်တစ်စ ပြန့်ကြဲနေသည့် ကျောက်တောင်ကြီးတွေ၊ မြစ်စပ်က စပါးခင်းကြီးတွေကို အဆန်းတကြယ် ကြည့်ရှုခံစားနိုင်သည်။

၇) Running Man Game Program ရိုက်ကူးခဲ့တဲ့ Trang An

Bai Dinh ကနေ Trang An ကို နာရီဝက်လောက် ထပ်မောင်းရသည်။ ဒယ်တာမြစ်နီ၏ တောင်ဘက်ခြမ်းတွင် တည်ရှိသည်။ မြစ်ကြောတလျှောက် လှေလှော်ပြီး ကျောက်ဂူတွေအောက်ကနေ ဖြတ်သန်းသွားရတာမျိုးပါ။ မြင်သာအောင် ပြောရမယ်ဆိုရင် ဆဒ္ဒန်ဂူမှာ ၂နာရီလောက် ကြာအောင် လှေစီးနေရသလိုမျိုးပေါ့။ Trang An က အများကြီး ပိုလှသလို ပိုပြီး ရှည်လျား ကျယ်ပြန့်တယ်။ ကျောက်ဂူပေါင်း ၉ခုလောက် အထဲကို ဖြတ်သန်းသွားရတယ်။ မြစ်ရေက crystal water လို ကြည်လင်သန့်ရှင်းပြီး အမှိုက်လုံးဝ ကင်းစင်သည်။ ရေက ဘယ်လောက်တောင် ကြည်သလဲဆိုရင် ရေမှော်ပင်တွေကို အတိုင်းသား မြင်နေရသည်။ သည်ရေမှော်ပင်တွေကြောင့်ပဲ မြစ်ရေက စိမ်းညှို့ညှို့အရောင်ကို ဆောင်သည်။ မြစ်ထဲတွင် ကြာပန်း၊ ရွှေငါးများ၊ ဘဲခေါင်းနီတွေ ရှင်သန်နေကြသလို ကျောက်တောင်များတွင် တောင်ဆိတ်များ ရှင်သန်နေထိုင်ကြသည်။ တိုက်ဆိုင်စွာ ရေသောက်ဆင်းလာသည့် တောင်ဆိတ်နှစ်ကောင်နဲ့ ဆုံလိုက်သေးတယ်။ လှေတစ်စီးမှာ လူ၎ယောက် လိုက်နိုင်ပြီး တစ်စီးကို VND တစ်သိန်းခွဲ (မြန်မာငွေ ၈၅၀၀ ကျပ် ပတ်လည်) ပေးရသည်။

၈) King Kong II ဇာတ်လမ်း ရိုက်ကူးခဲ့ရာ ဟလောင်းဘေး

နင့်ဘင်းကနေ ဟလောင်းဘေးကို သုံးနာရီနီးနီး ကားစီးရသည်။ ထုံးကျောက်တောင် ကျွန်းပေါင်း ၁၉၆၀-၂၀၀၀ ကြားရှိသည်။ ၁၉၉၄ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့တဲ့ ဟလောင်းဘေးရဲ့ လှပမှုက အံ့မခမ်းပါပဲ။ Paradise Luxury Cruise နဲ့ ချိတ်ဆက်ပြီး Tuan Chau ကနေ သဘောင်္ခရီးစဉ် စနိုင်သည်။ လုပ်နိုင်တဲ့ activities တွေကတော့ တောင်တက်ဂူဝင် လေ့လာမယ်။ ကနူးလှေလှော်မယ်။ ကမ်းခြေမှာ ရေကစားမယ်။ သဘောင်္ပေါ်မှာ ငါးမျှားပြီး ဟင်းချက်သင်တန်း တက်မယ် စသည်ဖြင့်ပေါ့။

ပုလဲထုတ်လုပ်ပုံ လေ့လာရေးလဲ သွားခဲ့သေးတယ်။ အဲ့သည့်နေ့ကစပြီး သိပ်ကြိုက်တဲ့ ပုလဲတွေကို ဘယ်တော့မှာ မဝယ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုပါတော့။ ကမာကောင်လေးတွေရဲ့ အသားထဲကို ကျောက်ခဲစလို အစိုင်းအခဲလေးတစ်ခု ခွဲထည့်တယ်။ ကမာကောင်လေးက ခိုးလို့ခုလုဖြစ်တော့ အချွဲတွေ ထုတ်ပြီး ကျောက်ခဲစကို ချောမွေ့စေတယ်။ လတွေနှစ်တွေ ကြာလာတော့ ကမာခွံကို ဆွဲဟ၊ အသားကို ဓားနဲ့ခွဲ၊ ပုလဲလုံးကို ဆွဲထုတ် လိုက်တယ်။ ခန္ဓာပုံ ဖွဲ့စည်းပုံအရ စကားမပြောတတ်၊ မရုန်းကန်တတ်ပေမယ့် ကမာကောင်လေးတွေလဲ နာကြင်နေရှာမှာပဲလေ။ မြင်ရတာ ငိုချင်တာပဲ သိတယ်။

အစားအသောက် -

များသောအားဖြင့် ဆီမပါ၊ ဆားပေါ့ပေါ့ ဟင်းလျာတွေ ဖြစ်တဲ့အတွက် မြန်မာပါးစပ်နဲ့ သိပ်အဆင် မပြေလှဘူး။ ဈေးနှုန်းသက်သာသလို စားသောက်ဆိုင်တွေ ပေါများလှတယ်။ အဆင်ပြေဆုံး တစ်ဆိုင်ကို ညွှန်းရမယ်ဆိုရင်တော့ NGON VILLA ပါ။ သည်ဆိုင်မှာ ဗီယက်နမ် Street Food အစုံကို တစ်နေရာတည်းမှာ buffet ပုံစံ စားရမှာမျိုးပါ။ ဟင်းတစ်ခွက်က တစ်ယောက်စာဆိုတော့ တစ်တုံးလောက်ပဲ ပါမယ်ထင်ပြီးတော့ရော၊ အစုံမြည်းကြည့်ချင်တဲ့အတွက်ရော ဟင်းပွဲများများ ရွေးလိုက်မိတာ မကုန်နိုင် ဖြစ်ပြီး ဒုက္ခကိုများရော။

Add: No 10, Tong Duy Ton Str, Hoon Kiem Dist, Hanoi.

သတိထားရမယ့်အချက် -

Shopping ထွက်တဲ့အခါ Night Market မှာ ပစ္စည်းတွေကို ပုံမှန်ထက် ၃ဆ တင်ထားတာမျိုး၊ China ပစ္စည်းတွေ ဖြစ်နေတာမျိုးကို သတိထားသင့်ပါတယ်။ ဗီယက်နမ်ပစ္စည်း အစစ်တွေကတော့ တကယ်ကောင်းပါတယ်။ ငွေကြေးဖောင်းပွလွန်းတဲ့အတွက် ဈေးကပ်ထားတဲ့ ပစ္စည်းဈေး အနောက်မှာ အပို သုည သုံးလုံး ကိုယ့်ဘာသာ ပေါင်းထည့်ပေးရမယ်ဆိုတာ သတိထားပါ။ ဥပမာ ၂၀၀၀ ဆိုရင် ၂၀၀၀ ၀၀၀ ကျပါတယ်။ ခါးပိုက်နှိုက်ပေါလို့ သတိမလွတ်သင့်ပါဘူး။ ဗီယက်နမ်မှာက Tip money ပေးတတ်တဲ့ အလေ့အထလေးတွေ ရှိပါတယ်။ အိမ်ပြန်လက်ဆောင် အနေနဲ့ ကြာစေ့၊ ကော်ဖီ၊ ကြာပန်းလက်ဖက်ခြောက်တွေ ဝယ်သွားပါလို့ အကြံပေးရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.