International Trip

Fill your life with adventures.

မငြင်းဆန်နိုင်လောက်အောင် သင်းပျံ့သော စားသောက်ဖွယ်ရာများနှင့် ရှေးဟောင်းဘုရားကျောင်း၏ ဆွဲငင်ရာဆီသို့...

အစားအသောက်နဲ့ ပတ်သတ်ရင် မီးလိုထတောက်မတတ် စိတ်အားထက်သန်တဲ့ ကိုယ့်အတွက်တော့ ညလည်စာများရှာဖွေခြင်း (Midnight Food Tour by Tuk Tuk) အစီအစဉ်မျိုးဆို အတက်ကြွဆုံးပေါ့။

သည်ညမှာတော့ ညနက်ချိန်ရောက်မှ ဗိုက်ဆာတတ်သောအကျင့်ရှိတဲ့ ကိုယ့်လိုလူတွေအတွက် အပိုစာသားတွေမပါ အမှန်အကန် အရသာ ရှိပါတယ်ဆိုတဲ့ ဆိုင်တွေချည်းပဲ ရှာဖွေ မြည်းစမ်းကြည့်ခဲ့ဖြစ်တယ်။ ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အလည်ပဲဖြစ်ဖြစ် ရောက်နေသူတွေအတွက် အန္တရာယ်ကင်းကင်းနဲ့ တစ်ညတာ ဘဝအမောဖြေလို့ကောင်းတဲ့ နေရာလေးတွေဆိုလည်း မမှားဘူး။ အစီအစဉ် စတင်ဖို့အတွက် Sam Yan MRT station မှာ သွက်လက်ဖော်ရွေတဲ့ ဒေသခံ tour guide နဲ့ ည၇:၃၀ မှာ အရင်ဆုံကြသည်။

ပထမဆုံးသွားမည့်နေရာကို သူက လျှို့ဝှက်ထားတယ်။ ဆိုင်နာမည်ကလည်း ယိုးဒယာစာနဲ့ ရေးထားတာဆိုတော့ ကိုယ့်မှာလည်း မဖတ်တတ်။ ဂိုက်ကတော့ အသံထွက်ရွတ်ပြရှာပါတယ်။ ဝေးလွန်းတဲ့ကိုယ်ကသာ အသံမထွက်တတ်ဘူး ဖြစ်နေတာ။ နေရာကတော့ ဘန်ကောက်မြို့ရဲ့ Phenon Petchaburi ဧရိယာတဝိုက်မှာပါ။ သည်ဆိုင်မှာ မြည်းစမ်းကြည့်ခဲ့တာတွေကတော့

ဝက်ဂုတ်ထိပ်သားကင်၊

ဘဲသားသုတ်၊

သင်္ဘောသီးသုတ်၊

သရက်သီးအစိမ်းသုတ်၊

လန်းဆန်းတဲ့အရသာရှိအောင် ပြုပြင်ထားတဲ့ တုံယမ်းဟင်းချို နှင့်

ကောက်ညင်းထမင်း ဖြစ်သည်။ "အရသာ" ဒါကတော့ အရေးကြီးဆုံး အပိုင်းပါပဲ။ သည်ဆိုင်က  ဝက်ဂုတ်ထိပ်သားကင် နှင့် တုံယမ်းဟင်းချိုကို အမှတ်ပြည့်ပေးမိလောက်အောင်ကို ကြိုက်သည်။

ဒုတိယဆိုင်ကတော့ နှစ်ပေါင်း ၂၁နှစ် ရှိပြီဖြစ်တဲ့ Ann Guay Tiew Kua Gai ဆိုတဲ့ဆိုင်။ သည်ဆိုင်လေးရဲ့ ရာဇဝင်အစက လက်တွန်းလှည်းလေးနဲ့ စခဲ့ရတာ။ ခုတော့ ကြိတ်ကြိတ်တိုး စည်းကားတဲ့ ဆိုင်ကြီးဖြစ်နေပြီ။ အိစက်နေတဲ့ ဆန်ခေါက်ဆွဲဖတ်ပြားကြီးကို ကြက်ဥမွှေကြော်နဲ့ ကြော်ထားတာ။ ကြက်ဥကို အကျက်နဲ့ကော အကာကျက်လောက်နဲ့ကော ရွေးချယ်စရာ နှစ်မျိုးပေးထားတယ်။ ကိုယ်ကတော့ အကာကျက်ကို မြည်းစမ်းကြည့်ခဲ့ပြီးနောက်မှာတော့ သည်ဆိုင်ရဲ့ အရသာကို ကြွေဆင်းသွားပြီလေ။

လိပ်စာ - 419 ถนนหลวง แขวงวัดเทพสิรินทร์ Khwaeng Wat Thepsirin, Khet Pom Prap Sattru Phai, Bangkok

စားသောက်ဆိုင်ချည်းပဲ နှစ်ဆိုင်လောက် ဆက်တိုက်ဝင်စားခဲ့ပြီးပြီဆိုတော့ ဗိုက်ချောင်သွားအောင် ပန်းခင်းကြီးနဲ့တူတဲ့ ဈေးကြီးထဲ လမ်းလျှောက်ကြည့်ဖြစ်ခဲ့သည်။ ဈေးတန်းအစမှာကတည်းက စံပယ်ပန်းရနံ့တွေ သင်းကြူနေတာပဲ။ ဘန်ကောက်တစ်မြို့လုံးက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အလှပန်းဆင်ဖို့ လာဝယ်ကြတဲ့ ဈေးအကြီးစားကြီးပေါ့။

ပန်းဈေးတန်းက ထွက်လာပြီး အင်းဆက်တွေ ရောင်းတဲ့လှည်းလေးဆီ သွားစပ်စုခဲ့သေးတယ်။ မမြည်းရဲခဲ့တော့ ကောင်း၊ မကောင်း မပြောပြတတ်တော့ဘူး။

နည်းနည်းလျှောက်သွားပြီးတော့ ပြည်ကြီးငါးခြောက် ကင်နေတာတွေ့လို့ ဝင်မြည်းခဲ့သေးတယ်။ ပြည်ကြီးငါးခြောက်ကင်ကို အချဉ်ရည်နဲ့တို့ တမြှုံ့မြှုံ့ဝါးရင်း လေတဝှီးဝှီးနဲ့ တုတ်တုတ်စီးရတာလည်း ဖီးလ်ပဲ။

ဈေးတန်းမှာ ကြောင်ဝတုတ်တစ်ကောင်တွေ့လို့ သူနဲ့တောင် ဆော့ခဲ့သေးတယ်။

လိပ်စာ - 116 Chakphet Rd, Khwaeng Wang Burapha Phirom, Khet Phra Nakhon, Bangkok

စတုတ္ထနေရာကတော့ Wat Pho ဘုရားကျောင်း သို့မဟုတ် Reclining ဗုဒ္ဓဘုရားကျောင်း။ ဘန်ကောက်မြို့ရဲ့ ရှေးအကျဆုံးဘုရားတစ်ဆူဖြစ်ပြီး နာမည်ကျော် မြဘုရားကျောင်း၏ အနောက်ဘက်တွင် တည်ရှိသည်။

- မူလဘွဲ့နာမည်က Wat Photaram သို့ Podharam လို့ အမည်ရတယ်။ နောက်ပိုင်းမှ အတိုကောက် Wat Pho လို့ ပြောင်းခေါ်လာကြတာ။ ဘွဲ့နာမည်ကို ဂေါတမမြတ်ဗုဒ္ဓပွင့်တော်မူရာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာဒေသက မဟာဗောဓိညောင်ပင်ရှိရာ ဘုရားကျောင်းကို ရည်မှန်းပြီး ပေးခဲ့ခြင်းဖြစ်သည်။

- Reclining Buddha Temple လို့ ခေါ်ကြတာကတော့ ကျောင်းဝင်းထဲမှာ ၄၆မီတာရှည်လျားပြီး ရွှေဆိုင်းချထားတဲ့ လျောင်းတော်မူ ရုပ်ပွားတော်တစ်ဆူကို ရည်ရွယ်ခြင်းဖြစ်သည်။ သုံးဆက်မြောက်ရာမဘုရင်၏ ၁၈၃၂ခုနှစ်တွင် ပြုလုပ်ခဲ့သော ကောင်းမှုတော်ဟု မှတ်သားရသည်။

Wat Pho ဘုရားကျောင်းက ဘယ်လောက်ထိ ရှေးကျသလဲ ဆိုရင် ပထမရာမဘုရင် ဘန်ကောက်ကို မြို့တော်အဖြစ် မတည်ခင်ကတည်းက ရှိနှင့်ပြီးသား ဘုရားကျောင်းလို့ သိရတယ်။ ဘုရားကျောင်းထဲမှာ ရှိတဲ့ စေတီလေးဆူထဲက တစ်ဆူက မင်းကြီး Phetracha (၁၆၈၈-၁၇၀၃) အုပ်စိုးတဲ့ အယုဒ္ဓယခေတ်လောက်ကတည်းက တည်ရှိခဲ့တာ ဒါမှမဟုတ် သည့်ထက်ရှေးကျစွာ ဘယ်သူဘယ်ဝါမှန်း မမှန်းဆနိုင်တဲ့ ဘုရားဒကာက တည်ထားခဲ့တာလို့လည်း ဆိုထားတယ်။ မင်းကြီး Taksin လက်ထက်မှာ အယုဒ္ဓယမြို့ကြီး မြန်မာနိုင်ငံလက်အောက် ကျရောက်ခဲ့တဲ့အတွက် Thonburi ဒေသမှာ ထီးနန်းပြောင်းရွှေ့ စံမြန်းခဲ့ကြသည်။ ၁၇၈၂ ပထမရာမဘုရင်လက်ထက်ကျမှ Thonburi ဒေသကနေ ကျောက်ဖရားမြစ်ကို ဖြတ်ပြီး ဘန်ကောက်မြို့ဆိုတာကို တည်ခဲ့တာပါ။ ၁၇၈၈မှာ ပထမရာမဘုရင်က ရှေးဟောင်းဘုရားကို  ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့သည်။ အယုဒ္ဓယ၊ Sukhothai မြို့တို့အပြင် ထိုင်းနိုင်ငံအတွင်း အခြားမြို့တွေက စေတီပုထိုးတွေမှာရှိတဲ့ ဗုဒ္ဓဆင်းတုတော်တွေကိုပါ ပင့်ဆောင်စေပြီး Wat Pho ဘုရားကျောင်းမှာ ကိန်းဝပ်စံပယ်စေသည်။ ဒါကတော့ Wat Pho ဘုရားကျောင်းတော်မှာ ဗုဒ္ဓဆင်းတုတော်ပေါင်း တစ်ထောင်မက ရှိနေရခြင်း၏ အကြောင်းရင်းတစ်ချက်လည်း ဖြစ်သည်။ Wat Pho ဘုရားကျောင်းမှာ စေတီလေးဆူကို ဖူးတွေ့နိုင်သည်။ မူလရှေးဟောင်းစေတီတစ်ဆူအပြင် ပထမရာမဘုရင်လက်ထက်၊ တတိယရာမဘုရင်လက်ထက်၊ စတုတ္ထရာမဘုရင်လက်ထက်တွင် အသီးသီးပြုပြင်မှုများ၊ တိုးချက်တည်ဆောက်မှုများ ရှိခဲ့တဲ့အတွက် စုစုပေါင်း စေတီလေးဆူ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုစေတီများရှေ့တွင် ဆုတစ်ခုကိုတောင်းလို့ ဆုတောင်းပြည့်လျှင် နောက်တစ်ခေါက် လာရောက်ဖူးမျှော်ရသည့် ဓလေ့ရှိသည်။ စေတီဝင်းကတော့ ဖွင့်ထားပေမယ့် ဘုရားကျောင်းဆောင်တွေကတော့ ည၅နာရီလောက်ဆို သော့ခတ်သွားပြီဖြစ်သည်။

လိပ်စာ - 2 Sanamchai Road, Grand Palace Subdistrict, Pranakorn District, Bangkok

ပဉ္စမနေရာကတော့ Eagle Nest ဆိုတဲ့ ဘားလေးပါပဲ။ သည်ဆိုင်ကနေ အအေး ဒါမှမဟုတ် Soft drink တစ်မျိုးမျိုးကို မြည်းစမ်းရင်း ကျောက်ဖရားမြစ်ကနေ ဖြတ်ပြေးလာတဲ့ လေတွေကို ရှုရှိုက်ပြီး မြစ်ကမ်းနဖူးမှာ တည်ထားတဲ့ Wat Arun စေတီတော်ရဲ့ သပ္ပါယ်မှုကို ကြည်နူးစွာ ဖူးတွေ့နိုင်သည်။

လိပ်စာ - Tha Tian Alley, Khwaeng Phra Borom Maha Ratchawang, Khet Phra Nakhon, Bangkok.

နောက်ဆုံးပိတ်မှာတော့ Thip Samai Pad Thai ဆိုတဲ့ ဆိုင်က Pad Tahi ဆိုတဲ့ ခေါက်ဆွဲကြော်တစ်မျိုးပါ။ ကြက်ဥဖတ်လေးနဲ့ထုပ်ထားပြီး အရသာရှိလှတဲ့ Pad Tahi ကတော့ သည်တစ်ညတာ စားခဲ့သမျှထဲမှာ အကြိုက်ဆုံးပါပဲဟု သတင်းပါးရင်း ညလည်းအတော်နက်ပြီမို့ တော်သေးပြီ။

လိပ်စာ - 313-315 Maha Chai Rd, Khwaeng Samran Rat, Khet Phra Nakhon, Bangkok

ယခုခရီးစဉ်အား Tourism Authority of Thailand (TAT) နှင့် AirAsiaMyanmar လေကြောင်းလိုင်းမှ ကူညီပံ့ပိုးပေးထားခြင်းဖြစ်သည်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.