International Trip

Fill your life with adventures.

ပျော်ရွှင်ခြင်းသုခဘုံမှာ အမှတ်တရတွေ ဖန်တီးဖို့ ဖူးခက်သွားကြစို့...

ဝါကျွတ်ပြီဆိုတော့ အပေါင်းအသင်းတွေက ဖိတ်စာလာပို့ရင်း စိတ်လာဆွနေကြတာကတစ်ကြောင်း၊ နိုဝင်ဘာ ဒီဇင်ဘာလမှာ ပိတ်ရက်တွေ ဆက်နေတာကတစ်ကြောင်း၊ ညီမလေးတစ်ယောက်က ဖူးခက်သွားချင်ကြောင်း ကွန်းမန့်ဖတ်လိုက်ရတာက တစ်ကြောင်း စသည်တို့ကြောင့်ပေါ့နော် ဖူးခက်ခရီးအကြောင်းလေး ရေးလိုက်ပါတယ်လို့။

ဘယ်လိုသွားမလဲ?

ချမ်းမြေ့သွားခဲ့တဲ့အတိုင်းဆိုရင် မန္တလေး-ဖူးခက် ကို ဘက်ဂျက်လေကြောင်းလိုင်းဖြစ်တဲ့ AirAsia လေကြောင်းလိုင်းနဲ့ သွားခဲ့ပါတယ်။ Transit အတွက် ဘန်ကောက် Don Mueang လေဆိပ်မှာ ၃နာရီလောက် အချိန် ပိုနေတော့ Free Wi-Fi လေးသုံးလိုက်၊ လေဆိပ်ထဲ ဟိုဟိုသည်သည် လျှောက်ကြည့်လိုက်နဲ့ ပျင်းချိန်တောင် မရှိလိုက်ဘူး။

မန္တလေး - ဘန်ကောက် ။ ။ ၁၂:၁၅ - ၃:၁၅
ဘန်ကောက် - ဖူးခက် ။ ။ ၆:၁၅ - ၇:၄၅

ဖူးခက်မှာ စနေ၊ တနင်္ဂနွေဆိုရင် USD ဈေးကျတတ်လို့ မြန်မာနိုင်ငံမှာတည်းက ဘတ်ငွေ ကြိုလဲသွားစေချင်သည်။

ဘယ်တွေသွားမလဲ?

၁) အပျော်မက်သူတို့အတွက် သုခဘုံလို့ တင်စားလောက်တဲ့ Bangla Walking Street

ဖူးခက် ရောက်တော့ ညဘက်ဖြစ်နေပြီ။ ဟိုတယ်ရောက်တော့ အထုပ်အပိုးချ၊ အဝတ်အစားလဲပြီးတာနဲ့ Bangla Walking Street တလျှောက် Night Out ကြတာပေါ့။ အပျော်အပါး မက်သူတွေအတွက် သုခဘုံပဲဆိုတော့ ကိုယ့် limit ကိုယ်သိပြီး ကဲကြပေါ့လေ။ ဆွဲခေါ်တိုင်းလဲ ဂျောင်ဂလောင်က ကလပ်တွေကို ရမ်းသန်းပြီး မလိုက်သွားနဲ့အုံးနော်။

ဘား၊ ကလပ်၊ အရက်၊ ဘီယာ၊ sea food တွေဆိုတာ ဘုံပေါလအော။ လူအုပ်ထဲ စီးမျောရင်း ရီဝေဝေဖြစ်လာရင် Patong ကမ်းခြေကို လမ်းလျှောက်သွားပြီး ခေါင်းကြည်အောင် လေညင်းခံလိုက်ပါအုံး။

၂) ပန်းရောင်သန်းနေသော အဆောက်အဦးများနှင့် Phuket Old Town

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ကျော်လောက်က ရှေးဟောင်းအဆောက်အအုံတွေကို အပြင်ကနေ လှည့်ပတ်ကြည့်ရုံပါပဲ။ ပန်းရောင်ဆေးသုတ်ထားတော့ ကိုယ်တို့ မိန်းကလေးတွေ အကြိုက်ပေါ့။

သူတို့က အိမ်အပြင်နံရံမှာ ပန်းချီလေးတွေလဲ ဆွဲထားကြတော့ ဓာတ်ပုံရိုက်လို့ ပိုကောင်းသွားတယ်။ မည်သို့ပင်ဆိုစေကာမူ Yangon Heritage Trust Map မှာ ပါတဲ့ အဆောက်အဦးတွေလောက် မသားနားပါဘူးကွာ။

၃) ဟာသဆန်ဆန် အမှတ်တရ ဓာတ်ပုံတွေ ရိုက်ဖို့ Trickeye Museum

နေ့လည်ပိုင်း နေပူရှောင်ရင်း အေးအေးဆေးဆေး ဓာတ်ပုံရိုက်ဖို့ ရွေးချယ်သင့်တဲ့ နေရာပါပဲ။ Museum ရှေ့မှာ ရောင်းတဲ့ သရက်သီးဖျော်ရည် အရသာ သိပ်ကောင်းတယ်။

၎) ဖူးခက်ရဲ့ View Point လို့ ဆိုနိုင်သည့် Khao Rang Hill

တောင်ပေါ်ကနေ Andamin ပင်လယ်ရယ်၊ ဖူးခက်မြို့ရယ်ကို လေညင်းခံရှုစားချင်တယ်ဆိုရင် ဆက်ဆက်သွားပါ။

တောင်ပေါ်က Tunk-Ka Restaurant မှာ စားစရာတွေ အရသာ ကောင်းတယ်။ မြန်မာလူမျိုး စားပွဲထိုးတွေလည်း အများသား။

၅) ကြောက်ရွံ့စိတ်တွေကို တွန်းလှန်ပစ်မယ့် Hanuman World

အမြင့်ကြောက်တတ်သူတွေ ကြောက်စိတ်ကို တွန်းလှန်ပစ်ဖို့ အကောင်းဆုံး နေရာပါ။ ကစားနည်း ၃မျိုးရှိသည်။ Sky Walk၊ Zipline၊ Roller Zipline... သည်သုံးမျိုးမှာ ကြောက်ဖို့အကောင်းဆုံးက Roller Zipline။ ကျန်တဲ့နှစ်မျိုးကတော့ ကြောက်ဖို့ထက် စိတ်လှုပ်ရှားပြီး ပျော်ဖို့ ပိုကောင်းတာ။ ဈေးက ၆၉၀ဘတ်ကနေ ၂၇၀၀ဘတ် ထိရှိသည်။ Professional ကျကျရိုက်ပေးထားသည့် ဓာတ်ပုံတွေ လိုချင်ရင်တော့ ဘတ်၂၅၀၀ ထပ်ပေးရတယ်။

Address - 105 Moo 4, Chaofa Rd, T.Wichit, Maung, Phuket

၆) ဆည်းဆာကြည့်ဖို့ နာမည်သိပ်ကြီးတဲ့ Laem Promthep

ဘယ်လောက်လှသလဲဆိုတာ ဓာတ်ပုံတွေတာ ကြည့်လိုက်ပါတော့... အပြင်မှာ မုန့်တန်းလေးလဲရှိတယ်။ အုန်းစိမ်းသီးရေခဲမုန့် ဘတ်၇၀၊ အုန်းစိမ်းရည် ဘတ်၅၀။

Address - Mueang Phuket, Mueang Phuket District, Phuket

၇) ကလေး၊ လူကြီး ပျော်ရွှင်စေမည့် Phuket Fantasea

ဇာတ်ရုံတွေ အများကြီးထဲကမှ ဆင်လိမ္မာလေးတွေကို ကြည့်ချင်ရင် Palace of the Elephants Theater ကို ရွေးချယ်လိုက်ပါ။ Tiger Jungle Adventure တို့ဘာတို့လဲ ရှိသည်။ ပြဇာတ်ထဲမှာ အချစ်၊ အလွမ်း၊ အက်ရှင်၊ ကောင်းကင်ဘားတန်းအက၊ ဆပ်ကပ်၊ ရိုးရာအကအလှ၊ ဆင်၊ ကျား၊ ကျွဲ၊ ဆိတ်၊ ကြက်၊ ခို ... အို စုံနေတာပဲ။ အလင်း အမှောင် ဆလိုက်တွေကလည်း ကောင်းမှကောင်း။

Address - 99 m3 kamala kathu, phuket

၈) ဖူးခက်ကျွန်းလည်ခရီးမှာ နာမည်ကြီးသည့် Phi Phi Island

ကျွန်းလည်ခရီးအတွက် နေ့ချင်းပြန် Tour တွေနဲ့ ချိန်ဆက်ပြီး သွားဖို့လိုပါတယ်။ ခရီးသည် ဆယ်ယောက်ဆန့် Speed Boat တစ်စီးကို တစ်နေ့တာအတွက် ၂၅၀၀ ဘတ် ကျသင့်သည်။ မြန်မာငွေနဲ့တွက်ရင် ဆယ်ယောက်စာမှ တစ်သိန်းကျပ်ပတ်လည် ပဲရှိလို့ တော်တော်လေး တန်တယ်။ သူက ကျွန်းလေးကျွန်း လိုက်ပို့တယ်။ Snorkeling ဂိုက်၂ယောက် ပါမယ်။ ကျွန်းတစ်ကျွန်းပေါ်မှာ နေ့လည်စာ ကျွေးတယ်။ သက်ကယ်အကျီ င်္၊ အသက်ရှုကိရိယာ၊ အအေး၊ ရေသန့် စတာတွေပါပြီး အပြီးအစီးပဲ။

ဖူးခက်က ထိုင်းနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေကို ရှယ်ဖန်တီးပေးနေတဲ့ နေရာဆိုတော့ သူတို့အစိုးရက မပျက်စီးအောင် အထူးဂရုစိုက်ကြတယ်။ ပင်လယ်ပြင်မှာ ငါးစာပေးမကျွေးဘူး။ ရေညစ်ပတ်ပြီး သန္တာကျောက်တန်းတွေ ပျက်စီးမှာ စိုးလို့တဲ့။ သန္တာကျောက်ခက်တွေ ချိုးရင်ဖြစ်ဖြစ်၊ တားမြစ်ဧရိယာမှာ ငါးစာကျွေးတာဖြစ်ဖြစ်၊ အမှိုက်ပစ်ချရင်ဖြစ်ဖြစ် မိရင် ဒဏ်ငွေကော ထောင်ဒဏ်ကော မြင့်တယ်။

၉) Crystal Water လို ကြည်တောက်ပြီး ငါးအုပ်လေးများကို အနီးကပ် မြင်ရမည့် Koh Racha

၁၀) Rang Yai Island အနီးက ကျွန်းလေးတွေမှာ နီမိုငါးအုပ်လေးတွေကြား Snorkeling လုပ်ကြည့်မယ်။

၁၁) သိပ်လှလွန်းတဲ့ Banana Beach

သည်နေရာမှာ နေ့လည်စာ စားရင်း ခဏနားကြတယ်။ ကျွန်းလည်ခရီးစဉ်ရဲ့ နောက်ဆုံးနေရာ ဖြစ်တာနဲ့အညီ ရေချိုးခန်း၊ အဝတ်လဲခန်း ထားပေးထားသည်။

ဘယ်မှာတည်းမလဲ?

လူငယ် ဘော်ဒါတွေ အုပ်စုဖွဲ့ပြီး သွားမယ်ဆိုရင်တော့ Bangla Walking Street နဲ့ နီးသည့် နေရာက Hotel, Hostel တွေကို ရွေးချယ်စေချင်တယ်။ ဘက်ဂျက်ခြွေတာချင်ရင် 10USD ပတ်လည် hostel လေးတွေလဲရှိတယ်။ ဥပမာ Bodega Phuket Hostel ဆိုရင် Bangla Walking Street ကို ၁၀မိနစ် လမ်းလျှောက်တာနဲ့ ရောက်တယ်။

ပိုကောင်းတာလေး တည်းချင်ရင်တော့ The Kee Resort ကို အကြံပြုချင်ပါတယ်။ သူက အရှေ့မှာ Patong ကမ်းခြေ၊ Bangla Walking Street နဲ့ ၃လမ်းလောက်ပဲ ခြားတယ်။ ဈေးက 70USD ကနေစတယ်။ Spa၊ GYM၊ ရေကူးကန်၊ Sky Lounge၊ Bar အစုံပါတယ်။ ဇိမ်ကျကျလေး တည်းရတာပေါ့။

ချစ်စခင်စ စုံတွဲလေးတွေ ဟန်းနီးမွန်း ထွက်လာတာဆိုရင်တော့ Keemala Villa ကို မုချရွေးချယ်သင့်သည်။ မြင်ယောင်ကြည့်လိုက်ပါ။ ပင်လယ်ကို စီးမြင်နေရတဲ့ တောင်ကုန်းကြီး၊ တောင်ကုန်းပေါ်မှာ စိမ်းစိုနေတဲ့ သစ်တောအုပ်လေး၊ သစ်တောထဲက သစ်ပင်တွေပေါ်မှာ ငှက်သိုက်ပုံဆောက်ထားတဲ့ ဘန်ဂလိုလေးတွေ၊ ကျီကျီကျာကျာ ငှက်သံလေးတွေ၊ သိပ်လှတဲ့ဆည်းဆာချိန်၊ ဟန်းနီးမွန်းထွက်လာတဲ့ ဇနီးမောင်နှံနှစ်ဦး ဘယ်လောက်တောင် ကဗျာဆန်လိုက်သလဲ? ပတ်ဝန်းကျင်အနေအထား နှင့် တည်းခိုရမည့် အနေအထားက ရိုမန်းတစ်ဆန်သလောက် မရိုတာက ဈေး... တစ်ရက် ၅သိန်းကျပ် ပတ်လည် သွားကျသည်။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#traveller_chan

Copyright © 2020 Traveller Chan. All Rights Reserved.