International Trip

Fill your life with adventures.

ဘော်ဒါတွေအများကြီး ရခဲ့တဲ့ မန္တလေးမှ ဖူးခက်သို့ ခရီးစဉ်

ရာသီဥတုကလည်း မတ်လထဲကို ရောက်လာပြီဆိုတော့ တောင်ပေါ်မြို့တို့၊ ပင်လယ်ကမ်းခြေတို့ ကိုပဲ သွားလည်ချင်မိတယ်။ ပြီးခဲ့တဲ့အပတ်က ရှမ်းပြည်နယ်၊ ရွာငံဘက်ကို ညွှန်းထားပြီးပြီဆိုတော့ သည်အပတ်အတွက် လောလောလတ်လတ် သွားလည်ဖြစ်ခဲ့တဲ့ ပင်လယ်ခရီးတစ်ခုကိုပဲ ညွှန်းလိုက်တော့မယ်။

"အက်ဒမန်ပင်လယ်ပြင်ကြီးရဲ့ အသည်းနှလုံးဖြစ်တဲ့ ဖူးခက်" .....

မြန်မာနိုင်ငံမှာ အင်မတန်လှပဆန်းပြားတဲ့ ပင်လယ်ကမ်းခြေတွေ အများကြီး ရှိပါလျှက် ဘယ်နှယ့်ကြောင့် ထိုင်းနိုင်ငံက ဖူးခက်ကို ညွှန်းနေရတာလဲလို့ တွေးမိကောင်း တွေးမိပါလိမ့်မယ်။ သဘာဝအလှတရား မှန်သမျှကို ခံစားတတ်တဲ့ ကိုယ့်အတွက်တော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာ ဘယ်ဒေသ ပဲဖြစ်ဖြစ် အခွင့်အရေးရလို့ကတော့ သွားလိုက်မှာပါပဲ။ AirAsia Media FAM Trip to Phuket ခရီးစဉ်နဲ့ သည်ခရီးကို ထွက်ဖြစ်ခဲ့တာပါ။ သည်တစ်ခေါက်နဲ့ဆိုရင် ကိုယ်နဲ့ AirAsia နဲ့ ဆုံစည်းတာ သုံးကြိမ်မြောက်ဆိုပါတော့။ ခရီးစဉ်တစ်လျှောက် ၁၂ယောက်ပါတဲ့ ကိုယ်တို့တစ်ဖွဲ့လုံး စိတ်တွေတသားတည်း ဖြစ်ခဲ့ပြီး အရမ်းပျော်ရွှင်ခဲ့ရတယ်။

/* ဘယ်လိုသွားခဲ့သလဲ */

ရန်ကုန်လေဆိပ်ကနေပဲ ဖြစ်ဖြစ်၊ မန္တလေးလေဆိပ်ကနေပဲ ဖြစ်ဖြစ် ဘန်ကောက်ကို အရင်စီးရပါမယ်။ ပြီးမှ ဘန်ကောက်ကနေ ဖူးခက်ကို ထပ်ပြောင်းစီးရမှာပါ။ လေယာဉ်စီးတာနဲ့တင် အသွားတစ်ရက်၊ အပြန်တစ်ရက် အချိန်ပေးခဲ့ရတယ်။ မန္တလေးလေဆိပ်ကနေ AirAsia လေကြောင်းလိုင်းနဲ့ ၁၂:၁၅ မှာထွက်ခွါခဲ့ပြီး ဘန်ကောက်က Don Mueang လေဆိပ်ကို ၃:၁၅ မှာ ရောက်ပါတယ်။ ဘန်ကောက်လေဆိပ်မှာ လူတွေတအားများနေတာနဲ့ ငွေမလဲခဲ့လိုက်မိဘူး။ ဘန်ကောက်ကနေ ဖူးခက်ကို ပြောင်းစီးရမယ့်အချိန်က ညနေ ၆:၁၅ မှဆိုတော့ သည်ကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဖွဲ့ပြီး ရင်းနှီးမှုတွေ အစပျိုးရင်းပေါ့။ ၆:၁၅ ထွက်တဲ့လေယာဉ်ဆက်စီးပြီး နောက်ထပ်တစ်နာရီခွဲအကြာ ၇:၄၅ မှာ ဖူးခက်လေဆိပ်ကို ရောက်ပါပြီ။ ဒေါ်လာကနေ ဘတ်လဲမယ်ဆိုပြီး ကြည့်လိုက်တော့ ၃၂ ပြားစွန်းပဲ ဈေးပေါက်တော့တယ်။ ဘန်ကောက်မှာ ၃၄ပြားစွန်းဆိုတော့ USD100 ကို ဘတ်၂၀၀လောက် နာသွားတယ်။ သူတို့အပြောအရ နိုင်ငံခြားသား အဝင်များတဲ့ အချိန်ဆိုရင် ဒေါ်လာဈေး ကျတတ်တယ်တဲ့။ ကြေကွဲပြီလေ...

ကိုယ်တွေတည်းမယ့်ဟော်တယ်က The Kee Resort, ဖူးခက်ရဲ့ နာမည်ကျော် ညလုံးပေါက်စည်ကားတဲ့ Bangla Walking Street နဲ့ နီးနီးလေး...ပဲ။ လေဆိပ်ကနေ ဟော်တယ်ကို ကားနဲ့ဆိုရင် ၁နာရီစွန်းစွန်းလောက် ထပ်စီးရသေးတယ်။

ကိုယ်တွေကတော့ လေဆိပ်မှာလဲအိပ်၊ လေယာဉ်ပေါ်မှာလဲအိပ်၊ ကားပေါ်မှာလဲအိပ်တာပါပဲ။ ကိုယ့်ကိုယ်ကို ရတဲ့အချိန်မှာ ရသလို Charging သွင်းထားမှ နောက်နေ့ ကောင်းကောင်း လျှောက်လည်နိုင်မှာလေ။ လေယာဉ်လက်မှတ် စုံစမ်းချင်ရင်တော့ https://www.facebook.com/AirAsiaMyanmar/ မှာသာ မေးကြည့်လိုက်ပေတော့။

/* ဘယ်တွေသွားခဲ့သလဲ */

လည်ခဲ့တာက နှစ်ရက်... ပထမနေ့က City Tour ပုံစံ၊ ဒုတိယနေ့က ကျွန်းလည်ခရီးပုံစံ။ ကျွန်းလည်ခရီးကိုတော့ နောက်တစ်ပတ်မှပဲ သတ်သတ်ရေးပေးအုံးမယ်။

- Yangon Heritage Trust လိုမျိုး ရှေးဟောင်း အဆောက်အဦးတွေကို လေ့လာရမယ့် Phuket Old Town

- ဓာတ်ပုံအရိုက်ခံရတာ သိပ်ကြိုက်သူတွေအတွက် Trickeye Museum

- Tunk - Ka Restaurant မှာ နေ့လည်စာစားရင်း ဖူးခက်မြို့နဲ့ ပင်လယ်ပြင်အလှကို လေတဝှီးဝှီးနဲ့ ဇိမ်ကျကျ ခံစားနိုင်မယ့် Khao Rang Hill

- ဖူးခက် city tour မှာ ကိုယ့်အကြိုက်ဆုံး Hanuman World

- ဖူးခက်ရဲ့ အုန်းစိမ်းသီး ရေခဲမုန့်လေးစားရင်း နေဝင်ဆည်းဆာကို ငေးမောနိုင်မယ့် Laem Promthep (Sunset view point)

- စနေ၊ တနင်္ဂနွေလို နေ့တွေမှာ ဇာတ်ရုံအပြည့် လာအားပေးကြတဲ့ Phuket Fantasea က Palace of the Elephants Theater (အဲ့သည်မှာ ဘူးဖေးညစာလဲ စားလို့ရတယ်။)

- မနက်နဲ့ နေ့ခင်းတွေမှာ ဆိုင်တွေပိတ်ထားကြပြီး ညနက်မှ တိုးဝှေ့ရလောက်အောင် စည်ကားတဲ့ Bangla Walking Street (သည်နေရာမှာ အပေါဆုံးက ဘားနဲ့ ကလပ်တွေပဲ။ ညနက်လေ ပိုစည်လေ။)

ဖူးခက်ရဲ့ နာမည်ကျော် Big Buddha ကိုတော့ မရောက်ခဲ့လိုက်ရဘူး။ ကိုယ်မရောက်ခဲ့ပေမယ့် သည်နေရာလေးကို အင်တာနက်မှာ ရှာကြည့်တာ တအားလှလို့ သွားမယ့်သူတွေကို ဆက်ဆက်သွားကြည့်စေချင်တယ်။

ဖူးခက်ကိုရောက်ပြီး ပထမဆုံးနံနက်ခင်းမှာ အချိန်ရသေးတာနဲ့ ဟော်တယ်ရဲ့ Spa နဲ့ Sky Lounge ကို တက်ကြည့်လိုက်သေးတယ်။ ခုမှပဲ ပင်လယ်ကို မြင်ရတော့တယ်။ ပင်လယ်ထဲက ရွက်လှေလေးတွေကြည့်ပြီး ဂရုဖိုတိုလေးဘာလေး ရိုက်ပြီးနောက်တော့ City Tour ကို စတင်လိုက်ပါပြီ။

/* Phuket Old City */

ယိုးဒယားမှာက လွန်ခဲ့တဲ့ နှစ်၁၀၀ကျော်က ရှေးဟောင်းအဆောက်အအုံတွေ ရှိသေးတဲ့နေရာ တော်တော်ရှားတယ်။ Phuket Old City ကို လှည့်ပတ်ကြည့်ရတာ ဘာနဲ့တူလဲဆိုတော့ ရန်ကုန်ဆူးလေ တဝိုက်က Yangon Heritage Trust နေ့တဝက်ခရီး လှည့်ပတ်သွားနေရသလိုမျိုးပါပဲ။ ပန်းရောင်လေးတွေနဲ့ အဆောက်အဦးကတော့ ကိုယ်တို့မိန်းခလေးတွေ အကြိုက်ပေါ့။

အခြားနိုင်ငံတွေက ကိုယ်ရောက်ဖူးတဲ့ Old City တော်တော်များများမှာ သတိထားမိတာက သူတို့ရဲ့ ရှေးဟောင်းအိမ်နံရံတွေမှာ ဒေသခံတွေရဲ့ နေထိုင်မှု၊ အလေ့အထ ဒါတွေကို ဖော်ပြတဲ့ နံရံပန်းချီတွေ ရေးဆွဲထားကြတာပါပဲ။ အဆောက်အအုံဟောင်းတွေရယ်၊ ဆေးရောင်စုံပန်းချီတွေနဲ့ ပိုဆွဲဆောင်မှု ကောင်းသွားသလားလို့...

/* Trickeye Museum */

Old City မှာ လှည့်ပတ်ကြည့်ပြီးတော့ နေပူတာရှောင်ရင်း အေးအေးဆေးဆေး ဓာတ်ပုံတွေ ရိုက်လို့ကောင်းတဲ့ 3D ပန်းချီတွေနဲ့ Trickeye Museum ကို ဆက်သွားခဲ့တယ်။

အဲ့က ရုပ်ကြွပန်းချီတွေကိုတော့ ဓာတ်ပုံထဲမှာသာ ကြည့်လိုက်ပေတော့။

Old City ရဲ့ အရှေ့မှာ အအေးဆိုင်၊ မုန့်ဆိုင်လေး ၃ ဆိုင်လောက် တွေ့တယ်။ သရက်သီးအမှည့်ကို ဖျော်ပေးတဲ့ အအေးက ဘတ်၅၀ ကျတယ်။ အေးအေးမွှေးမွှေးလေးနဲ့ ကိုယ့်အကြိုက်ဆိုပါတော့။

/* Khao Rang Hill */

နေ့လည်စာစားချိန်ရောက်ပြီဆိုတော့ Khao Rang Hill တောင်ပေါ်က Tunk - Ka Restaurant မှာ သွားစားဖြစ်တယ်။ တောင်ပေါ်ကနေ ဖူးခက်တစ်မြို့လုံးကို မြင်ရတဲ့အပြင် အက်ဒမယ်ပင်လယ်ကြီးကိုပါ မြင်နေရတယ်လေ။

မြန်မာနိုင်ငံသား စားသောက်ဆိုင်ဝန်ထမ်းတွေနဲ့ ဆုံခဲ့လို့ စကားစမြည်တောင် ပြောဖြစ်သေး။ သည်မှာက ထားဝယ်နဲ့ မော်လမြိုင်ဘက်က လာလုပ်တဲ့သူတွေ များတယ်တဲ့။ ကိုယ်ချင်းကိုယ်ချင်းတွေဆိုတော့ စေတနာပိုပိုသာသာလေးနဲ့ ဝန်ဆောင်မှု ပေးလို့ စားသောက်ရတာ ကိုယ့်အိမ်ကိုယ့်ယာမှာ စားရသလို အရမ်းအဆင်ပြေခဲ့တာပဲ။

/* ကြောက်ရွံ့မှုနဲ့ ပျော်ရွှင်မှုတွေ ထပ်တူအချိုးချထားတဲ့ Hanuman World */

Khao Rang Hill ကနေ Hanuman World ကို နာရီဝက်လောက် မောင်းရသေးတယ်။ Hanuman World မှာ ရွေးချယ်စရာသုံးမျိုးရှိတယ်။ Zipline၊ Sky Walk၊ Roller Zipline ... သည်သုံးမျိုးထဲက Zipline နဲ့ Sky Walk ပဲ ကစားဖို့ ရွေးချယ်ထားပေမယ့် သူငယ်ချင်းက မြှောက်ပေးလို့ Zipline နဲ့ Roller Zipline ကို ပြောင်းဆော့မိတယ် ဆိုပါတော့။ Sky Walk က လက်ပတ်အဖြူ၊ Zipline က ပန်းရောင်၊ Roller Zipline က အနက် နဲ့ ကိုယ်စားပြုထားတယ်။ ကိုယ်စီးချင်တဲ့ ကစားနည်းအတွက် ငွေရှင်းပြီးရင် လက်ပတ်လေးတွေ ပေးလိုက်တယ်။ ပြီးတော့ အင်း... အသက်အန္တရယ်ဖြစ်ခဲ့ရင် ကိုယ့်တာဝန်ကိုယ်ယူပါတယ် ဆိုတဲ့ လက်မှတ်လေးဘာလေး တစ်စောင်ထိုးရပါလိမ့်မယ်။

Zipline စီးဖို့အတွက် ကြောင်လိမ်လှေခါးအတိုင်း သစ်ပင်ပေါ်အရင်တက်ရတယ်။

အဲ့သည်ကမှ သက်ကယ်ကြိုးတွေ သေချာချိတ်ဆက်ပြီး တစ်ဖက်သစ်ပင်ဆီကို ခိုစီးသွားရတာမျိုး။

အလေးချိန် ပေါင်၁၂၀အောက် ဆိုရင် Superman ပုံစံ စီးခွင့်ရတယ်။ Zipline ကတော့ အတွေ့အကြုံရှိပြီးသားဆိုတော့ သိပ်ရင်မခုန်တော့ဘူး။

နောက်တစ်နေရာကူးဖို့အတွက် အဆင်းမှာ ကြိုးနဲ့ပဲ တွယ်ဆင်းရတာ။

Roller Zipline ကတော့ ရိုလာကိုစတာကို ကြိုးတွဲလောင်းနဲ့ စီးရတဲ့ Feeling မျိုး... ကြာချိန်က ၃မိနစ်။ အဲ့သည့် ၃မိနစ်အတွင်းမှာ "ငါတော့မှားပြီ" လို့ အကြိမ်၃၀လောက် တွေးမိတယ်။ ခါရမ်းချက်က ခါးတွေ ဇက်တွေဆို အီစောင့်သွားတာပဲ။ ဒါပေမယ့် ထပ်စီးချင်သေးတယ်။ ပြောပါတယ်... ကိုယ်တွေက ကြောက်ရွံမှုနဲ့ ပျော်ရွှင်မှုကို ထပ်တူ အချိုးချချင်တဲ့ စရိုက်မျိုးပါဆို။ ဈေးကတော့ အနိမ့်ဆုံး ၆၉၀ဘတ်ကနေ အမြင့်ဆုံး ၂၇၀၀ဘတ် ထိရှိတယ်။ ကစားနည်း ၂မျိုး ၃မျိုး တပေါင်းတည်း ဆော့ရင် ဈေးထပ်လျှော့ပေးတယ်။ ကစားနေတုန်း ရိုက်ထားတဲ့ပုံတွေကို memory stick နဲ့ လိုချင်ရင် ဘတ်၂၅၀၀ ကျလိမ့်မယ်။ လိပ်စာ - 105 Moo 4, Chaofa Rd, T.Wichit, Maung, Phuket.

/* Laem Promthep (Sunset View Point) */

သည်နေရာကတော့ Andaman ပင်လယ်ရယ်၊ ကျွန်းစုလေးတွေရယ်၊ နေဝင်ဆည်းဆာကို ကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခုပေါ့။

ညနေများဆိုရင် ဒေသခံတွေ၊ နိုင်ငံခြားသားတွေ လာကြတဲ့ အရမ်းစည်ကားတဲ့နေရာလေး။

ကိုယ်တွေရောက်တော့ နည်းနည်းစောသေးတာနဲ့ ကုန်းမြင့်ပေါ်ကနေ တောင်ဘက်အစွန်းဆုံးက ဟိုးအောက်ကကျွန်းစပ်လေးအထိ ဆင်းကြည့်ခဲ့တယ်။

အဆင်းမှာတင် မိနစ်၂၀လောက် ကြာတယ်။ ဓာတ်ပုံရိုက်နေတာကြောင့်လည်း ပါပါတယ်။

ကျောက်တုံးလေးတွေကို စေတီပုံဆင့်ပြီး ဆုတောင်းထားကြတာတွေလဲ တွေ့ခဲ့မိတယ်။

လမ်းကြမ်းတယ်၊ နည်းနည်းမတ်တယ်။

ပင်ပန်းတာနဲ့ တန်လောက်အောင်ကို ရှုခင်းတွေကလည်း လှတယ်။ ဒါပေမယ့် မမှောင်ခင်တော့ အပေါ်ပြန်တက်ဖို့လိုတယ်။ အစောကပြောခဲ့သလိုပဲ လမ်းကြမ်းတာကြောင့် အခန့်မသင့် ဆိုတာမျိုး မဖြစ်ရအောင်လို့ပါ။ နောက်တစ်ချက်က ဆေးလိပ်မသောက်ရ နယ်နိမိတ်အဖြစ် သတ်မှတ်ထားလို့ အကိုမောင်တွေ သတိထားကြပါလို့။ ကုန်းမြင့်ပေါ်မှာတော့ ဆင်ရုပ်လေးတွေအများကြီး ကို တွေ့နိုင်ပါတယ်။ ဒေသခံတွေက ဆင်ကို တော်တော် အလေးအမြတ်ထားကြတာ သတိထားမိတယ်။ အထွက် လမ်းမတန်းမှာ လက်တွန်းလှည်းတွေနဲ့ လာရောင်းတဲ့ မုန့်တန်းလေးရှိတယ်။ အုန်းသီးရေခဲမုန့်၊ အုန်းစိမ်းရည်၊ ရေခဲချောင်း၊ အအေး၊ သရက်သီး (ကိုယ်တွေ သရက်သီးအစိမ်းနဲ့ ငံပြာရည်တို့စားကြသလို၊ သရက်သီးစိမ်းနဲ့ သူတို့စပ်ထားတဲ့အနှစ်ရည်နဲ့ တို့စားရတာပါ။) အုန်းသီးစိမ်းရေခဲမုန့်က ဘတ်၇၀ပေးရတယ်။ အုန်းစိမ်းရည်က ဘတ်၅၀။ ရေသန့်ဘူးက ဘတ်၂၀၊ ဖျော်ရည်က ဘတ်၄၀ နဲ့ ၆၀ ကြား ရှိတတ်တယ်။ လိပ်စာ - Mueang Phuket, Mueang Phuket District, Phuket, Thailand

/* Phuket Fantasea */

နေဝင်ဆည်းဆာကြည့်ပြီးတော့ ညစာစားရင်း ဆင်ပြပွဲလည်း ကြည့်ဖို့ Phuket Fantasea ကို အရောက်သွားခဲ့တယ်။

သည်နေရာက ကားတွန်းကားထဲ ရောက်သွားသလိုပဲ။ လှပတဲ့ မီးရောင်စုံတွေရယ် ချစ်စရာကောင်းတဲ့ ဇာတ်ရုံတွေနဲ့ပေါ့။ Palace of the Elephants Theater၊ Tiger Jungle Adventure စသဖြင့် သူ့ဇာတ်ရုံနဲ့သူ ကပြတယ်။

ကိုယ်တွေရဲ့ ရွေးချယ်မှုက Palace of the Elephants Theater။ ဆင်ပြဇာတ်ရုံဆောက်ဖို့ USD ၅၀မီလီယံတောင် ကုန်ကျခဲ့တယ်တဲ့။ ပြဇာတ်ထဲမှာ အချစ်၊ အလွမ်း၊ တိုက်ခိုက်တာ၊ ဓလေ့အစဉ်အလာ၊ ကောင်းကင်ဘားတန်းအက၊ ဆပ်ကပ်၊ ဆင်၊ ကျား၊ ကျွဲ၊ ဆိတ်၊ ကြက်၊ ခို ... အို စုံနေတာပဲ။ လိပ်စာ - 99 m3 kamala kathu phuket 83150 thailand

/* Bangla Walking Street */

သည်နေရာကိုမှ မရောက်ခဲ့ဘူးဆိုရင် ဖူးခက်ရောက်တယ်လို့ မဆိုနိုင်ပါဘူး။ တနေကုန်အိပ်မောကျနေပြီး ညဘက်မှ အသက်ဝင်လာတဲ့နေရာလို့ ဆိုရမှာပဲ။

ညနက်လေ ပိုစည်ကားလေ ဖြစ်တဲ့ Bangla Walking Street တစ်လျှောက်လုံး နီယွန်မီးရောင်စုံတွေ၊ ကျယ်လောင်တဲ့ဂီတသံတွေ၊ ဘား၊ ကလပ်၊ Disco၊ အကင်ဆိုင်၊ စားသောက်ဆိုင် စတာတွေနဲ့ စုံစီနဖာစိနေတာပါပဲ။ သင်ဟာ ရူးသွပ်စွာ ပျော်ရွှင်ချင်သူ တစ်ယောက်ဆိုရင် သည်နေရာက လောကစည်းစိမ်ပါပဲ။ သင်ဟာ ဆူညံမှုကို မုန်းတီးသူတစ်ယောက်ဆိုရင်တော့ သည်နေရာကို လက်ရှောင်လိုက်ပါ။ မသောက်ဘဲမူးနောက်သွားပါလိမ့်မယ်။ 

လမ်းတစ်လျှောက် ကမ္ဘာအနှံ့က နိုင်ငံခြားသားတွေချည်းပဲမို့ ကိုယ့်ဘာသာ အာရှတိုက်ထဲမှာ မဟုတ်ဘဲ ဥရောပတိုက်ထဲ ရောက်သွားသလား ထင်မှတ်မှားစရာပါပဲ။ သည်နေရာက ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင် တတ်ဖို့တော့ လိုအပ်မှာပါ။ Walking Street ကနေ ထွက်ပြီး လမ်းမကြီးကို ကူးလိုက်ရင် တစ်ဖက်မှာ ပင်လယ်ကမ်းခြေရှိပါတယ်။ အချို့ကျတော့ ကမ်းခြေမှာ အကင်လေးစားလိုက်၊ ဘီယာလေးသောက်လိုက်နဲ့ ကိုယ့်ဖီးလ်နဲ့ကိုယ် ငြိမ်ငြိမ်စိမ်စိမ် ရှိနေကြတယ်။ ခြေထောက်တွေ ညောင်းလောက်အောင် ဟိုဟိုသည်သည် လျှောက်သွားလိုက် မုန့်စားလိုက်နဲ့ ဟော်တယ်ပြန်ရောက်တော့ အချိန်က ည၁၂နာရီနီးနီးဖြစ်နေပြီ။

ခရီးတလျှောက် နေရာအစုံ လိုက်ပို့ပေးလို့ကော၊ နေထိုင်စားသောက်မှုကို အကောင်းတွေချည်း စီစဉ်ပေးလို့ကော AirAsia Myanmar လေကြောင်းလိုင်းကို ကျေးဇူးတင်ပါတယ်လို့။ နောက်နေ့ကျွန်းလည်ခရီးစဉ် ရှိသေးလို့ သည်နေ့အတွက် လည်ပတ်မှုတွေကတော့ တော်သေးပြီ...

/* မှတ်ချက် */

စနေ၊ တနင်္ဂနွေလို ရက်တွေဆိုရင် ဖူးခက်မှာ နိုင်ငံခြားသားတွေ အဝင်များတဲ့အတွက် ဒေါ်လာဈေး ကျတတ်ပါတယ်။ ဟိုရောက်မှ လဲတာထက် ဘတ်ကို ကြိုဝယ်သွားရင် ပိုကောင်းပါလိမ့်မယ်။ ဈေးဝယ်ဖို့ဆိုရင်တော့ ဖူးခက်မှာ အဆင်မပြေပါဘူး။ ဈေးတော်တော် တင်ထားကြသလားလို့။ လက်ကမ်းကြော်ငြာမှာ ဈေးချိုတယ်ဆိုပြီး ချောင်ဂလောင်က ဘားတွေကို လိုက်သွားရင်း ပါသမျှပြောင်သွားတာမျိုး မဖြစ်အောင် သတိထားသင့်ပါတယ်။ Hanuman World မှာ ကစားဖို့ ရှူးဖိနပ်၊ ဘောင်ဘီ ဝတ်မှကို ဖြစ်မှာပါ။ ဆေးလိပ်မသောက်ရ ကန့်သတ်နေရာတွေကို သေချာဂရုစိုက်စေချင်ပါတယ်။ အမှိုက်ကတော့ နိုင်ငံကြီးသားပီသစွာ အမှိုက်ပုံးမှာသာ ပစ်ကြပါလို့။

#travellerchan #travel_yyl #AirAsiaMyanmar #2xMandalaytoBangkok

Copyright © 2020 Traveller Chan. All Rights Reserved.