International Trip

Fill your life with adventures.

မစိမ်းလှသည့် မလေးရှားမှ လည်ပတ်စရာ နေရာများ

ဘန်ကောက်တွေ ဘာလီတွေ ခဏမေ့ထားလိုက်တော့။ အပြောင်းအလဲလေး ဖြစ်သွားအောင် သည်တစ်ခေါက် မလေးရှားဘက်ကို သွားကြည့်လိုက်ရအောင်။ မလေးရှားက နိုင်ငံခြားသားတွေအတွက် လုံခြုံမှု ရှိရဲ့လား? ချမ်း တစ်ပတ်သာ လည်ပတ်ခဲ့တဲ့ အတွေ့အကြုံအရ မိမိရဲ့ ပိုင်ဆိုင်မှုတွေကို ဂရုတစိုက် ထိန်းသိမ်းထားမယ်ဆိုရင်တော့ အင်မတန် စိတ်ချရပါတယ်။

Visa လိုအပ်သလား?

သည်အချက်ကိုတော့ သိပ်သဘော မတွေ့လှဘူး။ တရုတ်၊ အိန္ဒိယနိုင်ငံသားတွေလိုပဲ မြန်မာနိုင်ငံသားတွေလည်း မလေးရှားကို သွားရောက်လည်ပတ်ဖို့ Visa လိုအပ်ပါတယ်။ ဗီဇာကြေးက သိပ်မများပေမယ့် One Stop Service ဆိုတဲ့ Agency ကနေ တဆင့် လျှောက်ရတာ ဖြစ်တဲ့အတွက် 57USD ကုန်ကျခဲ့တယ်။ Visa Fee အတွက် မြန်မာကျပ်ငွေတစ်မျိုးတည်းသာ လက်ခံပြီး ဗဟိုဘဏ်ပေါက်ဈေးနဲ့ တွက်ယူပါတယ်။ ဗီဇာလျှောက်ဖို့အတွက် လိုအပ်ချက်တွေကို http://malaysiavisaservices.com/index.php/2015-11-21-09-29-02/visa-requirement မှာ ရှာဖတ်ပြီး ကြိုတင် ပြင်ဆင်သွားရပါမယ်။

ဘယ်လိုသွားမလဲ?

ဗီဇာကြေးမှာ ငွေအချို့ သုံးလိုက်ရတာဖြစ်တဲ့အတွက် ခရီးစာရိတ် ချွေတာချင်တယ် ဆိုရင်တော့ ဘက်ဂျက်လေကြောင်းလိုင်းဖြစ်တဲ့ AirAsia ကို ရွေးချယ်လို့ရတယ်။ လေဆိပ်မှာ အချိန်သိပ်မပေးချင်ရင် online ကနေ Self check-in ကြိုဝင်ထားလိုက်ပါ။ လေဆိပ်ရောက်မှ စက်ကနေတဆင့် မိမိဘာသာ Boarding Pass နဲ့ Baggage Tag ကို ထုတ်ယူသွားနိုင်ပါတယ်။

MALAYSIA ASEAN TOURISM INFLUENCERS KEY OPINION LEADERS PROGRAMME (MAIKOL 2019)

KL Tower – Sky Box

ကွာလာလမ်ပူ ရောက်ပြီဆိုမှတော့ Landmark ဖြစ်တဲ့ KL Tower ကို မရောက်ရောက်အောင် သွားခဲ့ပါတယ်။ ရှုခင်းကြည့်ဖို့နဲ့ မှန်တွေနဲ့ ဆောက်ထားတဲ့ Sky Box မှာ ဓာတ်ပုံရိုက်ဖို့က ကိုယ့်ရဲ့ အဓိကရည်ရွယ်ချက်ပဲ။ Sunset အချိန်နဲ့ တွက်ပြီး သွားနိုင်မယ်ဆိုရင်တော့ မယုံနိုင်လောက်တဲ့ ဓာတ်ပုံအမိုက်စားတွေ ရလာမှာပါ။ Sky Box ထဲမှာ ဓာတ်ပုံရိုက်ဖို့ အချိန်ကန့်သတ်ထားတဲ့အတွက် ဘယ်လို pose တွေ ပေးမလဲဆိုတာကိုတော့ ကြိုပြင်ဆင်ထားဖို့ လိုပါတယ်နော်။

Amazing Sunway Lagoon

Sunway City KL က မြို့ငယ်လေးတစ်မြို့လို ဖြစ်နေတဲ့အတွက် တစ်နေကုန်သွားတယ်။ Hotel, Shopping Center, Men made beach, Water park, ခေတ်မှီကစားကွင်း အစုံရှိတယ်။ အထူးသဖြင့် Pirates Revenge က စိတ်လှုပ်ရှားဖို့ အကောင်းဆုံးပဲ။ ပင်လယ်ဓားမြလှေက ၃၆၀ဒီဂရီလည်သွားတာဆိုတော့ ရင်ထဲမှာဟာပြီး အသဲတအေးအေး ဖြစ်လိုက်မယ့် ဖြစ်ခြင်း။

Travel safety and best things to do in Penang

KL ကနေ Penang ကို လေယာဉ် ၁နာရီပဲ စီးရတယ်။ Penang မှာ တည်းမယ်ဆိုရင်တော့ George Town မြို့လယ်မှာရှိတယ် Hotel တွေကိုပဲ ရွေးချယ်သင့်တယ်။ George Town အနှံ့ လမ်းလျှောက်လည်ပတ်လို့ ကောင်းတဲ့နေရာတွေမှ တပုံတပင်ကြီးပဲ။ ချမ်းတည်းခဲ့တဲ့ Hotel က The Prestige Hotel ဖြစ်ပြီး ဟိုတယ်တစ်ခုလုံး အဖြူရောင်ဆေးခြယ်ထားတယ်။ အခန်းတွင်း အပြင်အဆင် အမိုက်စားတွေနဲ့ တအားချစ်ဖို့ကောင်းတာ။

တရုတ်လူမျိုး ၆၀% ကျော်တဲ့အတွက် မန္တလေးမြို့ ရောက်နေသလိုတောင် ခံစားရတယ်။ ဘာသာကြီးလေးခု စုံစုံလင်လင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြတာရယ်၊ ကိုလိုနီခေတ်အဆောက်အအုံတွေကို မူလလက်ရာမပျက် ထိန်းသိမ်းထားတာရယ်၊ သဘာဝတောတောင်ပင်လယ် အလှတွေရယ်၊ အစားအသောက် ဈေးချိုပြီး အရသာကောင်းလှတာရယ်ကြောင့် နိုင်ငံခြားသားတွေကြားမှာ သတင်းမွှေးလှတယ်။

The Prestige Hotel - Penang

George Town Walkabout Tour

Yangon Heritage Trust Walkabout Tour နဲ့ သဘောတရားခြင်း အတူတူပါပဲ။ Walkabout tour ကို join ဖို့အတွက် နံနက် ၁၀နာရီအတိမှာ လူကိုယ်တိုင် The Whiteaways Arcade အဆောက်အအုံမှာရှိတဲ့ ရုံးခန်းမှာ register သွားသွင်းရတယ်။ Register fee က အခမဲ့ပါ။ နံနက် ၁၀ခွဲမှာ စုံမှတ်ကနေ စထွက်ပြီး လေ့လာချိန်က ၁နာရီခွဲကြာတယ်။ Tour Guide ရှင်းပြတဲ့ အကြောင်းအရာတွေက ပုံပြင်၊ ဝတ္ထုတွေထက်တောင် ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ လေ့လာရေး ပြီးချိန်မှာ ကျေးဇူးတင်တဲ့ အနေနဲ့ Tip money ပေးတတ်ကြတယ်။ သည့်အတွက် အနှုတ်အချို့ လဲထားပါ။

George Town Street Art & Wall Painting

ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်သူတွေ အကြိုက်ဆုံး ဖြစ်မယ့်နေရာတွေပါ။ မြို့ထဲအနှံ့ နံရံပန်းချီတွေ အများကြီးပဲရယ်။ သည်နေရာကိုတော့ ချမ်းတစ်ယောက်တည်း Google map app သုံးပြီး သွားခဲ့ရတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် Tripod stand လည်း မပါသွားတော့ အုတ်ခုံတွေ၊ ရပ်ထားတဲ့ကားပေါ်တွေမှာ ကင်မရာတင် Timer ပေးပြီး ရိုက်ရတာပေါ့။ အဲ့ဒါ ဒေသခံအချို့က ချမ်းကို သနားလာလို့ ငါရိုက်ပေးရမလား ဆိုပြီး ဓာတ်ပုံရိုက်ပေးသွားကြတဲ့အတွက် ပုံလှလှလေးတွေ အများကြီး ရခဲ့လိုက်တယ်။ အပြုံးချိုချိုလေးနဲ့ နေတတ်ရင် တစ်ယောက်တည်း ဖြစ်နေလည်း ကူညီချင်သူတွေမှ တပုံကြီးပါနော်။

Magic World Penang

Magic World ဆိုတဲ့အတိုင်း ဓာတ်ပုံရိုက်ကွင်းတွေ အားလုံးက မျက်လှည့်ဆန်တယ်။ မှန်တွေနဲ့ အခန်းထဲဝင်တော့ ဟိုတိုက်သည်တိုက်နဲ့ ရီနေရတယ်ရော… လာတဲ့လူတွေနောက်ကို ဝန်ထမ်းတစ်ယောက်က နောက်ကနေ လိုက်ပေးပြီး ဓာတ်ပုံအမျိုးမျိုး ရိုက်ပေးသေးတယ်။ အပေါ်ထပ်မှာ Ice Café ရှိပြီး ရေခဲမုန့်တွေ စားလို့ကောင်းလိုက်တာ။ ချမ်းကို MT က ဖိတ်ထားတဲ့ ဘလော့ဂါမှန်း သိသွားတော့ ဝင်ကြေးလည်း မယူတော့သလို ရေခဲမုန့်တွေ အများကြီးနဲ့လည်း ဧည့်ခံပေးသေးတယ်။ အားနာနာနဲ့ တဝစားခဲ့လိုက်ပါတယ်နော်…

Baba & Nyonya Heritage Museum

Singapore drama series ဖြစ်တဲ့ The Little Nyonya ကို ကြည့်ဖူးခဲ့တဲ့ ချမ်းအတွက် ဇာတ်လမ်းထဲက အိမ်ကို ကိုယ်တိုင်ရောက်ခဲ့တော့ စိတ်ထဲမှာ တမျိုးလေး ခံစားရတယ်။ ကွဲကွာနေတဲ့ သူငယ်ချင်းနဲ့ အမှတ်မထင် ပြန်တွေ့ရတဲ့ ပျော်ရွှင်မှုမျိုးနဲ့ တူတယ်။ သည်အိမ်ကြီးကို ၁၉ရာစုမှာ ဆောက်ခဲ့တာဖြစ်ပြီး မူလပိုင်ရှင်က ကျိကျိတက်ချမ်းသာတဲ့ ပါရကန်သူဌေးကြီး Hai Kee Chan ပါတဲ့။ တစ်ခေတ်တစ်ခါတုန်းက ကျိကျိတက် ချမ်းသာသူတွေ ဘယ်လိုနေထိုင်ကြသလဲဆိုတာ လေ့လာခွင့် ရခဲ့ပါတယ်လို့။

Wonder Food Museum

Penang street food တွေကို လက်တွေ့သွားမစားခင် သွားရည်ဝင်ယိုခဲ့တဲ့ ပြတိုက် ဆိုလည်း မမှားဘူး။ မလေးရှားရိုးရာ Penang အစားအသောက် အစုံအလင်ကို တစ်နေရာတည်း လေ့လာခွင့်၊ အလှဓာတ်ပုံရိုက်ခွင့် ရခဲ့တယ်။

The Habitat Penang Hill

ချမ်းအတွက် ဝမ်းသာ ဝမ်းနည်း ဖြစ်ခဲ့ရတဲ့နေရာဆိုလည်း မမှားဘူး။ ဝမ်းသာတာက ဒေသခံတွေက သဘာဝတောတောင်တွေ၊ ရှားပါးသတ္တဝါတွေအပေါ် တန်ဖိုးထားစောင့်ရှောက်ကြတဲ့အတွက် သူတို့ရဲ့ ခံယူချက်လေးကို ချစ်လို့ပါ။ ဝမ်းနည်းတာကတော့ ချမ်းချစ်ရတဲ့ အမိမြန်မာနိုင်ငံက သက်ရှိသက်မဲ့ တောတောင်သံယာဇာတတွေ အစောင့်အရှောက်မဲ့ ပြုန်းတီးနေတာတွေကို ကြားရင်ကြားတယ် သိရင်သိတယ် မှတ်ပြီးသာ နေနေရတဲ့အတွက် ခံပြင်းဝမ်းနည်းမိတယ်။

ကိုလိုနီနယ်ချဲ့တွေက သူတို့ colonized လုပ်ခဲ့တဲ့ နိုင်ငံတိုင်းမှာ အပန်းဖြေမြို့တွေ တည်ဆောက်ပြီး နေထိုင်တတ်ကြတယ်။ မလေးရှားမှာ Penang Hill, မြန်မာမှာဆို MayMyo ပေါ့။ Penang Hill ဆိုတာ လူတွေ မတို့မထိရက် စောင့်ရှောက်ထားတဲ့ မိုးသစ်တောကြီး။ မိုးသစ်တောကြီးရဲ့ သက်တမ်းက နှစ်ပေါင်း သန်း၁၃၀ သက်တမ်းတောင် ရှိတာတဲ့။ မိုးသစ်တောရဲ့ အလယ်မှာ The Habitat Penang Hill အမှတ်အသားဖြစ်တဲ့ မိုးမျှော်တံတားကြီးရှိတယ်။ မိုးမျှော်တံတားက သစ်ပင်တွေရဲ့ ထိပ်ဖျားနဲ့ ကပ်ရက်ရှိနေပြီး တိမ်တွေက အစုပ်လိုက် ဖြတ်သန်းသွားတတ်တယ်။ အချိန်တိုင်း ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် လျှို့ဝှက်ဆန်းကြယ်တဲ့ မြင်ကွင်းတွေ ကြုံခဲ့ရတာမို့ မပြန်ချင်လောက်အောင် ဖြစ်မိတယ်။

Entopia လိပ်ပြာဥယျာဉ်

ချမ်းဘဝမှာ ပန်းဥယျာဉ်ထဲ လိပ်ပြာတွေ အုပ်စုလိုက် အများကြီး ဝဲပျံနေတာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပါပဲ။ တရုတ်ရုပ်ရှင်စီးရီးတွေထဲက နတ်ပြည်ထဲ ရောက်နေသလား မှတ်ရတယ်။ အမျိုးမျိုးအထွေထွေသော လိပ်ပြာတွေ၊ လိပ်ပြာဖြစ်လာမယ့်ဘောက်ကောင်တွေ၊ ရထားပိုးကောင်တွေကိုလည်း ကိုင်တွယ်တို့ထိဖြစ်ခဲ့တယ်။ ရထားပိုးကောင်ကို လက်ပေါ်တင်တော့ သူလမ်းလျှောက်သွားတဲ့ အထိအတွေ့က နေလို့ကောင်းသလို အူယားစဖွယ်လည်းကောင်းတယ်။

Penang Tropical Fruit Farm

အပင်ပေါ်မှာ အသီးတွေ တပြွတ်ကြီး သီးနေတာကို မြင်တိုင်း စိတ်ချမ်းသာပါတယ် ဆိုသူတွေအတွက် သုခဘုံပါပဲ။ အပူပိုင်းဒေသထွက် သီးပင်စားပင်တွေ စိုက်ပျိုးထားပြီး မျိုးစိတ်ပေါင်း ၃၇၀၀တောင် ရှိတယ်တဲ့။ ကိုယ်တိုင် ခူးဆွတ်ချင်စိတ်ကိုတော့ အတော်ထိန်းခဲ့ရတာပါဆို။ သစ်သီးစုံဘူဖေး၊ စိုက်ခင်းတွေအကြောင်း ရှင်းပြပေးတဲ့ဂိုက်အပါ ဝင်ကြေးကို ရင်းဂစ် ၄၀လောက် ကျတယ်။

Escape Team Park

အမြင့်ကြောက်တတ်တဲ့ ချမ်းအတွက် မကြောက်တတ်တော့အောင် အပြောင်းအလဲ ဖြစ်သွားစေတဲ့နေရာမို့လို့ အမြဲအမှတ်တရ ဖြစ်နေမှာပါ။ အထူးသဖြင့် Monkey business နဲ့ Atan’s Lead ပေါ့။ နှစ်ထပ်တိုက် အမြင့်လောက်က ကြိုးတန်းတွေပေါ် ပုံစံမျိုးစုံနဲ့ Balance ထိန်းပြီး ဆော့ကစားခဲ့ရတာက ရင်ခုန်ဖို့ ကောင်းတယ်။ အထူးသဖြင့် bungee jumping ခုန်ချဖို့ လုပ်တုန်းက ခြေထောက်တွေ ပျော့ခွေပြီး ခုန်မရ ဖြစ်နေသေးတယ်။ နောက်ဆုံး ရှိသမျှအားကုန်တင်းပြီး ရှေ့တည့်တည့် ကြည့်ပြီး ခုန်ချနိုင်ခဲ့တယ်။ အဲ့သည့်နောက်ပိုင်း ချမ်း အမြင့် မကြောက်တော့ပါဘူး။

Chew Jetty

ညနေပိုင်း အေးအေးလူလူ လေညှင်းခံပြီး စကားတပြောပြော လုပ်နိုင်တဲ့ ရိုမန်းတစ်ဆန်တဲ့ နေရာလေးပါနော်။ အမှတ်တရဆိုင်ခန်းလေးတွေ ရှိပြီး မလေးရှားစက်ရုံထုတ် ပါတိတ်ထည်တွေကို ဈေးချိုချိုသာသာနဲ့ ဝယ်လို့လည်း ရသေးတယ်။ ဈေးချိုပြီး အဆင်လှတော့ လက်ဆောင်ပေးဖို့ သင့်တယ်တာပေါ့။

Burmese Buddhist Temple

နိုင်ငံခြားရောက်တုန်းရောက်ခိုက် မြန်မာဘုန်ကြီးကျောင်း ရှိတယ်ဆိုလို့ ဆရာတော်ကို သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ကျောင်းတွင်းမှာ တန်ဆောင်း၊ စေတီပုထိုးတွေနဲ့ သာသာယာယာ တင့်တင့်တယ်တယ် ရှိတာ မြင်ရတော့ စိတ်ကလေး အေးချမ်းသွားလိုက်တာ။

Shopping Time @ Gurney Plaza

Tourist Plus card နဲ့ဆိုရင် အချို့ဆိုင်တွေမှာ discount ရတတ်တယ်ဆိုလို့ ရောက်ရောက်ခြင်းပဲ card သွားလုပ်ခဲ့လိုက်တယ်။ ချမ်းဝယ်ခဲ့တဲ့ဆိုင်တွေမှာ သည်ကဒ်က အကျိုးမဝင်တာကြောင့် ထူးမခြားနားပါပဲ။ Plaza အဆောက်အအုံရဲ့ဘေးမှာ Penang (street food) food court ဆိုင်တန်းရှည်ကြီး ရှိတဲ့အတွက် အဲ့သည့်မှာ ညစားတစ်ခါတည်း ဝင်စားလိုက်တယ်။ သက်သာလွန်းတာကြောင့် ညစာအတွက် ၆ ရင်းဂစ်ပဲ ကုန်ခဲ့တယ်ဆို။

Teratak Spa

တစ်နေကုန် တစ်နေခမ်း လည်ပတ်ပြီးမှတော့ ခြေထောက်တွေ တောင့်တင်းလေးလံ နေပြီပေါ့။ သည်လိုအချိန်မှာ အကောင်းဆုံး ကုသနည်းကတော့ Spa သို့ သွားခြင်းပါပဲ။ ချမ်းသွားခဲ့တဲ့ Spa က သိပ်အကျယ်ကြီး မဟုတ်သလို ဈေးလည်းမကြီးပေမယ့် ပြန်ရခဲ့တဲ့ စိတ်ကျေနပ်မှုကတော့ တပြုံးပြုံး ဖြစ်စေတဲ့အထိပါပဲ။ အချိန် တစ်နာရီခွဲ ကြာမြင့်တဲ့ မလေးရိုးရာနှိပ်နယ်နည်းကို ချမ်း ရွေးချယ်ခဲ့တာပါ။

Putrajaya

Floria Putrajaya
Putrajaya Mosque

Penang Street Food

Sri Ananda Bahwan - Penang
Penang Road Famouse Laksa
Deen's Maju - Penang

အဖိုးတန် အတွေ့အကြုံကောင်းတွေ၊ ကိုယ်မသိသေးတဲ့ ဗဟုသုတတွေ၊ အာဆီယံနိုင်ငံက မိတ်ဆွေကောင်းတွေ၊ ပျော်ရွှင်ဖွယ် မေ့မရတဲ့ အမှတ်တရတွေ အများကြီး ရခဲ့တဲ့ သည်ခရီးစဉ်ကို ချမ်း တော်တော်နဲ့ မေ့ပျောက်တော့မှာ မဟုတ်တော့ပါဘူး။ သည်ခရီးစဉ်ကို ဖိတ်ခေါ်ပေးခဲ့တဲ့ Malaysia Tourism, လေယာဉ်လက်မှတ်အတွက် ပံ့ပိုးပေးခဲ့တဲ့ AirAsia လေကြောင်းလိုင်း၊ ကွာလာလမ်ပူမှာ နေထိုင်ဖို့ စီစဉ်ပေးခဲ့တဲ့ Sunway City Kuala Lumpur, Penang မှာ လိုလေသေးမရှိ စီစဉ်ပေးခဲ့တဲ့ The Prestige Hotel တို့ကို ကျေးဇူးတင်စိတ် ဖြစ်မိပြီး တော်သေးပြီ။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.