International Trip

Fill your life with adventures.

ဗုဒ္ဓဂယာ မြေမြတ်မဟာဆီသို့

အရမ်းရင်းနှီးတဲ့ သူငယ်ချင်းမလေးကို ခရီးအတူ ထွက်ရအောင်လို့ ဆွယ်တော့ သူက ငါ့မေမေကို ဗုဒ္ဓဂယာ ပို့ပေးဖို့ ပိုက်ပိုက်စုနေတယ်။ လိုက်သေးဘူးဟာလို့ ဆိုတယ်။

အာ့နဲ့ သူငယ်ချင်းကို ရည်ရွယ်ရင်း ဗုဒ္ဓဂယာမှာ လေ့လာသင့်တဲ့ နေရာလေးတွေအကြောင်း ရေးဖြစ်သွားတယ်။ ရန်ကုန်ကနေ ဂယာကို ပြည်တွင်း/ပြည်ပ တိုက်ရိုက်လေကြောင်းလိုင်းတွေ ရှိတယ်။ ကြာချိန်ကတော့ ၁:၄၀ နဲ့ ၂:၀၀ နာရီ ကြားလောက်ပေါ့။

ရာသီဥတုက မနက်နဲ့ ညဘက် အေးပြီး နေ့လည်ဆို ပူစပ်စပ်ရှိတယ်။ ဆောင်းတွင်းဆို နေ့တာအရမ်းတိုတယ်။ ၄နာရီလောက်ဆို မှောင်စပျိုးနေပြီ။ နေ့လည် ၁၂နာရီတောင် နေမပွင့်သေးဘူး။ ဇန်နဝါရီလဆိုရင်တော့ ရေပူမရတဲ့နေရာမှာ တည်းမိရင် ရေတောင်ချိုးနိုင်မှာ မဟုတ်ဘူး။ အရမ်းအေးလွန်းလို့... နွေရာသီ သွားမှာကိုတော့ သိပ်အားမပေးဘူး။ ခရီးရက်က ရှည်ကြာတော့ အိန္ဒိယရဲ့ အပူချိန်ပြင်းပြင်းက လူကြီးတွေနဲ့ သိပ်မကိုက်လှဘူး။ အောက်တိုဘာ၊ နိုင်ဝင်ဘာ၊ ဒီဇင်ဘာလဆန်းပိုင်းတွေကတော့ အသင့်တော်ဆုံးပဲ။ ကိုယ်တွေသွားခဲ့တုန်းက ၁၄ညအိပ်၁၅ရက်ခရီးအတွက် တစ်ယောက်ကို ၉၀၀ဒေါ်လာလောက် ပေးရတယ်။ Passport ရှိပြီးသားဆို ၈၅၀နဲ့ ရတယ်။ အခုဆိုရင်တော့ အဲ့ဈေးနဲ့ မရတော့ဘူးနဲ့တူတယ်။

/* သတိထားသင့်တာလေးတွေ */

ဖြစ်နိုင်ရင် လူအများနဲ့ သွားစေချင်တယ်။ လုံခြုံစိတ်ချရမှု သိပ်မရှိဘူးလို့ ခံစားရတယ်။ နယူးဒေလီမြို့နဲ့ ဂယာမြို့ကြား လူတန်းစား ကွာဟချက်က တော်တော်ကြီးမားတယ်။ နယူးဒေလီကလွဲပြီး ဂယာခရီးစဉ်ရဲ့ လမ်းတလျှောက် အမျိုးသမီး သိပ်မတွေ့ရဘူး။ ကျောင်းသူလေးတွေ နည်းနည်းလောက် အစုလိုက် ကျောင်းတက် ကျောင်းဆင်းလောက်ပဲ တွေ့ရနိုင်တယ်။ ကသုံးလုံးကိုတော့ မုန်းနေအောင် ကြုံရမယ်။ တစ်နေ့တာရဲ့ သုံးချိုး၂ချိုးလောက်က ကားပေါ်မှာပဲ အချိန်ကုန်ရတယ်။ နယူးဒေလီတစ်ရက်ကလွဲပြီး ကျန်တဲ့ရက်တိုင်း ကြက်သားချည်းပဲ ကျွေးပါလိမ့်မယ်။ နောက် က တစ်မျိုးကတော့ ကိုယ့်ဘာသာပဲ မှန်းကြည့်တော့နော့်...

ကိုယ်သွားမယ့် Tour ကိုတော့ သေချာစုံစမ်းထားသင့်တယ်။ ဖြစ်နိုင်ရင် ဘုန်းကြီးကျောင်းမှာ ၄ယောက်တစ်ခန်း စုတည်းရတာမျိုးထက် ဟော်တယ်မှာ ၂ယောက်တစ်ခန်း စီစဉ်ပေးတဲ့ Tour မျိုးကို ရွေးချယ်စေချင်တယ်။ အများစုကတော့ အိန္ဒိယရဲ့ အရသာပြင်းတဲ့ ဟင်းလျာတွေကို မစားနိုင်ကြတဲ့အတွက် Tour ကပဲ ချက်ပြုတ် စီစဉ်ပေးသွားတာမျိုးတော့ ရှိတယ်။ သွားမယ့်သူက ဝတဲ့သူ၊ အသက်သိပ်ကြီးတဲ့သူဆိုရင်တော့ ညစဉ်နီးပါး ကားပေါ်မှာပဲ အိပ်လိုက်သွားရတဲ့ Tour Company မျိုးကို ရှောင်စေချင်တယ်။

တောင်းရမ်းတဲ့သူ တအားပေါပြီး တစ်ယောက်ကို ပေးလိုက်မိတာနဲ့ အုပ်လိုက်ကြီး ဝိုင်းထားပြီး ခါးပိုက်နှိုက်တာမျိုး လုပ်တတ်တဲ့အတွက် ပေးကမ်းချင်ရင်တောင် သတိလေးတော့ ရှိပါလို့။ တတ်နိုင်ရင် လက်ဝတ်လက်စားတွေ အိမ်မှာပဲ ထားခဲ့စေချင်တယ်။ ကိုယ်တွေသွားတဲ့လလောက်က အခြားအဖွဲ့က အဒေါ်ကြီးတစ်ယောက် အထမ်းသမားနဲ့ တောင်ပေါ်တက်တာ လမ်းမှာ ခေါင်းကိုရိုက်ပြီး လက်ဝတ်ရတနာတွေ လုယက်ခံလိုက်ရတယ်။ နယူးဒေလီမှာ ဆေးရုံတက်လိုက်ရတယ်လို့ ကြားလိုက်ရတယ်။ မိမိအုပ်စုနဲ့ မကွဲသွားဖို့ သိပ်အရေးကြီးတယ်။

နောက်တစ်ချက်က အိမ်သာ အခက်အခဲ ကိစ္စပဲ... ခြုံတိုးတက်ဖို့တော့ လိုတယ်။ တစ်နေရာနဲ့ တစ်နေရာ ခရီးဝေးတဲ့အပြင် လမ်းမှာ အများသုံးအိမ်သာ မရှိသလောက် ရှားပါးတာကြောင့်ပါ။ နောက်တစ်ချက် အကျင့်မကောင်းတာတစ်ခုက အများသုံးအိမ်သာကို အစောင့်တွေက သော့ခတ်ထားတာမျိုးပဲ။ ရူပီနည်းနည်းပါးပါးပေးမှ ညစ်ပတ်နံစော်နေတဲ့ အိမ်သာကို သော့ဖွင့်ပေးတယ်။ ရူပီအကြွေလေးတွေတော့ ဆောင်ထားသင့်တယ်။ မြန်မာငွေနဲ့တွက်ရင် ၁၀၀ကျပ် ၂၀၀ကျပ် ပတ်လည်လောက်ပါပဲ။

/* သွားရောက်သင့်သည့်နေရာများ */

မဟာဗောဓိစေတီ

(ဘုရားအဖြစ် ရောက်တော်မူခဲ့တဲ့ ဌာနပေါ့။ တစ်နေရာမှာ ၇ရက်စီနဲ့ ၄၉ရက် စံတော်မူခဲ့တဲ့ ဗောဓိပင်နှင့်ရွှေပလ္လင်၊ ရတနာစင်္ကြံတော်၊ ရတနာဃရရွှေအိမ်၊ ဆိတ်ကျောင်းညောင်ပင် အစရှိတဲ့ ၇ဌာနကိုလည်း စုံအောင် ကြည့်စေချင်တယ်။)

မိဂဒါဝုန်တော

မဟာသက္ကရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့်၊ စနေနေ့ နေဝင်လထွက်အချိန်တွင် အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ် နှင့် အရှင်အဿဇိ တို့အား ဂေါတမမြတ်စွာဘုရားမှ ဘုရားအဖြစ်ဝန်ခံပြီး ဓမ္မစကြာတရာဦးကို ဟောပြောတော်မူခဲ့သည်။ နေရာမှာ အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဗာရဏသီမြို့အနီး၊ မိဂဒါဝုန်တော "ဆာရနတ်(သ်) ဒေသ" တွင်ဖြစ်သည်။ ဓမ္မာစကြာနေ့တွင်ပင် "ဧဟိဘိက္ခု" ဟူသော စကားကို မြွက်ကြားခဲ့ပြီး ဗုဒ္ဓဘာသာဝင်တို့၏ တတိယရတနာဖြစ်သော သံဃာရတနာ စတင်ပေါပေါက်ရာနေ့လည်း ဖြစ်သည်။

ဓမ္မရာဇိကကုန်းတော်ကတော့ အာသောကကျောက်စာတိုက်ရဲ့ မလှမ်းမကမ်းမှာ ရှိတယ်။ စက်ဝိုင်းပုံစေတီငုတ်လေးပဲ တွေ့ရနိုင်တော့တယ်။ ဓာတ်ပုံရဲ့ ဘယ်ဘက်အခြမ်းက အဖြူရောင်အကျီင်္ ယောဂီသဘတ်နဲ့ အမျိုးသား ရပ်နေတဲ့ ကုန်းတော်ပေါ့။

ဖျက်စီး မခံမှီတုန်းက ဓမ္မရာဇိကစေတီဟာ ဓမ္မေခစေတီ ဥာဏ်တော်အမြင့်အတိုင်းရှိမယ်လို့ ခန့်မှန်းထားကြတယ်။

အေဒီ၅ရာစုလောက်က ဖာဟိယန်သည် ဓမ္မရာဇိကစေတီအကြောင်းကို မှတ်တမ်းတင်ထားခဲ့တာရှိတယ်။ မှတ်တမ်းထဲမှာ ၁၇၉၄ခုတွင် ဗာရာဏသီမဟာရာဇာစေတမင်း၏ အမတ် ဂျဂတ်ဆင်းဟာ မြို့တော်အတွင် ဂျဂတ်ဂျုန်ဂ်ျရပ်ကွက် တည်ဆောက်ရန်အတွက် ဓမ္မရာဇိကစေတီမှ အုတ်နဲ့ကျောက်တွေကို ဖျက်စီးယူငင်ခဲ့တယ်။ စေတီဖြိုစဉ်က ဌာပနာတိုက်မှာ ကျောက်ဖြူကြုပ်ငယ်တစ်ခု တွေ့တယ်တဲ့။ ကြုပ်ထဲက ပြာတွေကို ဟိန္ဒူထုံးတမ်းစဉ်လာအတိုင်း ဂင်္ဂါမြစ်ထဲ ပြန့်ကျဲလိုက်တယ်လို့ ရေးထားတယ်။ စေတီတော်ထဲမှာ ထိရပါလ နှင့် ဝသန္တပါလတို့ရဲ့ ကမ္ပည်းစာများကို တွေ့ရသည်။

အာသောကကျောက်စာတိုင်

နန္ဒိယကျောင်းတော်ရာရဲ့ အနောက်ဘက်မှာ တည်ရှိတယ်။ ကျောက်စာတိုင် စိုက်ရာနေရာက ဓမ္မစကြာတရားဦး ဟောရာနေရာ ဖြစ်မယ်လို့ ယူဆကြတယ်။ အချို့ကတော့ နန္ဒိယကျောင်းတော်ရာထဲက ပလ္လင်ကမှ ဓမ္မစကြာတရားဦးဟောရာနေရာဖြစ်မယ်လို့ ယူဆကြတယ်။ အချို့ကတော့ ဓမ္မေခစေတီလို့ ပြောကြသလို၊ အချို့က ဓမ္မရာဇိကစေတီကို ညွှန်းကြပြန်တယ်။

ယခုတွေ့ခဲ့တဲ့ ကျောက်တိုင်က ရှစ်ပေလောက်ပဲ ရှိတော့တယ်။ မူလ ပေ၇၀ရှိမယ်ဆို့ ဆိုကြတယ်။ မိဟာမက်ဃိုရီရဲ့ စစ်တပ်တွေ သည်နေရာကို ရောက်လာပြီး ချို့ဖဲ့ဖျက်စီးပြီး မြေမြှပ်ခဲ့ကြတယ်။ အခုတွေ့ရတဲ့အပိုင်းကိုပဲ ရှာဖွေတွေ့ရှိတော့တယ်။

ကုမာရဒေဝီဘုရင်မ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဘိက္ခူနီမများရဲ့ ကျောင်းတော်ရာ။

ဘိက္ခူနီမများ ရေချိုးဆိပ်ဆင်းတဲ့အခါ အများသူငါလို လူမြင်ကွင်းကသွားတာ မသင့်လျော်ဘူးဆိုပြီး ဘေးနဲ့အပေါ်ကို အုတ်အမိုးကာပြီး လျှောက်လမ်းတစ်ခုကို ဘိက္ခူနီကျောင်းတော်ကနေ (မိဂသမရာမြစ် - စာလုံးပေါင်းမှားနေတာတော့ တောင်းပန်ပါတယ်။) မြစ်ဆိပ်အထိ ဆောက်လုပ်ထားလိုက်တယ်။ အဲ့သည့် လျှောက်လမ်းကနေ အဖွဲ့လိုက် ရေချိုးဆိပ်ကို ဆင်းကြတယ်တဲ့။

ကင်မရာကိုင်ထားတဲ့သူရဲ့ အနောက်က အုတ်လမ်းလေးက စောစောကပြောပြတဲ့ လျှောက်လမ်းလေးရဲ့အမိုး။ အပေါက်လေးကနေ အောက်ကို ငုံ့ကြည့်လိုက်ရင် လူတစ်ယောက် ချောင်ချောင်ချိချိ သွားလို့ရတဲ့ လမ်းလေးကို တွေ့နိုင်တယ်။

ဗာရာဏသီမြို့သား ယဿသတို့သားကို မြတ်စွာဘုရား တရားဟောရာပလ္လင်။

သုဇာတာအမျိုးသမီးရဲ့ သားဖြစ်တဲ့ ယဿ သတို့သားဟာ သူငယ်ချင်းတွေနဲ့ လူကွဲသွားပြီး အခုပုံပါနေရာမှာ မြတ်စွာဘုရားနဲ့ ဆုံတယ်။ မြတ်စွာဘုရားရဲ့ တရားကို နာအပြီးမှာ အနာဂါမ်တည်တယ်။ မြတ်စွာဘုရားက နောက်ထပ် ဂါထာတစ်ပုဒ် ဟောမည့်အချိန်မှာ ယဿ သတို့သားရဲ့ ဖခင်ဟာ သားဖြစ်သူ ပြန်မလာလို့ လိုက်ရှာရင်း ရောက်လာတယ်။ ဖခင်ရဲ့ အမည်ကလည်း ယဿ လို့ပဲ ခေါ်တယ်။ မြတ်စွာဘုရားက သည်အချိန်မှာ ဖခင်နဲ့ သား တွေ့သွားရင် ယဿ သတို့သားဟာ လေးဆင့်မြောက်ဖြစ်တဲ့ ရဟန္တာအဆင့်ကို မရောက်တော့ဘဲ အဖေနဲ့ အိမ်ပြန်ပါသွားမှာကို ကြိုမြင်တယ်။

ဒါ့ကြောင့် မြတ်စွာဘုရားက သားဖြစ်သူကို တန်ခိုးနဲ့ ကိုယ်ဖျောက်ထားလိုက်တယ်။ ယဿ ကြီးက မြတ်စွာဘုရားကို တွေ့တော့ သားကို တွေ့မိလားလို့မေးတယ်။ ဘုရားက တွေ့မိတယ်။ အခုတော့ တရားအရင်နာအုံး။ ပြီးမှ ပြောပြမယ်ဆိုပြီး နောက်ဆုံးဂါထာကို ဆက်ဟောတယ်။ ကိုယ်ပျောက်နေတဲ့ သားငယ်က ဂါထာအဆုံးမှာ ရဟန္တာဖြစ်ပြီး တခါတည်း ရဟန်းအသွင်နဲ့ ပျောက်နေရာကနေ ပြန်ပေါ်လာတယ်။

ယဿ ကြီးဟာ လူသားဥပသကာတွေထဲမှာမှ ပထမဦးဆုံး သရဏဂုဏ် ၃ပါး ခံယူနိုင်တဲ့သူ ဖြစ်ခဲ့တယ်။

သုဇာတာဆိုတာ မြတ်စွာဘုရားကို ဘုရားလောင်းဘဝက ဃနာနို့ဆွမ်းကို ရွှေခွက်နဲ့ ကပ်ခဲ့သူပေါ့။

ဓမ္မေခစေတီ

မြင်နေရတဲ့စေတီကတော့ ဓမ္မေခစေတီဖြစ်တယ်။ တရားနှင့်ညီသော လို့ အဓိပ္ပါယ်ရတယ်။ အရိမေတ္တယျဘုရားလောင်းအား ဗျာဒိတ်ပေးခဲ့ရာနေရာလို့လည်း ဆိုကြတယ်။ မြန်မာဆရာတော်ကြီးတွေကတော့ အနတ္တလက္ခဏာသုတ် ဟောကြားရာနေရာ ဖြစ်မယ်လို့ ဆိုတယ်။

စေတီက ဥာဏ်တော် ၁၀၄ပေ မြင့်ပြီး တစ်မိုင်ပတ်လည်ကနေ ကောင်းကောင်းမြင်နိုင်တယ်။ စေတီပတ်လည်ရှိ ပန်းခက်တွေမှာ ဆွဆထိက လို့ ခေါ်တဲ့ စကြာပုံတွေ ထွင်းထုထားတယ်။ ဆွဆထိက ဆိုကာ ကြာပန်းကုံးများကို အပေါ်နှင့်အောက် ခြံရံထွင်းထားတဲ့ ပုံမျိုးပေါ့။

မပျက်မစီးဘဲ ကျန်ခဲ့ရတဲ့အကြောင်းရင်းက စေတီကို မြေပြင်ကနေ ၁၀မီတာအထိ ကျောက်တုံး၊ သံတုံးကြီးတွေနဲ့ အခိုင်အမာတည်ထားလို့ပါ။ ဒါ့ကြောင့် မဟာရာဇာဂျဂတ်ဆင် ဦးဆောင်တဲ့ စစ်တပ်က စေတီကို မဖျက်ဆီးသွားနိုင်လိုက်တာပါ။

မြန်မာဘက်က ဘုရားဖူးတွေက အဲ့သည်မှာ အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်တတ်ကြတယ်။

တာ့ခ်ျမဟာ

၁၅၉၂၊ ဇန်နဝါရီလ၊ ၅ရက်နေ့တွင် ရှားဂျာဟန် (Shah Jahan) မင်းသားကို မွေးဖွားခဲ့သည်။ မင်းသားသည် အသက် ၁၅နှစ် အရွယ် ၁၆၀၈ ခုနှစ်တွင် ပါရှန်မင်းသမီး မွန်တာဇ် မဟာရာဂ်ျ (Mumtaz Mahal) ၁၄နှစ် နှင့် စေ့စပ်ခဲ့သည်။ သို့သော် အကြောင်းကြောင်းကြောင့် မွန်တာဇ် မဟာရာဂ်ျ နှင့် စေ့စပ်ပြီး ငါးနှစ် အကြာမှ လက်ထက်ခဲ့သည့် အတွက် တတိယမြောက် မိဖုရား ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ပထမ မိဖုရားမှာ Kandahari Begum ဖြစ်ပြီး ဒုတိယ မိဖုရားမှာ Arjumand Banu Begum ဖြစ်သည်။ ပထမ မိဖုရားနှင့် ဒုတိယ မိဖုရားတို့နှင့် ကလေး နှစ်ယောက် ရခဲ့ပြီး တတိယ မိဖုရားနှင့် ကလေး တစ်ဆယ့်လေးယောက် ရခဲ့သည်။ ၁၆၂၈ ခုနှစ်တွင် ဘုရင် အဖြစ် နန်းတက်ခဲ့သည်။

၁၆၃၁ ခုနှစ်တွင် တတိယ မိဖုရားဖြစ်သည့် မွန်တာဇ် မဟာရာဂ်ျ သည် ဘုရင် အတွက် ၁၄ယောက်မြောက် ရင်သွေး Gauhara Begum ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့သည်။ ရှားဘုရင်သည် မိဖုရား၏ ရုပ်အလာင်းကို Zainabad ဥယျာဉ်တွင် ယာယီ သဂြိုဟ်ပြီး နောင်တွင် ကမ္ဘာကျော်လာမည့် Taj Mahal ဂူသချိုင်္င်းကို ၁၆၃၂ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့သည်။ ဂူသချိုင်္င်းမှာ ၁၆၄၃ ခုနှစ်တွင် ပြီးစီးပြီး အရံ အဆောက်အဦးများနှင့် ပန်းခြံမှာ နောက်ငါးနှစ် အကြာ ၁၆၄၈ ခုနှစ် တွင် ပြီးစီးသည်။

ရှားဂျာဟန် ဘုရင် အုပ်စိုးစဉ်ကာလတွင် မဂို အင်ပါယာမှာ ချမ်းသာ ကြွယ်ဝဆုံး ဖြစ်ခဲ့သည့်အတွက် အင်မတန် ကြီးကျယ် ခမ်းနားသည့် ဂူသချိုင်္င်းကို ဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂူသချိုင်္င်းကို စကျင်ကျောက် အဖြူနှင့် သဲနီကျောက်များဖြင့် တည်ဆောက်ထားပြီး မဂိုနှင့် ပါရှန် ယဉ်ကျေးမှု လက်ရာများ ထုံးမွှမ်းထားသည်။ အဆောက်အအုံ၏ အလယ်ကောင် တည့်တည့်တွင် မိဖုရား၏ ကျောက်ဖြူဂူကို ထားရှိထားပြီး ရတနာ ၁၂ မျိုးဖြင့် ပြီးသော ခန်းစီးဖြင့် ကာရံထားသည်။ ကျောက်သားပေါ်တွင် တိရိစ္ဆာန်ပုံ သစ်ပင်ပုံများကို ထွင်းထားပြီး မှန်စီရွှေချ လက်ရာများမှာ အလွန် လှပသည်။ ရှားဂျာဟန် ဘုရင်သည် နန်းတော် မျှော်စင်မှ တဆင့် ယမုံနာမြစ် တစ်ဖက်ကမ်းတွင် ရှိသည့် သူ၏ မိဖုရားရှိရာ Taj Mahal ဂူသချိုင်္င်းကို ကြည့်ပြီး ပူဆွေး လွမ်းဆွတ်ရင်း နေခဲ့ရတယ်လို့ သိရှိရတယ်။

၁၆၅၈ ခုနှစ်တွင် သားတော် Aurangzeb ကို ဘုရင်နေရာ လွှဲပြောင်းပေးခဲ့ရသည်။ သက်တော် ၇၄နှစ် ၁၆၆၆၊ ဇန်နဝါရီလ၊ ၂၂ရက်တွင် ကွယ်လွန်ခဲ့သည်။ ရှားဂျာဟန် ဘုရင်၏ နာမကျန်းခင် ပြောခဲ့သော ဆန္ဒမှာ သူသေသွားပြီးရင် သူ၏ ဂူသချိုင်္င်းကို ယမုံနာမြစ် တဖက်ကမ်း တာ့ဂ်ျမဟာရဲ့ အရှေ့တည့်တည့်မှာ အနက်ရောင် စကျင်ကျောက်များဖြင့် တာ့ဂ်ျ မဟာအတိုင်း ပုံတူ ဂူသချိုင်္င်း ဆောက်လုပ်ပေးရန် ဖြစ်သည်။ သို့သော် သားတော် Aurangzeb ဘုရင်မှ ဖခင်၏ အုတ်ဂူကို မွန်တာဇ် မဟာရာဂ်ျ ၏ အုတ်ဂူဘေးတွင် ပိုမြင့်သော ကျောက်ခုံကြီးပေါ်တွင်သာ သဂြိုဟ်ပေးခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် တာ့ဂ်ျမဟာကို ယူနက်စကိုမှ ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်းခဲ့သည်။

India Gate

၄၂မီတာမြင့်မားပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တည်ရှိပါတယ်။ ၁၉၂၁ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏ တော်ဝင်မင်းသား the Duke of Connaught မှ အုတ်မြစ်ချပေးခဲ့ပြီး ဒီဇိုင်းကို Sir Edwin Lutyens မှ ရေးဆွဲခဲ့ပါတယ်။ India Gate တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်က ပထမကမ္ဘာစစ် (၁၉၁၄-၁၉၂၁) အတွင်း ဗြိတိသျှစစ်တပ်အတွက် စစ်တိုက်ရင်း ကျဆုံးသွားရတဲ့ စစ်သား ၇၀,၀၀၀ ကို ဂုဏ်ပြုရန်ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ စစ်သားတွေထဲက ၁၃,၅၁၆ဦးဟာ ၁၉၁၉ခုနှစ်က Afghan စစ်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သားများ ဖြစ်ပါတယ်။ India Gate ဟာ ဝင်ကြေးအခမဲ့ဖြစ်ပြီး ပိတ်ရက်မရှိ သွားရောက်လေ့လာနိုင်ပါတယ်။

Lotus Temple

Lotus Temple (ကြာပန်းပုံဝတ်ကျောင်းတော်) ဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တည်ရှိပြီး ၁၉၈၆ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ဆန်းကြယ်လှတဲ့ ဗိသုကာလက်ရာကြောင့် နံမည်ကြော်ကြားခဲ့ပြီး တစ်ရက်ကို ပျမ်းမျှ ၈,၀၀၀ မှ ၁၀,၀၀၀ ကြား လာရောက်လည်ပတ်ကြပါတယ်။ Lotus Temple အဆောက်အအုံပြင်ပ ဝန်းအတွင်းတွင် ပန်းခြံနှင့် ရေကန်လည်းရှိပါတယ်။ Lotus Temple ခန်းမကြီးဟာ အထူးအေးချမ်း ငြိမ်သက်လှပြီး မည်သည့်ဘာသာဝင်မဆို မိမိကိုးကွယ်ယုံကြည်ရာကို ရည်မှန်းပြီး တိတ်ဆိတ်စွာ ဝတ်ပြုနိုင်ပါတယ်။

၂၀၀၀ခုနှစ်တွင် သြစတြေးလျားနိုင်ငံ အခြေစိုက် GlobArt Academy မှ Lotus Temple အဆောက်အအုံကို ၂၀၀၀ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး အနုပညာလက်ရာအဖြစ် အကယ်ဒမီ ပေးအပ်ခဲ့ပါတယ်။ ၂၀၀၁ခုနှစ်မှာ ဂရင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ CNN သတင်းဌာနရဲ့ စစ်တမ်းအရ ကမ္ဘာ ပေါ်တွင် လာရောက်လည်ပတ်မှု အများဆုံးအဆောက်အအုံ အဖြစ် ဖော်ပြခဲ့ပါတယ်။

မဟတ္တမဂန္ဒီအိမ်တော်

ထိုသူသည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုတွင် အကြမ်းမဖက်ရေးလမ်းစဉ်ဖြင့် အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်သည်။ သူ၏ မြင့်မြတ်သောစိတ်ဓာတ်ကို အစွဲပြု၍ လူထုတစ်ရပ်လုံးက မဟတ္တမ ဆိုသည့် ဘွဲ့အမည် ပေးအပ်ခေါ်ဆိုကြသည်။ မဟတ္တမဂန္ဒီကို ၁၈၆၉၊ အောက်တိုဘာလ၊ ၂ရက်နေ့တွင် အိန္ဒိယနိုင်ငံ ပေါ်ဗန်ဒါမြို့တွင် မွေးဖွားခဲ့သည်။ ကိုးကွယ်မှုမှာ ဟိန္ဒူဘာသာရေး အဆုံးအမဖြစ်သည်။

အသက်၁၇နှစ်တွင် လန်ဒန်မြို့သို့ သွားရောက်ပြီး ဥပဒေပညာရပ်ကို လေးနှစ်ကြာ သင်ယူခဲ့သည်။ လူဖြူ၊ လူမဲ ခွဲခြားသောစနစ် ကြောင့် တောင်အာဖရိကတွင် အမြဲတန်းနေထိုင်ကြသော အိန္ဒိယနိုင်ငံသားတို့မှ မည်သည့်အခွင့်အရေးမှ မရရှိဘဲ တစ်မြို့နယ်မှ တစ်မြို့နယ်သို့ သွားလာခွင့်ကိုပါ ပိတ်ပင်ခံထားရသည်။ ဂန္ဒီသည် ရှေ့နေအလုပ်ကို စွန့်ပြီး သူ၏လူမျိုးတို့၏အရေးကို တောင်အာဖရိကတိုက်တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။ သူ၏ အာဏာဖီဆန်ရေးတိုက်ပွဲကို သစ္စာဂြဟ ဟု အမည်ပေးသည်။ အကြမ်းမဖက် အနုနည်းဖြင့် အာဏာဖီဆန်တော်လှန်ရန် အဓိဋ္ဌာန်ပြီး သူ့အသတ်သတ်ခြင်း ဖြစ်သော ပါဏာတိပါတကံကို အထူးရှောင်ကြဉ်သည်။ သူ၏ကြိုးပမ်းမှုကြောင့် နောက်ဆုံးတွင် တောင်အာဖရိကဘုရင်ခံ ဗိုလ်ချုပ်မှုးစမတ်က အိန္ဒိယနိုင်ငံသားတိုင်း တစ်နှစ်သုံးပေါင် အခွန်ဆောင်ရမည့် ဥပဒေကို ပါယ်ဖျက်ပေးလိုက်ရသည်။

၁၉၁၅ခုနှစ် ပထမကမ္ဘာစစ်တွင် အိန္ဒိယသို့ ပြန်လာပြီး လွတ်လပ်ရေးရရန် စတင် ကြိုးစားခဲ့သည်။ အိန္ဒိယအမျိုးသားကွန်ဂရက်တွင် ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ Young India သတင်းစာဖြင့် အမျိုးသားရေးစိတ်ဓာတ်ထကြွစေရန် လှုံ့ဆော်ခဲ့သည်။ သူသည် ရုရှားစာရေးဆရာ လီယိုတော်စတွိုင်းကို အထူးလေးစားသည်။ ခြိုးခြံမှု၊ စည်းကမ်းကြီးမှု၊ ကြောက်ရွံ့ခြင်းကင်းမှု အကျင့်တို့ကို ပြန့်ပွားစေရန်နှင့် သစ္စာဂြဟတည်ဆောက်ရာမှာ အကျင့်စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်ပြီး တော်စတွိုင်းယာတော ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယတွင် ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှုမှာ အလွန်ပြင်းထန်လှသဖြင့် ဇာတ်နိမ့်ဆင်းရဲသားတို့အတွက် ဂန္ဒီသည် ကြိုးပမ်းခဲ့ပြန်သည်။

၁၉၃၉ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ဖြစ်သောအခါ ဂန္ဒီသည် အိန္ဒိယကို လွတ်လပ်ရေး ပေးမှသာ မဟာမိတ်တပ်တွင် အိန္ဒိယတို့ ဝင်ကူမည်ဟု ကြေငြာခဲ့သည်။ ၁၉၄၆တွင် ဗြိတိသျှမှ စက္ကူဖြူစာတန်းပါ လွတ်လပ်ရေးအတုသာ ပေး၍ ဂန္ဒီမှ ပယ်ချခဲ့သည်။ ထိုနှစ်အတွင်းတွင် အိန္ဒိယရှိ ဟိန္ဒူ နှင့် မွတ်စလင်တို့အကြား ပါကစ္စတန်ခွဲထွက်ရေး မခွဲထွက်ရေး အဓိကရုဏ်းများ အကြီးအကျယ် ဖြစ်ခဲ့သည်။ ၁၉၄၇၊ ဇန်နဝါရီလတွင် ဂန္ဒီသည် ဘင်္ဂလားအရှေ့ပိုင်းနယ်ဖျားသို့ လှည့်လည်ပြီး ပါကစ္စတန် ခွဲထွက်ရေး မပြုရန် တရားချသည်။ အစာငတ်ခံဆန္ဒပြပါသော်လည်း မအောင်မြင်၍ နောက်ဆုံးလက်လျော့ရသည်။

၁၉၄၇ စက်တင်ဘာလတွင် တစ်ကြိမ်၊ ၁၉၄၈ ဇန်နဝါရီလတွင်တစ်ကြိမ် ဟိန္ဒူ - မွတ်စလင် အဓိကရုဏ်း ဖြစ်ခဲ့သည်။ ဂန္ဒီသည် အစာငတ်ခံဆန္ဒပြရာ ၁၇၁နာရီ ၄၅မိနစ် စေ့သောအခါမှ ဟိန္ဒူ၊ ဆစ်ခ် နှင့် မွတ်ဆလင် ခေါင်းဆောင်များမှ သင့်မြတ်ညီညွတ်ရေး ကတိကို ပြုကြသည်။ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ငြိမ်းချမ်းရေးမလိုလားသောလူငယ်တစ်ဦးမှ ဂန္ဒီ၏နေအိမ်အနီးတွင် ဗုံးခွဲဆန္ဒပြသည်။

၁၉၄၈ခု ဇန်နဝါရီလ ၃၀ရက်နေ့ ညနေ ၅နာရီ ၁၀မိနစ်တွင် ဂန္ဒီသည် ဒေလီမြို့ရှိ သူ၏ ဗီယာလာနေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးမှ ခြောက်လုံးပြူးသေနတ်ဖြင့် လုပ်ကြံခံရသည်။ ကျည်ဆံသုံးတောင့်သည် ဂန္ဒီ၏ ရင်ဘတ်ထဲသို့ ဖောက်ထွက်ပြီ နာရီဝက်အကြာတွင် သေဆုံးခဲ့သည်။ ဂန္ဒီ၏နေအိမ်အား ယခုအခါ ပြတိုက်အဖြစ် ဖွင့်လှစ်ထားပြီး ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လေ့လာကြပါတယ်။

မဟာသတိပဌာန်တရား ဟောကြားရာကုန်းတော်

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က အဲ့ဒေသမှာနေသူတွေက ငါးပါးသီလအလွန်မြဲမြံကြပြီး အသိ၊ သတိ ကပ်ခါ နေထိုင်ကြတယ်တဲ့။ ဒါ့ကြောင့် မြတ်စွာဘုရားက မဟာသတိပဌာန်တရားကို ဟောမယ်ဆိုရင် သည်လူတွေပဲ နားလည်သဘောပေါက်လွယ်မှာဆိုပြီး အဲ့နေရာမှာ ဟောခဲ့တယ်လို့ သိရတယ်။

ဖျက်စီးခံထားရလို့ ကျောက်ဆောင်ကုန်းမြင့်ကြီးရယ်၊ ကုန်းမြင့်က အဆောက်အအုံ အသေးလေးထဲမှာ သံဘောင်နဲ့ ခတ်ပြီး ထိန်းသိမ်းထားရတဲ့ ကျောက်စာချပ်ရယ်ပဲ တွေ့နိုင်တော့တယ်။

ပုံမှာမြင်ရတဲ့ ကျောက်သားမှာ တရားစာတွေကို ပါဠိလို ထွင်းထားတာ အနည်းငယ်တွေ့နိုင်တယ်။

သင်္ကဿနဂိုရ်ပြည်

မြတ်စွာဘုရား ၇ဝါမြောက်မှာ တာဝတိံနတ်ပြည်ကို ကြွပြီး မယ်တော်နတ်သားကို အဘိဓမ္မာတရားကို ဝါတွင်း၃လတိုင်တိုင် ဟောကြားတော်မူခဲ့တယ်။ ပြီးတဲ့အခါ လူ့ပြည်ကို ပြန်ကြွတဲ့အခါ အခုနေရာမှာ ခြေရာချတော်မူခဲ့တယ်လို့ သိရတယ်။

အရှင်သာရိပုတ္တရာမထေရ်ရဲ့ ပန်ကြားချက်နဲ့ ဗုဒ္ဓဝင်တရားကို ဟောခဲ့ရာကျောင်းတော်

ရှင်သာရိပုတ္တရာကျောင်းဆောင်

ကျောင်းဆောင်ရာက ရွာထဲမှာ ဖြစ်နေတော့ ရွာခံဘာသာခြားတွေရဲ့ ဘာသာရေးနေရာ ဖြစ်နေပါပြီ။

သာဝတ္ထိမြို့ဟောင်း

မြို့တော်ဟောင်းမှာ သစ်ပင်ချုံပုတ်တွေနဲ့ ဖုံးလွှမ်းလို့နေတယ်။ အခြားသစ်ပင်တွေထက် အနည်းငယ်မြင့်မားနေတဲ့ သစ်ပင်ချုံတန်းတွေကို ကြည့်ပြီး မြို့ရိုးတည်နေပုံကို မှန်းဆနိုင်သည်။ မြို့တော်ဟောင်းကို မဟေ့ ဟုခေါ်ပြီး ဇေတဝန်ကျောင်းတော်ရာကို ဆာဟေ့ ဟု ခေါ်ကြသည်။ မြို့တော်တောင်ဘက်တံခါးအဝင်ဝမှာ ဂျိန်းဘုရားကျောင်း အုတ်တိုက်ပျက်တစ်ခုရှိတယ်။ ကတ်ကျိကုဋိနဲ့ ပတ်တိကုဋိ ခေါ်တဲ့ တိုက်ပျက်ကြီး ၂ခုလည်းရှိတယ်။ ကောသလမင်း စံပျော်ရာနန်းတော်နှင့် မလ္လိကာမိဖုရားကြီး နေထိုင်ရာ နန်းဆောင်လို့ ဆိုကြတယ်။

အင်္ဂုလိမာလစေတီ

သရက်ဖြူကုန်း

မြတ်စွာဘုရားမှ ကောင်းကင်မှနေ ရေမီးအစုန် တန်ခိုးပြပြီး တာဝတိံသာနတ်ပြည်ကို အဘိဓမ္မာတရားဟောကြားရန် တက်သွားခဲ့တဲ့နေရာပါ။

ဇေတဝန်ကျောင်းတော်ရာ

အာနန္ဒာဗောဓိ

ဒေဝဒတ်မြေမြိုရာနေရာ

နီပေါနိုင်ငံရှိ ကပိလဝတ်ပြည်နန်းတော်

သုဒ္ဓေါဒနမင်းကြီးရဲ့ နန်းတော်ပေါ့။ အခုနေရာက နန်းတော်ရဲ့ အနောက်ဘက်အပေါက်။

နိဂြောဓာရုံကျောင်း

လုမ္ဗီနီဥယျာဉ်

 

ကုသိနာရုံက မဟာပရိနိဗ္ဗာနစေတီ

မကုသဗန္ဒလစေတီ (ခေါ်) အင်္ဂါရစေတီ

မလ္လာမင်းတို့ ဦးသျှောင်ထုံးသည့် နေရာတွင် စေတီတည်ခြင်းကြောင့် မကုဋဗန္ဓဟု ခေါ်သည်။ မြတ်စွာဘုရားအလောင်းတော် တေဇောဓာတ်လောင်ကျွမ်းသည့်နေရာမှာ မီးသွေးများ ကျန်ရစ်ခဲ့သည်။ ထိုမီးသွေးများကို ဌာပနာထားပြီး စေတီတည်သောကြောင့် အင်္ဂါရစေတီ လို့လည်း ခေါ်ကြသည်။ အင်္ဂါရစေတီကို မြန်မာလို မီးသွေးစေတီဟု အဓိပ္ပါယ်ရသည်။

နောက်ဆုံးရေကြည်တော်သုံးရာနေရာ

ကေစရိယပုထိုးတော်

ဝေသာလီမြို့နဲ့ ၃၃မိုင် ကွာဝေးပါတယ်။ ကေသမုတိသုတ်ကို သည်စေတီနေရာမှာ ဟောကြားခဲ့ပါတယ်။

ဝေသာလိမြို့ဟောင်း

ရတနသုတ်ပရိတ်တော်ကို အရှင်အာနန္ဒာ ရွတ်ဖတ်ပြီး မြို့သူ၊ မြို့သားတွေကို ကပ်၃ပါးမှ ကျော်လွှားစေခဲ့ရာနေရာ

အဇာတသတ်စေတီ ဓာတ်တော်တိုက်

ရာဇဂြိုလ်မြို့သစ်၏ အရှေ့တောင်ဘက်မှာ တည်ရှိသည်။ အဇာတသတ်မင်းကြီးသည် ဓာတ်တော်ဝေပွဲမှာ မိမိရတဲ့ ဓာတ်တော်တွေကို ယခုနေရာမှာ စေတီတည်ထားကိုးကွယ်ခဲ့တယ်။ စေတီ၏ အုတ်မြစ်ကို ကျောက်တုံးများဖြင့် တည်ဆောက်စေခဲ့တယ်။ စေတီအပေါ်ပိုင်းကတော့ ဖျက်ဆီးခံထားရလို့ ဖိနပ်တော်မျှသာ ကျန်တော့တယ်။ အရင်က စေတီဖိနပ်တော်ပေါ်မှာ ဘာသာခြားတွေက သချိ င်္ုင်းပြုလုပ်ထားခဲ့တယ်။ နောက်ပိုင်းမှ သချို င်္င်းကို ဖယ်ရှားပြီး ဗုဒ္ဓအထိမ်းအမှတ်နယ်မြေအဖြစ် ပြန်ရခဲ့တာပါ။

သြဝါဒပါတိမောက် - ဝေဋ္ဌုဝန်ကျောင်းတော်ရာ

မဟာသက္ကရာဇ် ၁၀၅မှာ သံဃာတော်များကို သြဝါဒပါတိမောက် ဟောကြားခဲ့ရာ နေရာပါ။

ပိတ်ပလိကျောက်ဂူ

ရေပူစမ်း။ (ဟိန္ဒူတွေရဲ့ အထွဋ်အမြတ်ထားရာနေရာပေါ့။ ဇာတ်နိမ့်၊ အလတ်၊ အမြင့် ခွဲခြားပြီး ရေပူစမ်းကို သုံးရတယ်။ တောင်ထိပ်မှာ မြတ်စွာဘုရားမှ အရှင်မဟာကဿပမထေရ်နဲ့ ဒုက္ကဋ် လဲလှယ်ခဲ့ရာ အထိမ်းအမှတ် ကျောင်းတော်ရာရှိတယ်။)၊

ဗိမ္ပိသာရမင်းရဲ့ ဆွန်ဘဏ္ဍာတိုက်

အဇာတသတ် မဏိရာမ ဓာတ်တော်တိုက်

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရင်တွေဟာ ဓာတ်တော်တွေ ခွဲဝေယူငင်သွားကြတယ်။ နောက်ပိုင်းမှာ အဇာသတတ်မင်းက ဓာတ်တော်တွေ ဖျက်ဆီးခံရပြီး ပျောက်ပျက်မှာ စိုးရိမ်တာကြောင့် အတိုင်းတိုင်းအပြည်ပြည်က ဓာတ်တော်တွေကို ပြန်လည်ပင့်ယူလာခဲ့ပြီး စေတီငယ်လေးတစ်ဆူကို မထင်မရှားတည်ထားခဲ့တယ်။ အာသောကမင်းလက်ထပ်ရောက်မှ သည်စေတီကနေ ဓာတ်တော်တွေကို ယူငင်ပြီး စေတီပေါင်း ၈၄၀၀၀ ကို ပြန်တည်ခဲ့တာပါ။

ဗိမ္ပိသာရအကျဉ်းထောင်၊ ကျောက်လှည်းဘီးရာ

ဂိတ်စကုတ်တော်ပေါ်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ

ဂျိန်းဘာသာဝင်တွေကတော့ ဆိုနားဂိရိတောင်လို့ ခေါ်ကြတယ်။ တောင်ခြေကနေ တောင်ထိပ်ကို စက်တက်ထိုင်ခုံတွေ စီးပြီးသွား သက်သောင့်သက်သာ သွားနိုင်တယ်။ ဂျပန်နိုင်ငံက လှူဒါန်းထားတာပါ။ တောင်ထိပ်မှာ ဝိရွှသျှန္တီစေတီတော် တည်ရှိတယ်။ ဂျပန်ကပဲ တည်ထားတာပါ။

ဝိရွှသျှန္တီစေတီကနေ အရှေ့ဘက်ကို ဆင်းသွားရင် မြတ်စွာဘုရားစံတော်မူခဲ့တဲ့ ကျောင်းတော်ရာရှိတယ်။ တောင်ထိပ်မှာရှိတဲ့ ကျောက်တုံးတွေက ကြီးမားပြီး လင်းတကြီးများ နားနေဟန်နဲ့တူလို့ ဂိဇ္စုကုဋ်တောင်လို့ ခေါ်ကြောင်း သိရတယ်။

တောင်ထိပ်မှာ ကျောက်ဂူငယ်တွေ များစွာရှိတယ်။ ရဟန်းတော်များ သီတင်းသုံးခဲ့ရာ ဂူတွေပေါ့။ ဂိဇ္စုကုဋ်တောင်ထိပ်ကို တက်တဲ့လမ်းကို ဗိမ္ဗိသာရမင်းက ဦးစွာ ဆောက်လုပ်လှူဒါန်းခဲ့ပြီး အာသောကမင်းက ထပ်မံပြုပြင်ခဲ့တယ်။ မြတ်စွာဘုရားသီတင်းသုံးရာ ကျောင်းတော်ရာနဲ့ အနီးဆုံးကပ်လျက်ဂူကို အာနန္ဒာမထေရ်သီတင်းသုံးခဲ့လို့ အာနန္ဒာဂူလို့ ခေါ်ကြတယ်။

ဗိမ္ဗိသာရမင်း အကျဉ်းကျမခံရခင်တုန်းက တောင်ပေါ်ကိုတက်ပြီး မြတ်စွာဘုရားဆီမှာ တရားသွားနာလေ့ရှိတယ်။ တောင်တက်လမ်းတစ်နေရာမှာ အခြွေအရံတွေရယ်၊ သန်လျက်၊ သရဖူတွေကို ထားခဲ့ပြီးမှ တောင်ပေါ်ဆက်တက်လေ့ရှိတယ်။ အဲ့သည့်နေရာမှာ စေတီတစ်ဆူတည်ထားတယ်။

နာလန္ဒာတက္ကသိုလ်ဟောင်း

နာလန္ဒာတက္ကသိုလ်ဟောင်းသည် အိန္ဒိယနိုင်ငံ၊ ဘင်ဟာပြည်နယ်တွင် ရှိပြီး နိုင်ငံခြားသားခရီးသွားများ အထူးစိတ်ဝင်စားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်းမှာ အလျား ၁၆၀၀ပေ၊ အနံ ၈၀၀ပေ ရှိကာ စုစုပေါင်း ၃၀ဧက ကျယ်ဝန်းပါတယ်။ အရှင်သာရိပုတ္တရာ မွေးဖွားခဲ့ရာဒေသဖြစ်သလို အရှင်သာရိပုတ္တရာ အထိမ်းအမှတ် လွမ်းစေတီကိုလည်း တက္ကသိုလ်ဝင်း အတွင်းမှာ တည်ထားပါတယ်။ နာလန္ဒာတက္ကသိုလ်တွင် ဗုဒ္ဓစာပေများကို အေဒီ ၅ရာစု ကနေ အေဒီ ၁၂၀၀ ထိ သင်ကြားပို့ချပေးခဲ့ပါတယ်။ အာရှတိုက်အသီးသီးမှ ဗုဒ္ဓဘာသာဝင်များ လာရောက်ပညာသင်ယူကြပြီး နှစ်စဉ် ပို့ချသူရဟန်းမှာ ၂,၀၀၀ ရှိပြီး သင်ယူသူ ရဟန်းမှာ ၁၀,၀၀၀ ရှိပါတယ်။ ကိုင်ရိုနိုင်ငံမှ Al Azhar တက္ကသိုလ် - အေဒီ ၉၇၂၊ အီတလီမှ Bologna တက္ကသိုလ် - အေဒီ ၁၀၈၈၊ အင်္ဂလန်မှ Oxford တက္ကသိုလ် - အေဒီ ၁၁၆၇ မှာ ဖွင့်လှစ်ကြခြင်း ဖြစ်သည့်အတွက် နာလန္ဒာတက္ကသိုလ်ဟောင်းမှာ ရှေးအကျဆုံးနှင့် အကြီးဆုံး တက္ကသိုလ်ဖြစ်ပါတယ်။

အေဒီ၁၂၀၀တွင် Bakhtiyar Khil Ji စစ်တပ် မှ မဂတ္တတိုင်း (လက်ရှိအခေါ်ဘင်ဟာပြည်နယ်) ကို ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီး နာလန္ဒာတက္ကသိုလ်အဆောက်အဦးကို ပိတ်ဆို့ကာ မီးလောင်တိုက်သွင်းခဲ့ပါတယ်။ ကျမ်းစာများ၊ စာပို့ချသူနှင့်စာသင်သား ရဟန်းများ၊ တက္ကသိုလ်အဆောက်အအုံများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ဂုဏ်သတင်းကြီးမားခဲ့တဲ့ နာလန္ဒာတက္ကသိုလ်ဟာ အချိန်အနည်းငယ်အတွင်း မြေကြီးအောက်သို့ နစ်မြပ်ပျောက်ကွယ်ခဲ့ပါတယ်။

အရှင်သာရိပုတ္တရာမထေရ်စေတီက နာလန္ဒာတက္ကသိုလ်ဟောင်းမှာရှိတယ်။ စေတီတော်က လေးထောင့်ပုံဖြစ်ပြီး အပေါ်ဘက်ကို လှေကားအတိုင်း တက်သွားနိုင်တယ်။ စေတီတော်ထိပ်မှာ ကျောင်းဆောင်ခန်းမတစ်ခု ရှိတယ်။ အမိုးအကာ မရှိတော့ဘဲ ကျောင်းတိုင်များသာ တွေ့ရတော့တယ်။ အရှင်သာရိပုတ္တရာမထေရ် ဖွားတော်မူရာ တိုက်ခန်းနေရာကို စေတီတည်ထားဟန် တူတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ဖွားတော်မူခန်းမှာပဲ ပရိနိဗ္ဗာန်စံဝင်ခဲ့တာဖြစ်တယ်။

ဥရုဝေလတော

ဒုက္ကရစရိယာဂူ၊ သုဇာတာ ဃနာနို့ဆွမ်းကပ်ရာနေရာ၊ ရွှေခွက်မျှောရာနေရာ၊ မြက်ရှစ်ဆုပ်လှူဒါန်းရာနေရာ၊ သုဇာတာအိမ်ကုန်း

အပြန်မှာ ရုက္ခဗေဒဥယျာဉ်ကိုလည်း လိုက်ပို့ပေးတယ်။

စာလုံးပေါင်းတွေ မှားနေမယ် ထင်တယ်။ နားလည်တဲ့သူတွေ ပြန်ပြင်ပေးမယ်ဆို သိပ်ကျေးဇူးတင်မိမှာ တကယ်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.