International Trip

Fill your life with adventures.

အာရှဆန်ဆန် နွေးထွေးပြီး ဥရောပဆန်ဆန် ခမ်းနားတဲ့ ဗီယက်နမ်

ပျားပန်းခတ်သမျှ များပြားလှတဲ့ လူအုပ်ထဲမှာ စီးမျှောရင်း ပတ်ဝန်းကျင်ကို သတိထားမိတာကတော့ အများစုဟာ ငယ်ရွယ်နုပျိုတဲ့ ဆယ်ကျော်သက် အရွယ်လေးတွေ။ သူတို့အချင်းချင်း ကိုးရီးယားလို နောက်ပြောင်ကျီစယ်နေကြသူတွေ ရှိသလို၊ တရုတ်လို ဟီဟီဟာဟာ နေကြသူတွေလည်း ရှိတယ်။ နှာသံလေးနဲ့ ဓာတ်ပုံရိုက်ရင်း လေတွေဖောနေကြတဲ့ ယပလက်လေးတွေလည်း အများအပြားပဲ။

ဆယ်ကျော်သက်လေးတွေသာဆိုတယ်။ ပြည်ပနိုင်ငံတွေကို သွားရဲ၊ လာရဲ၊ ပြောရဲ၊ ဆိုရဲ ရှိကြတယ်။ သူတို့မျက်ဝန်းတွေက ကြောက်တာတွေ ရှက်တာတွေ ရှိမနေဘူး။ တက်ကြွပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ မျက်ဝန်းတွေက တောက်ပနေကြတယ်။ do and don't တွေကို သူတို့အသိဥာဏ်နဲ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းရှိတယ်။ သူတို့ ဆုံးဖြတ်လိုက်တဲ့အရာတွေက တစ်ခါတရံမှာ မှန်နေတတ်သလို တစ်ခါတလေမှာ မှားသွားတာလဲ ရှိနိုင်တာပဲလေ။ ဒါပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့မို့ အနည်းဆုံးတော့ နောင်တရစရာ မလိုအပ်ဘူး။ သူတို့ကို ကြည့်ရတာ သဘာဝအတိုင်း ပွင့်အာလှပနေတဲ့ ရောင်စုံပန်းပွင့်လေးတွေနဲ့ တူတယ်။

ကိုယ်တို့ဆီမှာကော? ၃၀ကျော်နေပြီဖြစ်တဲ့ အပျိုကြီးဖားဖားအရွယ်မှာတောင် အိမ်က ခွင့်မပြုလို့ ခုထိ ခရီးမထွက်ဖူးကြသေးတဲ့သူတွေ မြင်ဖူးတယ်။ အသက် ၂၀ကျော်နေတာတောင် အဖေက ခွင့်မပြုလို့ down town ဧရိယာထဲတောင် သူငယ်ချင်းတွေနဲ့အတူ ရုပ်ရှင်မကြည့်ဖူးသေးတဲ့သူတွေ ကြုံဖူးတယ်။ သည်လို ချုပ်ချယ်ခံထားရတဲ့သူတွေကျတော့ အိမ်ထဲ၊ ခြံထဲမှာ အလှစိုက်ထားတဲ့ ဘွန်စိုင်းအပင်လေးတွေနဲ့ သွားတူတယ်။ ရှင်တော့ ရှင်နေတယ်။ ဒါပေမယ့် အတွေးအခေါ်၊ ပတ်ဝန်းကျင်ဆက်ဆံရေး၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းက ရှိသင့်သလောက် မဖွံ့ဖြိုးလာတော့ဘူး။ ဟယ် ဒါနဲ့လေ... ကိုယ်ရေးထားတဲ့ခေါင်းစဉ်က ဗီယက်နမ် review... ခုတော့ အခြားအကြောင်းအရာတွေ ရေးနေမိတယ်။ ဗီယက်နမ်အကြောင်းပဲ ဆက်ပြောတော့မယ်နော်။

မှတ်သားဖွယ်ရာ ဗီယက်နမ်သမိုင်းအကျဉ်း

BC 111 ကနေပြီး AD 939 ခုအထိ သည်ဒေသဟာ တရုတ်မင်းဆက်တွေ လက်အောက်မှာ ရှိနေခဲ့တာပါ။ AD 939 ခု လောက်မှာ တိုက်ပွဲတွေဖြစ်ပြီး တရုတ်လက်အောက်ကနေ ခွဲထွက်နိုင်ပြီး ဗီယက်နမ်နိုင်ငံကို ထူထောင်နိုင်ခဲ့တယ်။ ၁၉ရာစုမှာ ပြင်သစ်လက်အောက်ကို ကျရောက်သွားပြန်တယ်တဲ့။ ပထမအင်ဒိုချိုင်းနားစစ်ပွဲက စပြီး တိုက်လာလိုက်တာ ၁၉၅၄ခုမှာ ပြင်သစ်ကို မောင်းထုတ်နိုင်ခဲ့တယ်။ အဲ့နောက်ပိုင်း တောင်ပိုင်းနဲ့ မြောက်ပိုင်း ကွဲပြီး ပြည်တွင်းစစ်တွေ တဝုန်းဝုန်းပဲ။ ၁၉၇၅မှာ မြောက်ပိုင်းက အနိုင်ရပြီး ကူမြူနစ်စနစ် ကျင့်သုံးတဲ့နိုင်ငံအဖြစ် ထူထောင်ခဲ့တယ်။ စစ်ပြီးတော့ နိုင်ငံဟာ ဆင်းရဲမွဲတေပြီး ချွတ်ခြုံကျနေတာ။ ကွန်မြူနစ်စနစ်ကို ကျင့်သုံးလို့ဆိုပြီး အခြားနိုင်ငံတွေကလည်း လစ်လျှူရှုထားလို့ အထီးကျန်ခဲ့ရတယ်။ ၁၉၈၆ခုလောက်မှာ အစိုးရက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ ထိုအချိန်ကစပြီး ဗီယက်နမ်ဟာ တစ်နှစ်တခြား တိုးတက်လာလိုက်တာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၇ခုမှာ ပါဝင်နိုင်ခဲ့ပါတယ်တဲ့။ ခုဆိုရင် ဗီယက်နမ်က ဖွံ့ဖြိုးတိုးတက်နေစဲ နိုင်ငံအဖြစ် ရပ်တည်လာနိုင်နေပြီ။ ယနေ့ခေတ် ကမ္ဘာပေါ်မှာ ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ နိုင်ငံ ငါးနိုင်ငံပဲ ကျန်တော့တာ။ ဗီယက်နမ်၊ တရုတ်၊ မြောက်ကိုရီးယား၊ လာအိုနဲ့ ကျူးဘားနိုင်ငံ တွေပါတဲ့။

ဘယ်လိုသွားမလဲ?

ပြည်ပခရီးတစ်ခုကို သွားတော့မယ်ဆိုရင် Trip Advisor ကို ဝင်ဝင်ကြည့်ရတာ အမော။ ၂၀၁၈ခုနှစ်အတွက် ထိပ်တန်း လေကြောင်းလိုင်းစာရင်းတွေထဲမှာ Vietnam Airlines ကို တွေ့လိုက်တာနဲ့ သည်လေကြောင်းလိုင်းကိုပဲ ရွေးချယ်လိုက်တယ်။ ကြယ်လေးပွင့်လေကြောင်းလိုင်းဆိုတော့ ဘက်ဂျက်အဲလိုင်းလောက် ဈေးမချိုပေမယ့် ဈေးကအသင့်အတင့်မို့ စိတ်ချပြီး စီးပျော်သားပဲ။

လေယာဉ်လမ်းကြောင်းကိုတော့ -

ရန်ကုန် - ဟိုချီမင်း (၂:၃၀)

ဟိုချီမင်း - ဒါနန်း (၁:၂၀)

ဒါနန်း - ဟနွိုင်း (၁:၂၀)

ဟနွိုင်း - ရန်ကုန် (၁:၃၀)

ဆိုပြီး လေးကြောင်းစာ လက်မှတ်ဖြတ်ရမယ်။ စုစုပေါင်း 255USD လောက် သွားကျမယ်။ အဲ့ဒါက agency တွေဆီက ဝယ်တဲ့ဈေးပေါ့နော်။ ကောင်တာကနေ တိုက်ရိုက်ဝယ်ရင် နည်းနည်းလေး ပိုများတတ်တယ်။

ကားလမ်းကြောင်း -

ဒါနန်း - ဟွေ့အန်း (၀:၄၅)

ဟနွိုင်း - နင့်ဘင်း (၁:၄၀)

နင့်ဘင်း - ဟလောင်းဘေး (၃:၃၀)

ဟလောင်းဘေး - ဟနွိုင်း (၃:၀၀)

ဗီယက်နမ်သို့ သွားလိုက်ပါအုံးမည်။

ငွေလဲနှုန်းနှင့် SIM card

ရန်ကုန်နဲ့ ဗီယက်နမ် အချိန် ကွာခြားချက်က နာရီဝက်လေးပဲ။ လေဆိပ်မှာ ငွေလဲရင် $100 ကို ဒေါင်၂၂သိန်းစွန်းစွန်းလောက်ပဲ ရတယ်။ မြို့ထဲက Exchange မှာ လဲရင် ၂၃သိန်းလောက် ရတယ်။ သည်တော့ လေဆိပ်မှာ SIM card ဝယ်ဖို့၊ မုန့်စားဖို့၊ ကားခသုံးဖို့အတွက် ဒေါ်လာငါးဆယ်ဖိုးလောက်ပဲ လဲထားပေါ့နော်။ မြို့ထဲရောက်မှ များများစားစား လဲပေတော့။ SIM card က ဆယ်ရက်စာ အင်တာနက်စိတ်ကြိုက်သုံးကို ၁၃၅,၀၀၀ ဒေါင် ပေးရတယ်။ ၆ဒေါ်လာလောက် ကျသွားမယ်။

ဘယ်တွေသွားမလဲ?

ဟွေ့အန်း - Hoian

၁) My Son Sanctuary

Champa မင်းဆက်တွေ အုပ်ချုပ်တဲ့အချိန် ၄ရာစုနဲ့ ၁၃ရာစုကြားမှာ တည်ဆောက်ခဲ့တဲ့ မြို့ပါတဲ့။ ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာလေး တစ်ခုပေါ့။ အိန္ဒိယဘက်က ဟိန္ဒူဘာသာဝင်တို့၏ ဗိသုကာလက်ရာတွေအတိုင်း ဆောက်ထားတာတဲ့။ ပုဂံက ၁၁ရာစုနဲ့ ၁၃ရာစုကြားမှာ ဆောက်ခဲ့တဲ့ ဂူ၊ ပုထိုးတွေနဲ့က ခေတ်ပြိုင်လို ဖြစ်နေတဲ့အပြင် လက်ရာတွေကလဲ ဆင်တူနေတယ်။ စစ်အတွင်းက ဗုံးထိထားလို့ အဆောက်အအုံတွေက နည်းနည်းလောက်ပဲ ကျန်တော့တာ။ ဝန်းထဲမှာ ဗုံးကျင်းတွေဆိုတာ အများကြီးပဲရယ်။ ဒုံးကျည်ထိပ်ဖူးလိုမျိုး လေယာဉ်ဗုံး ၂ခုတောင် တွေ့ခဲ့သေးတယ်။

My Son Sanctuary က အင်းဝနဲ့ အတော်ဆင်တာပဲ။

ဝင်ကြေး - 150,000 VND

၂) Old Town

Thu Bon မြစ်ကမ်းစပ်နားမှာ တည်ဆောက်ထားတဲ့ ရှေးဟောင်းမြို့လေးက မျက်စိထဲကကို မထွက်ဘူး။ ၁၆ရာစုနဲ့ ၁၇ရာစုကြား အချိန်တုန်းက အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ကုန်သွယ်မှုမှာ အရေးပါခဲ့တဲ့ ဆိပ်ကမ်းမြို့လေး။ UNESCO က အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာလေး။ ဟွေ့အန်းကို ရောက်ရင် မဖြစ်မနေ သွားကို သွားသင့်တဲ့နေရာ။ မနက်ပိုင်းတောင် နိုင်ငံခြားသားတွေနဲ့ စည်ကားနေတာ။ ညပိုင်းဆို တစ်ယောက်နဲ့တစ်ယောက် တိုက်လုနီးပါးကို ကြိတ်ကြိတ်တိုးနေရော။ လမ်းတိုင်းနီးနီး စက္ကူမီးပုံးလှလှလေးတွေ ထွန်းထားတယ်။ ရှေးဆန်ဆန်အိမ်တွေရဲ့ အရှေ့နံရံမှာ တိုက်ကပ်နွယ်ပန်းလှလှလေးတွေနဲ့ အလှဆင်ထားတယ်။ အချို့လမ်းတွေဆိုရင် အိမ်တိုင်းလိုလို ဆေးအဝါရောင် ဆင်တူ သုတ်ထားကြတော့ ကြည့်လို့ ကောင်းနေရော။ ပြီးတော့ တိုက်အမြင့်ကြီးတွေ မရှိတာကိုက old town ဆိုတဲ့ အဓိပ္ပာယ်ကို ပိုလေးနက်စေတာ။ ညနေ ငါးနာရီလောက်ဆိုရင် ကမ်းနားတလျှောက် လမ်းဘေးစားသောက်ဆိုင်တွေ စီရရီ လာဖွင့်ကြပြီလေ။

Japanese Bridge Pagoda ကနေ မြင်ရတဲ့ old town
Old town က ကမ်းနားလမ်းမှာ လူတအားစည်တာ။
Old town မှာတိုက်အဝါရောင်တွေ ဆင်တူနဲ့ဆိုတော့ တမျိုးဆန်းနေရော။

၃) Japanese Bridge Pagoda

မြောင်းပေါ်မှာ တံတားထိုးထားပြီး ဂျပန်လက်ရာအမိုးအခုံးတွေနဲ့ ဆောက်ထားတာ။ သိပ်အလှကြီး မဟုတ်ပေမယ့် ၁၈ရာစု ရှေးလက်ရာဆိုတော့လဲ သွားကြည့်ကြတာပေါ့။ တံတားမှာ ခွေး၂ကောင်၊ မျောက်၂ကောင် ရုပ်တုတွေ တွေ့ပါလိမ့်မယ်။ ခွေးနှစ်မှာ စဆောက်ပြီး မျောက်နှစ်မှာ ပြီးတယ်လို့ ဆိုလိုဟန် ရှိတယ်။

Japanese Bridge Pagoda က သိပ်အလှကြီး မဟုတ်ပေမယ့် ရှေးလက်ရာမို့ သွားကြည့်ခဲ့တယ်။

၎) Sa Huynh Culture Museum

သည်ပြတိုက်ကို ၁၉၉၄ခုနှစ်လောက်က ဖွင့်လှစ်ခဲ့တာပေါ့နော်။ သည်နေရာမှာ ဆိပ်ကမ်းမြို့အဖြစ် စတင် အခြေချ နေထိုင်ခဲ့သူတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံကို လေ့လာနိုင်တယ်။ ဆိပ်ကမ်းမြို့လေးကနေပြီး တရုတ်၊ အိန္ဒိယတောင်ပိုင်း၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုန်သွယ်မှု တည်ဆောက်နိုင်ခဲ့တာဆိုတော့ အရေးပါအရာရောက်တဲ့ စီးပွားရေးမြို့တော်ပေါ့။

Sa Huynh Culture Museum အကြောင်းကို သည်နေရာလေးမှာ ထိုင်ပြီး အရင် နားထောင်ကြတယ်။ ပြီးမှ လျှောက်ပတ်ကြည့်ရတာ။ ရှေးဟောင်းအိမ်ကျဉ်းကျဉ်းလေးပါပဲ။

၅) Phuoc Kien Assembly Hall

Kim Son ဘုံကျောင်းလို့လည်း ခေါ်ကြသေးတယ်။ ဘုံကျောင်းကို ၁၆၉၂ခုမှာ Phuoc Kien ပြည်နယ်က တရုတ်ကုန်သည်ကြီးတွေ လှူဒါန်းခဲ့တာပါတဲ့။ တရုတ်ကုန်သည်ကြီးတွေ မကြာခဏ စုံကြပြီး စီးပွားရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးကြပါတယ်တဲ့။ ဘုံကျောင်းထဲမှာ Thien Hau လို့ခေါ်တဲ့ ပင်လယ်စောင့်နတ်သမီးကို ကိုးကွယ်ရာအဖြစ် ပူဇော်ထားထား တွေ့ခဲ့ရတယ်။

Kim Son ဘုံကျောင်းအပေါက်ဝမှာ ဓာတ်ပုံဝင်ရိုက်

Danang - ဒါနန်း

၆) Non Nuoc Stone Carving Village

ကျောက်ဆစ်လက်ရာတွေကို လေ့လာချင်တဲ့သူတွေ သွားသင့်တဲ့နေရာပေါ့။ စကျင်ကျောက်ဆစ်လုပ်ငန်း လုပ်တဲ့နေရာဆိုတော့ ကိုယ်တွေအတွက်တော့ ပျင်းစရာကြီးရယ်။

စကျင်ကျောက်ဆစ်လက်ရာအရုပ်တွေနဲ့ ပန်းခြံလေးထဲမှာ

၇) Marble Mountain

ဒါနန်းမြို့တောင်ဘက် ၉ကီလိုမီတာ အကွာလောက်မှာ ရှိတယ်။ ဓာတ်လှေကားနဲ့ တက်လို့ရသလို လမ်းလျှောက်တက်ချင်လည်း ရတယ်။ တောင်ပေါ်ကနေကြည့်ရင် ညာဘက်မှာ ပင်လယ်၊ ဘယ်ဘက်မှာ ထုံးကျောက်တောင်နဲ့ စကျင်ကျောက်တောင်တွေ အပြင် ခပ်စိပ်စိပ် အိမ်ခြေတွေနဲ့ လှပတဲ့ ရှုခင်းတွေကို တွေ့နိုင်တယ်။ စစ်ကာလတုန်းက My Khe ကမ်းခြေမှာ အပန်းဖြေဖို့လာတဲ့ အမေရိကန်စစ်သားတွေကို ထောက်လှမ်းဖို့အတွက် ဗီယက်နမ်စစ်သားတွေ စကျင်ကျောက်တောင်ထဲက လိုဏ်ဂူတွေထဲကနေ စောင့်ကြည့်ခဲ့ဖူးတယ်တဲ့။ သည်လို သမိုင်းကြောင်းတွေအပြင် ဗုဒ္ဓဆိုင်ရာ၊ နတ်ကိုးကွယ်မှုဆိုင်ရာတွေလည်း တွေ့နိုင်တယ်။ တောင်တစ်ခုလုံးကို နှံ့ဖို့ဆိုရင် အချိန် လေးနာရီလောက် ပေးရမယ် ထင်တယ်။

ဝင်ကြေး - 40,000 VND
ဓာတ်လှေကား - 15,000 VND

Marble Mountain ပေါ်ကနေ ကြည့်ရင် တဖက်မှာပင်လယ်၊ အခြားတဖက်မှာ စကျင်ကျောက် ထုံးကျောက်တောင်တွေ၊ ကျောက်တောင်တွေအောင်ခြေက မြို့လေးကို စီးမြင်ရတယ်။

၈) Monkey Mountain

သည်နေရာကိုတော့ ကိုယ်လေ အတော်နှစ်သက်မိတယ်။ ကောင်းကင်ပြာပြာ၊ ပင်လယ်ပြာပြာနဲ့ တောင်ပေါ်ရှုခင်းဆိုတာ ဘယ်လောက်ကြည့်ကြည့် မရိုးဘူး။ အပြာရောင်တွေထဲမှာ ပျော်ဝင်သွားတယ်။ သဘာဝရှုခင်းတွေအပြင် ဝိုးကနဲ ဖြစ်စေတဲ့ နေရာ ၂ခု ရှိသေးတယ်။ ၁၈ရာစုလောက်က ဆောက်ခဲ့တဲ့ ဘုရားကျောင်းရှေ့က ဂိတ်ပေါက်ရယ်၊ ၆၇မီတာ အမြင့်ရှိ ဖြူဖွေးဆွတ်နေတဲ့ ကွယ်ရင်မယ်တော် ရုပ်တု အကြီးကြီးရယ်ပေါ့။ Linh Ung Pagoda Danang ဒါမှမဟုတ် Lady Buddha Danang ဆိုပြီး လူသိများတယ်။

Monkey Mountain တံခါးပေါက်နဲ့ သည်လို အလှဓာတ်ပုံ ရိုက်လို့ရတယ်။
Monkey Mountain မှာ ထိန်းမရတော့ဘူး... လွင့်ပြီ။

၉) Bana Hill

ပြင်သစ်ကို ရောက်သွားတဲ့အတိုင်းပါပဲ။ သည်နေရာလေးကို အပန်းဖြေအိမ်ယာအနေနဲ့ ၁၉၁၉ခုလောက်က စတင် ထူထောင်ခဲ့တာတဲ့။ ပြင်သစ်ကိုလိုနီခေတ်က ဆောက်ခဲ့တာဆိုတော့ ပြင်သစ်ရွာလေးနဲ့ တူနေတာ မထူးဆန်းဘူးပေါ့နော်။

တောင်ပေါ်တက်ဖို့ ကေဘယ်ကား စီးရမယ်ဆိုတော့ သြော်... အင်း ပေါ့။ တကယ်တမ်း စီးလဲစီးရော။ WoW ကနဲတောင် ဖြစ်သွားတယ်။ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး ကေဘယ်ကားလမ်းကြောင်းတွေထဲက တစ်ခု အပါအဝင်ပဲ။ ၅ကီလိုမီတာလောက် ရှည်မယ်။ တောနက်နက် တောအုပ်အကြီးကြီးပေါ်ကနေ ဖြတ်သွားရတာ။ ရေတံခွန်တွေကော၊ စမ်းချောင်းတွေကော ကိုယ့်ခြေထောက်အောက်မှာ။ မြင့်သထက် မြင့်လာရင်း မြူတွေကြားထဲ၊ တိမ်တွေကြားထဲ မကြာခဏ တိုးဝင်သွားရတာ။ တမူထူးခြားတဲ့ စိတ်လှုပ်ရှားမှုမျိုးကို ခံစားရတယ်။ မှန်ပတ်လည်ကာထားလို့ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်ရပေမယ့် ကြမ်းခင်းပါ မှန်နဲ့ဆိုရင် ပိုကောင်းမယ်နော်။

ပြင်သစ်ရွာလေးဆီ မရောက်ခင် အရင်ဦးဆုံး D'amour Garden မှာ ကေဘယ်ကားပြောင်းစီးရသေးတယ်။ D'amour Garden မှာ ပထမဆုံး တွေ့ရမှာက လက်နှစ်ဖက်နဲ့ မထားဟန် တံတားတစ်စင်း။ အစက ရာသီဥတုက သာယာနေတော့ တံတားကို အစအဆုံး မြင်ရတာပေါ့။ တံတားပေါ်လဲရောက်ရော ရုတ်တရတ် မြူအုပ်ကြီး စိုင်းလာလိုက်တာ ခြေလှမ်းဆယ်လှမ်းစာ အကွာအဝေးလောက်ပဲ မြင်ရတော့တယ်။ အဲ့သည့်မှာ ခြောက်လပန်းရောင်စုံတွေ ပွင့်နေလိုက်တာများ အုံခဲပြီး အစုပ်လိုက် အစုပ်လိုက်ကြီးတွေ။ သည်အချိန်မှာ ပထမဆုံး သတိရသွားတာ မားမား။ သူက ခြောက်လပန်းဆို တအားနှစ်သက်တာ။ သည်တောင်ကုန်းမှာတင် လည်စရာပန်းခြံ ၇ခု၊ ၈ခုလောက် ရှိမယ်။

D'amour Garden မှာ လည်ပြီးရင် ပြင်သစ်ရွာကို ဆက်သွားဖို့ ဂျုံးဂျုံးဂျက်ဂျက် ကေဘယ်ရထားလေး စီးသွားရသေးတယ်။ တောင်ပေါ်ရာသီဥတုက တကယ့်ကို မှန်းရခက်တာ။ ကောင်းကင်က ပြာလဲ့နေရာကနေ ရုတ်တရတ် မြူအုပ်ကြီး စိုင်းလာတာမျိုး။ ပြီးရင် မိုးက ဝုန်းခနဲရွာတယ်။ ဟော တော်ကြာ နေပြန်ပွင့်လာပြန်ရော။ သည်သုံးမျိုးကိုလေ ဆယ့်ငါးမိနစ်ခြား တစ်လှည့်စီ ဖြစ်နေတာဆိုတော့ ကိုယ့်မှာ လကမ္ဘာပေါ်ပဲ ရောက်နေသလား ဘာလားပေါ့။ ရာသီဥတုကသာ မူမမှန်တာ။ လှချက်ကတော့ လက်ဖျားခါတယ် ဆရာ။ တောင်အောက်တောင် ပြန်မဆင်းချင်တော့တာပါဆို။ လူစောင့်နိုင်ရင် ရိုလာကိုစတာတွေ၊ အခြားစီးစရာ ဆော့စရာတွေ ကစားခဲ့အုံးနော်။ အဲ့သည့်အတွက် ပိုက်ဆံ သတ်သတ်ထပ်ပေးစရာ မလိုတော့ဘူး။ လက်မှတ်ဖိုးထဲမှာ အကုန်ပါပြီးသား။

ဝင်ကြေး - 700,000 VND

Pre wedding အရိုက်များတဲ့ နေရာတစ်ခု။ ပြင်သစ်ရွာ ဝင်ဝင်ချင်း အပေါက်ရဲ့ ညာဘက်အခြမ်းမှာ ရှိတယ်။
Bana Hill က ရာသီဥတုက သိပ်တော့ စိတ်မမှန်ဘူးရယ်။ နေပူ၊ မြူထ၊ မိုးရွာကို ခဏလေးစီ ဆက်တိုက် ဖြစ်နေတာ။
ဓာတ်ပုံရိုက်ဖို့ ခုလို ရှေးဟောင်းကားလေးတွေလဲ ထားပေးထားတယ်။
Pre wedding ရိုက်မယ်ဆိုရင် Church ကျောင်းကြီးကလဲ မပါမဖြစ်ပေါ့။
Church ကျောင်း အရှေ့မှာ
ဒါလေးစီးချင်တာ။ လူတန်းရှည်ကြီးကို မစောင့်နိုင်လို့ မစီးလိုက်ရဘူး။

၁၀) My Khe Beach

စစ်ကာလတုန်းက အမေရိကန်စစ်သားတွေ အပန်းဖြေလာတတ်တဲ့ ကမ်းခြေပါတဲ့။ သွားတုန်းက ညနေ ၅နာရီလောက်ဖြစ်သွားတော့ လှိုင်းတော့ နည်းနည်းကြမ်းတယ်။ ကမ်းခြေက အမှိုက်မရှိဘူး။ သန့်တယ်ဆိုပေမယ့် မြို့နဲ့နီးလို့လား မသိဘူး။ ရေနည်းနည်း နောက်သလားလို့...

My Khe Beach မှာ ညစာသွားစားရင်း ရေကစားခဲ့တယ်။

၁၁) Han Market

နှစ်ထပ်ဈေးပုံစံမျိုး။ အောက်ထပ်မှာ စားသောက်ကုန်၊ အပေါ်ထပ်မှာ အဝတ်အထည်နဲ့ဖိနပ်၊ လူသုံးကုန်တွေ ရောင်းတာ။ သိမ်ကြီးဈေးနဲ့ ယုဇနပလာဇာမြေညီထပ် ပေါင်းပြီးသာ မြင်ယောက်ကြည့်လိုက်ပါတော့။ အဲ့သည့်ဈေးအရှေ့က Pho 29 ဆိုတဲ့ စားသောက်ဆိုင်လေး အရသာကောင်းတယ်။

Han Market က ရိုးရိုးသာမန်ဈေးလေးပါပဲ။ အောက်ထပ်က စားသောက်ကုန်၊ အပေါ်ထပ်က လူသုံးကုန် သည်လောက်ပဲ။
Han Market အရှေ့က Pho 29 ဆိုင်က အစားအသောက်တွေက အရသာ ကောင်းတယ်။ မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်တယ်။

၁၂) Cham Museum

သည်ပြတိုက်ကို ၁၉၁၅ခုလောက်က ပြင်သစ်တွေ ဆောက်သွားပေးခဲ့တာတဲ့။ ပြတိုက်မှာ ပြထားတဲ့ ရှေးဟောင်းလက်ရာတွေကို ကြည့်ခြင်းအားဖြင့် ရှေးခေတ် ဗီယက်နမ်သားတွေရဲ့ နေထိုင်မှု၊ ကိုးကွယ်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ဝတ်စားဆင်ယဉ်မှုတွေကို ထင်ထင်ရှားရှား တွေ့နိုင်တယ်။ အရမ်းအနုစိတ်တဲ့ လက်ရာတွေမို့လို့ ရှေးဟောင်းအမွေအနှစ်တွေကို မြတ်နိုးတတ်သူတွေအနေနဲ့ တသသ ဖြစ်စေမယ့်  နေရာလို့ပဲ ပြောပြချင်တော့တယ်။

ဝင်ကြေး - 40,000 VND

လက်ရာတွေက အတော်လေး အနုစိတ်ပြီး စနစ်ကျတာ တွေ့ခဲ့ရတယ်။

ဟနွိုင်း - Hanoi

၁၃) ဟိုချီမင်းဂူဗိမ္မာန်

လူထုက အန်ကယ်ဟိုလို အမြတ်တနိုးခေါ်ကြတဲ့ သမ္မတဟိုချီမင်းရဲ့ ဂူဗိမ္မာန်ကလေ သန့်ရှင်းသပ်ရပ်ပြီး ပန်းခြံကြီးအတိုင်းပဲ။ လေ့လာရေးလာတဲ့ ကျောင်းသားတွေ၊ အရိုအသေလာပြုတဲ့ ပြည်သူတွေ၊ နိုင်ငံခြားသားတွေနဲ့ အတော်စည်ကားတာ။

အန်ကယ်ဟိုရဲ့ ဂူဗိမ္မာန်

၁၄) ဟိုချီမင်းအိမ်တော်

နာမည်ကသာ ဟိုချီမင်းအိမ်တော် ဖြစ်နေတာ။ အန်ကယ်ဟိုက ပင်မအိမ်မှာ မနေဘူးရယ်။ ရိုးရိုးကုပ်ကုပ်နဲ့ သာမန်အိမ်လေးထဲမှာပဲ နေခဲ့တာ။ ပင်မအိမ်တော်ကို နိုင်ငံရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံမှသာ သုံးခဲ့တာတဲ့။ ၁၉၀၀-၁၉၀၆ခု အထိ Indochina's General Governor Palace အဖြစ် သုံးခဲ့ကြသေးတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၅၄-၁၉၆၉ထိ သမ္မတအိမ်တော် အဖြစ် သုံးခဲ့တယ်တဲ့။ အန်ကယ်ဟို လွတ်လပ်ရေး လှုပ်ရှားစဉ်တုန်းက အမေရိကန်တွေကို ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်။

"ငါတို့လူမျိုး ၁၀ယောက်ကို မင်းတို့ သတ်နိုင်ချိန်တိုင်းမှာ မင်းတို့လူမျိုး တစ်ယောက်ကို ငါတို့ သတ်ပြမယ်။ အဆုံးမှာ မင်းတို့တွေ စိတ်ကုန်ပြီးခြေကုန်လက်ပန်း ကျလာလိမ့်မယ်။"

ဝင်ကြေး - 25,000 VND

ဟိုချီမင်းအိမ်တော်လို့သာ ဆိုတယ်။ အန်ကယ်ဟိုက ရိုးရိုးရှင်းရှင်း နေရတာ ကြိုက်လေတော့ အိမ်မကြီးကို နိုင်ငံတော်အကြီးအကဲတွေ သံတမန်ရေး တွေ့ဆုံမှုတွေလောက်ပဲ အသုံးပြုခဲ့တာ။ ကျန်တဲ့အချိန်ဆို ဝန်းထဲက တိုက်ပုလေးထဲမှာပဲ နေတာတဲ့။

၁၅) One Pillar Pagoda

၁၀၄၉ခု Lý Thái Tông အင်ပါယာလက်ထက်တုန်းက တည်ဆောက်ခဲ့တာတဲ့။ ရေကန်လေးထဲမှာ ကျောက်တိုင်တစ်တိုင်ထောင်ထားတယ်။ အဲ့သည့်ကျောက်တိုင်ပေါ်မှာမှ ဘုရားကျောင်းကို ကြာပန်းပုံစံ ဆောက်ထားတာ။

မြန်မာလိုဆိုရင် တိုင်တစ်လုံးကျောင်းပေါ့။ အထဲမှာ နတ်ရုပ်တုရှိပြီး ကွယ်ရင်မယ်တော်နဲ့ ဆင်တူတယ်။

၁၆) Temple of Literature

ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံးသော တက္ကသိုလ်ဖြစ်ပြီး ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်၊ ဒဿနိက ပညာရပ်တွေကို ပို့ချပါတယ်တဲ့။ အထဲမှာ ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်တွေကို ကျောက်စာပေါ်မှာ ထွင်းထားတာ တွေ့ပါလိမ့်မယ်။ စစ်အတွင်းတုန်းက အများကြီး ပျက်စီးသွားတာ။ အခုက အသစ် ပြန်လည် တည်ဆောက်ထားတာတဲ့။

ဝင်ကြေး - 30,000 VND

Temple of Literature မုခ်ပေါက်ဝ

၁၇) Old Quarter

ဦးဖြိုးမင်းသိန်းခေတ် မတိုင်ခင်တုန်းက လမ်းမတော်ဘက်မှာ လမ်းလျှောက်နေရသလိုမျိုး။ စာသောက်ဆိုင်၊ အမှတ်တရဆိုင်၊ လမ်းဘေးဈေးသည်တွေ၊ Message၊ Spa စုံစည်နဖာနဲ့ အတော်စည်တာ။ ဟနွိုင်းက အဆောက်အအုံတွေက မျက်နှာစာကျဉ်းပြီး အနောက်ကို ရှည်သွားတဲ့ ပုံစံမျိုး။ စိတ်ထဲမှာ ကျဉ်းကျဉ်းကြပ်ကြပ်ကြီးလို ခံစားရတယ်။ အပန်းဖြေစရာအနေနဲ့ Hoan Kiem ရေကန်ကြီးတော့ ရှိတယ်။ ကန်အလယ်မှာ ကျွန်းသေးသေးလေးနဲ့ ဘုံကျောင်းလိုမျိုး အဆောက်အဦးတစ်ခု တွေ့ရလိမ့်မယ်။ အဲ့ဒါက ဟနွိုင်းမြို့ရဲ့ Zero မိုင်တိုင်ပါတဲ့။

ရေကန်ထဲက ဘုံကျောင်းက ဟနွိုင်းရဲ့ Zero မိုင်တိုင် စမှတ်ပါတဲ့။

နင့်ဘင်း - Ninh Binh

၁၈) Bai Dinh တောင်ပေါ်ဘုရားကျောင်း

ဓာတ်ပုံဆရာတွေ အကြိုက်တွေ့မယ့်တောင်ပါ။ တောင်ပေါ်မှာ ဘုရားကျောင်းတစ်ကျောင်းရှိပြီး ဗီယက်နမ်ရဲ့ အကြီးဆုံး ဗုဒ္ဓကြေးဆင်းတုတော် တစ်ဆူ စံပယ်တယ်။ တောင်ပေါ်ကနေ ကြည့်ရင် ဒယ်တာမြစ်ပြင်ကျယ်ကြီး၊ ပြန့်ကျဲနေတဲ့ ကျောက်ဆောင်တွေ၊ မြစ်ဘေးတလျှောက်က စပါးခင်းတွေနဲ့ သိပ်လှတာ။ တောင်ခြေကနေ တောင်ပေါ်ကို တက်တဲ့အခါ လှေကားထစ်ပေါင်း ၃၀၀ကျော်လောက်ကို ဖြတ်ကျော်ရမှာနော်။ ရေဗူးလေးတော့ ဆောင်သွားသင့်ပြီ။ လှေကားထစ်ဘေးတစ်ဖက်မှာ ဗုဒ္ဓဆင်းတုတော်နဲ့၊ ရဟန္တာရုပ်ပွားတော် ၅၀၀လောက်ကို ထား,ထားသေးတယ်။

ဝင်ကြေး - 50,000 VND

Bai Dinh တောင်ပေါ် မတက်ခင် တောင်ခြေက မုခ်ပေါက်

၁၉) Trang An

Running man ဖျော်ဖြေရေးအစီအစဉ် ကြည့်ပြီးကတည်းက သိပ်ကို သွားချင်ခဲ့တဲ့နေရာလေး ခုတော့ တကယ်ရောက်ပြီလေ။ မြစ်ပြင်ကျယ်ကြီးတလျှောက် အမှိုက်တစ်စတောင် မရှိအောင် သေချာထိန်းသိမ်းစောင့်ရှောက်ထားတယ်။ မြစ်ရေက ဘယ်လောက်တောင် ကြည်သလဲဆိုရင် ရေအောက်က ရေမှော်ပင်တွေကို အတိုင်းသား မြင်နေရတာ။ မြစ်ဘေးတလျှောက် ထိုးထိုးထောင်ထောင် ပြူထွက်လာတဲ့ ကျောက်တောင်တွေလည်း အများကြီးပဲရယ်။ ကျောက်တောင်တွေက ၂ဖက်ပွင့် လိုဏ်ဂူတွေ ဖြစ်နေတာဆိုတော့ လှေစီးပြီး ဂူအောက်က ဖြတ်သွားလို့ရတယ်။ ရာသီဥတု သာယာပြီး ရေသိပ်မတက်တဲ့ အချိန်တွေဆိုရင် တောင်ကိုးလုံးရဲ့ ဂူပေါက်တွေလောက်တော့ အသာလေး ဖြတ်သွားလို့ရမယ်။ ကျောက်တောင်တွေ ပေါသလို တောင်ဆိတ်တွေလဲ ပေါတယ်။ သဘာဝအတိုင်း ကျင်လည် ကျက်စားနေကြတာ။ ကိုယ်တွေ သွားတုန်းက မြစ်ထဲမှာ ကြာပန်းတွေ ပွင့်နေချိန်၊ ဘဲခေါင်းနီလေးတွေ အစာရှာထွက်နေချိန်၊ ရွှေငါးလေးတွေ မြူးနေချိန်၊ တောင်ဆိပ်တွေ ရေသောက်ဆင်းချိန်နဲ့ တိုးပြီး လက်ဖျာခါလောက်အောင် စိတ်ကြည်နူးခဲ့ရပါတယ်လို့။

မြစ်ရေက ဘယ်လောက်တောင် ကြည်သလဲဆိုရင် ရေညှိတွေကအစ ထွင်းဖောက်မြင်ရတယ်။
ရေကျချိန်ဆိုရင် ဂူကိုးလုံးလောက်တော့ လှေနဲ့ ဖြတ်သွားနိုင်တယ်။
သဘာဝအတိုင်း ကျက်စားနေထိုင်တဲ့ တောင်ဆိတ် မမြင်ဘူးလို့ ဓာတ်ပုံရိုက်ခဲ့တာ။

ဟလောင်း - Halong Bay

၂၀) ဟလောင်းဘေး

သည်နေရာကို ရောက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတဲ့ ကင်းကောင်းဇာတ်ကားကိုတောင် သတိရသွားတယ်။ ကင်းကောင်းဇာတ်ကားကို သည်မှာ ရိုက်ခဲ့ကြတာလေ။ ထုံးကျောက်တောင်ကျွန်းတွေ ၂၀၀၀နီးနီးလောက် ရှိတယ်။ သြချလောက်အောင် လှတဲ့ ရှုခင်းတွေနဲ့မို့ ၁၉၉၄ခုမှာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့တယ်တဲ့။ ဟလောင်းဘေးကိုတော့ တစ်ရက်စာ Tour package တွေ ဝယ်ပြီး သွားမှ အဆင်ပြေမှာ။ အစက ပင်လယ်ထဲက Cruise ပေါ်မှာပဲ နေရမယ်ထင်ပြီး ပျင်းစရာကြီးလို့ တွေးမိလိုက်သေးတယ်။ တကယ်တော့ ဘယ်ဟုတ်မလဲ။ ကျောက်တောင်တွေပေါ်လဲ တက်ရတယ်။ ဂူတွေထဲလဲ ဝင်ရမယ်။ ကျွန်းက ကမ်းခြေမှာလဲ ရေကစားလို့ရတယ်။ လှိုင်းငြိမ်တော့ Kayaking လုပ်လို့လဲ ကောင်းတယ်။ Cruise ပေါ်မှာ ငါးဖမ်း၊ ဟင်းချက်သင်တန်း ပါဝင်လို့လဲရတယ်။ အဲ့သည့်တော့ ပျင်းစရာ မကောင်းပါဘူးပေါ့။

သည်ရှုခင်းကြည့်ဖို့ လျှာထွက်အောင် တောင်တက်ခဲ့ရတယ်။ လှေကားတွေက မတ်တော့လေ။
တောင်တစ်ဝက်လောက်မှာ ဂူထဲဝင်ပြီး ကျောက်စက်ပန်းဆွဲတွေ ကြည့်ခဲ့ကြတယ်။
တောင်ပေါ်ရှုခင်းတွေက ဝိုးခနဲ ဖြစ်လောက်တယ်။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.