International Trip

Fill your life with adventures.

စားရိတ်သက်သက်သာသာနဲ့ ချင်းမိုင်ကို ဘော်ဒါတွေစုပြီး သွားလည်ကြမယ်

ချင်းမိုင်ရဲ့ Night life က အန္တရာယ်ကင်းပြီး ပျော်ဖို့ ကောင်းတယ်။ တောတောင်ရေမြေ အလှတရားတွေကို အပြည့်အဝ ထိန်းသိမ်းကာကွယ်ထားတယ်။ ခေတ်နှင့်အညီ လည်ပတ်စရာနေရာတွေ ဖန်တီးထားတယ်။ Adventures သမားတွေအတွက် Zipline မလား Rafting မလား? တည်းခိုစားသောက်စရိတ်ကို တွက်လိုက်ရင်လဲ မြန်မာနိုင်ငံနဲ့ နင်လားငါလားပဲ။ သွားလာစရိတ် လောက်ပဲ မြန်မာနိုင်ငံထက် အနည်းငယ်ပိုများမယ်။

ရာသီဥတု၊ နယ်မြေအနေအထား၊ မြို့တည်ဆောက်ပုံက မန္တလေး၊ ကလောနဲ့ ပြင်ဦးလွင် သုံးမြို့စပ်ထားသလိုမျိုး။ အစားအသောက်မှာလဲ မြန်မာပါးစပ်နဲ့ နီးစပ်တာမို့ ခံတွင်းပျက်စရာ အကြောင်းမရှိဘူး။ အချိန်ကွာဟမှုကလဲ နာရီဝက်တည်းပဲ။ သည်တော့ ဘာလိုသေးလဲ? တစ်ခါလောက်တော့ စိတ်တူကိုယ်တူ ဘော်ဒါ လေးငါးယောက်လောက် စုပြီး သွားလည်လိုက်ရအောင်။

ငွေကြေးကွာဟမှု

၁ဘတ် = ၄၄.၆ကျပ် (ဈေးအပြောင်းအလဲ ရှိတတ်ပေမယ့် ၄၄ကျပ် ပတ်လည်မှာပဲ ရှိလိမ့်မယ်။)

ပြည်တွင်းမှာ ဒေါ်လာဈေးက ၁၅၀၀ ကျော်တဲ့အထိ တက်နေတာမို့ ချင်းမိုင်ရောက်မှ ဒေါ်လာနဲ့ ဘတ်ငွေ လဲပြီး ကျပ်ငွေနဲ့ ပြန်တွက်လိုက်ရင် အင်မတန် နစ်နာတယ်။ အဲ့သည်တော့ ပြည်တွင်းမှာကတည်းက ဘတ်ငွေ ဝယ်သွားလိုက်ပါ။ လည်ပတ်ပြီးလို့ ဘတ်ငွေ ပြန်ပိုနေရင် ချင်းမိုင်က Money Exchange ကောင်တာမှာပဲ ဘတ်ငွေကို ဒေါ်လာနဲ့ လဲလာခဲ့လိုက်ပါ။ ရန်ကုန်ရောက်လို့ ဒေါ်လာကို ပြန်ရောင်းစားရင်တောင် ကျပ်ငွေနည်းနည်း ပြန်မြတ်ချင် မြတ်နေအုံးမှာ။

ဘယ်လိုသွားမလား?

ရန်ကုန်ကနေ ချင်းမိုင်ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ AirAsia လေကြောင်းလိုင်း ရှိတာမို့လို့ ဘန်ကောက်ကနေတဆင့် သွားနေစရာ မလိုတော့ဘူး။ လေယာဉ်လက်မှတ်က အသွားအပြန်မှ ဒေါ်လာ၈၀ ကျော်ကျော်လောက်ပဲ ကျမယ်။ လေယာဉ်ထွက်မယ့်ရက်က အင်္ဂါ၊ ကြာသပတေးနဲ့ စနေ တစ်ပတ်မှာ သုံးရက်ထွက်တယ်။ ချင်းမိုင်လေဆိပ်နဲ့ မြို့ထဲက နီးတယ်။ သည့်တော့ Taxi ငှားရင် ဘတ်၁၆၀ လောက် ပေးရမယ်။ ချင်းမိုင်မှာ ရှိတဲ့ ဟော်တယ် အများစုက လေဆိပ်နဲ့ဟော်တယ်ကို အကြို အပို့ free service ပေးတတ်ကြတယ်။ သည်တော့ Booking မတင်ခင် email နဲ့ အရင်စုံစမ်းထားပါ။ ချင်းမိုင်ရောက်ပြီဆိုတာနဲ့ လည်ပတ်ဖို့ ကားငှားရတော့မယ်။ ခရီးသည် လေးယောက်ဆန့်ပြီး Driver အပါ ကားသေးငှားမယ်ဆိုရင် တစ်ရက်ကို ဘတ်၉၀၀ ပေးရတယ်။ ခရီးသည် ၉ယောက်လောက် စီးလို့ရတဲ့ Toyota Hiace Van ကားကို Driver အပါ ဘတ်၁၈၀၀ ရှိတယ်။ တစ်ရက်ကို ၈နာရီ အချိန်ပေးပါလိမ့်မယ်။

ကားငှားရန် - https://www.facebook.com/thecarrent , https://chiangmaicarrent.co

ဆက်သွယ်ရေး

၃ရက်စာ အကန့်အသတ်မရှိ အင်တာနက်ပါ SIM card က ဘတ်၂၀၀ ရှိပြီး ၈ရက်သုံးက ဘတ် ၃၀၀ ကျတယ်။ ကိုယ်သွားတုန်းက ၄ရက်ပဲ နေမှာမို့လို့ ၃ရက်ကဒ်ပဲ ယူခဲ့လိုက်တယ်။ ၄ရက်မြောက်နေ့မှာ SIM card က မနက်ပိုင်းထိ သုံးလို့ ရနေသေးတာရယ်၊ လေဆိပ်ဆင်းရုံပဲဆိုတော့ ၃ရက်ကဒ်ဆိုရင် အဆင်ပြေနေပါပြီ။ သွားရင်းလာရင်း၊ ဓာတ်ပုံရိုက်ကျရင်း လူများရင် များသလို အဖွဲ့က ကွဲသွားတတ်တယ်။ သည်လိုအချိန်မှာ ဆက်သွယ်ရေးက သိပ်အရေးပါလာရော။ Viber ဖြစ်ဖြစ်၊ Messenger မှာဖြစ်ဖြစ် Group Chat လေးတော့ ဖွဲ့ထားပါ။

နိုင်ငံရေး ဗဟုသုတအကျဉ်း

"ဇင်းမယ်မြို့ဟာ မြို့ရံ ၅၇မြို့ဖြင့် အင်အင်းတောင့်တင်းပြီး တစ်ကြိမ်တစ်ခါမှ မပျက်စီးဖူးဘူးလို့ ကျော်ကြားသောကြောင့် ဇင်းမယ်ကို သိမ်းပိုက်ပြီး လက်နက်နိုင်ငံတော် ထူထောင်သင့်ကြောင်းပါ ဘုရား။" သည်စကားစုကို ဗညားပရံအမတ်မှ ၁၅၅၆ခုမှာ ဘုရင့်နောင်မင်းတရားကြီးကို လျှောက်ထားခဲ့တာ ဖြစ်တယ်။ ထို့နောက်မှာ ဘုရင့်နောင်မင်းတရားဟာ ဇင်းမယ်ကို သိမ်းပိုက်ခဲ့ပြီး ဒုတိယမြန်မာနိုင်ငံတော် အင်ပါယာကို တိုးချဲ့ခဲ့တယ်။ ၁၇၉၇ခု ဘိုးတော်ဘုရားလက်ထက်မှာတော့ ချင်းမိုင်ဘက်မှ ယိုးဒယားတို့ ကူသဖြင့် အပြီးတိုင် လက်လွှတ်လိုက်ရတယ်။ မြန်မာတို့မှ ဇင်းမယ်လို့ ခေါ်ခဲ့တဲ့ ချင်းမိုင်ကို မိုင်းရဲဘုရင်မှ ၁၂၉၆ခုနှစ်မှာ မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့ပါတယ်။ မြို့သစ်လို့ အဓိပ္ပာယ် ရတယ်။

ဘယ်နေရာတွေ သွားမလဲ?

၁) Queen Sirikit Botanical Garden

ထိုင်းနိုင်ငံမှာ ပထမဦးဆုံး နိုင်ငံတကာအဆင့်မှီ ရုက္ခဗေဒဥယျာဉ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဥယျာဉ်လဲ ဖြစ်တယ်။ သီရိခေတ်ဘုရင်မ ရုက္ခဗေဒဥယျာဉ် ဟာ ပြင်ဦးလွင်က အမျိုးသားကန်တော်ကြီးဥယျာဉ်လိုပဲ ပန်းမျိုးစုံနဲ့ သိပ်ကို သာယာတယ်။ သာသွားတာတစ်ခုက မှန်လုံအိမ်ထဲမှာ ပန်းပင်တွေကို စနစ်တကျစိုက်ထားပြီး အလှဓာတ်ပုံ ရိုက်လို့ရအောင် သေချာ စီမံပေးထားတာမျိုးပေါ့။ ဓာတ်ပုံတွေ အမုန်းရိုက်လို့ ရပြီး ပုံကောင်းလေးတွေ ထွက်လာတော့ ပျော်တာပေါ့။ ဥယျာဉ်ရဲ့ တောအုပ်ထဲမှာ Canopy Walkway က နာမည်ကြီးတယ်။ သံထည်နဲ့ဆောက်ထားတဲ့ တံတားရှည်ကြီးပေါ့။ မှန်တံတားသာဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ပြင်ဦးလွင် ကန်တော်ကြီးထဲက သစ်သားတံတားနဲ့ ခပ်ဆင်ဆင်ပါပဲ။ ညနေ ၄နာရီခွဲလောက်ဆို ပိတ်ပြီမို့ စောစော သွားလိုက်ပါလို့။

မှန်လုံအိမ်နဲ့ ကျကျနန စိုက်ထားတဲ့ သစ်ခွခြံ
Canopy Walkway မှာ အေးအေးဆေးဆေး လမ်းသလား

ဝင်ကြေး - ဘတ် ၁၀၀ (နိုင်ငံခြားသား)

၂) Mae Kampong Village

Home stay နေဖို့အတွက် အထူးသင့်လျော်တဲ့ တောင်ပေါ်ရွာလေးပါ။ အိမ်အများစုက သစ်နဲ့ဆောက်ထားပြီး ဝရံတာတွေကို လိမ်ကောက်ကောက်သစ်ကိုင်းတွေနဲ့ ယှက်ပြီး အလှဆင်ထားတယ်။ Cafe တွေ အများကြီးရှိပြီး ဆိုင်တိုင်းက ဝင်ထိုင်ချင်စရာလေးတွေ။ သူ့ရဲ့သဘာဝ အနေအထားက ကလောနဲ့ အတော်လေး နီးစပ်တယ်။ ဝါကျွတ်ရင် မင်္ဂလာဆောင်ဖို့ စီစဉ်ထားတဲ့စုံတွဲတွေ Honeymoon ထွက်လိုက်ရင် ကြည်နူးဖို့ သိပ်ကောင်းမှာ။ သူငယ်ချင်းတွေ စုပြီး သွားလဲ ပျော်ဖို့ ကောင်းမှာ ဧကန်ပဲ။ စွန့်စွန့်စားစား ကြိုက်တဲ့သူတွေအနေနဲ့ Zipline လုပ်လို့လဲ ရသေးတယ်ဆိုတော့ ဘာလိုသေးလဲ။

၃) Baan Chang Elephant Farm

Baan Chang ဆင်စခန်းက ဆင်တွေက ကယ်ဆယ်ရေး လုပ်ပြီး မွေးထားတဲ့ ဆင်တွေမို့လို့ သူတို့နဲ့ activities အများကြီး လုပ်လို့ မရဘူး။ ရေချိုးပေးတာ၊ အစာကျွေးတာ၊ ဓာတ်ပုံတွဲရိုက်တာ နဲ့ နီးနီးနားနား စီးတာလောက်ပဲ ခွင့်ပြုထားတယ်။ ဆင်စခန်းဝင်ကြေးက ရတဲ့ငွေနဲ့ နောက်ထပ် ဆင်တွေကို ကယ်ဆယ်ရေး လုပ်ပေးတယ်လို့ သိရတယ်။ ဥပမာ ဆပ်ကပ်ပြစားနေရတဲ့ ဆင်မျိုး၊ တောထဲမှာ Tourists တွေရဲ့ စီးတော်ယာဉ်လို ဆင်မျိုး၊ သစ်စခန်းမှာ ပင်ပန်းနေတဲ့ ဆင်မျိုးပေါ့။ သည်တော့ အပျော်ထက် ကရုဏာသက်ဖွယ်နေရာဆိုလည်း မမှားဘူး။ အမှတ်တရ အနေနဲ့ ဆင်ကို ရေချိုးပေးနေတုန်း ဆင်က အီးပါချလိုက်လို့ ကန်ထဲကနေ ပြေးတက်လာခဲ့ရသေးတယ်။ ချင်းမိုင်မှာ ဆင်ချီးနဲ့ လုပ်ထားတဲ့ စာအုပ်တွေလဲ ရောင်းသေးတာမို့ အမှတ်တရ ဝယ်ခဲ့ချင်လည်း ရတယ်။

၎) Bor Sang Umbrella Village

စက္ကူထီးလုပ်တဲ့ နေရာမျိုးပါ။ ယိုးဒယားရိုးရာထီးက ပုသိမ်ထီးနဲ့ အတူတူပါပဲ။ သူတို့က ထီးလုပ်ပုံ အဆင့်ဆင့်ကို အရင်ရှင်းပြတယ်။ ပြီးရင် အရောင်ဆိုးပြီးသား ထီးရွက်ပေါ်မှာ စိတ်ကြိုက် ဆေးရောင်ခြယ် အလှဆင်လို့ရအောင် စီစဉ်ပေးတယ်။ ထီးလုပ်နေသူ အများစုက သက်ကြီးရွယ်အိုတွေ များတယ်။ အဘိုးအဘွားတွေကို အလုပ်အကိုင် ပေးထားနိုင်တာမို့လို့ အတော် သဘောကျတယ်။ သူများနိုင်ငံတွေများ လုပ်စားတတ်လိုက်ကြတာ။ ကိုယ်တွေဆီမှာလဲ သည်လိုနေရာတွေ ရှိပေမယ့် မပြစားတတ်ကြသေးဘူး။ ပုသိမ်က နိုင်ငံခြားသား အဝင်အထွက် နည်းတယ်ဆိုရင်လဲ နိုင်ငံခြားသား အဝင်အထွက်များတဲ့ မန္တလေးဘက်မှာ အိုးပုတ်လုပ်ပုံပြပြီး သူတို့ကို ဆေးခြယ်ခိုင်းပြီး ပိုက်ဆံရှာလို့ ရသားပဲ။ အိုးပုတ်ပွဲတော်ကလည်း ရှိနေပြီးသားလေ။

၅) Naenna Textiles Studio

ဓာတုဆေး လုံးဝ မပါဘဲ သစ်ရွက်၊ သစ်ခေါက်တွေ သုံးပြီး ချည်ထည်ပေါ်မှာ ဘယ်လို ဆေးဆိုးပြီး ဒီဇိုင်းဖော်မလဲ ဆိုတာ ပြသပေးတဲ့ နေရာမျိုးပါ။ အရောင်အမျိုးမျိုးပေါ် မူတည်ပြီး ကွဲပြားတဲ့ သစ်ရွက်၊ သစ်ခေါက်တွေနဲ့ ဆိုးဆေး စပ်ကြတယ်။ ကိုယ်လိုချင်တဲ့ ဒီဇိုင်းပေါ် မူတည်ပြီး ပိတ်ဖြူစကို ပုံဖော်ခေါက်ကာ ပိုက်လုံးမှာ ပတ်ချည်သွားရတယ်။ ပြီးမှ သစ်ခေါက်ဆိုးဆေးရည်ထဲ နှစ်ချလိုက် အခြောက်ခံလိုက်နဲ့ ဆေးမြဲအောင် ၅ကြိမ်လောက် လုပ်ပေးရတယ်။

၆) Baan Kang Wat

အနုပညာရပ်ဝန်း လို့ပဲ ဆိုရမလား။ ဝင်းထဲမှာ cafes တွေအပြင်၊ ထူးထူးဆန်းဆန်း အနုပညာ ဖန်တီးမှုတွေ တွေ့ရလိမ့်မယ်။ အချို့ဆိုင်တွေမှာ ကိုယ်တိုင်ဝင်ပြီး လုပ်လို့ရတဲ့ activities တွေ ရှိတယ်။ ဖန်ပုလင်းလေးထဲမှာ အရင်ဦးဆုံး မြေသြဇာထည့်၊ ပြီးမှ ကျောက်တုံးတွေ ရေညှိ ရေမှော်တွေကို ဇာဂနာဆိုဒ်အမျိုးမျိုးနဲ့ ယူထည့်ပြီး ဒီဇိုင်းဖော်ရတယ်။ ကိုယ်က အဲ့လို နုနုရွရွလေးတွေ သိပ်မခံစားတတ်တော့ ပျင်းဖို့ကောင်းတယ်။

၇) Doi Suthep

Doi ဆိုတာ တောင်ပေါ်လို့ အဓိပ္ပာယ် ရတယ်တဲ့။ Doi Suthep တောင်ပေါ်ဘုရား View point ကနေ ကြည့်ရင် ချင်းမိုင်တစ်မြို့လုံးကို စီးမြင်ရတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် မန္တလေးတောင်ကနေ မန္တလေးမြို့ကို စီးမိုးကြည့်လိုက်ရသလို မျိုးပဲ။ ချင်းမိုင်မှာ အင်မတန် တန်ခိုးကြီးတဲ့ ဘုရား မို့လို့ ကြိတ်ကြိတ်တိုး စည်ကားတယ်။ စေတီကို လက်ယာရစ်လှည့်ပြီး သုံးပတ်ပတ် ဖူးမျှော် ပူဇော်ခဲ့ပါတယ်။

သုမနမထေရ်မြတ်ဟာ အိမ်မက်အရ ဂေါတမမြတ်စွာဘုရားရဲ့ ပုခုံးရိုးဓာတ်တော်တစ်ဆူ ရှာဖွေရရှိခဲ့တယ်။ ဓာတ်တော်ဟာ ရောင်ခြည်ခြောက်သွယ် ကွန့်မြူးပြခြင်း၊ ပျောက်ကွယ်ပြခြင်း၊ နေရာရွေ့ကာ ပြန်ပေါ်လာခြင်း၊ ဓာတ်တော်ပွားများလာခြင်း စသည်ဖြင့် တန်ခိုးတော် အမျိုးမျိုး ပြတယ်။ ဓာတ်တော်ရဲ့ သတင်းကို ကြားတဲ့ နုနုန်းဘုရင်ဟာ သုမနမထေရ်ကို ပင့်ဖိတ်လေတော့တယ်။ ဓာတ်တော်ကို ပင့်ဆောင်လာရာ လန်းဖန်မြို့ အရောက်မှာ ၂ခြမ်းကွဲတော်မူတယ်။ ဓာတ်တော်တစ်ဆူကို ဆန်ဒေါ့ခ် ဘုရားကျောင်းမှာ ပူဇော်ထားပြီး အခြားတစ်ဆူကို ဆင်ဖြူတော်ပေါ်တင်ပြီး အဓိဌာန်ပြုကာ တောထဲသို့ လွှတ်လိုက်တယ်။ ဆင်ဖြူတော်ဟာ Doi Suthep တောင်ပေါ်တက်သွားပြီး သုံးကြိမ်တိုင်တိုင် အော်မြည်ခဲ့ပြီးနောက် လဲကျ သေဆုံးသွားတယ်။ ထိုနေရာမှာပဲ ဓာတ်တော်ကို ဌာပနာပြီး စေတီတည်ခဲ့တာလို့ မှတ်သားရတယ်။

ကေဘယ်ကားစီးခ - ဘတ် ၃၀

၈) Doi Kham

တောင်ပေါ်မှာ တည်ထားတဲ့ ရွှေစေတီဖြစ်ပြီး စေတီရင်ပြင်မှာ များလှစွာသော မောင်း တွေ ရှိတယ်။ Doi Sutep လောက် လူမများလို့ ဘုရားဖူးရတာ အေးအေးဆေးဆေး ရှိတယ်။ တောင်ပေါ်ရှုခင်းတွေကလည်း လှပပါပေတယ်။ သမိုင်းကြောင်းအရ လန်းဖန်မြို့ရဲ့ ဘုရင်မ Jammathewee လက်ထက် ၁၂၃၀ခုလောက်က ဘုရင်မရဲ့ သားတော် နှစ်ပါးမှ တည်ခဲ့တာလို့ သိရတယ်။ မူလဘွဲ့တော်က Suwannabanpot ဘုရား ဖြစ်ပြီး ဒေသခံတွေကတော့ Doi Kham လို့ပဲ ခေါ်ကြတယ်။ ရင်ပြင်က တန်စောင်းတစ်ခုမှာ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ စံပယ်တယ်။ တစ်ဆူက ရွှေဆင်းတုတော်ဖြစ်ပြီး တစ်ဆူက ဥာဏ်တော် ငါးလက်မ မြင့်တဲ့ မြဆင်းတုတော် ဖြစ်တယ်။ အဲ့သည့် တန်စောင်းမှာတော့ လူစည်ကားလှတယ်။

Adventure ကြိုက်တဲ့ သူတွေ အနေနဲ့ Rafting တစ်ရက်လောက်တော့ လုပ်ကြည့်သင့်တယ်။ ဘတ်၁၄၈၀ ကျမှာ ဖြစ်ပြီး ဟိုတယ် အကြို၊ အပို့ နှင့် နေ့လည်စာ ပါဝင်တယ်။ သွားချင်ရင် https://chiangmaitour.net/tours/rafting-chiang-mai/ မှာ ကြည့်လိုက်ပါ။

Shopping ထွက်မယ်ဆိုရင်

၁) One Nimman Community Mall

One Nimman Community Mall, Maya Lifestyle Shopping Center နဲ့ Think Park သုံးနေရာက သုံးပွင့်ဆိုင် ရှိနေတာ။ One Nimman က ဥရောပဆန်ဆန် အဆောက်အအုံပုံမျိုးနဲ့ ဓာတ်ပုံ ရိုက်လို့ သိပ်ကောင်းတယ်။ Shopping အတွက်ကျတော့ ဈေးများတယ်။ ရိုးရိုးရှင်းရှင်း ဦးထုပ်လေးတောင် ဘတ် ၂၀၀၀ ကျော်တယ်။ ကိုယ် ဘတ်ငွေလဲတာ ၁ဘတ်ကို ၄၄.၆ကျပ် ပေးရတယ်။ ဆိုတော့ကာ Window shopping နဲ့ ဓာတ်ပုံရိုက်ဖို့အတွက်လောက်ပဲ အားပေးတယ်။

၂) Think Park

Think Park ကတော့ တောက်လျှောက် cafe တွေကို တန်းစီနေတာပဲ။ ဆိုင်လေးတွေက ချစ်ဖို့ကောင်းပြီး ဟိုနားလဲ ဓာတ်ပုံရိုက်ချင်စရာ သည်နားလဲ ဓာတ်ပုံရိုက်ချင်စရာ ဆိုပါတော့။ ကိုယ်ကတော့ ကြောင်ရုပ်ကြီးနဲ့ မြောင်မြောင့်မြောင် pose ပေးခဲ့တယ်။

၃) Warorode Market

လက်ဆောင်ဝယ်လို့ အကောင်းဆုံး နေရာပါပဲ။ ဆိုင်အများစုက ဈေးမှန်တယ်။ သိမ်ကြီးဈေးနဲ့ ယုဇနာပလာဇာ မြေညီထပ် ပေါင်းထားသလိုမျိုး။ အိမ်ပြန်လက်ဆောင် အစားအသောက် အခြောက်အခြမ်းတွေ ပေါမှပေါ။ အထူးသဖြင့် ချင်းမိုင်ဝက်အူချောင်း၊ ဝက်ခေါက်ကင်၊ အသီးခြောက်၊ ခရမ်းသီးထောင်းတွေ အတော်စားကောင်းတယ်။ ခရမ်းသီးထောင်းနဲ့ ဝက်အူချောင်းကိုတော့ luggage ထဲ ထည့်သယ်မှ ရမယ်။ Hand carry မရနိုင်ဘူး။ ကျန်တဲ့ စားစရာ အခြောက်အခြမ်းတွေကတော့ Hand carry သယ်သွားလို့ ရပါတယ်။ ချင်းမိုင် ဂျက်ခုတ်ထည်ပတ်ထမိန်တွေဆိုရင် တစ်ထည်ကို ဘတ် ၁၀၀ ပဲပေးရတယ်။

၎) Wualai Saturday Walking Street

မြို့ဟောင်းမှာရှိပြီး ဈေးတန်းကတော့ တိုတိုလေးပါပဲ။ ဒါပေမယ့် ပွဲဈေးတန်းတို့ရဲ့ ရိုးရာအတိုင်း စည်းကားပြီး တိုးကြိတ်နေရတယ်။ Hand made အမှတ်တရ ပစ္စည်းတွေအပြင် ပြည်တွင်းထုတ်ကုန်တွေ ခင်းကျင်းရောင်းချကြတယ်။ ဈေးစစ်တတ်ဖို့တော့ လိုတယ်။ ရှပ်အကျီင်္လေးတွေဆိုရင် ဘတ် ၁၀၀ နဲ့ ရနိုင်တယ်။ ၁၃ဘတ် တောင်းတဲ့ သော့ချိတ်တွေကို ၁၀ဘတ်နဲ့ စစ်တတ်ရတယ်။ အိမ်စီးဖိနပ်လေးတွေဆိုရင် ၂၅ဘတ် နဲ့ ရတယ်။ ၁၀နာရီခွဲလောက်ဆိုရင် ပိတ်ပြီ။

၅) ThaPae Sunday Night Market

ညဈေးတန်းက ThaPae ဂိတ်ကနေ စပြီး Ratchadamnoen လမ်းမတလျှောက်လုံး ရှည်လျားတယ်။ အနည်းဆုံး ၁ကီလိုမီတာလောက်တော့ ရှည်မယ်။ အစည်းကားဆုံး ညဈေးဖြစ်သည်နှင့်အညီ Hand made၊ လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စားစရာမျိုးစုံ ရတဲ့အပြင် ငြိမ့်ငြောင်းတဲ့ဂီတကိုပါ ခံစားနိုင်သေးတယ်။ ညနေ ၄နာရီကနေ ၁၂နာရီထိ ဖွင့်တယ်။

၆) Nimman Road

Week days ညဘက်တွေမှာ အချိန်ဖြုန်းလို့ အကောင်းဆုံး လမ်းမကြီးပါပဲ။ စားသောက်ဆိုင်မျိုးစုံ၊ ဘား၊ rooftop bars၊ ကလပ်၊ cafe၊ စတိုးဆိုင်၊ လူသုံးကုန်ပစ္စည်းဆိုင် ပေါင်း မြောက်များစွာဟာ လမ်းမကြီးဘေး တစ်ဖက်တစ်ချက်စီတိုင်းမှာ ရှိတယ်။ ဒွန့်လို့ကောင်းနေတုန်း ၁၂နာရီ ဒေါင် ဆိုတာနဲ့ ကလပ်တွေ ပိတ်ကုန်လို့ အားမလို အားမရ ပြန်ကြရတဲ့ လူတွေလဲ ဘုံဘောလအော။ မည်သို့ပင် ဆိုစေကာမူ ချင်းမိုင်ရဲ့ night life ကတော့ အန္တရာယ်ကင်းကင်းနဲ့ ပျော်ဖို့ သိပ်ကောင်းပါတယ်။

စားမယ်သောက်မယ်

၁) Rak Tha Nam Restaurant

ချင်းမိုင်မှာ စားခဲ့သမျှ ဆိုင်တွေထဲမှာ လက်ရာအကောင်းဆုံး ဆိုင်ပါပဲ။ ထည့်ပေးထားတဲ့ ထမင်းအပြင် လိုက်ပွဲပါ စားမိတယ်။ ဝက်ကလီစာချက်၊ ငါးချိုချဉ်ကြော်၊ ဝါးရွက်နဲ့ထုပ်ထားတဲ့ကြက်ကင်၊ ကျွဲကောသီးသုတ်၊ ခရမ်းသီးငပိချက်တို့စရာ အဲ့ဒါတွေ အရမ်းကို စားကောင်းတာ။ Smootie ကအစ ကောင်းမှကောင်းပဲ။

၂) Woo Cafe

ဆိုင်ထဲဝင်လိုက်တာနဲ့ WoW ခနဲ ဖြစ်သွားစေလောက်အောင် အပြင်အဆင် အခင်းအကျင်းတွေက အနုပညာလက်ရာ မြောက်လွန်းတယ်။ ဒုတိယထပ်မှာ Art Gallery အခန်းအသေးလေး သုံးခန်း ရှိပါတယ်။ အစားအသောက် ပြင်ဆင်ပုံက အမြင်နဲ့တင် စားချင်စိတ် တဖွားဖွားဖြစ်စေတယ်။ အရသာမှာတော့ ချိုတယ်၊ အီတယ်၊ စိမ့်တယ်။ ဟင်းချိုတစ်ဇွန်းတည်းမှာတင် ချိုတဲ့အရသာနဲ့ ချဉ်တဲ့အရသာက သတ်သတ်စီ ပေါ်လာတာမျိုး။ ကိုယ်တော့ ဟင်းတွေရဲ့ အရသာကို မထောက်ခံဘူး။ ချဉ်တဲ့အသီးနဲ့ ဖျော်တဲ့ အအေး မှာချင်ရင်တော့ အချိုပိုထည့်ခိုင်းပါ။ ကိတ်မုန့်တွေကတော့ စိမ့်ပြီးတော့ တကယ့်ကိုကောင်းတယ်။ ဓာတ်ပုံရိုက်ဖို့အတွက်တော့ အပြည့်အဝ ထောက်ခံပါတယ်။ ဆိုင်က လာစာတဲ့သူတွေလဲ များလွန်းတယ်။

၃) Oh Ka Jhu Farm Be Organic Restaurant

လူစည်လွန်းလို့ ကြိုတင် booking တင်ထားရတဲ့ ဆိုင်တွေထဲက တစ်ဆိုင်ပေါ့။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဘာမှ မသုံးထားတဲ့ ၁၀၀% အောဂင်းနစ်အစားအသောက်တွေ ရတဲ့ ရှားရှားပါးပါးဆိုင်လေး။ အဲ့ဆိုင်က ဝက်နံရိုးကင်ကို ပြန်ချက်ထားတာရယ်၊ ဆော်လမွန်ဆလပ်ရယ်၊ ဝက်အူချောင်း၊ ငါးတန်ပူရာ အရမ်းကို စားကောင်းတယ်။ Coconut Smoothie ကိုတော့ မကြိုက်ဘူး။

၎) Cuisine de Garden

Luxury ဆန်ဆန် တို့စိတို့စိနဲ့ လှတပတလေး စားချင်ရင်တော့ အဲ့ဆိုင်ကို သွားကြည့်သင့်တယ်။ စစချင်းမှာ ဇွန်းတစ်ဇွန်းနဲ့ စားစရာပိစိလေး လာချတယ်။ စားကြည့်မှ သိပ်မချဉ်တဲ့ ခပ်စိမ့်စိမ့် ဒိန်ချဉ်အရသာ ဖြစ်နေတယ်။ နည်းလှချည်လားဆိုတော့ အဲ့ဒါ ခံတွင်းရှင်းဖို့ ကျွေးတာတဲ့။ ဟင်းပွဲတွေက နောက်မှလာတာ။ ဟင်းအမယ်ရဲ့ မူလအရသာကိုမှ ကြိုက်တယ် ဆိုသူတွေ အကြိုက်တွေ့မယ့် ဆိုင်မျိုးပါ။ ကိုယ်တွေလို လျှာထူနေတဲ့လူတွေနဲ့တော့ သိပ်ကီးမကိုက်လှဘူး။

၅) Teen Tok Royal Rroject Development Center

Mae Kampong Village မှာပဲရှိတယ်။ ခုတလော ခေတ်စားနေတဲ့ Giant Tree Cafe နဲ့လဲ သိပ်မဝေးတော့ဘူး။ Teen Tok ဆိုင်က မြက်ခင်းစိမ်းနဲ့ ပန်းခြံလေးပါတဲ့ ဆိုင်မျိုးလေး။ View လှတယ်။ အရသာ ကောင်းတယ်။ အဲ့ဆိုင်က ဆန်လုံးညိုထမင်းကတော့ မဆိုးဘူး။ စားလို့ကောင်းတယ်။ အခြားဆိုင်က ဆန်လုံးညိုထမင်းတွေကတော့ သိပ်မစားနိုင်ခဲ့ဘူး။ မှိုတန်ပူရာကြော်နဲ့ ဝက်သားဟင်းကို မြည်းစမ်းကြည့်စေချင်ပါတယ်။

၆) Chomnok Chommai Cafe

Mae Kampong Village ရဲ့ view point cafe တစ်ခုပေါ့။ ကော်ဖီ၊ ကိတ်နဲ့ အအေးတွေ ရတယ်။ သူက အစားအသောက်ထက် ရှုခင်းအလှအပ ခံစားဖို့ သွားကြတာ များတယ်။ တောင်ကြားထဲက Guesthouse, cafe & restaurant, အိမ်တွေကို အတိုင်းသား မြင်နေရတဲ့နေရာလေးပါ။ တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံတွေ အပီအပြင် ရိုက်ကြတဲ့ View point တွေထဲက တစ်ခုပေါ့။ တလူလူလွင့်နေတဲ့ ထိုင်းအလံနဲ့လဲ ရိုက်ခဲ့အုံးနော်။

၇) Pansawan Boutique Restaurant

စိမ်းစိမ်းစိုစို လယ်တောလေးထဲမှာ စားရတဲ့ ခံစားချက်မျိုး ရတာမို့ အနောက်တိုင်းသားတွေ အကြိုက် ပုံစံမျိုးပါ။ Trip advisor မှာ rating 5 ပေးထားပေမယ့် ကိုယ်တော့ သိပ်မကြိုက်လှဘူး။ ရိုးရာအစားအသောက်တွေထဲက မျှစ်နဲ့ ခရမ်းချဉ်သီး ငါးပိချက်လောက်ပဲ စားနိုင်ခဲ့တယ်။ အချိုပွဲကလဲ အီစိမ့်နေရော။

၈) Khow Soi Lamduan Faharm

Khow Soi ဆိုတာ ကိုယ့်အတွက်တော့ အုန်းနို့ခေါက်ဆွဲရယ်၊ ရွှေတောင်ခေါက်ဆွဲရယ်ကို ရောပြီး မဆလာ ထည့်ထားတဲ့ အရသာမျိုး။ ဒေသခံတွေ အထူးကြိုက်နှစ်သက်ကြပေမယ့် ကိုယ့်အတွက်တော့ အဆင်မပြေပါ။ ဝက်အူချောင်းကြော်နဲ့ ဆာတေးလောက်ပဲ စားခဲ့နိုင်တယ်။

၉) Gopuek Godum

နံနက်စာအတွက် ဒေသခံတွေ တန်းစီရလောက်အောင် အင်မတန် နာမည်ကြီးတဲ့ဆိုင်ပါ။ ဆိုင်က ရိုးရိုးလက်ဖက်ဆိုင်မျိုးလေး။ မနက်စောစော သွားထားမှ တော်ကာကြမယ်။ ထူးထူးဆန်းဆန်း စားစရာမျိုး မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ အရသာခံ စားလို့ကောင်းတဲ့ စားစရာမျိုးတွေ ရတယ်။

၁၀) The Service 1921 Restaurant & Bar

Anantara Chiang Mai Resort ထဲမှာ ရှိပြီး ခပ်မှိုင်းမှိုင်းအရောင်တွေနဲ့ classic ဆန်ဆန် ပြင်ဆင်ထားပါတယ်။ အစားအသောက်တွေကလဲ luxury ဆန်ဆန် အရည်အသွေး ခပ်မြင့်မြင့်တွေပဲ ရနိုင်တယ်။ ဈေးလဲ အင်မတန်ကြီးလို့ budget နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ Luxuy အစားအသောက်တွေမှ မြည်းစမ်းချင်တယ်ဆိုရင်တော့ သွားစားသင့်တဲ့ ဆိုင်အနေနဲ့ ညွှန်လိုက်ပါတယ်။

၁၁) Oasis Spa

သာယာငြိမ့်ညောင်း မွှေးပျံ့သင်းကြိုင်စွာ အကြောအချဉ်တွေ ပြေခဲ့ရတဲ့ spa မို့လို့ အင်မတန် ကြိုက်မိတယ်။ ခပ်ကျယ်ကျယ် ဝန်းထဲမှာ အဆောင်ဆောင် အခန်းခန်းနဲ့ဆိုတော့ ရှယ်တကာ့ရှယ် spa လို့ပဲ ညွှန်းလိုက်ချင်တယ်။

ဟော်တယ်အနေနဲ့ s17 @ Nimman Hotel နဲ့ Rati Lanna Hotel မှာ တည်းခိုခဲ့ပါတယ်။ Budget အနေနဲ့ သွားမယ်ဆိုရင်တော့ ၃သောင်းအောက် Guesthouse တွေ ပေါပေါများများ ရှိပါသေးတယ်။

ချင်းမိုင်ခရီးစဉ်မှာ Budget ပုံစံကော၊ Luxury ပုံစံပါ သွားလာနေထိုင်စားသောက် ခဲ့ပါတယ်။ Budget နဲ့ သွားမယ်ဆိုရင် $350 နဲ့ $400 ကြား ကုန်ကျနိုင်ပြီး luxury ဆိုရင်တော့ သုံးရင်သုံးသလို အကုန်အကျ ကြီးသွားနိုင်ပါတယ်။

ခရီးစဉ်တစ်ခုလုံး အချိန် ကျစ်ကျစ်လစ်လစ်နဲ့ မပင်မပန်း သွားလာနိုင်အောင် အသေးစိတ် စီစဉ်ပံ့ပိုးပေးတဲ့ AirAsia လေကြောင်းလိုင်းကိုလည်း ကျေးဇူးတင်မိရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan

#flytochiangmai #flywiththeworldbest #airasia

Copyright © 2019 Traveller Chan. All Rights Reserved.