Adventure Trip

Fill your life with adventures.

အာဆီယံအမွေအနှစ် အရိုင်းပန်းတစ်ပွင့် - Day 3 ချင်းရွာများနှင့် တောတွင်း Trekking

"အောက်အီးအီး... အွတ်ခ်" ကြမ်းခင်းအောက်က ကြက်ဖတွန်သံနှင့်အတူ နိုးလာခဲ့တယ်။ အေးစခန်းရဲ့ အေးစိမ့်နေတဲ့ အအေးဓာတ်ကြောင့် လူက တစ်ညလုံး ကောင်းကောင်း အိပ်မရခဲ့ဘူး။

ငြီစီစီဖြစ်နေပေမယ့် အခန်းပြတင်းပေါက်က လှမ်းမြင်လိုက်ရတဲ့ တိမ်ပင်လယ်ကြားမှ နေထွက်ချိန် ရှုခင်းက သိပ်လှတဲ့အတွက် လူက တဖန် လန်းဆန်းသွားတယ်။ Guest House အရှေ့မှာရှိတဲ့ ရေချိုးခန်းမှာ ထင်းမီးနဲ့ကျိုထားတဲ့ ရေနွေးလေးနဲ့ ခြေလက်ဆေး မျက်နှာသစ် သွားတိုက်ကြတယ်။ Trekking လမ်းကြောင်းအစဖြစ်တဲ့ ရှိန်းရွာကို နံနက် ၉နာရီ သွားဖို့ စီစဉ်ထားကြတာဆိုတော့ နံနက်စာကို ခပ်သွက်သွက်ပဲ စားလိုက်သည်။ နံနက်စာအနေနဲ့ ဆာဘူးသီး လို့ ခေါ်တဲ့ ချင်းဆန်ပြုတ် စီစဉ်ပေးထားတယ်။ ချင်းဆန်ပြုတ်မှာ ပြောင်းဖူးနဲ့ပြုတ်တဲ့ ဆာဘူးသီးရယ်၊ ပဲနဲ့ပြုတ်တဲ့ ဂသွီးရယ် ဆိုပြီး နှစ်မျိုးရှိပြီး အသားတစ်မျိုးမျိုးနဲ့ ရောပြုတ်ကြတာမျိုးပေါ့။ နွားနောက်သားမပါ ပေါ့ရွှတ်ရွှတ် ဆာဘူးသီးရဲ့ အရသာက ကိုယ်နဲ့ အံဝင်ဂွင်ကျ မဖြစ်လှတာမို့ ၃ဇွန်းထက် ပိုမစားနိုင်ခဲ့ဘူး။ မိုးစင်စင်လင်းလာသည်နှင့်အမျှ တိမ်ပင်လယ်တွေလည်း ကျဲပါးစပြုလာပြီ။ တိမ်ပင်လယ်အောက်က မင်းတပ်မြို့ကိုတောင် ခပ်ပျပျ လှမ်းမြင်နေရတယ်။ နွားနောက်တစ်ကောင်နဲ့ ချစ်စရာ ချင်းခွေးလေးတစ်ကောင်တွေ့လို့ ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ ရှိန်းရွာကို ကားစီးသွားကြတယ်။

အေးစခန်းမှာ နံနက်စာစားရင်း တိမ်ပင်လယ်ကို ရှုစားနိုင်ပါတယ်။
နေမြင့်လာသည်နှင့်အမျှ တိမ်ပင်လယ်တွေ တဖြေးဖြေး ကျဲပါးလာလိုက်တာ မင်းတပ်မြို့ကိုတောင် ခပ်ပျပျလေး လှမ်းမြင်နေရပြီ။
အေးစခန်းမှာ မွေးထားတဲ့ ချင်းခွေးလေးက လူယဉ်ပြီး သိပ်ချစ်ဖို့ကောင်းတယ်။ ရာသီဥတုအေးလို့ထင်ပါရဲ့။ အနည်းငယ် တုန်ရီနေတယ်။

ရှိန်းရွာကို ရောက်တော့ နံနက် ၉နာရီခွဲ။ သည်နေ့အတွက် Trekking လမ်းကြောင်း ကြာမြင့်ချိန်ကို ပျမ်းမျှ ၆နာရီလို့ Tour Guide က သတ်မှတ်ပေးထားတယ်။ ရှိန်းရွာကနေ ရွာလေးရွာကို ဖြတ်သန်းပြီး တောထဲကို ဝင်ရမယ်။ တောထဲကနေမှ မင်းတပ်မြို့ကိုသွားတဲ့ ကားလမ်းမပေါ် ဖောက်တက်ရမှာ။ ညမမှောင်ခင် မင်းတပ်မြို့ကို ရောက်ဖို့ ရည်ရွယ်ထားတယ်။ တစ်ရွာနှင့်တစ်ရွာ ကြားမှာ ရွာစည်းရိုးတွေ ကားထားကြတယ်။ ခပ်ပြေပြေရွာလမ်းဆိုတော့ လမ်းလျှောက်ရတာ မနေ့ကထက်စာရင် အများကြီး သက်သာတယ်။ ရှိန်းရွာကထွက်ပြီးနောက် မှိုင်းညှို့ညှို့ချင်းတောင်စောင်းမှာ တည်ထားတဲ့ ရွာလေးရွာကို တစ်စုစီ ခပ်ကြဲကြဲလှမ်းမြင်ရတယ်။ မိန်းဟောင်း၊ ကြားဒို၊ မင်းခြစ်၊ လုပ်ပဲ ဆိုပြီး အစဉ်လိုက်ရှိနေတဲ့ ရွာလေးရွာပေါင်းရင် အိမ်ခြေ ၁၄၀ ရှိပြီး အခြေခံမူလတန်းကျောင်း တစ်ကျောင်းပဲ ရှိတယ်။ ဒါတောင် နိုင်ငံခြားသားတွေ လှူသွားကြတာ။ လျှပ်စစ်မီးအနေနဲ့ ဆိုလာပြားနဲ့ ရေအားလျှပ်စစ်ကို သုံးကြပြီး ဂျပန်လူမျိုးတွေ လှူသွားတာလို့ သိရတယ်။

ရှိန်းရွာထဲကနေ လမ်းလျှောက်သွားကြရင်း လက်ဖက်ခင်းတွေကြားထဲကို ရောက်သွားတယ်။ တစ်နိုင်တပိုင် စိုက်ခင်းငယ်လေးပါပဲ။
ပဲပင်တွေလည်း စိုက်ထားကြတယ်။ အစိမ်းစားလို့ မရပါဘူး။
တဲအိမ်ငယ်တစ်လုံးရှေ့မှာ ပြောင်းထောင်းနေတဲ့ အဖိုးအိုတစ်ယောက်ကို မြင်ရတော့ စိတ်ထဲမှာ အထီးကျန်ပြီး ဝမ်းနည်းလာသလို ခံစားရတယ်။
ရှိန်းရွာရဲ့ ရွာစည်းရိုးကို ဖြတ်သန်းပြီးတော့ နောက်ထပ် ရွာလေးရွာကို ထပ်သွားရပါအုံးမယ်။
ဟိုးမှာ လှမ်းမြင်နေရတဲ့ အိမ်အစုလေးတွေက ရွာတွေလေ။ စုစုပေါင်း အိမ်အစုလေးစုလောက် တွေ့ရပါလိမ့်မယ်။ မိန်းဟောင်း၊ ကြားဒို၊ မင်းခြစ်၊ လုပ်ပဲ ဆိုတဲ့ ရွာလေးရွာပေါင်းမှ အိမ်ခြေ ၁၄၀ပဲ ရှိတယ်။
နောက်ဆုံးရွာဖြစ်တဲ့ လုပ်ပဲရွာကို Zoom ဆွဲပြီး ရိုက်ထားတာ။

လူ့အဖွဲ့အစည်းမှာ အခြေခံကျလှတဲ့ ကျန်းမာရေး၊ ပညာရေး အထောက်အပံ့ ပြည့်ပြည့်ဝဝ မရရှိသေးတဲ့ သည်ရွာလေးမှာ လူငယ်ပိုင်းတွေ သိပ်မတွေ့မိဘူး။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများသာ အများစု တွေ့မိတယ်။ ဖိနပ်မပါဘဲသော်လည်းကောင်း၊ ဘယ်ညာမတူသော ဖိနပ်ကိုစီးပြီးသော်လည်းကောင်း ဆော့ကစားနေတဲ့ ကလေးငယ်တွေ၊ ထမင်းအိုးဘေးမှာ မောင်းထောင်းနေတဲ့ အသက်ကြီးကြီး အဘိုးအို၊ ဆေးတံကြီးခဲကာ တစ်ဦးကိုတစ်ဦး ခေါင်းရှင်းပေးနေတဲ့ သားအမိ၊ လသာဆောင်မှာ ထိုင်ပြီး ခြင်းရက်နေသူတွေ၊ ပဲပြောင်းတွေကို ဆုံထဲထည့်ကြိတ်နေသူတွေလည်း တွေ့ခဲ့တယ်။ စပ်၊ ပဲ၊ ပြောင်း ကို အဓိကထား စားသုံးကြတဲ့အတွက် ရွာတိုင်းမှာ ကျီ တွေကို တွေ့နိုင်တယ်။ အခြောက်လှမ်းဖို့အတွက် အိမ်တိုင်းနီးနီးမှာ လသာဆောင်တစ်ဆောင် ထည့်ဆောက်ကြတယ်။ လက်ဖက်ခင်း၊ ပဲခင်း၊ ပြောင်းခင်းတွေကို တနိုင်တပိုင် စိုက်ပျိုးကြသလို ကြက်၊ ဝက်များကိုလည်း တနိုင်တပိုင် မွေးထားကြတယ်။ ချစ်စရာကောင်းလှတဲ့ အမွှေးပွပွ ချင်းခွေးလေးတွေကိုလည်း တွေ့နိုင်သေးတယ်။ လူကြီးပိုင်း ချင်းအမျိုးသမီး အတော်များများရဲ့ မျက်နှာပြင်မှာ ရိုးရာပါးရဲပန်းချီများဖြင့် အဆန်းတကြယ်ရှိလှတယ်။ သစ်ဆူးချွန်ကြီးဖြင့် မျက်နှာနုနုမှာ ထုံဆေးမပါဘဲ စုတ်ထိုးခံဖို့ဆိုတာ တော်ရုံသတ္တိမျိုးနဲ့ မဖြစ်နိုင်ဘူး။ ခါးကြားမှာ ဓားဆောင်တတ်ကြတဲ့ ချင်းအမျိုးသားများနှင့်အပြိုင် ချင်းအမျိုးသမီးတို့၏ သတ္တိက မခေလှဘူး။ ရွာရိုးကိုးပေါက် စီးဆင်းနေတဲ့ ချောင်းရှိပြီး သူ့ကို မဂွီးလုံလို့ ခေါ်တယ်။ အဲ့သည့်ချောင်းပေါ်မှာ ဆောက်ထားတဲ့ တံတားတွေကိုတော့ ခပ်လွယ်လွယ် မဂွီးလုံတံတားလို့ပဲ ခေါ်လိုက်တယ်။

ဆေးတံကြီးခဲပြီး တစ်ယောက်ခေါင်းတစ်ယောက် ရှင်းပေးနေကြတဲ့ သားအမိကို ကြည့်ရတာ စိတ်ချမ်းသာမိတယ်။
စပ်၊ ပဲ၊ ပြောင်း သိုလှောင်ဖို့အတွက် ရွာတိုင်းမှာ ကျီ တွေ ဆောက်ထားတာ တွေ့နိုင်ပါတယ်။ ကျီတိုင်ထိပ်မှာ သံပုံးတွေ ထည့်ထားကြတယ်။ ကြွက်တွေ မတက်အောင်လို့ ဆိုကြတယ်။
ဒါက ကလေးတွေ ဘောလုံးကန်တိုင်း ကစားတဲ့အခါမှာ သုံးတဲ့ ဂိုးပေါက်ပါ။
ရွာတွေကို ဖြတ်သန်းသွားလာရင်း ချောင်းတစ်ချောင်းကို မကြာခဏဆိုသလို တွေ့ရတယ်။ အဲ့သည့်ချောင်းကို မဂွီးလုံလို့ ခေါ်ကြတယ်။
မဂွီးလုံ ချောင်းပေါ်မှာ ဆောက်ထားတာဆိုတော့ ခပ်လွယ်လွယ် မဂွီးလုံတံတားလို့ပဲ ခေါ်လိုက်ကြတာပေါ့။
မကြာခဏ ဆိုသလို အမွှေးစုတ်ဖွားနဲ့ ချင်းခွေးလေးတွေ တွေ့ရတတ်ပြီး တစ်ကိုယ်လုံးမဲနက်နေတဲ့ ပါပီပေါက်စလေးကိုတော့ အသဲအယားဆုံးပဲ။ သူလေးက လူယဉ်တယ်။ ချီကြည့်တော့ ညှင်းသိုးသိုး အနံ့ထွက်နေတယ်။ ရာသီဥတု အရမ်းအေးတော့ ပါပီလေးကို ရေချိုးပေးလိုက်ချင်စိတ်တော့ မပေါ်မိပါဘူးလေ။
ပါးရဲပန်းချီထိုးထားတဲ့ ချင်းအမျိုးသမီးတွေ တွေ့ချင်ရင် အခုခရီးစဉ်အတိုင်းသာ လာခဲ့လိုက်ပါ။ အခုလို ရွာငယ်လေးတွေမှာ အများကြီး တွေ့နိုင်ပါသေးတယ်။ အမျိုးသမီး အနောက်မှာ ရပ်နေတဲ့ ကလေးရဲ့ ဖိနပ်အရောင်ကို ကြည့်ပြီး စိတ်ထဲမှာ ဟာတာတာ ခံစားရတယ်။
ဆေးတံခဲထားတဲ့ ချင်းအမျိုးသမီးဟာ ပြောင်းခြောက်တွေကို အမှုန့်ကြိတ်နေတယ်။ အမှုန့်ကြိတ်ပြီးရင် ပြောင်းမှုန့်ကို ပိုညက်ညောသွားအောင် မောင်းထဲ ထည့်ထောင်းရသေးတယ်။
ပဲတွေကို အိမ်ရှေ့မှာ ခုလို နေလှမ်းထားကြတယ်။ ပြီးရင် အထဲက အစေ့ကို ခြွေယူကြပါလိမ့်မယ်။
ရွာထဲက ထွက်သွားသည်အထိ အဘိုးအိုက လိုက်ကြည့်တယ်။ သူ့ရဲ ပလိုင်းထဲမှာ ချင်းဓားတစ်လက်ကို တွေ့ရပါလိမ့်မယ်။ ချင်းအမျိုးသားတိုင်းဟာ သွားလေရာ ဓားတစ်ချောင်း ဆောင်တတ်ကြတဲ့ ဓလေ့ရှိပါတယ်။ သူတို့ဟာ ရိုးသားကြတယ်။ ပြဿနာဖြစ်ရင်လဲ ထိပ်တိုက် ဒဲ့ရှင်းတတ်ကြတယ်။

ကြားဒိုရွာ မရောက်ခင် လမ်းမှာ ခဏရပ်ပြီး Tour Guide ဖြစ်တဲ့ ကိုအောင်ထန်းက ခြုံပင်တွေကြားက ကျောက်ဖျာချပ်တွေအကြောင်း ရှင်းပြတယ်။ ရှေးချင်းတိုင်းရင်းသားတို့ဟာ ကျောက်ဖျာတွေကို မဂွီးလုံချောင်းဘေးကနေ ရွာအဝင်နားထိ သယ်လာခဲ့ကြတယ်။ ကျောက်တိုင်ထောင်ပြီး အပေါ်ကနေ ကျောက်ဖျာနဲ့ ဖုံးလိုက်တယ်။ ပြီးရင် အနီးမှာ ဆေးချယ်ထားတဲ့ သစ်သားနတ်စင်တိုင်ကို စိုက်လိုက်တယ်။ ပင့်ဖိတ်ထားတဲ့ နတ်ဆရာက နွားနောက်ဖြင့် ရိုးရာနတ်ကို ပူဇော်တယ်။ နတ်ပူဇော်တဲ့သူက ချမ်းသာရင် ချမ်းသာသလို နွားနောက်အကောင်ရေ များများဖြင့် ပူဇော်ကြတယ်။ အခြား ကြက်၊ ဝက်တွေကိုလည်း အရံအနေနဲ့ ထည့်ကြသေးတယ်။ ပူဇော်ပွဲပြီးသွားရင် ရွာလုံးကျွတ် ကျွေးမွေးကြတော့တာပေါ့။ ဖိတ်ထားတဲ့ အခြားရွာသားတွေလဲ လာရောက် စားသုံးကြတယ်။ ပူဇော်ပွဲ လုပ်တဲ့သူ သေသွားတဲ့အခါ သူ့ရဲ့အရိုးပြာကို ကျောက်ဖျာအောက်မှာ မြှုပ်နှံစေတယ်လို့ သိရတယ်။ ချင်းပြည်နယ်မှာ ခရစ်ယာန်သာသနာ ပျံ့ပွားပြီးနောက်မှာတော့ နတ်ပူဇော်တဲ့ဓလေ့ နည်းပါးသွားတယ်။ သွားရင်းနဲ့ လမ်းမှာ လိမ္မော်ရောင်အသီးလေးတွေ တွေ့လို့ မေးကြည့်တော့ အသီးရဲ့ အတွင်းသားချွဲတွေကို သဘာဝ ခေါင်းလျှော်ရည်အဖြစ် သုံးကြပြီး အစေ့ကိုတော့ လောက်စလုံးအဖြစ် သုံးကြတယ်တဲ့။

ကြားဒိုရွာကို သွားရင်းလမ်းမှာ ဝက်အိမ်လေးတစ်ခု တွေ့ခဲ့တယ်။ အထဲက ဝက်လေးဟာ သူ့မြင်ကွင်းအောက်က ပျောက်သွားသည်အထိ စူးစမ်းနေတယ်။
သူ့အကြည့်က လှောင်အိမ်ထဲကနေ ဖွင့်ပေးလိုက်ချင်စိတ်တောင် ပေါက်မိတယ်။
ရွာထိပ်က ခြုံပင်တွေအကြားမှာရှိတဲ့ ကျောက်ဖျာချပ်တွေက ရိုးရိုးကျောက်ဖျာတွေ မဟုတ်ပါဘူး။ သည်ကျောက်ဖျာချပ်အောက်မှာ အရိုးပြာအိုးတွေ ရှိပါတယ်။ အရိုးပြာတွေရဲ့ ပိုင်ရှင် မသေဆုံးခင်က သည်နေရာမှာ နတ်စင်တိုင်စိုက်ပြီး နွားနောက်ဖြင့် နတ်တွေကို ပူဇော်ခဲ့တယ်။ သည်လို ပူဇော်ခြင်းအားဖြင့် ရိုးရာနတ်တွေက ပူဇော်သူကို ကူညီစောင့်ရှောက်ပေးလိမ့်မယ်လို့ ယုံကြည်ကြတယ်။
ကျောက်ဖျာချပ်တွေနားကနေ မြင်ရတဲ့ ရှုခင်းကလည်း မခေလှဘူး။ မြွေလိမ်မြွေကောက်လမ်းတွေနဲ့ တစ်မျိုး ဆန်းတယ်။
နောက်ပိုင်း ချင်းပြည်နယ်မှာ ခရစ်ယာန်သာသနာ ပြန့်ပွားလာသည်နှင့်အမျှ နတ်ပူဇော်တဲ့ဓလေ့ လျော့နည်းသွားခဲ့တယ်။
ခြင်းရက်နေတဲ့ သည်ရှုခင်းလေးကို ကြည့်ရင်း မိသားစု ဆိုတဲ့ အရသာကို ခံစားမိတယ်။
လက်ကလေး ဝှေ့ယမ်းပြီး နှုတ်ဆက်ကြသည်အထိ ချင်းတိုင်းရင်းသားများက ဖော်ရွေကြတယ်။ သူတို့က ဧည့်သည်တွေအပေါ်မှာ လိုလိုလားလား ရှိကြတော့ နွေးထွေးတယ်လို့ ခံစားရတယ်။
နာမည် မသိတဲ့ လိမ္မော်ရောင် အသီးထဲက ချွဲတွေကို ခေါင်းလျှော်ရည်အနေနဲ့ သုံးကြပြီး အစေ့ကို လောက်စလုံး အနေနဲ့ သုံးကြတယ်။
မင်းခြစ်ကနေ လုပ်ပဲရွာကို ဆက်လက် ထွက်ခွာခဲ့ကြသည်။

၁၁နာရီခွဲလောက်မှာ Trekking လမ်းကြောင်းထဲမှ နောက်ဆုံးရွာဖြစ်တဲ့ လုပ်ပဲရွာကို ရောက်တယ်။ ရွာထိပ်မှာ ဧည့်သည်တွေကို ကြိုဆိုဖို့ တောပန်းတွေနဲ့ ပြင်ဆင်ထားတဲ့ မုခ်ပေါက်လေးတစ်ခုကို ဖြတ်သန်းခဲ့ကြတယ်။ အိမ်ရှေ့နံရံမှာ တိရိစ္ဆာန်တွေရဲ့ ဦးချို၊ ဦးခေါင်းခွံတွေနဲ့ အလှဆင်ထားတဲ့ အိမ်တစ်အိမ်ကို သတိထားမိလိုက်တယ်။ ဗိုက်ဆာနေကြပြီမို့ နေ့လည်စာအနေနဲ့ ကြက်ဥကြော်၊ ဟင်းရွက်ကြော်၊ ငါးခြောက်အစပ်ကြော် နှင့် အရည်သောက်တစ်ခွက် ဖြင့် စားကြတယ်။ ရွာထဲမှာ ခဏတဖြုတ် နားကြပြီး နောက်မှာတော့ တောထဲကို ဆက်လက်ထွက်ခွာခဲ့ကြသည်။ အစောက လျှောက်ခဲ့ဖူးတဲ့ ခပ်ပြေပြေလမ်းတွေနဲ့ လားလာမှ မဆိုင်တဲ့ လမ်းကြမ်းတွေကို ရင်ဆိုင်ရတယ်။ အထူးသဖြင့် အဆင်းလမ်းတွေမှာ ခြေထောက်ထိပ်တွေ အတော်နာလာတယ်။ ကပ်စီးနဲပင်က ဆူးတွေလည်း တပြုံတမကြီး အဝတ်မှာ ကပ်ပါလာတယ်။ များလွန်းလို့ ခခါချနိုင်တော့ဘဲ သည်အတိုင်းသာထားပြီး လျှောက်ကြရတော့တာပေါ့။ ချောင်းနဲ့နီးတဲ့နေရာတွေမှာ ခူယားကောင်တွေ တွေ့ရတယ်။ တောပန်းရုံတွေ အခင်းလိုက်ကြီး ရှိနေပေမယ့် ပန်းပွင့်တွေက လှတဲ့အထဲမှာ မပါဘူး။ ဒါပေမယ့် လိပ်ပြာအုပ်လေးတစ်အုပ်နဲ့တော့ ဆုံခဲ့ကြတယ်။ ကြည်လင်တဲ့ မိုးကောင်းကင်အောက်မှာ သစ်ပင်တွေ၊ ခြုံတွေ၊ တောင်တန်းတွေကြားထဲ ဖြတ်သန်းပြီး Trekking လျှောက်ရတာဆိုတော့ တော်တော်လေး သာသာယာယာရှိတယ်။ ရှုခင်းကတော့ တကယ်လှပပါပေတယ်။

လုပ်ပဲရွာက အိမ်အချို့ကိုတောင် လှမ်းမြင်နေရပြီ။
အရှေ့မှာ ပြောပြဖူးတယ် အရိုးအိုးထားဖို့ ရည်စူးထားတဲ့ ကျောက်ဖျာချပ်တွေပေါ့။ ဟိုးအနောက်ကတော့ သစ်သစ်လွင်လွင် ရှိနေသေးတဲ့ အုတ်ဂူလေးတစ်ဂူ။ အုတ်ဂူပေါ်မှာ လတ်လတ်ဆတ်ဆတ် ပန်းစည်းလေးတစ်စည်း တင်ထားတယ်။
အဘိုးအိုဟာ အသက်အရွယ် အတော်ကြီးရင့်နေပါပြီ။ မီးစာမကုန်ခင် အထိတော့ ကျန်းမာပျော်ရွှင်နိုင်ပါစေကြောင်း ဆုတောင်းမိပါတယ်။
လုပ်ပဲရွာမှာ ဧည့်သည်တွေကို ကြိုဆိုဖို့ ခုလို ပြင်ဆင်ထားကြတယ်။ လှမ်းတွေ့ရတဲ့ အိမ်က ထမင်းစားကြရမယ့် အိမ်ပါ။
နေ့လည်စာက သိပ်မကောင်းလှပေမယ့် စားလို့တော့ ဝင်ခဲ့ပါတယ်။
အိမ်ရှေ့မှာ ဦးချိုတွေ၊ တိရိစ္ဆာန်ဦးခေါင်းတွေနဲ့ ချိတ်ဆွဲထားတဲ့ သည်အိမ်က ကိုယ့်အတွက် အထူးအဆန်းကို ဖြစ်လို့။
ကျေးရွာလေးရွာပေါင်းမှ အခြေခံပညာမူလတန်းကျောင်း တစ်ကျောင်းတည်းပဲ ရှိတယ်။ သည်ကျောင်းတောင် ဂျပန်က လှူသွားတယ် ဆိုလား...

ကိုအောင်ထန်းရဲ့ ရောက်တော့မယ် ဆိုတဲ့ စကားကို အားပြုရင်း လျှောက်လာကြတာ အခက်ခဲဆုံးအပိုင်းကို ရောက်လာခဲ့တယ်။ ဘေးတစ်ဘက်မှာ ရေတွေစီးဆင်းနေတဲ့ ချောက်၊ ဘေးတစ်ဘက်မှာက ကျောက်တောင်။ ခြေချဖို့က လက်၃ဖဝါးစာ လမ်းကျဉ်းလေး။ ကျောက်တောင်က ခြုံပင်ပုလေးတွေကို ခပ်ရွရွလေးအားပြုပြီး မှေးပြီး လျှောက်ကြရတယ်။ ကျောက်သားနုတောင်ဆိုတော့ အားနဲ့လဲ မကိုင်ရဲ။ အပင်ကျွတ်ထွက်ပြီး အဲ့သည့်အရှိန်နဲ့ အနောက်က ချောက်ထဲ လန်ကျမှာ ကြောက်ရတာကိုး။ တစ်ရွေ့ရွေ့လှမ်းရင်း ခဏနေတော့ တစ်ဖွဲ့လုံး ရပ်လိုက်ကြတယ်။ လက်ဆင့်ကမ်းပြီး ရောက်လာတဲ့စကားက ရှေ့မှာ လမ်းမရှိတော့ဘူးတဲ့။ "ဗုဒ္ဓေါ" ကိုအောင်ထန်းက သွားလို့ရအောင် လမ်းကြောင်းလုပ်ကြည့်နေတယ်ဆိုတော့ ကျောက်ကမ်းပါးဘေးမှာ ငုတ်တုတ်လေးတွေ ထိုင်ပြီး စောင့်ကြရတယ်။ ချောက်ထဲကို ယောင်လို့တောင် ငုံ့မကြည့်ချင်ဘူး။ အူယားပြီး ခေါင်းပဲ မူးလာသလိုလို... ဗိုက်ပဲအောင့်လာသလိုလို... ကားလမ်းမမှာ စောင့်နေတဲ့ သူ့သူငယ်ချင်းကို ကိုအောင်ထန်းက သွားခေါ်တယ်။ ပြီးတော့ သူတို့၂ယောက် ဧည့်သည်တွေ တစ်ယောက်ချင်းစီကို ဘေးဘယ်ညာတွဲပြီး တောင်အောက်ကို ဆင်းတယ်။ ၁၃ယောက်ပါတဲ့ အဖွဲ့ဆိုတော့ သူတို့၂ယောက်မှာလည်း ချွေးတွေရွှဲနစ်နေသည်အထိ တော်တော်လေးကို ပင်ပန်းသွားကြတယ်။ တစ်ဖွဲ့လုံး အန္တရာယ်ကင်းကင်းနဲ့ တောင်အောက်ရောက်လာကြတယ်။ Trekking ပြီးချိန်က ၃:၄၅။ တောင်ခြေမှာ ၁၅မိနစ်လောက် နားပြီးတော့ ကားလမ်းမပေါ်တက်ပြီး ကားနဲ့ မင်းတပ်မြို့ထဲကို ခရီးဆက်ခဲ့ကြတယ်။

လုပ်ပဲရွာက ထွက်ပြီး နောက်ပိုင်းကတော့ တောလမ်းခရီးချည်း သက်သက်ပါပဲ။ အဆင်းလမ်းတွေ များလွန်းလို့ ခြေချောင်းတွေ သိသိသာသာ နာလာတယ်။ ကပ်စီးနည်းပင်က ဆူးတွေလည်း အဝတ်မှာ အများကြီး ကပ်နေရောပဲ။
ချောင်းနဲ့နီးလာသည်သလို ခူယားကောင်တွေလည်း တွေ့ရတယ်။
တံတားမှာထိုင်ပြီး အဝတ်မှာကပ်နေတဲ့ ဆူးတွေကို ဖြုတ်ကြရင်း အလုပ်တွေရှုပ်။
တံတားလေးနဲ့ချောင်းက လှပေမယ့် ပင်ပန်းလွန်းလို့ ဘာမှ မခံစားနိုင်တော့ဘူး။
ဓာတ်ပုံထဲမှာသာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ မညီမညာ ယိုင်နဲ့နဲ့သစ်တုံးတွေ ရှိနေလို့ သတိထား သွားရတယ်။
သည်နေရာက အန္တရာယ် သိပ်မများသေးပါဘူး။
ခုမှ အန္တရာယ်ရှိတဲ့ အပိုင်းကို ရောက်လာတာ။ ဘေးတစ်ဘက်မှာက ကျောက်တုံးတွေ အပြည့်နဲ့ ရေတွေလည်း စီးဆင်းနေတဲ့ချောင်း၊ တစ်ဘက်မှာက သက်တမ်းနုကျောက်သားတောင်၊ ရပ်နေရတဲ့ ကမ်းပါးက လက်ဖဝါး၃ဖဝါးစာလောက်ပဲ ကျယ်တယ်။
ဂိုက်မောင်လေး ၂ယောက်ကို အားပြုပြီး ရင်တထိတ်ထိတ်နဲ့ ဆင်းကြရတယ်။
ပြန်သတိမရချင်တော့လောက်အောင် စိတ်မောခဲ့ရတယ်။
Mission Completed ဟူး.....
အခက်အခဲတွေ ပြီးဆုံးသွားပြီဆိုတော့ ချောင်းဘေးမှာ သာသာယာယာပဲ။

၎:၄၀ မှာ မင်းတပ်မြို့က ချင်းရိုးရာပြတိုက်အိမ်ကို ရောက်တယ်။ ဝင်ကြေးက တစ်ယောက် တစ်ထောင်ကျပ်။ ချင်းတိုင်းရင်းသားများရဲ့ ရိုးရာဓလေ့၊ ဝတ်စားဆင်ယင်ပုံ၊ သာရေးနာရေးပွဲတော်တွေအကြောင်းကို သက်ဆိုင်ရာ ပစ္စည်းတွေနဲ့ယှဉ်ပြီး စုံစုံလင်လင် ရှင်းပြတယ်။ ပြတိုက်က ခပ်သေးသေးလေးရယ်ပါ။ သားသားနားနားလည်း မရှိလှပါဘူး။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းလှတဲ့ ဗဟုသုတတွေ၊ အကြောင်းအရာတွေကို မှတ်သားနိုင်ခဲ့တယ်။ ပြတိုက်က ပစ္စည်းတွေအကြောင်း နောက်မှ ဓာတ်ပုံတွေနဲ့ caption နဲ့ တွဲပြီး တင်ပေးတော့မယ်။

မင်းတပ်မြို့က ချင်းရိုးရာပြတိုက်ရှေ့မှာ ဓာတ်ဖမ်းခဲ့ကြသည်။

သည်နေ့ကတော့ အီစိမ့်နေအောင် ပင်ပန်းသွားတဲ့နေ့လို့ ဆိုရမှာပဲ။ တည်းဖို့လုပ်ထားတဲ့ Oasis Hotel က အခန်းထဲ ရောက်တော့ လူက အရုပ်ကြိုးပြတ်ပဲ။ နာရီဝက်လောက်နေမှ ရေချိုး၊ အဝတ်အစားလဲ ဖြစ်တယ်။ သည်အချိန်မှ သတိထားမိတာက ခြေမနှစ်ချောင်းလုံးက ခြေသည်းတွေ ညိုပြီး ယဲ့တဲ့တဲ့ဖြစ်နေပြီ။ မှောင်ချိန်ရောက်တော့ ချင်းမေတ္တာဆိုတဲ့ စားသောက်ဆိုင်မှာ ညစာထွက်စားကြတယ်။ နွားနောက်သား၊ ကြက်သားသုတ်၊ ဝက်သားပြာ၊ တုံယမ်းဟင်းချိုနဲ့ အတော်လေးစားကောင်းတယ်။ ချင်းပြည်နယ်မှာ လည်ပတ်ခဲ့တဲ့ ၃ရက်တာအတွင်း သည်နေ့ညစာက အမြိန်ဆုံးပဲ။

မင်းတပ်မြို့က အိုအေစစ်ဟိုတယ်။ မျက်နှာထားက အမြင်ကတ်စရာ ကောင်းနေရင် သည်းခံပါလေ။

Reception မထားတဲ့ Oasis Hotel မှာ check-out လုပ်ပြီးနောက် တောင်ပုလုစေတီကို ထွက်ခွာခဲ့ကြသည်။ ချင်းပြည်နယ်ရဲ့ ဆောင်းအအေးကြောင့် အိပ်ရေးမဝတဲ့ဒဏ်၊ ခြေချောင်းတွေ နာနေတဲ့ဒဏ်၊ ကိုင်ရိုက်ထားသလား မှတ်လောက်အောင် ကိုက်ခဲနေတဲ့ဒဏ်တွေကြောင့် တောင်ပေါ်ထိ လိုက်မတက်ဖြစ်တော့ဘူး။ တောင်အောက်မှာပဲ စောင့်နေလိုက်မိတယ်။ နောက်ဆုံး မပြန်ခင်မှာ မင်းတပ်မြို့ဈေးမှာ အိမ်ပြန်လက်ဆောင်တွေ ဝင်ဝယ်ကြတယ်။ မင်းတပ်ဈေးရှေ့မှာ ရောင်းတဲ့ ပုစွန်ကြော်က တော်တော်လေး စားကောင်းကြောင်း ပြောရင်း တော်သေးပြီ။

တောင်ပုလုစေတီရောက်တော့ တောင်ပေါ်ထိ တက်မကြည့်နိုင်တော့ဘူး။ လူက လုံးဝ ဒေါင်းသွားပြီ။
လူကသာ ဒေါင်းနေတယ်ဆိုတယ်။ ဈေးရောက်တော့ ပြန်ပြီး ဖလန်းဖလန်းသွားတယ်။
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.