Adventure Trip

Fill your life with adventures.

လွယ်ပန်းဆေးတောင် Jungle Trekking ရဲ့ Highlight နေရာသုံးခု

လွယ်ပန်းဆေးတောင်က သီပေါမြို့မှာရှိပါတယ်။ ရန်ကုန်ကနေ ရွှေလားရှိုး Express နဲ့ သီပေါမြို့ကို သွားခဲ့တယ်။ ကားလက်မှတ်ခက ၁၇၀၀၀ နှင့် VIP ၂၀၅၀၀ ပါ။ Jungle Trekking လုပ်ဖို့အတွက် MrBike Tour Company နဲ့ ချိတ်ဆက်ထားပါတယ်။

နှစ်ညအိပ် သုံးရက်ခရီးစဉ်ဆိုရင် ၄ယောက်အဖွဲ့အတွက် တစ်ယောက်ကို ၇သောင်းပဲ ကျမှာပါ။ Trekking လုပ်မယ့် အဖွဲ့ဝင် လူအရေအတွက်ပေါ် မူတည်ပြီး ဈေးအနည်းအများ ကွာပါလိမ့်မယ်။ ဟော်တယ်မှာ တည်းရမှာ မဟုတ်ဘဲ တောထဲမှာပဲ အိပ်ရမှာ ဖြစ်တဲ့အတွက် luggage တွေ သယ်သွားဖို့ မဖြစ်နိုင်ပါဘူး။

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကွင်းကနေ ညနေ ငါးနာရီမှာ ကားစထွက်ပါတယ်။ ၁၁၅မိုင်မှာတစ်ကြိမ်၊ ကျောက်မဲမှာတစ်ကြိမ် ကားရပ်ပေးလိမ့်မယ်။ ကားပေါ်မှာ အိပ်နေတုန်းက သိပ်မသိသာပေမယ့် ကျောက်မဲမှာ မုန့်ဆင်းစားတော့ မေးခိုက်ခိုက်တုန်အောင်ကို ရက်ရက်စက်စက် အေးပါတယ်။ သီပေါမြို့ RC Gate ကို မနက် ၅နာရီမှာ ကားဆိုက်တယ်။ RC Gate ကနေ MrBike ရုံးခန်းကို သွားဖို့အတွက် ကားစီစဉ်ပေးထားတယ်။ မစီစဉ်ပေးခဲ့ရင် မနက်စောစောစီးစီး ထွက်တဲ့ သုံးဘီးဆိုင်ကယ်ကားလေးတွေ ငှားသွားနိုင်ပါတယ်။ ဂိတ်နဲ့ရုံးခန်းက နီးနီးလေးရယ်ပါ။

MrBike ရုံးခန်းမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားလဲနိုင်ပါတယ်။ နံနက်စာအတွက် ရုံးခန်းဘေးက ရှမ်းခေါက်ဆွဲဆိုင် ဒါမှမဟုတ် ရုံးခန်းရှေ့က လက်ဖက်ရည်ဆိုင်မှာ ဗိုက်ဖြည့်လို့ရတယ်။ ရှမ်းခေါက်ဆွဲနဲ့ ဝက်ခေါက်ကြော်က အတော်လိုက်ပြီး ဈေးလည်း အင်မတန်ချိုတယ်။ ရှမ်းခေါက်ဆွဲ လေးပွဲ၊ ဝက်ခေါက်ကြော် ၁၀ထုပ်ကျော်လောက် စားတာကို ၂၀၀၀ စွန်းစွန်းပဲ ကျတယ်ဆိုတော့ WoW!

Tree house စခန်း

လွယ်ပန်းဆေးတောင်ခြေကို သွားဖို့အတွက် ပိန်းဆိုင်းရွာနှင့် ပန်လန်းရွာ ဆိုတဲ့ ရှမ်းရွာလေး နှစ်ရွာကို ဖြတ်သွားရတယ်။ ရွာလမ်းတွေ ဖြစ်တဲ့အတွက်ကြောင့် လမ်းလျှောက်ရတာ သက်တောင့်သက်သာရှိပါတယ်။ လမ်းတစ်ဖက်တစ်ချက်မှာ အလေ့ကျပန်းတွေ ပွင့်လန်းနေပြီး ကျေးလက်ရနံ့တွေ သင်းပျံ့နေတယ်။ ဒါဟာ မြေသင်းရနံ့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ၁၁နာရီလောက်မှာ တောင်ခြေက စမ်းချောင်းလေးကို ရောက်တယ်။ စမ်းချောင်းဘေးမှာပဲ နေ့လည်စာ စားခဲ့ကြပါတယ်။

ပိန်းဆိုင်းရွာနှင့် ပန်လန်းရွာ ကြား မြေနီလမ်းကလေး
ပန်လန်းရွာတွင်း ဖြတ်လျှောက်ခဲ့စဉ်က
စားကျက်လွှတ်ထားတဲ့ ကျွဲမဲကြီးတွေ ရွက်နုစားနေကြတာ ချစ်စရာကြီး
ပန်လန်းရွာပြင်က စမ်းချောင်းလေးဘေးမှာ နေ့လည်စာ စားခဲ့ကြတယ်။

ခုချိန်ကစပြီး တောင်တက်တောလမ်းခရီး အမှန်အကန် လာပါပြီ။ တွေ့တွေ့ချင်း ဆောက်နှင့်ထွင်း ဆိုသလို ခရီးအစမှာတင် တောင်တက်လမ်းတွေက မက်စောက်လှတယ်။ ၆၀ဒီဂရီထိ မက်စောက်တဲ့လမ်းကြောင်းက ခပ်များများရယ်။ တောထူတဲ့အတွက်ကြောင့် အေးမြတဲ့အရိပ်အောက်မှာ သွားရလို့ ခံသာပါသေးတယ်။ တောပန်းလေးတွေ ပွင့်နေကြပြီး အချို့နေရာတွေမှာ ပျားလေးတွေ အနားကနေ ဖြတ်ပျံနေကြတယ်။ ပျားအုံကို မထိသရွေ့တော့ သူတို့က လူကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။ တောလမ်း တောင်လမ်းတွေဖြစ်တဲ့အတွက် ဂျောက်ကမ်းပါးလမ်းကျဉ်းနေရာတွေ ရောက်ရင်တော့ အထူးသတိထား လျှောက်ကြရတယ်။

တောင်တက်လမ်း စစချင်းမှာပဲ မောနေပြီ။
လမ်းတစ်ဝက်မှာ Tour Guide ကျွေးတဲ့ လိမ္မော်သီးက ချိုပြီး အမောပြေစေတယ်။

၅နာရီကြာအောင် တောင်တက်အပြီးမှာတော့ လွယ်ပန်းဆေးတောင်ပေါ်မှာ ရှိတဲ့ Treehouse စခန်းကို ရောက်ပါပြီ။ Treehouse သုံးလုံးရှိပြီး အောက်ဘက်အကျဆုံး အလုံးက အမိုက်ဆုံးလို့ သိရတယ်။ အိမ်သာက ပင်မ Treehouse ရဲ့ ခပ်လှမ်းလှမ်းမှာ ဆောက်ထားတယ်။ ရေမရှိတဲ့အတွက်ကြောင့် wet tissue ကော dry tissue ကော ကျိန်းသေ လိုအပ်ပါလိမ့်မယ်။ ညစာကို ကြက်ချဉ်စပ်ဟင်းရည်၊ အရွက်ကြော်၊ ဂျင်းငရုတ်ထောင်း ပြင်ဆင်ပေးထားပြီး ကြက်ချဉ်စပ်ဟင်းရည်ကို ခံတွင်းတွေ့မိတယ်။ ညစာ စားအပြီးမှာ Happy Hours ဆိုပြီး ယမကာ စပ်ပေးထားတယ်။

Tree house စခန်းက ပင်မ tree house ရှေ့မှာ ဓာတ်ပုံစုရိုက်ဖြစ်တယ်။
Tree house ပေါ်က ရှုခင်းတွေက လှပလွန်းတယ်။
နေပူစာလှုံဖို့ ခုံတွေ ချပေးထားတယ်။

Camping စခန်း

Treehouse မှာ နံနက်စာစားပြီးတော့ ဒုတိယစခန်းချမယ့် နေရာဖြစ်တဲ့ နမ္မတူမြစ်ဆီသို့ ဆင်းခဲ့ကြပါတယ်။ တောင်တက်လမ်းထက် တောင်ဆင်းလမ်းတွေက ပိုကြောက်ဖို့ ကောင်းတယ်။ အဆင်းလမ်းက တောပိုနက်တယ်။ လဲကျနေတဲ့ သစ်လုံးတွေပေါ်ကနေ လျှောက်ရတယ်။ စမ်းချောင်းထဲက ကျောက်တုံးတွေပေါ်ကနေ ခုန်ကျော်ပြီး ဖြတ်ရတယ်။ ခြုံနွယ်ပိတ်ပေါင်းတွေ၊ ဝါးရုံးတောတွေ၊ သစ်ပင်ကြီးတွေ အုံ့မှိုင်းနေပြီး နေ့လည်အချိန်က ညနေစောင်းနဲ့ ပိုတူတယ်။ အရွက်စား တောရိုင်းတိရိစ္ဆာန်အချို့ရဲ့ မစင်ခြောက်တွေလဲ တွေ့နိုင်တယ်။ ၇နာရီခွဲလောက် Trekking လုပ်အပြီးမှာ ဒုတိယ Camping စခန်းကို ရောက်ပါပြီ။ နမ္မတူမြစ်ဟာ ကြည်စိမ်းတောက်နေပြီး ကြည့်မဝအောင်လှတယ်။ မြစ်ကမ်းဘေးမှာ အပင်ကြီးတွေ ရှင်းနေတဲ့အတွက်ကြောင့် ညဘက်ဆို ကြယ်တွေတဖိတ်ဖိတ်လဲ့နေတဲ့ ကောင်းကင်ပြင်ကို အတိုင်းသား ရှုစားနိုင်ပါလိမ့်မည်။  မြစ်ဘေးက ဝါးအိမ်တဲလေးမှာ တစ်ညအိပ်စက်ခဲ့ပါတယ်။

တောင်ဆင်းလမ်းဟာ တောင်တက်လမ်းထက် ပိုခက်ခဲတယ်ဆိုတာ တကယ့်လက်တွေ့ပါပဲ။
သဘာဝပန်းရုံကြီးတွေကြားထဲ ဖြတ်သန်းရတဲ့အချိန်ကတော့ ကြည်နူးဖို့ ကောင်းတယ်။
လဲကျနေတဲ့ သစ်လုံးကြီးတွေ အောက်ကနေပြီး ငုံ့လျှိုးသွားရတာရှိသလို သစ်လုံးပေါ်ကနေ တက်လျှောက်သွားရတာလည်း ရှိတယ်။
တောကြီးက အတော်နက်ပြီး တစ်ချက်တစ်ချက် ကြောက်စိတ်ဝင်မိတယ်။
ဝါးတံတားလေးကို ကျော်သွားတာနဲ့ နမ္မတူမြစ် Camping စခန်းကို ရောက်ပါပြီ။
နမ္မတူမြစ်ဘေးက သစ်လုံးအိမ်လေးမှာ ခြေပစ်လက်ပစ် ထိုင်ပြီး ခဏနားနေတုန်း
ဝါးအိမ်လေးထဲမှာ မအိပ်ချင်ရင် အပြင်မှာ ပုခက်နဲ့ အိပ်လို့လည်းရတယ်။

နမ္မတူ River Tubing

နောက်နေ့နံနက်မှာ Tubing လုပ်ဖို့အတွက် ရေစီးကြောင်း အဆင်ပြေမယ့်နေရာထိ လမ်းလျှောက်သွားရသေးတယ်။ မြစ်ရေစီးကြောင်းအတိုင်း ဘောကွင်းထဲမှာ ဘီယာသောက်ရင်း မျှောချသွားတာမျိုးပါ။ သက်ကယ်အကျီ င်္တွေ ပေးထားပါတယ်။ ကိုယ်ဆိုသည်မှာကလဲ ရေသာမကူးတတ်တာ tubing ကလဲ လုပ်ချင်သည်။ အပူကပ်တော့ Toud guide က ကိုယ်နဲ့ အခြားဘော်ဒါတစ်ယောက်ရဲ့ ဘောကွင်းထဲကို ခြေဖဝါးနဲ့ လှမ်းချိတ်ပြီး ဆွဲပေးသွားတယ်။ ရေထဲလုံးဝ မဆင်းချင်တဲ့သူတွေအတွက်တော့ စက်လှေစီစဉ်ပေးထားပါတယ်။ မြစ်ရေက 7 °C အခြေအနေမို့ မေးခိုက်ခိုက်တုန်လာတယ်။ ဒါ့ကြောင့် ၄၅မိနစ်လောက်ပဲ tubing လုပ်နိုင်ခဲ့တယ်။ လှေစီး၊ လမ်းလျှောက်၊ ကားစီး ပြီးမှာတော့ သီပေါမြို့ပေါ်က MrBike ရုံးခန်းမှာ ခရီးစဉ်ဆုံးပါတယ်။

Tubing လုပ်ဖို့အတွက် အဆင်ပြေမယ့်နေရာထိ လမ်းလျှောက်သွားရပါသေးတယ်။
သည်နေရာကနေစပြီး tubing လုပ်ရမှာပါ။ ရေကအေးလွန်းလို့ ၄၅မိနစ်ထိပဲ ဘောကွင်းမျှောစီးနိုင်ခဲ့တယ်။

သီပေါရောက်ရင် အခြား သွားလည်သင့်တဲ့ နေရာတွေကတော့ သီပေါဟော်နန်း၊ Little Bagan၊ ဘော်ကြိုဘုရား၊ ရေပူစမ်း၊ နန့်ဟူးနွဲ့ရေတံခွန်၊ လွယ်မုတ်တောင်လို့ သတင်းပါးရင်း တော်သေးပြီ။

မြို့ထဲမှာ အချိန်မရလိုက်လို့ သီပေါဟော်နန်းပဲ ရောက်ခဲ့တယ်။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.