Adventure Trip

Fill your life with adventures.

အာဆီယံအမွေအနှစ် အရိုင်းပန်းတစ်ပွင့် - Day 2 ခေါ်နူးစုမ်တောင် ခြေလျင်တောင်တက်ခရီး

ဘယ်လိုစာလုံးပေါင်းပြရမည်မှန်း မသိသော ခပ်သြသြ ငှက်သံနှင့်အတူ နံနက် ၆:၃၀ မှာ နိုးလာခဲ့ပါတယ်။ ဝရံတာကနေ ထွက်ကြည့်တော့ မြူမှုန်ပါးပါး လွှမ်းခြုံထားတဲ့ ထင်းရှူးပင်တန်း အနောက်က တိမ်ပင်လယ်ကို မပီဝိုးတဝါး လှမ်းမြင်နေရတယ်။

စက္ကန့်နှင့်အမျှ အားကောင်းလာတဲ့ ရောင်နီဦးအလင်းတန်းက မြူကိုခွင်းပြီး ထင်းရှူးပင်တန်းနဲ့ တိမ်ပင်လယ်ပေါ် ဖြာကျနေတယ်။ ဘာမှမလုပ်ဘဲ ထိုင်ငေးချင်လောက်အောင် နွေးထွေးလှပတဲ့ ရှုခင်းတွေက အရာအားလုံးကို တဒင်္ဂ မေ့လျော့စေတယ်။ ပတ်ဝန်ကျင်လည်း လင်းလင်းရှင်းရှင်း ဖြစ်ပြီဆိုတော့ ဝရံတာကနေ အခန်းထဲပြန်ဝင်ပြီး နိစ္စဒူဝ လုပ်ဆောင်ရတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ရပြန်ပြီပေါ့။ တစ်ခါတည်း Check-out လုပ်ရမှာဆိုတော့ အထုပ်အပိုးတွေ အပြီးသတ် သိမ်းဆည်းပြီး နံနက်စာကို Pine Wood Villa မှာပဲ စားလိုက်ကြတယ်။

Pine Wood Villa ရဲ့ လသာဆောင်ကနေ နေထွက်လာပုံကို ထိုင်ငေးနေတာ။
Pine Wood Villa မှာ အမှတ်တစ်ရ Group ပုံ ရိုက်ကြတယ်။

၈နာရီခွဲမှာ ဟော်တယ်ကနေ နတ်မတောင် ၁၀မိုင်စခန်းကို ကားလေးစီးပြီး သွားခဲ့ကြသည်။ သန့်စင်ခန်းက တောင်ခြေ ၁၀မိုင်စခန်းမှာပဲ ရှိတော့တယ်။ ၁၀မိုင်စခန်းကနေ လမ်းလျှောက်ပြီးပဲဖြစ်ဖြစ်၊ ဆိုင်ကယ်ကယ်ရီနဲ့ပဲဖြစ်ဖြစ် တောင်ထိပ်သို့ တက်လို့ရတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၂၀၀ပေ မှာရှိတဲ့ ခေါ်နူးစုမ်တောင်တက်လမ်းက ခပ်ပြေပြေပဲဆိုတော့ ကျန်းမာရေးကောင်းသူဆိုရင် လမ်းလျှောက်တက်ကြည့်စေချင်ပါတယ်။ ၁၀မိုင်စခန်းကနေ တောင်ထိပ်ထိကို ၃နာရီလောက် တက်ရပါလိမ့်မယ်။ ဆိုင်ကယ်ကယ်ရီနဲ့ဆိုရင်တော့ တစ်ကြောင်းကို ၅၀၀၀ကျပ်ပါ။

ကန်ပက်လက်မြို့လေးကို နှုတ်ဆက်ခဲ့တယ်နော်။

ခေါ်နူးစုမ်တောင် / နတ်မတောင် / ဝိတိုရိယတောင် ပေါ်သို့ တက်ပြီ

နတ်မတောင် ၁၀မိုင်စခန်းမှာရှိတဲ့ ဆိုင်းဘုတ်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ပြီးနောက် ၁၀:၁၉မှာ ခြေလျင်တောင်တက်ခရီးကို စတင်ခဲ့ကြသည်။ ချမ်းတို့အဖွဲ့ရဲ့ Tour Guide ဖြစ်တဲ့ ကိုအောင်ထန်းက ဆိုင်ကယ်လမ်း မဟုတ်ဘဲ ခြေလျင်လမ်းကနေ ခေါ်သွားခဲ့တယ်။ စစချင်းမှာပဲ ဘေးဘီဝဲယာခြုံပင်ပုတွေရှိတဲ့ လမ်းကျဉ်းလေးအတိုင်း ရေသန့်ဗူး တစ်ယောက်တစ်ဗူးဖြင့် တောင်တက်ခဲ့ကြသည်။ တောင်တက် ၃နာရီ၊ တောင်ဆင်း ၂နာရီခွဲ ကြာအောင် လျှောက်ရမှာ ဖြစ်တဲ့အတွက် ၁လီတာရေသန့်တစ်ဗူးလောက်တော့ သယ်ခဲ့ပါ။

နတ်မတောင် ၁၀မိုင်စခန်း ဆိုင်းဘုတ်နဲ့ ချမ်းနဲ့

ကန်ပက်လက်မြို့ထဲမှာ အနည်းအကျဉ်းလောက်ပဲ တွေ့ခဲ့ရတဲ့ တောင်ဇလပ်ပန်းနီများကို ခေါ်နူးစုမ်တောင်တက်လမ်းတလျှောက် မရေမတွက်နိုင်အောင် တွေ့ရပါလိမ့်မယ်။ အပင်ကြီးငယ်မရွေး ရဲရဲနီနေတဲ့ တောင်ဇလပ်ပန်းတွေ လှိုင်လှိုင်ပွင့်လို့နေသည်။ ပန်းမခူးရဆိုတဲ့ သတိပေးဆိုင်းဘုတ်ကိုလည်း သစ်ပင်တော်တော်များများမှာ တွေ့ရတယ်။ ပန်းမခူးရဆိုင်းဘုတ်အောက်မှာ အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်လေးပါ တပ်ထားရမှာလို့ တွေးနေတုန်း ကိုအောင်ထန်းက "အမှိုက်ပစ်ချင်ရင် ကျွန်တော့်ပေးနော်" လို့ သူ၏ဧည့်သည်များကို စကားဆိုလာသည်။ Trekking ဖြစ်ဖြစ်၊ Hiking ဖြစ်ဖြစ် လုပ်တဲ့အခါမှာ ကျောပိုးအိတ်၊ စလွယ်သိုင်းလို့ရတဲ့အိတ်၊ ခါးမှာပတ်လို့ရတဲ့အိတ် တစ်မျိုးမျိုးတော့ ဆောင်သွားသင့်တယ်။ တစ်ကိုယ်စာရေဗူးရယ်၊ မုန့်အနည်းငယ်ရယ် ထည့်သယ်သွားလို့ရသလို ကိုယ်စားသောက်ပြီးသား မုန့်ခွံ၊ ရေသန့်ဗူးခွံ တွေကို အိတ်ထဲပြန်ထည့်ထားလို့လည်း ရတယ်။ ကိုယ့်ကြောင့် အခြားသက်ရှိသက်မဲ့တွေပေါ်မှာ ဆိုးကျိုးတစ်စုံတရာ မသက်ရောက်ဖို့က လူသားတစ်ယောက်မှာ ရှိကိုရှိသင့်တဲ့ တာဝန်သိစိတ်ပဲ မဟုတ်လား...

ခေါ်နူးစုမ်တောင်ပေါ်သို့ စတက်ပါပြီ။ တတ်နိုင်သမျှ ဆိုင်ကယ်လမ်းကို ရှောင်ပြီး သွားကြတယ်။
တောင်ဇလပ်နီတွေကို ကန်ပက်လက်မှာ သိပ်မတွေ့ရပေမယ့် ခေါ်နူးစုမ်တောင်ပေါ်မှာ အများကြီးပဲရယ်။

တောင်တက်လမ်းတလျှောက်ရှိ တောင်ဇလပ်ပန်း၊ တောရိုင်းပန်းများ၊ ဝက်သစ်ချပင်၊ ရေခဲခြောက်နှင့် ကောင်းကင်ပြာအောက်မှ အထပ်ထပ်ဖြစ်နေသော ချင်းတောင်တန်းများရှုခင်းက ပင်ပန်းနွယ်နယ်နေမှုကို သက်သာစေသလို စိတ်ကိုလည်း အေးချမ်းစေတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၉၈၃၅ပေ ရောက်ရင်ဖြင့် တောင်ဇလပ်ဝါပင်များကို စတွေ့ရပါပြီ။ ပန်းတွေပွင့်နေတာတော့ မတွေ့ခဲ့ရဘူး။ တောင်တက်ရင်း မောတယ်ဟယ် ဆိုပြီး တွေ့ကရာမှာ ဝုန်းကနဲ မထိုင်လိုက်ကြနဲ့အုံးနော်။ အချို့နေရာတွေမှာ ဆူးခြုံတွေ အသည်းယားစဖွယ် ရှင်သန်နေလို့ပါ။

မြက်ခင်းခြောက်ကွင်းပြင်ကြီးကို ဖြတ်ပြီးရင် အရှေ့မှာ စိမ်းစိုနေတဲ့ ခေါ်နူးစုမ်တောင်ပေါ့
ဆိုင်ကယ်လမ်းကို တတ်နိုင်သမျှ ရှောင်သွားကြပေမယ့် တစ်ခါတစ်လေတော့လည်း မလွှဲသာမရှောင်သာ သုံးရပြန်တယ်။
တစ်ယောက်နဲ့ တစ်ယောက် သည်လို တွဲခေါ်ပြီး တက်ခဲ့ကြရတယ်။
လူတစ်ယောက် သွားနိုင်ရုံ လမ်းကျဉ်းလေးတွေကိုလည်း ဖြတ်သန်းခဲ့ရတယ်
နေ့ခင်းကြောင်တောင်မှာတောင် ရေခဲခြောက်တွေက ရှိနေတုန်း
ဝက်သစ်ချပင်တန်းတွေနဲ့ သိပ်လှတဲ့ နေရာလေးပေါ့။
သစ်ပင်မှာ ကပ်နေတဲ့ ကပ်ပါးပင်တွေပေါ် နေရောင်ခြည် ဖြာကျနေတာလေး သဘောကျလို့
အမောမလုံတော့လဲ ခဏခဏ နားနေမိတယ်။
တောပန်း ပိစိလေးတွေ သဘောကျလို့
လုံးလုံးလေးတွေနဲ့ ချစ်စရာလေး
မြက်ပန်းပိစိလေးတွေ ချစ်ဖို့ကောင်းတယ်နော်
ပင်လယ်ရေမျက်နှာပြင်အထက် ၉၈၃၅ပေ ရောက်ရင်ဖြင့် တောင်ဇလပ်ဝါပင်များကို စတွေ့ရပါပြီ။ တောင်ဇလပ်ပန်း အဝါရောင်တွေတော့ မတွေ့မိဘူးရယ်။
ရောက်တော့မယ် ရောက်တော့မယ် ဆိုပြီး ခုထိ မရောက်သေးဘူးရယ်။
ဆူးခြုံလေးတစ်ခြုံတွေ့လို့ မှတ်တမ်းတင်မိပြန်ရော... တွေ့ကရာ မထိုင်ချနဲ့နော်။ ဆူးမိရင် မသက်သာဘူး။
သည်နေရာမှာ လမ်းမှားပြီး ရင်ထိတ်ခဲ့ရတယ်လို့ ကိုယ်ပြောရင် ဇဝေဇဝါ ဖြစ်သွားကြမလား?

သွားရင်း၊ နားရင်း၊ ဓာတ်ပုံရိုက်ရင်းနဲ့ တက်လာခဲ့လိုက်ကြတာ ၁:၁၅ မှာ ခေါ်နူးစုမ်တောင်ထိပ်မှာ ခြေချနိုင်ခဲ့ပါပြီ။ ခြေထောက်တွေ ညောင်းလွန်းလို့ တစ်လမ်းလုံး အားကိုးအားထား ပြုလာခဲ့ရတဲ့ တုတ်ချောင်းကို ပစ်ချပြီး မြေကြီးပေါ်မှာ ခြေပစ်လက်ပစ်သာ ထိုင်လိုက်မိတော့တယ်။ ပြီးတော့ နေ့လည်စာ အနေနဲ့ ယူလာခဲ့တဲ့ ထမင်းကြော်ဗူးကို ဖွင့်စားကြတယ်ပေါ့။ ခြစ်ခြစ်တောက်ပူတဲ့ နေ့လည်ခင်း နေအပူရှိန်ဟာ ခေါ်နူးစုမ်တောင်ရဲ့ အအေးဓာတ်ကို မကျော်လွှားနိုင်ပါဘူး။ အေးပါတယ်ဆိုကာမှ လေကလည်း တဟူးဟူးနဲ့ တိုက်နေသေးတယ်။ နေအလင်းရောင်ရှိတဲ့နေရာမှာ နေကို ကျောပေးထိုင်းရင်း စကားတပြောပြောနဲ့ နားနားနေနေပေါ့။

နောက်ဆုံးတော့ 1:15 မှာ တောင်ထိပ်ကို ရောက်ပြီကွာ။
ခေါ်နူးစုမ်တောင်ထိပ်ပေါ်မှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ နှင့် Church ကျောင်းတစ်ကျောင်းလဲ ရှိသေးတယ်။
သည်နေရာလေးနဲ့ ခပ်လှမ်းလှမ်းမှာ ထမင်းထိုင်စားကြတယ်။
တောင်အောက် မဆင်းခင် အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။

ခေါ်နူးစုမ်တောင်ထိပ်မှ ၁၂မိုင်တောင်ခြေစခန်းသို့

၂:၃၀မှာ တောင်အောက်ကို ပြန်ဆင်းခဲ့ကြပါတယ်။ တောင်ဆင်းလမ်းက အေးဆေးပါလို့ တွေးခဲ့လေသမျှ တက်တက်စင်အောင် လွဲတော့တယ်။ အေးစခန်းကို သွားရမှာမို့လို့ စတက်လာခဲ့တဲ့ ၁၀မိုင်စခန်းကို မဟုတ်ဘဲ ၁၂မိုင်စခန်းကို ဆင်းကြရတာ။ မတ်စောက်ကြမ်းတမ်းပြီး တောနက်လှတဲ့ အဆင်းလမ်းဟာ အတက်လမ်းနဲ့ ကွဲထွက်ပြီး ပိုပင်ပန်းလှတယ်။ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး ဂဏန်းတစ်ကောင်လို ဘေးတိုက် ဖြည်းဖြည်းချင်း ဆင်းကြရတယ်။ သစ်ခွပင်တွေ တွေ့ပေမယ့် သည်ရာသီက သစ်ခွပွင့်ချိန်တော့ မဟုတ်ပေဘူး။ တောနက်လာသလို နေရောင်ခြည် မတွေ့ရလောက်အောင် တောအုပ်ထူလာတာကြောင့် ဓာတ်ပုံတွေဘာတွေလည်း မရိုက်နိုင်တော့ပါ။ ခပ်သွက်သွက်သာ လျှောက်ခဲ့ကြတယ်။ သည်လိုနဲ့ ၅:၁၈မှာ ၁၂မိုင်စခန်းကို အောင်မြင်စွာ ရောက်ရှိခဲ့လေသတည်း။

တောင်ဆင်းလမ်းက တောင်တက်လမ်းထက် ပိုကြမ်းတမ်းလိမ့်မယ်လို့ မို့ မထင်ထားခဲ့ဘူး။
အလင်းရောင် နည်းလာပြီး တောနက်လာလို့ ခပ်သွက်သွက် လျှောက်ခဲ့ကြတယ်။
မြန်မြန်ရိုက်လိုက်မိတော့ လက်မငြိမ်ဘဲ ဖယောင်းသစ်ခွပန်းက ဝါးတားတား ဖြစ်သွားတယ်။

၁၂မိုင်စခန်းမှ အေးစခန်းသို့

အသင့်စောင့်နေတဲ့ ကားပေါ်တက်ပြီး အေးစခန်းသို့ မောင်းထွက်ခဲ့ကြသည်။ အေးစခန်းသို့ သွားရာကားလမ်းတလျှောက် ရှုခင်းတွေကို ပြောရမယ်ဆိုရင်ဖြင့် ဝါဂွမ်းစိုင်တွေ အဆုပ်လိုက်ကြီး ကျောက်တောင်တွေကြားကပဲ ရုန်းထွက်လာသလား၊ ချိုင့်ဝှမ်းတွေထဲကပဲ လွင့်ပျံလာသလား၊ မိုးပေါ်ကပဲ ပြုတ်ကျလေသလား ထင်မှတ်မှားမိတယ်။ ဖြူလွှအိစက်လှတဲ့ တိမ်လွှာခြုံထည်အကြား နေမင်းကြီးက တအိအိ တိုးဝင်ပျောက်ကွယ်လုစဲ။ နေနတ်သားရဲ့ ခပ်ငွေ့ငွေ့ကိုယ်ရောင်ကိုယ်ဝါက ကမ္ဘာကြီး၏ တိမ်လွှာခြုံထည်ပေါ်မှာ ပုစွန်ဆီရောင်အဖြစ် စွန်းကျန်ရစ်သည်။ နူးညံ့သိမ်မွေ့လှတဲ့ ရှုခင်းတွေကို ကားမှန်ပြတင်းပေါက်ကနေ ငေးမောရင်း ခေါ်နူးစုမ် ၁၂မိုင်စခန်းကနေ အေးစခန်းသို့ ဘယ်လို ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။

၁၂မိုင်တောင်ခြေစခန်းကို ရောက်တော့ ပျော်လွန်းလို့ ကစုန်ပေါက် ပြေးသွားမိမတတ်ပေါ့။
အေးစခန်းကို သွားတဲ့ ကားလမ်းဘေးတလျှောက်က တိမ်ပင်လယ်တွေ လှနေရောပဲ။
တိမ်ပင်လယ်မွေ့ယာကြီးပေါ် ခုန်ချချင်စိတ်တောင် ပေါက်တယ်။

အေးစခန်းတွင် Guest House တစ်လုံးသာရှိသည်။ မျက်နှာချင်းဆိုင် တန်းလျားရှည် အခန်းတွဲတွေ ဖြစ်ပြီး တစ်ခန်းနှင့် တစ်ခန်းကို သုံးထပ်သားများဖြင့် ကာရံထားသည်။ အိမ်သာသည် Guest House ၏ အနောက်ဘက်တွင် သီးသန့် တည်ရှိသည်။ ဘိုထိုင်၊ မြန်မာထိုင် နှစ်မျိုးလုံးရှိပါတယ်။ ဘိုထိုင်ရဲ့ ရေလှောင်ကန်ငယ်မှာ ရေမရှိတတ်တဲ့အတွက် အပေါ့အပါးအတွက်လောက်ပဲ သုံးသင့်တယ်။ အလေးဆိုရင်တော့ မြန်မာထိုင်ဘက်မှာပဲ သွားလိုက်ပါ။ ရေက ထိလိုက်ရင် ထုံသွားသည်အထိ အေးစက်သောကြောင့် Wet Tissue ကော၊ Dry Tissue ပါ ဆောင်သွားပါ။ အိမ်သာဘက်သို့ သွယ်တန်းထားသောမီး မရှိသောကြောင့် ဖုန်းမီး ဖွင့်ပြီးသာ သွားပါ။ Guest House ၏ အရှေ့ဘက်တွင် အမိုးအကာလုံ ရေချိုးခန်းတွေ ရှိပါသော်လည်း အရိုးခိုက်အောင် အေးတဲ့အတွက် ဘယ်သူမှ ရေချိုးနိုင်မည်မထင်။ မျက်နှာသစ်ရန်နှင့် ခြေလက်ဆေးရန်တော့ ရေနွေးတည်ပေးထားပါတယ်။ လျှပ်စစ်မီး အနေနဲ့ကတော့ ည၁၀နာရီနောက်ပိုင်းမှာ အခန်းမီးတွေ ဖြတ်တောက်လိုက်တယ်။ အပြင်လျှောက်လမ်းမီးတော့ ထွန်းပေးထားသေးသည်။

ချမ်းတို့ အေးစခန်းရောက်တော့ အခြားအဖွဲ့၂ဖွဲ့လည်း ရှိနေတဲ့အတွက် ၄ယောက်တစ်ခန်း၊ ၃ယောက်တစ်ခန်း စုနေကြရတယ်။ အခန်းထဲမှာ မွေ့ယာအပြည့်ခင်းပေးထားပြီး စောင်ထူတစ်ယောက်တစ်ထည်စီ ပေးထားသည်။ အေးစခန်း ဆိုသည့်အတိုင်း အလွန်အမင်း အေးသည့်အတွက် နောက်ထပ် အပိုစောင်တစ်ထည်လောက်တော့ ထပ်တောင်းလိုက်ပါလို့ အကြံပေးချင်ပါတယ်။ အခန်းထဲမှာ အထုပ်အပိုးချပြီးနောက် အချို့က ရေချိုးခန်းမှာ ရေနွေးဖြင့် မျက်နှာသစ်၊ ခြေလက်ဆေးကြတယ်။ အချို့က အခန်းထဲမှာပဲ လဲလျောင်းနေကြတယ်။ တအောင့်နေတော့ ထမင်းစားဖို့ ကိုအောင်ထန်းက သူ၏ချစ်လှစွာသော ဧည့်သည်များကို "ဗျိုး" ဟစ်လေတော့သည်။ အေးစခန်းမှာပဲ ချက်ပြုတ်ထားတဲ့ ချင်းရိုးရာ စားစရာများဖြင့် တည်ခင်းကျွေးမွေးပါတယ်။ အရသာ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ခပ်ပေါ့ပေါ့ သဘာဝအတိုင်း အရသာမျိုးဆို ပိုမှန်ပါလိမ့်မယ်။ ချမ်းတော့ ထမင်းတစ်ပန်းကန်တောင် ကုန်အောင် မစားနိုင်ခဲ့ဘူး။ အိမ်ကနေ ငါးခြောက်အစပ်ကြော်၊ ငါးပိကြော်၊ သရက်သီးသနပ်လေးတွေ ယူသွားသင့်ပါတယ်။

ထမင်းစားနေတုန်းမှာ အခြားအဖွဲ့က ဦးလေးကြီးတစ်ယောက် ရောက်လာပြီး မီးပုံပွဲမှာ သူတို့နှင့်အတူ ပါဝင်ဖို့ ဖိတ်ခေါ်လာသည်။ အပျော်အပါးဆိုရင် နှစ်ခါမခေါ်ရတဲ့ ကိုယ်တို့အဖွဲ့ကလည်း ဟုတ်ကဲ့ ပေါ့။ ထမင်းစားပြီးတော့ ညအိပ်အင်္ကျီလဲ၊ ခြေအိတ်၂ထပ်၊ ဘောင်းဘီရှည်၂ထပ်၊ သိုးမွှေးခေါင်းစွပ်၊ အနွေးထည်ထူထူ ဝတ်ပြီး မီးပုံပွဲမှာ သွားရောက်ပူးပေါင်းကြသည်။ မဟူရာ ကောင်းကင်နောက်ခံပေါ်မှာ ငွေကြယ်ပွင့်များစွာဟာ အရည်အသွေးမြင့်မားလှသည့် စိန်ပွင့်လေးတွေအလား တလက်လက် တောက်ပလို့နေသည်။ ချင်းတိုင်းရင်းသားများက မီးပုံအရှေ့မှာ ရိုးရာအကတို့ဖြင့် ကပြဖျော်ဖြေကြတယ်။ ချင်းခေါင်ရည် မြည်းစမ်းပြီး အေးအေးဆေးဆေး ငိုက်နေသူများ ရှိသလို၊ ခေါင်ရည်ရှိန် တရိပ်ရိပ်တက်ပြီး စကားသံ ကျယ်လာသူများလည်း ရှိသည်။ ချမ်းတို့ မြည်းစမ်းခဲ့ရတဲ့ ချင်းခေါင်ရည် အရသာက ပျော့တယ်။ မနက်က ခေါ်နူးစုမ်တောင်ကို ခြေလျင် အတက်အဆင်း လုပ်ထားတော့ လူက ပင်ပန်းပြီး နားချင်လာတာကြောင့် စောစော ပြန်နားဖြစ်တယ်။ အေးစခန်းရဲ့ အအေးဟာ မခံမရပ်နိုင်လောက်အောင် အေးတဲ့အတွက် မိုးသောက်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ် မရှိခဲ့ဘူး။ နိုးနေသလိုလို အိပ်မက် မက်နေသလိုလို ဂယောက်ဂယက် အခြေအနေနဲ့ပဲ ဒုတိယနေ့က ပြီးဆုံးခဲ့ပါပြီ။

အေးစခန်းက ကြယ်ပင်လယ်အောက်မှ မီးပုံပွဲ
ခေါင်ရည်အေးအေးလေးနဲ့ ချီးယား အော်ကြခိုက်
အခန်းကတော့ ရှုပ်ပွနေရောပဲ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.