Adventure Trip

Fill your life with adventures.

တိမ်လွှာခြုံပြီး ကြယ်တွေရေတွက်မယ် (နောင်ချိုရောက်ရင် မဖြစ်မနေ သွားသင့်သောနေရာ ၆ခု)

တိမ်လွှာခြုံပြီး ကြယ်တွေရေတွက်မယ်လို့ ကြံစည်ပြီးကတည်းက ဘာမှကို ခေါင်းအစားခံပြီး မစီစဉ်ချင်တော့တာပါ။ ဒါ့ကြောင့် မေမြို့အခြေစိုက် Cherry Hills May Myo Tours ရဲ့ အစီအစဉ်အတိုင်းပဲ သွားဖြစ်ခဲ့တယ်။ ပြင်ဆင်မှုမပါတဲ့ သဘာဝအရင်းခံ ပကတိ အလှတရားတွေထဲ အပြည့်အဝ ပျော်ဝင်ချင်တဲ့ ကျွန်မအတွက် ယခုခရီးစဉ်ဟာ ဆိုရင်ဖြင့် အင်မတန် စိတ်ခုန်ခဲ့ရပါတယ်။

နောင်ချိုမှာ လည်ပတ်ဖို့အတွက် ပြင်ဦးလွင်ရှိ သီဟဗလဟော်တယ်မှာ ဦးစွာ လူစုကြတယ်။ ကျွန်မတို့အဖွဲ့က ယောကျာ်းလေးနှစ်ယောက်၊ မိန်းကလေးသုံးယောက်ပါ ငါးယောက်အဖွဲ့ဖြစ်ပြီး အခြားအဖွဲ့က ယောကျာ်းလေးတစ်ယောက်၊ မိန်းကလေးသုံးယောက်ပါ လေးယောက်အဖွဲ့ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး မိတ်ဆက်ပြီးနောက် မကြာသောမိနစ်ပိုင်းမှာပဲ ကျောင်းနေဖက်သူငယ်ချင်းတွေ ပြန်ဆုံသည့်အလား ရင်းနှီးချစ်ခင်ကုန်တယ်။

သီဟဗလဟော်တယ်။ ။ လိပ်စာ - အမှတ် (၁၃)၊ ဝိုင်အမ်ဘီအေ အရှေ့၊ ရပ်ကွက်ကြီး (၄)၊ (၇) ကွက်၊ ပြင်ဦးလွင်မြို့။ ဖုန်းနံပါတ် - 085-23120, 085-21312, 09 774488238, 09 774488239 Price - ၂၅,၀၀၀ ~ ၅၀,၀၀၀ (+Tax 5%)

တစ်နာရီသာသာလောက် ကားစီးပြီးချိန်မှာ ပတ်ဝန်းကျင်ရှုခင်းတွေ ပြောင်းလဲစပြုလာတာကို သတိထားမိလာတယ်။ မြစိမ်းရောင်ကိုင်းတံဖျားမှာ ငွေနှင်းမှုန်တွေ ဖြာထွက်ပြီး သီးနေသလား ထင်ရအောင် မျက်စိပဒါယဖြစ်စေတဲ့ ပန်းခင်းကျယ်ကြီးတွေက တမျှော်တခေါ်။ တြံမက်စည်းပန်းတွေလို့ ထင်မိပေမယ့် သေသေသပ်သပ် စိုက်ပျိုးထားတဲ့ အလှစိုက်ပန်းခင်းကြီးအလား ဖြစ်နေလေတော့ စိတ်ထဲမယ် ဇဝေဇဝါ။ ကားဆရာဦးလေးကြီးဆီ စူးစမ်းကြည့်ကာမှ ကြံပန်းတွေ ပွင့်နေတာလို့ သိရတော့တယ်။ အနုအရွအလှအပဆို ခုံမင်တဲ့ကျွန်မအတွက် ဓာတ်ပုံဆင်းရိုက်ချင်စိတ်တွေက မရိုးမရွရယ်။ အချိန်ကို ငဲ့သောအားဖြင့် အသာစိတ်ဖြေထားရတာ။

၁။ ရွှေသွန်းကျေးရွာနားမှ ကြံပန်းခင်း

နောက်ထပ် တစ်နာရီခွဲလောက်ကြာအောင် မောင်းပြီးချိန်မှာတော့ ရွှေသွန်းကျေးရွာ အဝင်နားထိ ရောက်လို့နေပြီ။ လက်ယာဘက်သို့ဖြစ်စေ၊ လက်ဝဲဘက်သို့ဖြစ်စေ မြင်မြင်ရာဟာ ကြံပန်းခိုင်တွေနဲ့ ဖွေးကနဲစင်အောင် လှနေပါပြီရော။ လေအသုတ်မှာဆိုရင်ဖြင့် တစ်လိုင်းချင်းစီ စည်းချက်ကျကျ ယိမ်းနွဲ့သွားလိုက်တာများ ကြည့်လို့ဖြင့် ကောင်းမှကောင်း။ ခပ်စိန်းစိန်း စိုက်ကြည့်ကာမှ အောက်ခြေရှိ အဝါရောင်သန်းစပြုနေပြီဖြစ်သော ကြံပင်စည်တွေကို မြင်မိတော့တယ်။ နေကျချိန် အလင်းအနေအထားပါ ပေါင်းထည့်လိုက်တော့ ချီတုံချတုံ မဖြစ်နိုင်တော့။ ကားရပ်ပေးဖို့ရာ တောင်းဆိုမိပြီး ဓာတ်ပုံဆင်းရိုက်ခဲ့တယ်။ထိုမှာတင် ၁၅မိနစ်လောက် ကြာမယ်။

တံမြက်စည်းပန်းတွေလို့ ထင်နေတာ။ မေးကြည့်မှ ကြံပန်းတွေ ပွင့်နေမှန်း သိရတော့တယ်။
ကြံပန်းခင်းက လှလွန်းလို့ ဓာတ်ပုံတွေ တဝ ရိုက်ခဲ့ကြတယ်။
ကြံပန်းခင်းပေါ် နေရောင်ဖြာချခိုက်... ရွှေရောင်သန်းပြီး သိပ်လှတာပဲ

၂။ ဆန်ဖာတပ်မှ တိမ်ပင်လယ်

ပြီးမှ နောင်ချိုကြီးရွာက ထော်လာဂျီဆရာကြီး ကိုနေဝင်းအိမ်သို့ မောင်းခဲ့ကြတယ်။ ကိုနေဝင်းအိမ်မှာပဲ ညစာစားသောက်ဖြစ်တယ်။ အသားငါး မပါပေမယ့် ရွာဓလေ့ရိုးရာဟင်းတွေက စားလို့မြိန်ပါဘိ။ ညနေ ခြောက်ခွဲလောက်မှ ထော်လာဂျီစီးပြီး တောင်တက်ကြတယ်။ ရွာမှာတော့ ထော်လာဂျီကို စက်လို့လည်းခေါ်တယ်။ ကန့်လန့်လို့လည်း ခေါ်တယ်။ စီးလုံးငှားရမှာဖြစ်ပြီး အသွားအပြန်အတွက် လေးသောင်းကျပ်တဲ့။ အကုန်အကျသက်သာချင်ရင် အခြားအဖွဲ့တွေနဲ့ ပေါင်းငှားတတ်ဖို့ လိုတယ်။ ဆိုင်ကယ်ကယ်ရီတွေလည်းရှိပြီး အသွားအပြန် တစ်သောင်းပါတဲ့။

တောင်တက်လမ်းဟာ ခပ်ကျဉ်းကျဉ်း မြေနီလမ်းရယ်ပါ။ ကုန်းမို့တွေ၊ ချိုင့်တွေရယ်မို့ သာသာလေးရယ်သာ လှိမ့်မောင်းရတယ်။ အိမ်စီးကားတွေ တက်ဖို့ဆိုတာ ဝေးလာဝေး။ ထော်လာဂျီပေါ်မယ် ကျောပိုးအိတ်ပေါ် ၄၅ဒီဂရီ ပက်လက်လှန်မှေးပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပါ။ တိမ်ကင်းစင်နေသည်မို့ ကြယ်စုကြယ်ဝေးတွေ လက်လက်ထနေပါပြီ။ ဘေးဘယ်ညာမှာက တောရိုင်းသစ်ပင်တွေနဲ့ ခြောက်ခြောက်ခြားခြားနိုင်တယ်။ သုတ်ခနဲ လေတိုက်ချိန်ဆို စိမ့်ခနဲ အေးသွားပြန်တယ်။ လှုပ်လီလှုပ်လဲ့နဲ့ လေးဘက်လေးတန်ကို ဖြည်းဖြည်းလေး ယိမ်းထိုးနေတာမို့ ချော့သိပ်နေသလိုပဲ။ ငြိမ်းချမ်းနေတဲ့ စိတ်အစဉ်ကို နှောင့်ယှက်နေတာက မကြာမကြာ နှာသီးဝကို လာတိုးတဲ့ မီးခိုးမည်းနံ့တွေ။ အင်ဂျင်ကထွက်တဲ့အနံ့ဟာဖြင့် အတော်ဆိုးဝါးလှတယ်။ ညီမတစ်ယောက်ပေးတဲ့ Mask သာ မအုပ်ထားမိရင် အတော်မခံသာမယ့်အရေး။ ၁နာရီကြာအောင် ထော်လာဂျီစီးပြီးမှ တောင်ထိပ်ရောက်တော့တယ်။ ဖုန်တလုံးလုံးနှင့် လူဟာ လူရုပ်ပင် မပေါ်တော့။

ထော်လာဂျီရပ်တဲ့နေရာကနေ Camp Site ဖြစ်တဲ့ ဆာဖာတပ်တောင်ထိပ်ဆီ လမ်းလျှောက်ရသေးတယ်။ ၁၅မိနစ်လောက်ပါပဲ။ Backpack နဲ့ပဲ လာခဲ့တာမို့ တော်ပါသေးတယ်။ တောင်ထိပ်ရောက်တော့ ပါးစပ်အဟောင်းသား ဖြစ်မိတယ်။ Tents တွေကော လူတွေကော အပြည့်အသိပ်။ ရာနှင့်ချီသည်မို့ ရွာငယ်လေး သယောင်ယောင်တောင် ထင်မိတယ် သူငယ်ချင်းရဲ့။ ကိုယ့်စိတ်ကို သာ၍မကြည်မလင် ဖြစ်စေတာက မူးပြီးအော်ဟစ်နေကြတာ။ မီးပုံပွဲတွေ နီးနီးကပ်ကပ် ကျင်းပနေကြတာ။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူညီတဲ့သီချင်းတွေကို ဒေါင်ဒေါင်ဒင်ဒင်တီးပြီး ညည်းနေကြတာ။ Sound Box ကြီးဖွင့်ပြီး မီးပုံကို ပတ်ပြီး ကနေကြတာ။ ပွစာကျဲနေတဲ့ အမှိုက်စတွေ ဖွေးဖွေးလှုပ်နေတာ။ ကျွန်မစိတ်တွေ မွန်းကြပ်လှချည်ရဲ့။ ထော်လာဂျီစီးလာတုန်းက မြင်ခဲ့ရတဲ့ ကြယ်ပင်လယ်လဲ ထင်းမီးဖိုက မီးခိုးငွေ့တွေကြောင့် ဘယ်ပျောက်ကုန်တယ်ရယ်မသိ။ လူ ၅၀၀ပမာဏနဲ့ အိမ်သာ ၅လုံးဆိုတဲ့ အသိက ကျွန်မစိတ်ကို ခြောက်ခြားစေတယ်။ Wet Tissue ကော Dry Tissue ပါ လုံလုံလောက်လောက် ပါလာသားပဲဆိုပြီး အပူအနည်းအကျဉ်း လျော့ပါးသွားခဲ့ရ။ သို့ပေမယ့် ရေလုံလုံလောက်လောက် မရှိတာမို့ အနံ့အသက်က အော်ဂလီဆန်လောက်အောင် ဆိုးဝါးလွန်းတယ်။

ဒါတွေကို ပြောင်းလဲပစ်နိုင်စွမ်း မရှိခြင်းအတူတူ ငြီးညူးမနေတော့ပါဘူး။ နောက်ကျိနေတဲ့ စိတ်ဝေဒနာတွေကို ခါထုတ်ပြီး တက်ညီလက်ညီဘော်ဒါတွေနဲ့ တစ်ညတာ အတူကုန်ဆုံးရမှာကိုသာ ပြန်တွေးကြည့်ပြီး စိတ်ပျော်စေခဲ့တယ်။ စိတ်ကြည်သွားမှ ဝန်းကျင်ကို သတိထားမိပြန်ပေါ့။ စိတ်ရှည်ပြီး တက်ကြွလှတဲ့ ဂိုက်အကို ကိုကျော်ဝေဦး၊ ကိုအောင်အောင်တို့ အဖွဲ့တောင် Tents တွေ ထိုးနေကြပြီပဲ။ နေရာလွတ် သိပ်မကျန်တော့ပေမယ့် အတတ်နိုင်ဆုံး ပြန့်ပြူးမယ့်နေရာ ရှာပေးနေကြတာကို ကြားနေရတယ်။ Tents ထိုးပြီးတော့ ကျောမနာအောင်၊ အစိုဓာတ်မဝင်အောင် ရာဘာပြားတွေ ဝေပေးပြန်တယ်။ အအေးဒဏ် ခံနိုင်အောင်ဆိုပြီး Sleeping Bag တွေလည်း ထုတ်ပေးတယ်။

အိပ်စက်ဖို့ နေရာချပြီးတော့ မီးပုံပွဲလေး ကျင်းပလို့ရအောင် မီးဖို ဖိုပေးသွားတယ်။ ထင်းတစ်စည်း တစ်ထောင်နဲ့ ဝယ်ရတာတဲ့။ ဧည့်များလွန်းတာမို့ ထင်းစည်းတောင် ကိုယ်လိုသလောက် မဝယ်နိုင်ဘူး။ မက်မန်းဝိုင်၊ လက်ဖက်သုတ်၊ ရှောက်သီးသုတ်၊ ခရမ်းချည်သီးသုတ်၊ ဝက်ဆီဖတ်ကင် တွေနဲ့ စားသောက်မြည်းစမ်း၊ ကျီကျီကျာကျာ စကားတွတ်ထိုးရင်း ည ၁၂ခွဲမှ မီးပုံပွဲ သိမ်းဖြစ်တယ်။ မျက်နှာသစ်ဖို့ သွားတိုက်ဖို့ အတွက် Wet Tissue နဲ့ ရေသန့်ဗူးသာ အားကိုးနေရတာ။

ကြက်အိပ်ကြက်နိုးနဲ့ နံနက် ၄ခွဲကြီး နိုးပါလေရော။ မှောင်နှင့်မဲမဲထဲမှာ လက်နှိပ်ဓာတ်မီးတစ်လက်နဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေး လုပ်ကြရတယ်။ ၆ခွဲထိ အတော်မှောင်တာမို့ ဘာတိမ်ပင်လယ်မှ မမြင်သေးဘူး။ ၇နာရီလောက်မှ Sunrise ကော တိမ်ပင်လယ်ပါ မြင်ရတာ။ ရာသီဥတုအနေအထားကြောင့် တိမ်ပင်လယ်က ထင်သလောက် ထူထဲပြွတ်သိပ် မနေဘူး။ ဘယ်ဘက်တစ်ခြမ်းတည်း တိမ်တွေမြူးနေတာ။ ညာဘက်ခြမ်းမှာတော့ ဘာတိမ်မှ မတက်လာကြဘူး။ ကားတတန်၊ ထော်လာဂျီတတန်၊ လမ်းလျှောက်၍တဖုံ တက်လာခဲ့ပြီးမှ ဘာတိမ်မှ မမြင်ရတာထက်စာရင် တစ်ခြမ်းပဲ့တိမ်ပင်လယ် မြင်ရသေးတာမို့ တော်ပါသေးတယ်။

နာမည်ကြီးနေတဲ့ ကမ်းပါးအစွန်းက ဒန်းလေးစီးပြီး ဓာတ်ပုံရိုက်ဖို့အတွက် ချောက်ထဲကို ၅မိနစ်လောက် ဆင်းရသေးတာ။ ချောက်ထဲရောက်တော့ ဝါးဝရံတာလေးတစ်ခု ချောက်အစွန်းမှာ ထိုးပေးထားတာ တွေ့ရတယ်။ ဒန်းလေးက ချောက်ရဲ့ ဘယ်ဘက်အခြမ်း အပေါ်နားလောက်မှာ။ ဒါန်းကို ယိမ်းထိုးမနေအောင် အခြေကော အပေါ်ပါ ကြိုးနဲ့စိုင်းထားတယ်။ ဒါ့ကြောင့် ထိုင်ရုံသာ တတ်နိုင်တယ်။ လွှဲဖို့ရာမဖြစ်နိုင်ဘူး။ ဒန်းအောက်မှာ ကျောက်စိုင်ချွန်တစ်ခု ရှိနေတာ။ ဒန်းပေါ်က ပြုတ်ကျခဲ့သည်ရှိသော် ထိခိုက်မိမှာ မလွဲဧကန်။ ဓာတ်ပုံလှလှလေး ရိုက်မယ်လို့ အားခဲထားတဲ့သူတွေအတွက် လူရှင်းဖို့ရာ မဖြစ်နိုင်ပါ။

စော်ဘွားတောင်သို့ မကူးခင် စော်ဘွားဆိုတဲ့ ဆိုင်တဲလေးမှာ နံနက်စာ မှာစားဖြစ်တယ်။ ထမင်းကြော်၊ ထမင်းသုတ်၊ ခေါက်ဆွဲပြုတ်၊ ကြက်ဥပြုတ်၊ ထမင်းဖြူနဲ့အသုတ်၊ ကော်ဖီ စတာတွေရတယ်။ ဈေးက အနိမ့်ဆုံး ၃၀၀ကနေ အမြင့်ဆုံး ၁၅၀၀ထိသာ ရှိတာမို့ သက်သာတယ်။ လူအများကြီး မစောင့်ချင်တာနဲ့ ယမ်းယမ်းချဉ်စပ်တစ်ထုပ်နဲ့ ကြက်ဥတစ်လုံးတောင်းပြီး ကိုယ်တိုင် ဝင်ပြုတ်ခဲ့တယ်။

နောင်ချိုကြီးကျေးရွာက ထော်လာဂျီဆရာကြီး ကိုနေဝင်းရဲ့အိမ်ရှေ့
ဒေသခံတွေကတော့ ထော်လာဂျီကို စက် သို့မဟုတ် ကန့်လန့်လို့ ခေါ်ကြတယ်။
တောင်တက်လမ်းကတော့ မြင်တဲ့အတိုင်း အတော်ကြမ်းတယ်။ ချိုင့်ခွက်တွေ၊ ကုန်းမို့တွေဆိုတာ တလမ်းလုံးပါပဲ။
ည၈နာရီလောက်မှ တောင်ပေါ်ရောက်တယ်။
ရာနဲ့ချီတဲ့ tents တွေရယ်၊ လူတွေရယ်ကြောင့် စိတ်တွေ မွန်းကြပ်လိုက်တာ။
၇နာရီလောက်မှ Sunrise ကြည့်ရတာမို့ အစောကြီးထစရာ မလိုပါ။
Sunrise ကတော့ အတော့်ကို လှတယ်။
တိမ်ပင်လယ်က အပြည့်မတက်ဘဲ ဘယ်ဘက်တခြမ်းပဲ တက်လာတယ်။
ဒန်းရှိတဲ့ ချောက်ကမ်းပါးဘက်သို့ ဆင်းတဲ့လမ်း
ချောက်ကမ်းပါးစွန်းမှာ ဝါးဝရံတာလေး ဆောက်ထားတယ်။
ဒန်းက ချောက်ကမ်းပါးစွန်းမှာရှိတာ။ ဒန်းရဲ့ အပေါ်ကော အောက်ပါ ကြိုးတွေနဲ့ သိုင်းထားတယ်။
နံနက်စာ စားဖို့ စော်ဘွားဆိုင်လေး
လူများလွန်းလို့ ချဉ်စပ်ခေါက်ဆွဲ ကိုယ်တိုင်ဝင်ပြုတ်ခဲ့တယ်။
အမှိုက်တွေ ပွထနေတာပဲ။
နောက်တနေရာ မရွေ့ခင် ခရီးသွားကိုးဖော်စုပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တယ်။

၃။ မဟူရာရောင် ကျောက်စိုင်တွေနဲ့ သိပ်လှတဲ့ စော်ဘွားတောင်

ဆန်ဖာတပ်နဲ့ စော်ဘွားတောင်က သိပ်မဝေးလှဘူး။ စော်ဘွားတောင်မှာလဲ Camping Site ရှိပြီး လူသူရှင်းတယ်။ တကယ်ဆို စော်ဘွားတောင်မှာ Tent ထိုးပြီး ညအိပ်၊ နံနက် ၆ခွဲလောက်မှ ဆန်ဖာတပ်စခန်းကို ကူးပြီး တိမ်ပင်လယ် ကြည့်မယ်ဆိုရင် အတော်ပျော်ဖို့ကောင်းမှာ။ မွန်းကြပ်မှုဆိုတာ ဘာစကားလုံးပါလိမ့်ဆိုပြီးတောင် ဖြစ်သွားအုံးမယ်။ စော်ဘွားတောင်နာမည်အကြောင်း စိတ်ဝင်စားလို့ စူးစမ်းကြည့်တော့ -

ကိုလိုနီခေတ်လောက်က စော်ဘွားတွေဟာ နောင်ချိုက တောတောင်တွေထဲ လာရောက်ရှောင်ကွင်းကြတယ်တဲ့။ လူသူအရောက်အပေါက်နည်းတဲ့ လိုဏ်ဂူကြီးတစ်ခုမှာ ပုန်းခိုနေတာပေါ့။ လိုဏ်ဂူထဲမှာ ဓားသွေးကျောက်ပြင်၊ အိုးခွက် အသုံးအဆာင်ပစ္စည်းတွေ ကျန်ခဲ့ကြသေးတယ်။ လိုဏ်ဂူနားက သဘာဝကျောက်တိုင်ကြီးကိုလည်း စော်ဘွားတိုင်လို့ နှောင်းလူတို့က ခေါ်ဝေါ်လာကြတယ်။ အဲ့လိုနဲ့ စော်ဘွားတောင်လို့ နာမည်တွင်သွားတာပေါ့။ စော်ဘွားတိုင်နဲ့ စော်ဘွားတောင်က မိနစ်၂၀စာခရီးလောက် လှမ်းမယ်။ လမ်းမှာ တောပန်းခပ်နုပ်နုပ်လေးတွေနဲ့ ရှုခင်းသာတယ်။ စော်ဘွားတိုင်နားမှာ မဟူရာရောင် ကျောက်စိုင်တွေက ပြန့်ကျဲလို့နေတယ်။ သည်ဘက်တောင်နဲ့ ဟိုဘက်တောင် အကြား တောင်ခြေမှာ မြစိမ်းရောင် ချောင်းငယ်လေးတစ်ခု သွယ်တန်းစီးဆင်းနေသေးတယ်။ မြစ်ငယ်မြစ်ထဲသို့ စီးဝင်မယ့်ဟန် တူတယ်။

စော်ဘွားတောင်သို့ သွားတဲ့လမ်း
စော်ဘွားတောင်စခန်းမှာလဲ camping site ရှိတယ်။ လူရှင်းတော့ အတော်နေလို့ ကောင်းမှာ။ ဆန်ဖာတပ်စခန်းနဲ့လည်း သိပ်မဝေးဘူး။ လမ်းလျှောက်သွားလို့ရတယ်။
အချို့ကျောက်တိုင်တွေက လှုပ်လီလှုပ်လဲ့မို့ သတိတော့ထားပါ။
ကိုလိုနီခေတ်တုန်းက စော်ဘွားတွေ ပုန်းခိုခဲ့တဲ့ဂူရှိလို့ စော်ဘွားတောင်လို့ ခေါ်တာတဲ့။ အောက်ဘက်ရှိ လှမ်းမြင်နေရတဲ့ ကျောက်တိုင်ကို စော်ဘွားတိုင်လို့ ခေါ်ကြတယ်။
ဓနုအခေါ် တောမဲပွင့်လို့ သိရတယ်။ ရေနွေးဖျောပြီး မြေပဲထောင်းနဲ့ သုတ်စားရင် စားကောင်းတယ်တဲ့။
စော်ဘွားတောင် သွားရာလမ်းရှိ အလေ့ကျတောပန်းလေး

၎။ အပျော်ရွှင်ဆုံးအချိန်တွေ ဆောင်ကျဉ်းပေးသော အင်းဝိုင်းရေတံခွန်

နောင်ချိုမြို့ အင်းဝိုင်းကျေးရွာမှာရှိတဲ့ အင်းဝိုင်းရေတံခွန်က နေရာအသစ်တစ်ခုတော့ မဟုတ်ပေမယ့် လူသိနည်းပါသေးတယ်။ အင်းဝိုင်းကျေးရွာရှိ သကြားစက်ရုံကနေ ကားလမ်းအတိုင်း မောင်းသွားပြီး ဆယ်မိနစ်လောက် တောအုပ်လေးထဲ လမ်းလျှောက် တိုးဝင်သွားရင် ရောက်ပြီ။ တောအုပ်လေးထဲမှာ မြက်ခင်းပြင်နဲ့ ပန်းပင်တွေ မရှိဘူး။ စိမ့်စမ်းရေနဲ့ စိမ်းစိမ်းစိုနေတဲ့ သစ်ပင်ခြုံနွယ်တွေနဲ့ပင် ပြည့်စုံနေပြီ။ Soft trekking လောက်ပဲမို့ ခြေညှပ်ဖိနပ်နဲ့တောင် သွားလို့ရတယ်။ တောအုပ်ထဲက လမ်းကျဉ်းလေးအတိုင်း သွားရာကနေ ရေတံခွန်ကို ဘွားခနဲ မြင်မိတဲ့အခိုက် "အား လှလိုက်တာ" လို့ အံ့သြကာ စိတ်လှုပ်ရှားရတယ်။

တောင်ပေါ်ကနေ ရေတံခွန်ကြီးတစ်ခုနဲ့ ရေတံခွန်ငယ်တစ်ခုက ကိုယ်စီ တစ်နေရာစီကနေ တဝုန်းဝုန်း စီးကျလာပြီး အောက်တည့်တည့်မှာ ရေကန်ကြီးတစ်ခုဖွယ် ဖြစ်ပေါ်နေတယ်။ ရေတံခွန်ဝန်းကျင် ရေကန်အပေါ်မှာ ရေမြှုပ်ရေမွှားတွေက လေထဲမှာ ဝဲနေတယ်။ ရေရဲ့အရည်အသွေးက လူသူကင်းရှင်းပြီး ရေရှင်မို့ စိမ်းမြကြည်ဖန့်တဲ့အရောင်ကို ဆောင်တယ်။ ရေကန်အဆုံးရဲ့ ဘယ်ဘက်အခြမ်းမှာ အောက်ထပ်ရေတံခွန်တစ်ဆင့် ထပ်မံဖြစ်ပေါ်နေတယ်။ မတ်စောက်စောက်မို့ ထိုနေရာမှာတော့ ရေမကစားရဲလောက်အောင် ကြောက်ဖို့ကောင်းနေတယ် မဟုတ်လား။ ရေကစားဖို့အတွက် ရေအိုင်စပ်ထဲ ဆင်းကြည့်တော့ စိမ့်ကနဲ အေးသွားတယ်။ လေအသုတ်မှာဆို ဆတ်ကနဲတောင် တုန်တက်တယ်။ ကန်အောက်ခြေမှ ရွှံ့တွေနဲ့မို့ ချောကျိကျိနိုင်တယ်။ တစ်လှမ်းတစ်လှမ်း မြဲမြဲရပ်ပြီးမှ နောက်တစ်လှမ်းသို့ တိုးသာတယ်။ ရေစီးအားလည်း ရှိသေးတော့ ရေအလျင်က လူကို ဝှေ့ယမ်းစွတ်တိုးကာ မငြိမ်မသက်ဖြစ်စေသည်ပေါ့။ ရေမကူးတတ်တဲ့ ကျွန်မအဖို့ ရှေ့မတိုးသာ ရေစပ်မှာတင် မျက်နှာသစ် ခေါင်းလျှော် ဆော့ကစားနေရတာ။ စိတ်မှာတော့ မချင့်မရဲဖြင့် ငါးလေးတစ်ကောင်လို ကူးခတ်တတ်ချင်မိသား။ ကန်ခြေက ရွှံ့တွေမို့ ရေကစားကြပြီးနောက် ကန်စပ်မှာ ရေနောက်ကုန်တယ်။ အရိုင်းဆန်သေးတဲ့ နေရာမို့ ကုန်းပေါ်မှာ ကွပ်ပျစ်တစ်ခုမှတပါး အခြားဘာမှ မရှိသေး။ ရေလဲဝတ်ဖို့ လုံချည်တစ်ထည် ထည့်ခဲ့ရင် အကောင်းသား။ ကံကောင်းစွာဖြင့် အတူလာ သူငယ်ချင်းမှာ ပါလာသည်မို့ အဆင်သင့်လှတယ်။

အင်းဝိုင်းကျေးရွာမှာရှိတဲ့ အင်းဝိုင်းရေတံခွန်သို့ သွားရာ တောလမ်း
မြက်ခင်းပြင်တွေ ပန်းခင်းတွေ မရှိပေမယ့် စိမ့်စမ်းရေတွေနဲ့ အေးချမ်းတယ်။
တောလမ်းကျဉ်းထဲကနေ ရေတံခွန်ကို လှမ်းမြင်တော့ အား... လှလိုက်တာလို့တောင် ညည်းမိတယ်။
ရေထဲဆင်းမဆော့ခင် ဓာတ်ပုံလေးတွေ ရိုက်ပေါ့။
ရေအိုင်ရဲ့ အဆုံးမှာ နောက်ထပ်ရေတံခွန်တစ်ဆင့် ထပ်ရှိသေးတယ်။
ရေမကူးတတ်သူမို့ ရေစပ်မှာပဲ ရေချိုးဆော့ကစားခဲ့ရ။

၅။ နှစ်၁၀၀ကျော် သက်တမ်းရှိ ဂုတ်ထိပ်တံတားကြီး

နောင်ချိုဘူတာအလွန် ဂုတ်တွင်းဒေသမှာ ရှိတာ။ ပေ ၃၀၀ကျော် မတ်စောက်တဲ့ လျှိုမြောင်းကို ဖြတ်ပြီးဆောက်ထားတဲ့ ၂၂၆၀ပေ အရှည်ရှိတဲ့ တံတားကြီးပေါ့။ ဗြိတိသျှအစိုးရလက်ထက် ၁၈၉၉ခုမှာ စတင်ဆောက်လုပ်ပြီး ၁၉၀၀ခုမှာ အပြီးသတ်နိုင်ခဲ့တယ်။ အသုံးပြုမှုကိုတော့ ၁၉၀၃ခုမှာ စတင်တာတဲ့။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေဝင်လာတော့ ဗြိတိသျှတွေက တံတားအောက်ခြေကို ဗုံးခွဲဖျက်ဆီးသေးတယ်။ သံတိုင်အမှတ် ၂နှင့် ၅ ပျက်ဆီးခဲ့တယ်။ ဂျပန်တွေဆုတ်တော့ ဂျပန်တွေက ထပ်မံဖျက်ဆီးပြန်တယ်။ သံတိုင်အမှတ် ၉၊ ၁၀၊ ၁၁ နှင့် ၁၂ မှာ ဗုံးဖောက်ခွဲတာ။ သံတိုင် ၉က အနည်းငယ်ပဲ ပျက်ဆီးတယ်။ သံတိုင် ၁၁က အောက်ခြေက ပြတ်သွားပေမယ့် တိုင်တစ်ခုလုံး မလဲသွားဘူး။ ၁၀ နှင့် ၁၂ကတော့ လုံးဝ ပြိုလဲသွားတယ်။ လွတ်လပ်ရေး ရပြီးနောက်မှာ မြန်မာနိုင်ငံမီးရထားဌာနမှ ၁၉၄၈ခု မေလမှာ ပြင်ဆင်ကြပါတယ်တဲ့။ ၁၉၅၁ခု သြဂုတ်လမှာ ပြီးစီးတယ်။ ဂုတ်ထိပ်တံတားဟာဆိုရင် သမိုင်းလည်း ပြည့်စုံသလို ပင်ကိုယ်အနေအထားကလည်း လှပတယ်။ ဒါ့ကြောင့်မို့ ပြည်တွင်း ပြည်ပမှာ နာမည်ကျော်ကြားတယ်။

ဂုတ်ထိပ်တံတားနားက ဘုန်းကြီးကျောင်းဝန်းထဲမှာ အလှူခံမဏ္ဍပ်ရှိတယ်။ အဲ့သည့်မှာ အကြော်တွေ ကျွေးလို့ အားရပါးရဝင်စားခဲ့တယ်။ အာတာလွတ်ကြော်ကို ဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘူး။ အရမ်းကြိုက်လွန်းလို့ပါ။
နှစ်၁၀၀ကျော် သက်တမ်းရှိ ဂုတ်ထိပ်တံတားကြီး

၆။ သိမ်မွေ့သော အလှတရားများနှင့် ဘန့်ဘွေးကျင်းရေတံခွန်

ဘန့်ဘွေးကျင်းရေတံခွန်က ပြင်ဦးလွင် - မိုးကုတ်လမ်း အကြား၊ မေမြို့ - နောင်ချို - မတ္တရာ သုံးမြို့နယ် ဆုံရာအရပ်မှာ ရှိတာ။ နောင်ချို ရောက်ခိုက် သွားသင့်တဲ့ နေရာပေါ့။ သူကတော့ Trekking လုပ်ရတာ ခပ်ကြမ်းကြမ်းရယ်။ ဘန့်ဘွေးကျင်းကို မြန်မာလို မောင်နှံခုနှစ်ဖော်ရေတံခွန်လို့လည်း ခေါ်ကြသေးတယ်။ ဒေသခံရှမ်းလူမျိုးတွေကတော့ နမ့်တန်းရေတံခွန်လို့ ကင်ပွန်းတပ်ကြတယ်။ ဘန့်ဘွေးကျင်းရေတံခွန်ရဲ့ မူလဇာတိ စီးဆင်းရာကတော့ နောင်ချို့မြို့နယ်က နမ့်ပါ့မွန်ချောင်းပါတဲ့။ ရေတံခွန်ကနေ စီးကျလာတဲ့ ရေတွေကတော့ ဆည်တော်ကြီးကန်ထဲမှာ အဆုံးသတ်သွားပါတယ်။ မြင်ဖူးသမျှ ရေတံခွန်ထဲမှာ အလှဆုံးပါပဲ။ အသေးစိတ် ဖတ်ချင်ရင် https://www.facebook.com/TravellerChanMyanmar/posts/2171248082926375?__tn__=K-R မှာ ရေးထားသေးတယ်။

ဘန့်ဘွေးကျင်းရေတံခွန်ကို တောင်ထိပ်ကနေ လှမ်းမြင်ရတာ။ ရေတံခွန်အောက်ခြေကို Trekking လုပ်သွားရမှာ။

နောင်ချိုရောက်ရင် ကျိန်းသေမြည်းစမ်းကြည့်သင့်တာကတော့ ရွှေသိဂီင်္စားသောက်ဆိုင် ပါပဲ။ မန္တလေး - လားရှိုးကားလမ်းမကြီး၊ အုမ္မသီးလမ်းခွဲမှာ ရှိတယ်။ ငါးခေါင်းမျှစ်ချဉ်ဟင်းချိုက ကောင်းလွန်းလို့ မေမြို့ကနေတောင် တကူးတကလာစားကြတာတဲ့။

နောင်ချိုရောက်ရင် ကျိန်းသေမြည်းစမ်းကြည့်သင့်တာကတော့ ရွှေသိဂီင်္စားသောက်ဆိုင် ပါပဲ။

Cherry Hill May Myo Tours

ဖုန်းနံပါတ် - ၀၉ ၆၉၅ ၅၀၃ ၃၄၂ / ၃

https://www.facebook.com/467788727044491/posts/522622028227827/

သီဟဗလဟော်တယ်

လိပ်စာ - အမှတ် (၁၃)၊ ဝိုင်အမ်ဘီအေ အရှေ့၊ ရပ်ကွက်ကြီး (၄)၊ (၇) ကွက်၊ ပြင်ဦးလွင်မြို့။

ဖုန်းနံပါတ် - 085-23120, 085-21312, 09 774488238, 09 774488239

Price - ၂၅,၀၀၀ ~ ၅၀,၀၀၀ (+Tax 5%)

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.