Adventure Trip

Fill your life with adventures.

သိမ်မွေ့တဲ့အလှကို မခံစားတတ်သူတွေနဲ့ မသက်ဆိုင်သော "ဘန့်ဘွေးကျင်း"

တစ်ညနေခင်းမှာ စည်သူ၊ သိမ့်ရယ်၊ ကိုယ်ရယ် စကားလက်ဆုံကျရင်း ခရီးလေးတစ်ခုလောက် အတူထွက်ချင်လိုက်တာလို့ တမ်းတမ်းတတ ညည်းမိတယ်။ သူတို့နှစ်ယောက်နဲ့ ကိုယ်ဟာ ချင်းမိုင်ခရီးမှာကတည်းက ရင်းနှီးလာလိုက်ကြတာ တကယ့်မောင်နှမတွေ အတိုင်းပါပဲ။

စည်သူက “ဒါဆိုအတော်ပဲ အမရေ… ကျွန်တော့်မိတ်ဆွေတစ်ယောက်က Cherry Hill May Myo Tours ကို ပဲ့ကိုင်နေတာ။ သူ့ဆီမှာ ဘန့်ဘွေးကျင်းနဲ့ ကန့်ကော်အိုင် ရေတံခွန်ခရီးစဉ် အသစ်နှစ်ခု ရှိတယ်။ သွားကြမလား” တဲ့။ ကဲ… သည်လိုနဲ့ပဲ ဘန့်ဘွေးကျင်းရေတံခွန် ခရီးစဉ် အကောင်အထည် ပေါ်ခဲ့တာပေါ့ကွယ်။

“ဘန့်ဘွေးကျင်း” - နာမည်ဆန်းဆန်းနဲ့ သည်နေရာလေးကို မရောက်ဘူးခင် ဟိုးအရင်ကတည်းက ဘယ်လောက်တောင်များ စိတ်ကူးယဉ်ခဲ့မိပါလိမ့်။ အခုတော့ ကိုယ်ဟာ ရန်ကုန် - ပြင်ဦးလွင် ည ၈နာရီကားကို စီးရင်း စိတ်ခုန်နေလိုက်တာများ ညနက်သည်အထိ အိပ်မပျော်နိုင်ခဲ့ပေ။ ဘယ်အချိန်မှာ အိပ်ပျော်သွားတယ်ရယ် မသိပါဘူး။ ကျိုးကျိုးကျွတ်ကျွတ် အသံကြားလို့ ဆတ်ခနဲနိုးတော့ ပြင်ဦးလွင်ကိုတောင် ရောက်လို့ နေပြီပဲ။

မေမြို့ကို ခြေချလိုက်သည်နှင့် ဦးစွာသတိထားမိတာက လတ်ဆတ်အေးမြသည့် လေနုအေးတွေရဲ့ အထိအတွေ့ပါပဲ။ ဝင်သက်၊ ထွက်သက်တိုင်းဟာ ရန်ကုန်နှင့်မတူ တမူလန်းဆန်းလို့နေတယ်။ မြူငွေ့ပါးပါးစိုင်းနေပုံက တောင်ပေါ်မြို့လေးဖြစ်ကြောင်း ပြောပြနေသလိုလို…

ရောက်ရောက်ချင်းနေ့မှာပဲ ရေတံခွန်ကို ဆင်းဖို့ စီစဉ်ထားတာဆိုတော့ ကားဂိတ်မှာ ကြာနေလို့ မဖြစ်ချေဘူး။ Tour က စီစဉ်ပေးထားတဲ့ Hotel AKIMOMI ကို ခပ်သွက်သွက်လေး သွားခဲ့ကြတယ်။ စိမ်းမြမြ သစ်ရိပ်ခြုံထားတဲ့ ဟော်တယ်ရဲ့ ခြံဝန်းကျယ်မြင်ကွင်းက ခရီးပန်းနေတဲ့စိတ်အစဉ်ကို မေ့လျော့သွားစေတယ်။ ဟိုတယ်မှာ အထုပ်အပိုးချ၊ ရေချိုးသန့်စင်၊ နံနက်စာ စားပြီးတော့ အချိန်က ၁၀နာရီတောင် ရှိနေပြီ။

Trekking မထွက်ခင် Hotel Akimomi ခြံဝန်းထဲမှာ ဒန်းစီးရင်း ကားလာအကြိုကို စောင့်နေတာ။

ဘန့်ဘွေးကျင်းရေတံခွန်က ပြင်ဦးလွင် - မိုးကုတ်လမ်း အကြား၊ မေမြို့ - နောင်ချို - မတ္တရာ သုံးမြို့နယ် ဆုံရာအရပ်မှာ ရှိတာ။ မေမြို့ကနေဆို ၂နာရီလောက် မောင်းသွားရတယ်တဲ့။ ဘန့်ဘွေးကျင်းကို မြန်မာလို မောင်နှံခုနှစ်ဖော်ရေတံခွန်လို့လည်း ခေါ်ကြသေးတယ်။ ဒေသခံရှမ်းလူမျိုးတွေကတော့ နမ့်တန်းရေတံခွန်လို့ ကင်ပွန်းတပ်ကြတယ်။ ဘန့်ဘွေးကျင်းရေတံခွန်ရဲ့ မူလဇာတိ စီးဆင်းရာကတော့ နောင်ချို့မြို့နယ်က နမ့်ပါ့မွန်ချောင်းပါတဲ့။ ရေတံခွန်ကနေ စီးကျလာတဲ့ ရေတွေကတော့ ဆည်တော်ကြီးကန်ထဲမှာ အဆုံးသတ်သွားပါတယ်။

လမ်းခရီးတလျှောက် သီးချင်တွေဖွင့်ပြီး လိုက်ဆိုကြ၊ ဘေးပတ်ဝန်းကျင်ကို လက်ညှိုးလေးထိုးကာထိုးကာ လှလိုက်တာဟု အချင်းချင်း ညွှန်ပြကြ၊ တစ်ချက်တစ်ချက် ငိုက်ခနဲဖြစ်သွားလိုက်ကြနဲ့ လွတ်လပ် အေးချမ်းလိုက်ပါဘိ။ အထူးသဖြင့် ကားလမ်းဘေးဘယ်ညာတလျှောက် ဝါဝါဝင်းကာထိန်နေအောင်လှတဲ့ တောင်နေကြခြုံထူထူကြီးတွေကြောင့် စကားလုံးတွေတောင် ဆွံ့အမိခဲ့။

ပြင်ဦးလွင် - မိုးကုတ်လမ်း ဘေးဘယ်ညာတလျှောက်လုံး တောင်နေကြာရိုင်းတွေ အုန်းအုန်းထအောင် ပွင့်နေတာ။

ကားလေးဟာ ဘန့်ဘွေးကျင်းရေတံခွန်ကို လှမ်းမြင်နေရတဲ့ တောင်စောင်းတစ်ခုမှာ ရပ်လိုက်တယ်။ ကားပေါ်က ဆင်းလိုက်တော့ တစ်ဘက်မှာ ဝင်းပပ ပဲနှမ်းခင်းကြီး။ သို့ပေမယ့်လည်း ကိုယ်တင်လိုက်မယ့် ဓာတ်ပုံအတွက် တာဝန်ယူနိုင်စွမ်း မရှိလေတော့ ဓာတ်ပုံဝင်ရိုက်ဖို့ရာ သတ္တိမရှိခဲ့ပါဘူး။ ပဲနှမ်းခင်းကို မသိကျိုးကျွံပြုပြီး တောင်စောင်းက စားသောက်ဆိုင်ရှေ့က ခုံတန်းရှည်တစ်ခုမှာ နေ့လည်စာ စားဖို့ ပြင်ဆင်ကြတယ်။

Tour က ယူလာပေးတဲ့ နေ့လည်စာက စားလို့မြိန်လိုက်ပါဘိ။ ဟင်းအမည်တွေကိုလည်း ကြည့်ပါအုံး။ ဝက်သားအာလူး၊ ငါးအစပ်ကြော်၊ ဓညင်းသီးတို့စရာအစုံနဲ့ ငါးပိချက်၊ အရွက်ကြော်၊ အရွက်သုတ်၊ ခေါပုတ်ကြော်၊ အို… ဒါတွေတင်မက အရည်သောက်တစ်ခွက်ကလည်း ပါလိုက်သေး။ အာလုတ်ကြီးကြီးနဲ့ လွေးလိုက်တာများ ထမင်းတစ်ပန်းကန် ဘယ်လိုကုန်သွားမှန်းတောင် သတိမထားမိလိုက်ဘူး။ Trekking လုပ်ရမှာဆိုတော့ လိုက်ပွဲလည်း ထပ်မစားရဲ။ လျှာကလည်း အရသာကို မတင်းတိမ်နိုင်… စိတ်ဒွိဟ ဖြစ်ရပါဘိသနဲ့။

Cherry Hill May Myo Tours က စီစဉ်ပေးတဲ့ နေ့လည်စာက အင်မတန် စားလို့မြိန်တာ။

စားချင်စိတ်ကို အမျှင်ဖြတ်ဖို့အတွက် တောင်စောင်းကနေ မျက်စိတစ်ကမ်း လှမ်းမြင်နေရတဲ့ ရေတံခွန်ကို မျှော်ကာကြည့်နေလိုက်ရတယ်။ ရေစက်ရေပေါက်တွေ စုစည်းပြီး ရေအလုံးလိုက်ကြီး တောင်ပေါ်ကနေ ချောက်ထဲကို စီးကျသွားနေလိုက်တာများ ကြည့်လို့ကောင်းလိုက်တာ။ ရေတံခွန် အလယ်လောက်မှာက သက်တန့်ရောင်စဉ်တွေတောင် သန်းနေလိုက်သေးတယ်။ မဆုံးနိုင်လောက်အောင် ရှည်လျားတဲ့ ရေတံခွန်အဆင့်ဆင့်တွေရဲ့ တစ်ဘက်မှာ ဆည်တော်ကြီးက တမျှော်တခေါ်၊ ဆည်တော်ကြီးကို မှိုင်းညှို့ညှို့တောင်စဉ်တန်းတွေက အနားသတ်ထားတယ်။ သည်မြင်ကွင်းတစ်ခုလုံးကို စိမ်းမြမြ သစ်ပင်အုပ်တွေနဲ့ ဆေးရောင်ခြယ်ထားလိုက်တာများ နတ်သမီးနဲ့သစ်ခုတ်သမားပုံပြင်ထဲကို ကိုယ်တိုင်ရောက်သွားသလိုလို။ ရေတံခွန်တောင် မရောက်သေးဘူး။ နှလုံးသားက သဘာဝနဲ့ တသားတည်း ကျလို့နေပါပြီ။

မျက်စိတကမ်းမှာ လှမ်းမြင်နေရတဲ့ ဘန့်ဘွေးကျင်းရေတံခွန်

ရေတံခွန်ကိုဆင်းဖို့အတွက် ပြောင်းခင်းကျယ်ကြီးထဲက ဖြတ်သန်းသွားရတယ်။ ပြောင်းခင်းအဆုံးမှာ ချောက်ကြီးက ခံနေတယ်။ ကိုယ်တို့ ဆင်းရမှာက အဲ့သည့်ချောက်ကြီးထဲကို။ သွားရမယ့်လမ်းကြမ်းကြီးကို ကြည့်ပြီး စစချင်းတော့ ထိတ်ကနဲ ဖြစ်သွားတယ်။ ဒါပေမယ့်လည်း Trekking Guide တွေဖြစ်ကြတဲ့ ကိုကျော်ဝေဦးနှင့် ကိုအကြီးကောင်၊ စိတ်တူကိုယ်တူသူငယ်ချင်းတွေ၊ Danamoe Production က ကင်မရာမန်းတွေကို မျှော်ကြည့်ပြီး မာန်တင်းကာ ဆင်းခဲ့မိတယ်။

ရေတံခွန်ရှိရာ ချောက်ထဲကို မဆင်းခင် ပြောင်းခင်းတွေကြားထဲက ဖြတ်သွားရတယ်။
စဆင်းဆင်းချင်းမှာပဲ လမ်းက ကြမ်းတမ်းလိုက်တာ။

ခပ်ကျဉ်းကျဉ်းကြမ်းရှရှ ကျောက်သားလမ်းက မာလို့တော်သေးတယ်။ ခြေကိုရဲရဲချနင်းကာ လက်နှစ်ဖက်က ကျောက်စွန်းတွေကို အားကိုးတကြီး ဆုပ်တွယ်ထားပြီး ဆင်းနေရတာပေါ့။ အချို့သောချောက်နေရာတွေမှာ ဝါးလုံးလေးတွေ တန်းကာ တံတားထိုးပေးထားတယ်။ အချို့မတ်စောက်စောက်နေရာတွေမှာ တွယ်တက်လို့ရအောင် ကြိုးချပေးထားတယ်။ မောတာထက် ကြောက်စိတ်ကပိုတာမို့ ခြေလှမ်းက သိပ်မသွက်လှဘူး။ သည်လောက် ခက်ခက်ခဲခဲ ဆင်းနေရတာတောင် ဓာတ်ပုံလှမ်းရိုက်ရင် ကိုယ်ဆိုသည်မှာ Pose အပေးက မပျက်ချေ။ တစ်နာရီသာသာလောက် Trekking လုပ်အပြီးမှာ ရေတံခွန်ဆီဆို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပါပြီ။

လှလိုက်တဲ့ ဘန့်ဘွေးကျင်းရေတံခွန်ပါလား...

စိုစိုစွတ်စွတ် ရေစက်လေးတွေက မြင့်မြင့်မားမားတောင်ထိပ်စွန်းဆီကနေ တဝေါဝေါစီးကျနေလိုက်တာများ ကျောက်စိုင်တွေတောင် ခွက်ဝင်သွားကြလေရဲ့။ အဆင့်ဆင့် ဖြစ်နေတဲ့ ကျောက်စိုင်ခွက်တွေထဲက စိမ်းဖန့်ဖန့် ကြည်ကြည်တောက်ပါတဲ့ ရေစင်တွေက ခုန်ဆင်းလာခဲ့ပါဟု ညှို့ငင်နေသယောင် တမူထူးခြားတဲ့ စိတ်ဝေဒနာကို ဖြစ်ပေါ်စေတယ်။ ညှို့ချက်ကို မခံနိုင်တော့တဲ့အဆုံး ရေထဲဆင်းကစားကြတယ်။ ဓာတ်ပုံတွေလည်း ရိုက်လိုက်ကြတာ မမောနိုင် မပန်းနိုင်။

တောင်ကျရေအဟုန်ကြောင့် ကျောက်သားတွေခွက်ဝင်ပြီး သဘာဝရေချိုးကန်လေးတွေလို ဖြစ်နေတာ။
မနေနိုင်တော့လို့ ရေထဲဆင်းဆော့ပြီ။
ရေတံခွန်အပေါ်ဘက်တွေလဲ ကုတ်ကပ်တက် ဆော့တာပါပဲ။
စည်သူ၊ သိမ့် နှင့် ကိုယ်

ဘန့်ဘွေးကျင်းက လှတယ်။ သူ့ရဲ့အလှက ခဏတာ ငေးမောချင်ရုံသက်သက်မျှ မဟုတ်ဘူး။ တမြတ်တနိုးနဲ့ တန်ဖိုးထားချင်စရာ အလှမျိုး။ ဟယ်… ဟိုမှာ အချိုရည်ဘူးခွံတစ်ခုနဲ့ မုန့်အိတ်တစ်ခု ရေထဲမှာ ပေါ်လောပေါ်နေပါရော့လား။ မှီတဲ့အမှိုက်ကို ဆယ်ပြီး ကုန်းပေါ်တင်ခဲ့ပေမယ့် မမှီတဲ့ ဘူးခွံကတော့ ဆည်တော်ကြီးအထိ သွားပေအုံးပေါ့။ ဘန့်ဘွေးကျင်းက လာလည်တဲ့သူတွေအပေါ် ဧည့်ဝတ်ကျေပွန်တယ်။ ဒါနဲ့များတောင် သူ့ကို ဘာလို့ အကျဉ်းတန်အောင် လုပ်ရက်ကြတာပါလိမ့်။

နာရီပေါင်းများစွာ ရေကစားနေမိလိုက်တာများ နေစောင်းမှပဲ ကုန်းပေါ်တက်ခဲ့ကြတော့တယ်။ ဂျင်းဘောင်းဘီတွေ ရေစိုကုန်တော့ လေးလှတယ်။ ကင်မရာကလဲ လေးပြန်တာမို့ သည်ပုံစံနဲ့တော့ တောင်ပေါ်ပြန်တက်နိုင်မယ် မထင်။ နီးနီးနားနား အဝတ်လဲစရာနေရာ ရှာကြည့်တော့ ရေတံခွန်နှင့် ခပ်လှမ်းလှမ်းတောင်ကုန်းပေါ်မှာ အဝတ်လဲဖို့ ခနော်နီခနော်နဲ့တဲလေးတစ်လုံး လှမ်းတွေ့တယ်။ စောင်တွေနဲ့ သုံးဖက်ကာထားပြီး တစ်ဖက်ပွင့် အနေအထားမို့ ရေလဲဝတ်လုံချည် ယူလာခဲ့ရင် အကောင်းသား။ ကံကောင်းစွာဖြင့် အပိုယူခဲ့တာက ဂါဝန်မို့သာ တော်သေးတယ်။

အတက်လမ်းဟာ အဆင်းလမ်းထက် ပိုပင်ပန်းလှတယ်။ မကြာခဏဆိုသလို ကျောပိုးအိတ်ထဲက ရေဗူးကို ထုတ်သောက်မိတာပေါ့။ မောလို့ဆိုပြီး ကြာကြာမနားနိုင်ပါဘူး။ နေတောင်ဝင်တော့မယ်မလား။ ဆည်းဆာချိန်အမှီတော့ တောင်ပေါ်ပြန်ရောက်ချင်ပါသေးတယ်။ အမြန်လိုကာမှ ဖိနပ်ကြောင့် အနှေးတွေ့ရတယ်။ တကယ်ဆို စစ်ဖိနပ်ဖြစ်ဖြစ်၊ တောင်တက်ဖိနပ်ဖြစ်ဖြစ် ဝယ်ခဲ့ရမှာ။ ရိုးရိုး Sport type running shoe စီးခဲ့တော့ ခြေကုပ်ရခက်နေတာပေါ့။ တောင်တက်နေရင်း ဆည်းဆာချိန်နဲ့ကြုံလို့ ခေတ္တမျှ ရပ်တန့်ကာ အိမ်မက်ဆန်ဆန် ငေးမောနေမိပြန်ပြီ။ ရေတံခွန်ကနေ တောင်ပေါ်ထိ ၁နာရီခွဲသာသာလောက် တောင်တက်အပြီးမှာတော့ တောင်ထိပ်သို့ ပြန်ရောက်ပါပြီ။

တောင်တက်ရင်း မောလာလို့ သစ်ပင်ကိုဖက်ရင်း နားနေရတယ်။
တောင်တက်နေရင်း ဆည်းဆာချိန်နဲ့ ကြုံလို့ အိမ်မက်ဆန်ဆန် ငေးမောနေမိတယ်။
၂နာရီနီးနီးလောက် Trekking လုပ်ပြီးတော့ တောင်ပေါ်သို့ ပြန်ရောက်ပါပြီ။

နှုတ်ဆက်ခဲ့ပါတယ် ဘန့်ဘွေးကျင်းရေ… သိမ်မွေ့တဲ့အလှကို ခံစားတတ်တဲ့ဧည့်သည်မျိုးနှင့်သာ စုံပါစေနော်။ အမှိုက်ကင်းစင်ပြီး အမြဲလှပနိုင်စေ။

သတိထားရန် အချက်မှာ နိုင်ငံခြားသား လည်ပတ်ခွင့် ပိတ်ထားပါတယ်။

Cherry Hill May Myo Tours

ဖုန်းနံပါတ် - ၀၉ ၆၉၅ ၅၀၃ ၃၄၂ / ၃

Hotel Akimomi

လိပ်စာ - 126, Khaymar Street, Block No.6
ဖုန်းနံပါတ် - 085-21185, 09 777583774, 09 961674204
Price - ၅၀,၀၀၀ ~ ၁၀၀,၀၀၀

သီဟဗလဟော်တယ်

လိပ်စာ - အမှတ် (၁၃)၊ ဝိုင်အမ်ဘီအေ အရှေ့၊ ရပ်ကွက်ကြီး (၄)၊ (၇) ကွက်၊ ပြင်ဦးလွင်မြို့။
ဖုန်းနံပါတ် - 085-23120, 085-21312, 09 774488238, 09 774488239
Price - ၂၅,၀၀၀ ~ ၅၀,၀၀၀ (+Tax 5%)

Photo by – Danamoe Production

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.