၂၀၂၀ခုရဲ့ ခရစ္စမတ်နေ့လေးမှာ ရန်ကုန်မြို့ရဲ့ အလှဆုံး Church တစ်ခုအကြောင်း ရေးပေးချင်ပါတယ်။ Church ကျောင်းတော်ဟာ လှပရုံတင်မကဘဲ နှစ်တစ်ရာကျော် သက်တမ်းရှိနေပြီ ဖြစ်သဖြင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်နိုင်တယ်။ ယခင်က နိုင်ငံခြားသားခရီးသွားများသာ အဓိက ဝင်ရောက်လေ့လာတတ်ကြပေမယ့် နောက်ပိုင်းမှာ ပြည်တွင်းခရီးသွားများပါ ဝင်ရောက်လေ့လာခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်လာကြပါပြီ။
ဓာတ်ပုံရိုက်လို့ ကောင်းမကောင်းကို ဓာတ်ပုံတစ်ပုံချင်းဆီ ဝင်ကြည့်ပြီး အတည်ပြုနိုင်သလို စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းများကိုတော့ စာထဲမှာ စူးစမ်းနိုင်ပါတယ်။ သမိုင်းကြောင်း မရေးခင် တစ်ခုကြိုပြီး မေတ္တာရပ်ခံချင်တာလေး ရှိတယ်။ ချမ်းက ခရစ်ယန် မဟုတ်တော့ စကားလုံး အသုံးအနှုန်း လွဲတာလေးတွေ ရှိခဲ့ရင် မေတ္တာစိတ်ထားပြီး နားလည်ပေးကြပါနော် …

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိသည့် Saint Mary's Cathedral ကို တည်ဆောက်ရန်အတွက် Bishop Paul Ambroise Bigandet မှ ၁၈၉၂ခုမှာ စတင်ကြိုးပမ်းခဲ့ပါတယ်။ Paul Bigandet ဟာ မြန်မာနိုင်ငံတောင်ဘက်ပိုင်းမှာ ခရစ်ယန်သာသနာပြုရန်အတွက် M.E.P မှ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ရွေးချယ်ခံထားရသူပါ။ မြေနေရာ ရရှိရန် ကြိုးပမ်းနေစဉ်အတွင်း ၁၈၉၄ခုမှာ ကွယ်လွန်သွားပါတယ်။
Paul Bigandet ရဲ့ နေရာကို ဆက်ခံသူကတော့ Bishop Alexandre Cardot လို့ မှတ်သားရပါတယ်။ Bishop Cardot ဟာ ဗိသုကာပညာရှင် H.Hoyne-Fox ကို ငှားရမ်းပြီး ကသလစ်ဘုရားရှိခိုးကျောင်းတော်ကို ၁၈၉၅ခု ဇွန်လမှာ စတင်အုတ်မြစ်ချနိုင်ခဲ့တယ်။ Church ကျောင်း တည်ဆောက်နေစဉ်အတွင်း Bishop Cardot ဟာ ကျန်းမာရေး ဆိုးဝါးလာသဖြင့် ပြင်သစ်နိုင်ငံသို့ ပြန်သွားခဲ့ရတယ်။ ဗိသုကာပညာရှင် Hoyne-Fox သည်လည်း ခွင့်ရက်ရှည်ယူရင်း လုပ်ငန်းခွင်သို့ ပြန်မလာဖြစ်တော့ပါဘူး။ ဒါ့ကြောင့် Bishop Cardot ဟာ ဗိသုကာပညာရှင်အသစ်တစ်ယောက် ပြန်လည်ရှာဖွေရပါတော့တယ်။ နောက်ဆုံးမှာ ဗိသုကာပညာရှင် တဖြစ်လည်း Father Hendrick Janzen နှင့် တွေ့ဆုံပြီး Church ကျောင်းကို ဆောက်လုပ်ရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။
Father Janzen ဟာ Bishop Cardot နှင့်အတူ ၁၈၉၈ခု၊ နိုဝင်ဘာလမှာ ရန်ကုန်မြို့သိုပ လိုက်ပါလာခဲ့တယ်။ ထို့နောက် foundation သာ ပြီးသေးသည့် Church ကျောင်းအား ဆက်လက်တည်ဆောက်ရန် ပုံစံအသစ် ပြန်ဆွဲပါတယ်။ ၁၉၀၇ခု၊ သြဂုတ်လ (၁၁)ရက်မှာ Father Janzen ဟာ တည်ဆောက်ရေး လုပ်ကိုင်နေစဉ်အတွင်း အမြင့်မှ ပြုတ်ကျကာ ပေါင်ရိုးကျိုးသွားခဲ့တယ်။ ကျိုးသွားသည့်နေရာမှာ သုံးနေရာဖြစ်သဖြင့် လုပ်ငန်းခွင်မှာ ကိုယ်တိုင်ဝင်ပါနိုင်ခြင်း မရှိတော့ပါဘူး။ သို့သော် တရုတ်လူမျိုး Ah Yen ၏ ကြီးကြပ်ပေးမှုဖြင့် ဆောက်လုပ်ရေးကို အပြီးသတ်နိုင်ခဲ့ပါတယ်။
Church ကျောင်းအား ၁၉၁၁ခု၊ ဖေဖော်ဝါရီလ (၂၂)ရက်မှာ Saint Mary's Cathedral ဘွဲ့အမည်ဖြင့် ဘုရားသခင်အား အပ်နှံပူဇော်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဗိသုကာပညာရှင် Father Janzen ကတော့ ၁၉၁၁ခု၊ သြဂုတ်လ (၁)ရက်မှာ ကွယ်လွန်သွားပါတယ်။ Father Janzen အား ဂုဏ်ပြုသောအားဖြင့် Church ကျောင်း အဝင်ဝနားမှာ စကျင်ကျောက်သားပေါ်တွင် “Life's fitful fever, he sleeps well” စာသားထွင်းထားသည့် မှတ်တမ်းကို မြှုပ်နှံပေးထားပါတယ်။



Saint Mary's Cathedral ဆီ သွားရောက်လည်ပတ်သည့်အခါ ဆူညံသံများ ပြုလုပ်ခြင်း၊ ဘုရားဝတ်ပြုရန် လာသူများအား အနှောင့်အယှက်ဖြစ်စေသည့် အပြုအမူများ ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ဖို့ သတိထားပေးစေချင်ပါတယ်။
Visiting Hours : : 8:00AM - 12:00PM & 2:00PM - 5:00PM
ကိုဗစ်ကာလမှာတော့ ပိတ်ထားပါတယ်။
မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။
ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan