Travel Knowledges

Travel is education for living.

မှန်စီရွှေချနံရံပန်းချီများ ရှိသည့် ရွှေရန်ပြေမှ ရှားရှားပါးပါး စောင်းတန်းများ

နံရံဆေးရေးပန်းချီတွေကို အကြိမ်ကြိမ် မြင်ဖူး၊ လေ့လာဖူးပေမယ့် မှန်စီရွှေချနံရံပန်းချီများကိုတော့ ရွှေရန်ပြေကို ရောက်မှပဲ ချမ်း ပထမဆုံး မြင်ဖူးခဲ့တာပါ။ ရွှေရန်ပြေမှ မှန်စီရွှေချနံရံပန်းချီတွေအကြောင်း လူသိနည်းပါးပေမယ့် နေရာကိုတော့ လူအတော်များများ ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဘဲဥပုံပြတင်းပေါက်တွေရှိတဲ့ ရှမ်းဘုန်းကြီးကျောင်းလို့ ပြောမယ်ဆိုရင် သိလောက်ပါပြီနော် …

ရှမ်းဘုန်းကြီးကျောင်းကို ရွှေရန်ပြေဘုန်းကြီးကျောင်းလို့ ခေါ်ကြပါတယ်။ ရွှေရန်ပြေစေတီ အနီးမှာ ရှိနေလို့ပါ။ မှန်စီရွှေချနံရံပန်းချီတွေက ဘုန်းကြီးကျောင်းမှာ ရှိတာမဟုတ်ဘဲ ရွှေရန်ပြေစေတီရဲ့ စောင်းတန်းလေးသွယ်ထဲမှာ ရှိပါတယ်။

ရွှေရန်ပြေစေတီ

ရွှေညောင် - ညောင်ရွှေ လမ်းမကြီးမှ လှမ်းဖူးရသော ရွှေရန်ပြေစေတီ
ရွှေရန်ပြေစေတီနှင့် စောင်းတန်းကြားမှ ရင်ပြင်နေရာ
ကုန်းဘောင်ခေတ်နှောင်းပိုင်း၊ ရတနာပုံခေတ် မှန်စီရွှေချနံရံဆေးရေးပန်းချီများ
မှန်စီရွှေချနံရံဆေးရေးပန်းချီများနှင့် ဗုဒ္ဓရုပ်ပွားတော်များ စံမြန်းရာ လိုဏ်ငယ်များ

ရွှေရန်ပြေစေတီဟာ ညောင်ရွှေမြို့ရဲ့ မြောက်ဘက် ရွှေညောင် - ညောင်ရွှေ ကားလမ်းမနဘေးမှာ ရှိပါတယ်။ ရွှေရန်ပြေစေတီကို ခံတပ်စေတီလို့လည်း ခေါ်ကြပါသေးတယ်။ ခရစ်နှစ် ၁၈၈၇ခု၊ ဖေဖော်ဝါရီလ (၁၀)ရက်မှာ ဗြိတိသျှစစ်တပ်ဟာ ညောင်ရွှေမြို့တွင် လာရောက်တပ်စွဲခဲ့ကြဖူးတယ်။ ထိုစဉ်က ရှမ်းပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့သော အင်္ဂလိပ်လူမျိုးအရာရှိ အေအိပ်ခ်ျဟေလ်ဒါဗရဲန်နှင့် ရွှေရန်ပြေစေတီ တည်မည့်နေရာမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါတွေက ခံတပ်စေတီလို့ ခေါ်ကြရတဲ့ အကြောင်းရင်းပါ။

ရွှေရန်ပြေစေတီကို ၁၈၈၈ခု၊ ဇွန်လ (၁၂)ရက်မှာ အုတ်မြစ်ချခဲ့ပါတယ်။ စေတီတော် တည်ဆောက်ရေးကို ၁၈၈၈ခု၊ စက်တင်ဘာလ (၁၄)ရက်မှာ စတင်ခဲ့ကြပါတယ်။ စေတီတော်ကို အပြင်ဘက်ကနေ ကြည့်မယ်ဆိုရင် လိုဏ်တစ်ဆင့်ခံစေတီလို့ ထင်စရာရှိတယ်။ စေတီဖိနပ်ခုံ ပတ်ပတ်လည်မှာ ရံပြီး တည်ဆောက်ထားတဲ့ စောင်းတန်းလေးသွယ်နဲ့ စေတီတော်က အင်မတန်မှကို နီးကပ်လွန်းနေတာကြောင့်ပါ။ စောင်းတန်းလေးသွယ်ရဲ့ အတွင်းနံရံများမှာ အင်မတန်ရှားပါးလှသည့် မှန်စီရွှေချနံရံပန်းချီများကို လေ့လာနိုင်ပါတယ်။ အနီရောင်ဆေးခြယ်ထားသော နံရံထက်မှာ အဖြူ၊ အပြာ၊ အနီ၊ အစိမ်း အရောင်များပါသည့် မှန်စီကျောက်များဖြင့် ဇာတ်ရုပ်ဇာတ်ကွက်များကို ပုံဖော်ထားပါတယ်။ မှန်စီရွှေချနံရံပန်းချီလက်ရာတွေကို ထောက်ရှုပြီး ကုန်ဘောင်ခေတ်နှောင်းပိုင်း၊ ရတနာပုံခေတ်လက်ရာများဟု ပညာရှင်များက မှတ်ချက်ပြုထားပါတယ်။

ရွှေရန်ပြေဘုန်းကြီးကျောင်း

ရွှေရန်ပြေဘုန်းကြီးကျောင်း
ရွှေရန်ပြေဘုန်းကြီးကျောင်း အတွင်းမှာ စံပယ်နေသော နှီးဘုရားကြီး
ရွှေရန်ပြေဘုန်းကြီးကျောင်း အတွင်းမှာ ဘုရားဝတ်ပြုရန် စုဝေးနေသော ကိုရင်များ

ရွှေရန်ပြေဘုန်းကြီးကျောင်းက ရွှေရန်ပြေစေတီရဲ့ တောင်ဘက်အရပ် အနီးလေးမှာတင် ရှိပါတယ်။ ရွှေရန်ပြေဘုန်းကြီးကျောင်းမှာရှိတဲ့ ဘဲဥပုံပြတင်းပေါက်တွေကြောင့် ဓာတ်ပုံချစ်သူတွေအကြား အတော်လေး ထင်ရှားခဲ့ဖူးတယ်။ ကျောင်းတိုက်ထဲမှာ ရွှေသင်္ဃန်းကပ် နှီးဘုရားတစ်ဆူ စံပယ်ပါတယ်။ ကျောင်းတိုက်ပေါ် တက်ရတဲ့ အုတ်လှေကား လက်ရန်းတွေကို နဂါးပုံ ထွင်းထုထားတယ်။ ရွှေရန်ပြေဘုန်းကြီးကျောင်းကို ခရစ်နှစ် ၁၈၉၀ခုမှာ ညောင်ရွှေစော်ဘွားကြီးစဝ်အုံနှင့် မဟာဒေဝီတို့မှ လှူဒါန်းခဲ့တာလို့ မှတ်သားရတယ်။

စိတ်မကောင်းစရာ တစ်ခုက ရွှေရန်ပြေစေတီဟာ ကားလမ်းမနဘေးမှာ ရှိနေသဖြင့် ကားကြီးများ သွားလာတဲ့အခါ ဖြစ်ပေါ်လာသည့် တုန်ခါမှုကြောင့် နှစ်တစ်ရာကျော် သက်တမ်းရှိ မှန်စီရွှေချနံရံပန်းချီမှ မှန်ချပ်များ ကွာကျကုန်ပါတယ်။ အတော်လေး ပျက်ဆီးနေပြီ ဖြစ်သောကြောင့် သည့်ထက်ပို မပျက်ဆီးသေးခင် နည်းပညာအကူအညီဖြင့် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်မိပါတယ်။ သတိထားရမယ့်အချက်က ရွှေရန်ပြေဘုန်းကြီးကျောင်းဆိုတာ စာသင်စာချပြုလုပ်ရာ ပရိယတ္တိစာသင်တိုက် ဖြစ်တဲ့အတွက် အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူများ၊ ဆူညံသံများ၊ အမှိုက်ကိုစည်းမဲ့ကမ်းမဲ့ ပစ်ချတာမျိုး မပြုလုပ်ကြဖို့ သတိချပ်စေချင်ပါတယ်။

မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2021 Traveller Chan. All Rights Reserved.