Travel Knowledges

Travel is education for living.

ကိုလိုနီခေတ်တုန်းက သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဖောက်လုပ်ထားသော ဂုတ်တွင်းလမ်း

ဂုတ်တွင်းလမ်းဆိုတာ ကိုလိုနီခေတ်ကတည်းက ဖောက်လုပ်ခဲ့သော မန္တလေး - မူဆယ် လမ်းမကြီးရဲ့ တစ်စိတ်တစ်ဒေသလို့ သိရတယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လမ်းအူကြောင်းကို ကွန်တိုမျဉ်းအတိုင်း ယူပြီးဖောက်ထားတာမို့လို့ လမ်းကြောင်းအကွေ့အကောက် တအားများတယ်။ ဂုတ်တွင်းလမ်းက နောင်ချိုမြို့ အနီးမှာရှိပြီး (၁၇)ကီလိုမီတာ ရှည်လျားတယ်။ မန္တလေး - မူဆယ် ပြည်ထောင်စုကားလမ်းမကြီး တစ်ခုလုံးက (၄၇၇)ကီလိုမီတာ ကွာဝေးပါတယ်။

ဂုတ်တွင်းလမ်းကို ကိုလိုနီခေတ် ကတည်းက ဖောက်လုပ်ခဲ့တာဆိုပေမယ့် ၁၉၈၅ခု နှောင်းပိုင်းမှ မြန်မာ - တရုတ် ကုန်သွယ်ရေးကြောင့် အသုံးများလာခဲ့တာ။ ဒါပေမယ့် လမ်းအခြေအနေက ၁၉၉၀ခု အလွန်မှာ အတော်လေး ဆိုးဝါးလာတယ်။ ဒါ့ကြောင့် ၁၉၉၅ခုမှာ BOT စနစ်ဖြင့် Asia World ကုမ္ပဏီကို လုပ်ကွက်ချပေးခဲ့တယ်။ ဂုတ်တွင်းလမ်းဟာ ၂၀၀၀ခု ရောက်မှ အတန်အသင့် ကောင်းမွန်လာပြီး နှစ်လမ်းသွား ဖြစ်လာပါတယ်။ တစ်နေ့ကို ကုန်တင်ကား အစီးရေ သုံးထောင်ခန့်မှ လေးထောင်ခန့်ကြား ဖြတ်သန်းလေ့ ရှိတယ်။

နောက်ပိုင်းမှာ ၂၂ဘီးတွဲကားများ အသွားအလာ များလာတဲ့အတွက် လမ်းကြောင်းက သိသိသာသာ ကြပ်လာတယ်။ ကားပျက်တာတို့၊ ယာဉ်တိမ်းမှောက်တာတို့ ရှိရင် တစ်ခါတလေ လေးငါးရက်လောက် လမ်းပိတ်ကုန်တဲ့ အထိပဲ။ ဂုတ်တွင်းလမ်းကို လေးလမ်းသွားအဖြစ် ထပ်ချဲ့မလား ဆိုတော့ … အကွေ့အကောက် များလွန်းလို့ ချဲ့ဖို့ ခက်ခဲနေပြန်ရော။ အဲ့သည့်တော့ လမ်းထပ်ချဲ့မယ့်အစား ဂုတ်တွင်းတံတား တည်ဆောက်ပြီး လမ်းပိတ်ဆို့မှုကို ဖြေရှင်းဖို့ ကြိုးပမ်းနေကြပြီးဖြစ်ကြောင်း ဖတ်ထားဖူးသမျှကို မျှဝေပေးလိုက်ပါတယ်။

မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2021 Traveller Chan. All Rights Reserved.