Travel Knowledges

Travel is education for living.

စော်ဘွားနှစ်ဆက်နှင့် အနွယ်တော်များ သချိုင်္င်းတော်

ရန်ကုန်မြို့မှာ မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့၏ အနွယ်တော်များ သချိုင်္င်းတော်ရှိသလို သီပေါမြို့မှာလည်း စော်ဘွားကြီး ဆာစဝ်ချယ်၊ သားတော် စော်ဘွားကြီး စဝ်အုံကြာနှင့် အနွယ်တော်များ သချိုင်္င်းတော် ရှိပါတယ်။ သီပေါမြို့ဝင်၊ Tour Gate အကျော်၊ လွယ်မုတ်တောင်ပေါ်မှာ ရှိတာဆိုတော့ သီပေါမြို့ကို အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ် သွားဖြစ်တဲ့အခါ ဝင်ရောက်လေ့လာစေချင်မိတယ်။

လွယ်မုတ်တောင်ပေါ်မှာ ကိုးသိန်းကိုးသန်းစေတီ၊ ကမ္ဘာလုံးစေတီ၊ ဘုန်းကြီးကျောင်း စတာတွေလည်း ရှိသေးတယ်။ လေ့လာရေးသွားရင်း ဘုရားပါဝင်ဖူးလို့ ရတာပေါ့။

စော်ဘွားသချိုင်္င်းတော်ဆီ ဝင်လိုက်တာနဲ့ တွေ့ရမယ့် စော်ဘွားကြီး စဝ်အုံကြာ ဂူဗိမ္မာန်
စော်ဘွားကြီး စဝ်အုံကြာ ဂူဗိမ္မာန် အနီးရှိ အနွယ်တော်များရဲ့ အုတ်ဂူများ
တောင်ကုန်းပေါ်ရှိ စော်ဘွားကြီး ဆာစဝ်ချယ်၏ ဂူဗိမ္မာန်
စော်ဘွားကြီး ဆာစဝ်ချယ် ဂူဗိမ္မာန်နှင့် အနွယ်တော်များရဲ့ အုတ်ဂူများ

သီပေါစော်ဘွားကြီး ဆာစဝ်ချယ်ဆိုတာ အုန်းပေါင်စော်ဘွားဆက်၏ (၈၅)ဆက်မြောက် စော်ဘွားကြီးဖြစ်သည့် စဝ်ကြာခိုင် (ခေါ်) စဝ်ခွန်ကြာခိုင်၏ သားတော်တစ်ပါး ဖြစ်ပါတယ်။ ကိုလိုနီခေတ်မှာ ဗြိတိသျှအစိုးရမှ ချီးမြှင့်သော C.I.E ဆာဘွဲ့ကို ရရှိပြီးနောက် သီပေါစော်ဘွား ဖြစ်လာခဲ့တယ်။ ဆာစဝ်ချယ်လက်ထက်မှာ သားတော် ကျမိုင်း စဝ်အုံကြာ နေထိုင်ရန်အတွက် အရှေ့ဟော်နန်းကို ဆောက်လုပ်ခဲ့ပါတယ်။ ဆာစဝ်ချယ်ဟာ နန်းသက် (၂၆)နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၉၀ခု၊ နယုန်လဆန်း (၁၂)ရက်မှာ နတ်ရွာစံ ကံကုန်ပါတယ်။ စော်ဘွားကြီး ဆာစဝ်ချယ် နတ်ရွာစံပြီးနောက်မှာ သားတော် စဝ်အုံကြာမှ စော်ဘွားအမွေကို ဆက်ခံခဲ့တယ်။ စော်ဘွားကြီး စဝ်အုံကြာဟာ Oxford မှ အမ်အေဘွဲ့ရထားသည့် ခေတ်ပညာတတ် တစ်ဦးဖြစ်တယ်။ စော်ဘွားကြီး စဝ်အုံကြာ နတ်ရွာစံတော့ သူ၏ ခမည်းတော် စော်ဘွားကြီး ဆာစဝ်ချယ်ကို မြှုပ်နှံခဲ့ရာ စော်ဘွားသချိုင်္င်းတော်မှာပဲ မြှုပ်နှံသဂြိုဟ်ခဲ့ကြတယ်။

စော်ဘွားကြီး စဝ်အုံကြာနောက်မှာ သားတော် စဝ်ကြာဆိုင် နန်းတက်ပါတယ်။ စော်ဘွားကြီး စဝ်ကြာဆိုင်ဟာ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုသတ္တုတွင်းပညာသင်ကျောင်းမှ သတ္တုတွင်းတူးဖော်ရေး အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သူ တစ်ဦးပါ။ စော်ဘွားကြီး စဝ်ကြာဆိုင်ဟာ ဦးနေဝင်းအစိုးရလက်ထက် ခရစ်နှစ် ၁၉၆၂ခုမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့တာ ယနေ့တိုင်အောင်ပါပဲ။ သတင်းအစအနပင် မကျန်အောင် ပျောက်ကွယ်သွားသည့် စော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့ ရုပ်အလောင်းကိုတော့ စော်ဘွားသချိုင်္င်းမှာ သဂြိုဟ်နိုင်ခြင်း မရှိခဲ့ပါဘူး။ စော်ဘွားကြီး စဝ်ကြာဆိုင်ဟာ သီပေါနယ်ရဲ့ နောက်ဆုံးစော်ဘွားတစ်ပါးဖြစ်ပြီး သူ့နောက်မှာ မည့်သည့်စော်ဘွားမျှ မရှိကြတော့ပေ။

မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2021 Traveller Chan. All Rights Reserved.