Travel Knowledges

Travel is education for living.

အခန်းတွဲပေါင်း (၁၀၄)ခန်း ပါရှိသော ရှားမှရှားသည့် ကျွန်းစောင်းတန်း

ချမ်း ခရီးထွက်ခဲ့တဲ့ သမိုင်းတလျှောက်မှာ ဤမျှလောက် အချိုးကျလှပသော အလင်းဝင်ပေါက် ရှိနေသည့် ကျွန်းစောင်းတန်းမျိုး သည်တစ်ခါပဲ မြင်ဖူးသေးတယ်။ ရှေးဟောင်းတန်ဖိုး၊ ဗိသုကာတန်ဖိုး၊ ကျွန်းတိုင်လုံးတွေရဲ့တန်ဖိုး ကြီးမားလှသော ရှင်ပင်စာကြိုလှ ကျွန်းစောင်းတန်းဟာ မကွေးတိုင်း၊ စလေမြို့၊ ဥယျာဉ်ရွာအုပ်စုအတွင်း၊ ရေလယ်ရွာတောင်ဘက်မှာ ရှိပါတယ်။

ပုဂံနှင့် စလေဆိုတာ ကားမောင်းသွားရင် ၁နာရီခွဲလောက်ပဲ ကြာတာမို့ ပုဂံရောက်ပြီးလို့မှ Instagram မှာ နာမည်ကြီးခဲ့သော ကျွန်းစောင်းတန်းတွေဆီ မသွားဖြစ်ဘူးဆိုရင် မတန်ဘူးလေနော် …

ရှင်ပင်စာကြိုလှ အကြောင်းပြောမယ်ဆိုရင် အပိုင်းသုံးပိုင်း ခွဲပြီး ပြောရပါမယ်။ အနော်ရထာမင်းလက်ထက်မှာ စိုက်ထူခဲ့သော ကျောက်စာတိုင်အကြောင်း၊ နရပတိစည်သူမင်းလက်ထက်မှာ တည်ခဲ့သော ရှင်ပင်စာကြိုလှဘုရားအကြောင်းနှင့် ရတနာပုံခေတ်မှာ လှူဒါန်းခဲ့သော ပန်းပုရုပ်စုံ စောင်းတန်းတွေအကြောင်း စသည်ဖြင့်ပေါ့။

ရှင်ပင်စာကြိုလှ ဘုရားဝန်းနားမှ ဇရပ်တစ်ဆောင်
ရှင်ပင်စာကြိုလှဘုရား အရှေ့ဘက်စောင်းတန်းရှိ ရတနာပုံခေတ် ပန်းပုရုပ်စုံလက်ရာများ
ရှင်ပင်စာကြိုလှဘုရား ရုပ်ပွားတော်
ရှင်ပင်စာကြိုလှ ဘုရားဝန်းထဲရှိ မှန်စီရွှေချ ဇရပ်တစ်ဆောင်
ရှင်ပင်စာကြိုလှ ဘုရားဝန်းထဲရှိ ရှေးဟောင်းစေတီပုထိုးများ

အနော်ရထာမင်းဟာ သထုံကို စစ်အောင်ပြီးနောက် ပိဋကတ်သုံးပုံ၊ ဓာတ်တော်မွေတော်နှင့် ကျမ်းတတ်ရဟန်းတော်များအား ပုဂံသို့ ပင့်ဆောင်ခဲ့တယ်။ ပုဂံမှာ ကျန်ရစ်ခဲ့သော မိဖုရား၊ မင်းဆွေမင်းမျိုးများ၊ မှူးမတ်နှင့် ပြည်သူများက ပုဂံမြို့ပြင်ထိ ထွက်ကာ ကြိုဆိုကြတယ်။ အနော်ရထာမင်းဟာ ထိုနေရာမှာ ကျောက်စာတိုင် စိုက်ထူပြီး စာကြိုအရပ်ဟု နာမည်ပေးခဲ့ပါတယ်။

အနော်ရထာမင်း နတ်ရွာစံပြီးနောက် ခုနှစ်ဆက်မြောက်မင်းဖြစ်သော နရပတိစည်သူမင်းလက်ထက်မှာ ကျောက်စာတိုင် စိုက်ထူရာနေရာကို ရှင်းလင်းပြီး သက္ကရာဇ် ၅၅၄ခုမှာ ရှင်ပင်စာကြိုလှဘုရားကို တည်တော်မူတယ်။ ရှင်ပင်စာကြိုလှဘုရား အရိပ်ကျရာအရပ်မှာ နေထိုင်ကြသူများနှင့် သူတို့၏ ဆွေစဉ်မျိုးဆက် ခုနှစ်ဆက်ကိုပါ ရှင်ပင်စာကြိုလှဘုရားကျွန်များအဖြစ် လှူဒါန်းခဲ့တယ်။ ဘုရားကျွန်တွေရဲ့ တာဝန်ဝတ္တရားကတော့ ဘုရားကျောင်းပုရဝုဏ်အတွင်း သန့်ရှင်းပေးရခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်း ကပ်လှူပေးရခြင်း စတဲ့ ကောင်းမှုမျိုးကို ထမ်းဆောင်ပေးရတယ်။ နရပတိစည်သူမင်းဟာ ဘုရားကျွန်တွေ ထမ်းရွက်ရမည့် တာဝန်ဝတ္တရားများ ပျက်ကွပ်ခဲ့သည်ရှိသော် မည်သည့်အပစ်များ ခံရပါစေ ဆိုပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာပါ အကြောင်းအရာတွေကိုတော့ ရှာဖွေမတွေ့ရှိခဲ့ပါဘူး။ ဦးနေဝင်းလက်ထက်ရောက်တော့ နရပတိစည်သူမင်း တိုက်ခဲ့သော ကျိန်စာများကင်းလွတ်ပါစေ ဆိုပြီး အစိုးရအမိန့်စာပြန်တမ်း ထုတ်ပြန်ပေးခဲ့တယ်။ သို့သော်လည်း ဒေသခံအချို့က နရပတိစည်သူမင်းရဲ့ ကျိန်စာက ဆက်လက်တည်မြဲနေလိမ့်မယ်လို့ ယုံကြည်နေကြစဲပါပဲ။

ရှင်ပင်စာကြိုလှဘုရားရဲ့ အရှေ့ဘက်မှာ ရတနာပုံခေတ်လက်ရာ ပန်းပုရုပ်တွေ ထုလုပ်ထားသော အုတ်စောင်းတန်းတစ်ဆောင် ရှိတယ်။ ရှင်ပင်စာကြိုလှဘုရားရဲ့ အနောက်ဘက်မှာ အခန်းပေါင်း (၁၀၄)ခန်း ပါဝင်သည့် ကျွန်းစောင်းတန်းရှည်ကြီး ရှိတယ်။ စောင်းတန်းအဆုံးက ဧရာဝတီမြစ်ဘက်သို့ မျက်နှာမူထားတယ်။ ရှင်ပင်စာကြိုလှ ဘုရားဝန်းထဲမှာ ရှေးဟောင်းစေတီများ၊ မြန်မာပြည်မှာ အကြီးဆုံးဆွမ်းအုပ်၊ တန်းဆောင်းပေါင်း (၄၅)ဆောင်၊ ဇရပ်ပေါင်း (၁၀၈)ဆောင် ရှိပါသေးတယ်။ ကိုဗစ်ကာလ လွန်မြောက်တဲ့အခါ ဘုရားလည်းဖူး၊ သမိုင်းကြောင်းလည်းလေ့လာ၊ ဓာတ်ပုံလှလှလေးတွေလည်း ရိုက်လို့ရတဲ့ ရှင်ပင်စာကြိုလှဘုရားသို့ သွားရောက်လည်ပတ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် …

မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2021 Traveller Chan. All Rights Reserved.